ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ရခိုင်တိုက်ပွဲ နောက်ထပ်တကျော့ပြန်လာတော့မှာလား......


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3k

ကံ့ကော် - ရေးသားသည်။

- စစ်ပွဲကိုဦးတည်စေမည့် လုပ်ရပ် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် (ULA) အုပ်ချုပ်ရေးအဖွဲ့ဝင်ကို ဖမ်းဆီးပြီးနောက် နှစ်ဘက်အပြန်အလှန် ဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။  အပစ်ရပ်နားပြီးနောက် စစ်ရေး တင်းမာဖွယ်ရာ နှစ်ဘက်အပြန်အလှန် ဖမ်းဆီးမှုဟု ရခိုင်စစ်ရေးလေ့လာသုံးသပ်သူများက ရှုမြင်နေကြသည်။

 

နှစ်ဖက်နားလည်မှုဖြင့် ယာယီအပစ်ခတ်ရပ်နားထားချိန် တစ်ဘက်နှင့်တစ်ဘက် အယုံကြည်ကင်းမဲ့စေသည့် သွေးတိုးစမ်းလုပ်ရပ်များက ရခိုင်စစ်ပွဲကို နောက်ထပ်တကျော့ပြန်ဦးတည်လာနိုင်စေကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပြောသည်။

 

အလားတူ ရက္ခိုင့်တပ်တော် (AA) က ကျောက်တော်မြို့နယ်ထဲက ကျေးရွာတချို့ကို တစ်ပတ်အတွင်း ဗုံးခိုကျင်းတူးခိုင်းထားသည့် အတွက် ရခိုင်စစ်ပွဲ အနှေးနှင့်အမြန် တကျော့ပြန်လာတော့မည်လားဟု မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ရခိုင်စစ်ရေးလေ့လာ စောင့်ကြည်သူများက ပြောသည်။

 

အပစ်ရပ်နားထားစဥ်ကပင် စစ်ကောင်စီက ရခိုင်ပြည်တွင် နေ့စဥ်ဆိုသလို စစ်အင်အား ဖြည့်တင်း နေခဲ့သည်။ ရက္ခိုင့်တပ်တော် AA ၏ တပ်စခန်းများကို  ဒရုန်းများဖြင့် ကင်းထောက် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ကျေးရွာများကိုဝင်ရောက်ပြီး AA တပ်ဖွဲ့ဝင်များကို ရှာဖွေမှု ရှိခဲ့သည်။ ရက္ခိုင့်တပ်တော်၏ ထိန်းချုပ်နယ်မြေထဲဝင်ရောက် လှုပ်ရှား၍ နှစ်ဘက် ထိပ်တိုက်တွေ့ပြီး စစ်ရေးတင်းမာမှုများ ပေါ်ပေါက်ခဲ့သည်။

 

ရခိုင်ပြည်တွင်း အချိန်မရွေးတိုက်ပွဲပြန်ဖြစ်ပွားလာနိုင်ကြောင်း ULA/ AA ဘက်က တောက်လျှောက် ပြောဆိုလာသကဲ့သို့ အပစ်ရပ်ထားမှုတွင် ခိုင်လုံသည့်ကတိကဝတ်များမရှိ၍ သည်းမခံနိုင်စရာ နှစ်ဘက်ထိပ်တိုက်ထိတွေ့မှုများလာပါက တိုက်ပွဲ ပြန်ဖြစ်လာနိုင်ကြောင်း ဦးဖေသန်းက သုံးသပ်ပြောသည်။

 

- နှစ်ဘက်အပြန်အလှန်ဖမ်းဆီးမှု

 

စက်တင်ဘာလ ၆ ရက်က ကျောက်ဖြူမြို့၊ကျောက်တလုံးစစ်ဆေးရေးဂိတ်တွင် ULA/AA ကျေးရွာတာဝန်ခံ ကိုဟန်လင်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ယင်းနေ့ညနေပိုင်းမှာပင် စစ်ကောင်စီ အရာရှိတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ရက္ခိုင့်တပ်တော် AA က လက်တုံ့ပြန်ဖမ်းဆီးခဲ့သည်။

 

ကိုဟန်လင်းကို စစ်ကောင်စီက ညတွင်းချင်းထောင်ချုပ်သို့ပို့ခဲ့သော်လည်း AA က လက်တုံ့ ပြန်ဖမ်းဆီးပြီးနောက် စက်တင်ဘာလ ၇ ရက်တွင်မှ ပြန်လွှတ်ပေးခဲ့သည်။ULA/AA ဘက်ကလည်း လက်တုံ့ပြန်ဖမ်းဆီးခဲ့သည့် စစ်ကောင်စီအဖွဲ့ဝင်များကို စက်တင်ဘာလ ၈ ရက်၊ နေ့လယ်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

 

စစ်ကောင်စီသည် ယာယီအပစ်ရပ်ထားသော်လည်း ၄င်း၏စစ်ဆေးရေးဂိတ်များကို အလွန်အကျွံ တင်းကြပ်ထားသကဲ့သို့ AA သံသယခေါင်းစဥ်ဖြင့် အသက်မပြည့်သေးသည့် ရခိုင်လူငယ်များကိုပါ ဖမ်းဆီးနေကြောင်း မိသားစုဝင်များနှင့် ​ဒေသခံများကပြောသည်။

 

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်က ရန်ကုန်ကိုသွားသည့် မြေပုံမြို့နယ်၊ စိတ္တရကျေးရွာမှ အသက် (၁၉) နှစ်အရွယ် မောင်ညီညီဆန်းနှင့် သူနှင့်ရွယ်တူ နောက်ထပ် လူငယ်တစ်ဦးတို့ကို စစ်ကောင်စီက
ဂွမြို့နယ်အလွန်၊ ဒေါင့်ချောင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့သည်။

 

အလားတူ စစ်ကောင်စီသည် ရက်ပိုင်းအတွင်း စစ်တွေ၊ ကျောက်တော်၊ အမ်းတို့မှ AA နှင့် ဆက်စပ်တရားစွဲထားသည့် လူ ၅ ဦးအထိ ထောင်ဒဏ်ချမှတ်ခဲ့သည်။

 

စက်တင်ဘာလ ၁၃ ရက်က အမ်းမြို့မှ သမဝါယမဥက္ကဋ္ဌဖြစ်သူ ဦးအောင်တင်မြင့်ကို အမ်းမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။ ဦးအောင်တင်မြင့်သည် အမ်းမြို့နယ် လုံးကောက်အုပ်စု ညောင်းချောင်းကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ အတွင်းက အမ်းမြို့မစျေးသို့သွားစဉ် စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကာ အမ်းမြို့နယ်တရားရုံးတွင် ၁၇(၁) ဖြင့်စွဲဆိုခံရသူဖြစ်သည်။

 

စက်တင်ဘာ ၁၅ ရက်နေ့တွင်လည်း နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မှ ဒေသခံ ၂ ဦးဖြစ်သည့် ကိုဇော်မိုးဝေနှင့် ကိုကျော်သန်းမောင်တို့ကိုလည်း ထောင်ဒဏ် ၂ နှစ်စီ အသီးသီးချမှတ်ခံခဲ့ရကြောင်း မိသားစုဝင်များကပြောသည်။

 

အလားတူ အမျိုးသမီးအရေးလှုပ်ရှားသူ  ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကို ဆန်ပြဿနာနေ့ အခမ်းအနား တက်ရောက်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးပြီး နိုင်ငံတော် ဆူပူလှုံ့ဆော်မှုပုဒ်မ ၅၀၅(ခ)နှင့် တရားစွဲဆိုခဲ့သည်။ ဒေါ်ညိုအေးမှာ အသက်အရွယ်အရ ကြီးရင့်သူတစ်ဦးဖြစ်ပြီး ကျန်းမာရေးမကောင်းမွန်သူဖြစ်သည့်အတွက် စစ်ကောင်စီကဖမ်းဆီးမှုအပေါ် ရခိုင်ဒေသခံများက ဝေဖန်မှုရှိနေကြသည်။ 

 

စက်တင်ဘာလ ၁၈ ရက်တွင်  ဒေါ်ညိုအေးကို တရားရုံးထုတ်စစ်ဆေးစဉ် ကျန်းမာရေးဆိုးဝါးလာ၍ စစ်တွေဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရသည်ဟု သိရသည်။ အလားတူထောင်တွင် တစ်နေ့ ၆ နာရီစီထိုင်ခိုင်းသဖြင့် ကျန်းမာရေးပိုမိုဆိုးရွားလာကြောင်း ကာယကံရှင်ဒေါ်ညိုအေးက ရုံးထုတ် စဥ်ပြောဆိုသည်။

 

"ထောင်မှာ အရင်ခါနဲ့မတူတော့ဘူး။ မူဝါဒတွေပြောင်းလဲသွားတယ်။ တစ်နေ့မှာ ၆နာရီထိုင်ခိုင်းထားလို့ ကျမအတွက်အဆင်မပြေဘူး။ ကျမကလမ်းလျှောက်နေတဲ့သူလေ။"

 

ဆန်ပြသနာနေ့အခမ်းအနားပြုလုပ်သည့် ရခိုင်ကျောင်းသားခေါင်းဆောင်လူငယ်များကိုလည်း ဖမ်းဆီးတရားစွဲဆိုရန် ကြိုးပမ်းနေကြောင်း သိရသည်။

 

"စစ်ကောင်စီဘက်ကမလွှတ်ပေးသေးတာတွေ၊တရားစွဲထားတာတွေရှိနေသေးတယ်။ အဲဒီလို အခြေအနေမျိုးမှာ စစ်ကောင်စီဘက်က မြို့နယ်တွေမှာ ဟိုလူကို AA အဖွဲ့ဝင်၊ အုပ်ချုပ်ရေးအဖွဲ့မှာ ပါတယ်။ တရားရုံးမှာပါတယ်။ စသဖြင့် စစ်ဆေးတာတွေ၊ မေးမြန်းတာတွေ၊ ရွာတွေကိုသွားပြီး ရှာဖွေတာတွေ၊ ခြိမ်းခြောက်ပြောဆိုတာတွေကတော့ လုပ်ခဲ့တယ်။အဲဒါတွေက တည်ဆောက်ထားတဲ့ တစ်ဘက်နဲ့ တစ်ဘက်ယုံကြည်မှုကိုပျက်ပြားစေတယ်။" ဟု ဦးဖေသန်းက သုံးသပ်ပြောသည်။

 

-စစ်ကောင်စီ၏ ဖြေလျှော့မှုမရှိသည့် တင်းကြပ်မှု

 

ရခိုင်ပြည်တွင်းရှိ ကုန်စည်စီးဆင်းရာ ကုန်းလမ်း၊ရေလမ်းများကို စစ်ကောင်စီက ပိတ်ဆို့ကန့်သတ် ထားပြီး မိုခါမုန်တိုင်း ပြန်လည် ထူထောင်ရေးကာလမျိုးမှာပင် ဖြေလျှော့မှုတစ်စုံတစ်ရာမရှိခဲ့သည်ကို တွေ့ရသည်။

စစ်တွေ- ရန်ကုန်ကားလမ်းတစ်လျှောက်ရှိကျောက်တန်းဂိတ်၊ ကျောက်တော်တပ်မဂိတ်တို့အပါအဝင် စစ်ဆေးရေးဂိတ် ၁ဝ ကျော်နှင့် အမ်း- တောင်ကုတ်သွားလမ်းရှိ စစ်ဆေးရေးဂိတ်တချို့တွင်လည်း စစ်ကောင်စီတပ်က ခရီးသွားများနှင့် ကားများကို စစ်ဆေးမှု တင်းကျပ်ထားကြောင်း ဒေသခံများက ပြောသည်။

 

အဆိုပါစစ်ဆေးရေးဂိတ်များကဖြတ်သန်းသွားလာရသည့်ယာဥ်မှန်သမျှကို စစ်ကောင်စီ နယ်လုံဝန်ကြီးလက်မှတ်နှင့်ခွင့်ပြုချက်စာပါမှ ဖြတ်သန်းသွားလာခွင့်ရခြင်းဖြစ်သည်။ သို့ရာတွင် ရခိုင်ပြည်သူများ၏ ကျန်းမာရေးအတွက်အရေးပါသည့် ဆေးဝါးနှင့်စားနပ်ရိက္ခာ သယ်ယူမှုများကို တင်းကျပ်ကန့်သတ်ခံထားရဆဲဖြစ်ကြောင်း ကုန်သည်များနှင့် ခရီးသွားပြည်သူများကပြောသည်။


အလားတူ ရေချမ်းပြင်-အငူမော်ရေကြောင်းလမ်း တွင်လည်း စစ်ကောင်စီက ခရီးသွားပြည်သူများကို အလွန်အကျွံ တင်းကျပ်စစ်ဆေးမှု၊ ကုန်ပစ္စည်းများအတွက် ငွေကြေးကောက်ခံမှုများ ဆက်တိုက် ပြုလုပ်နေခဲ့သည်။

 

မိုခါမုန်တိုင်းအလွန်တွင် သွားလာခွင့်ပြန်ပေးခဲ့သည့် ပုဏ္ဏားကျွန်း- ရသေ့တောင်ကားလမ်းကိုလည်း စစ်ကောင်စီက ဂိတ် ၃ ခုနှင့် နဂိုထက်စစ်ဆေးတင်းကျပ်လာကြောင်း ဒေသခံကားသမားများက ပြောသည်။

 

အလွန်ဆိုးရွားသည့် ​သဘာဝဖျက်ဘေး မိုခါဆိုင်ကလုန်းမုန်တိုင်းကျရောက်ပြီးနောက် ပြန်လည် ထူထောင်ရေးကာလတွင်လည်း စစ်ကောင်စီသည် ရခိုင်မုန်တိုင်းသင့်ပြည်သူများ အပေါ် ငဲ့ညှာထောက်ထားမှုမရှိဘဲ စားနပ်ရိက္ခာ၊ဆေးဝါးသယ်ယူခွင့်ကို ကန့်သတ်ထားခဲ့သည်။


သန်းနှင့်ချီသည့် မုန်တိုင်းသင့်ရခိုင်ပြည်သူများ လူသားချင်းစာနာထောက်ထားမှု အကူညီများ လိုအပ်နေချိန်တွင် ကူညီပေးမည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများကို ပိတ်ပင်ခဲ့ပြီး ရခိုင်ပြည်သူလူထုကို ပိုမိုအတိဒုက္ခရောက်စေခဲ့သည်။

 

- စစ်ကောင်စီအင်အားဖြည့်တင်းမှု


စစ်ကောင်စီသည် ဖမ်းဆီးထားသည့်ရခိုင်ပြည်သူများကိုပြန်လွှတ်ပေးရေး၊ပိတ်ဆို့ထားသည့် လမ်းများကို ပြန်ဖွင့်ပေးရေးစသည့် အပစ်ရပ်သဘောတူညီချက်များကို အပြည့်အဝ လိုက်နာ ဆောင်ရွက်မှု​မရှိသလို ရခိုင်ပြည်တွင်း ၄င်း၏ စစ်အင်အားကို အလုံးအရင်းနှင့် တောက်လျှောက် ဖြည့်တင်းလာခဲ့ကြောင်း ဒေသခံများကပြောသည်။

 

အပစ်ရပ်နားပြီးနောက်စပါးရိတ်သိမ်းချိန် လယ်သမားများကို ရက္ခိုင့်တပ်တော်က ကူညီနေချိန်တွင် စစ်ကောင်စီက ၄င်း၏ တပ်ရင်းစခန်းများသို့ ကုန်းလမ်းရေလမ်းတို့မှ လူအင်အား၊ လက်နက်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းနေခဲ့ကြောင်း မျက်မြင် ဒေသခံများကပြောသည်။

 

ယခင်တကျော့ပြန်တိုက်ပွဲကာလတွင် အရေးပါလှသည့် တပ်ရင်း၊စခန်းကုန်းများနှင့် စခန်း အများအပြားကို လက်လွှတ်ခဲ့ရသော စစ်ကောင်စီတပ်သည် အပစ်ရပ်စဥ်ကပင် ၎င်းတို့၏ လက်နက်၊ စစ်သည်အင်အားအလုံးအရင်းနှင့်ဖြည့်တင်းနေကြောင်း ရခိုင်ဒေသခံများက ဆိုကြသည်။

 

စက်တင်ဘာလ ၁၅ ရက်ကလည်း စစ်တွေမြို့မှ အင်အား ၁၅၀ ဝန်းကျင်ရှိသည့် စစ်ကား ၁၀ စီးခန့် ကျောက်တော်မြို့နယ် ဘက်သို့ ဖြတ်သန်းသွားလာခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းသို့ စစ်ကောင်စီတပ်၏ ယာဥ်များမကြာခဏသွားလာမှုများ ရှိနေကြောင်း ဒေသခံများကပြောသည်။

 

အလားတူ အမ်း-တောင်ကုတ် လမ်းမှလည်း စစ်ကောင်စီကားများ ရက်ပိုင်းခြားစီ အသွားအလာ ရှိနေပြီး စစ်သည်အပြောင်းအရွှေ့နှင့် ရိက္ခာပို့နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

 

ယခင်တကျော့ပြန်တိုက်ပွဲသည် မောင်တောမြောက်ပိုင်း၊လက်ပံတောင်မှ ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလ ၄ ရက်နေ့စတင်ခဲ့သည်။ မောင်တောမြောက်ပိုင်းရှိစစ်ကောင် စီတပ်စခန်းများ၊ အထိုင်စခန်းများနှင့် လက်အောက်ခံစခန်းများကို ထိန်းချုပ်နိုင်သည့်အထိ ရက္ခိုင့်တပ်တော်(AA )က ဗျူဟာမြောက် တိုက်ပွဲဖော်ဆောင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

 

ယင်းတကျော့ပြန်ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီ ၏ တပ်စခန်း၊ အထိုင်စခန်းများ အပါအ၀င် တပ်စခန်းပေါင်း ၃၀ ၀န်းကျင်အထိ ရက္ခိုင့်တပ်တော်(AA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

 

-စစ်ပွဲအတွက်အသင့်ပြင်ထားပုံရသည့် AA

 

ရခိုင်တိုက်ပွဲ အချိန်မရွေးပြန်လည်ဖြစ်ပွားနိုင်ကြောင်း ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သတင်းစာရှင်းပွဲများတွင် ပြောဆိုခဲ့သည်ကိုတွေ့ ရသည်။ အထူးသဖြင့် ရခိုင်ပြည်တွင်း ရက္ခိုင့်တပ်တော်၏ အုပ်ချုပ်ရေး၊တရားစီရင်ရေးကဏ္ဍများကို စစ်ကောင်စီက ဝင်ရောက် နှောင့်ယှက်မှုများရှိလာသည့်အတွက် တိုက်ပွဲဖြစ်လာနိုင်ကြောင်း ၄င်းကပြောဆိုခြင်းဖြစ်သည်။

 

ပြီးခဲ့သည့်ရက်ပိုင်းကရက္ခိုင့်တပ်တော် AA အနေဖြင့် ကျောက်တော်မြို့နယ်ထဲမှ ကျေးရွာတချို့ကို တစ်ပတ်အတွင်း ဗုံးခိုကျင်းများ တူးရန် အသိပေးထားကြောင်း ဒေသခံကျေးရွာသားများ၏ ပြောပြချက်အရ သိရသည်။

 

ထိုသို့ဗုံးခိုကျင်းတူးထားရန် အသိပေးခံထားရသည့် ကျေးရွာများမှာ ကျောက်တော်မြို့နယ်အတွင်းရှိ ချောင်းတူ၊ ရွက်မညှိုးတောင်၊ ခမောင်းတော၊ မီးရပ်ပြင်၊ ပန်းဖဲချောင်း၊ ဝါးတောင်၊ ကန်စောက်၊ အုံးပတီး၊ လမ်းပိုက်ခွင်၊ သံပြင်စသည့် ကျေးရွာများဖြစ်သည်ဟုလည်း သိရသည်။

 

၂၀၂၂ ခုနှစ်၊ ဩဂုတ်လကစတင်ခဲ့သည့် ရခိုင်တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ရခိုင်ပြည်သူများ နေထိုင်သည့် ကျေးရွာများသို့အဓိက ဦးတည်ပစ်ခတ်၍ ပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့သည့်အတွက် ဗုံးခိုကျင်းများ တူးထားရန် အသိပေးထားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

 

အလားတူ ကျောက်တော်မြို့နယ်ထဲတွင် နှစ်ဘက်ထိတွေ့မှုပိုများနေ၍  တိုက်ပွဲတကျော့ပြန်လာပါက ကျောက်တော်မြို့နယ်ထဲတွင် စတင်မည်လားဟု မေးမြန်းစရာရှိသည်။

 

-ရခိုင်တိုက်ပွဲ နောက်ထပ်တကျော့ပြန်လာတော့မလား

 

ယခင်တကျော့ပြန်ရခိုင်တိုက်ပွဲသည် လူသားချင်းစာနာထောက်ထားမှုအရ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၂၆ ရက်ကစ၍ ရပ်နားခဲ့သည်။ ယခုဆိုလျှင်  ၁၀ လကျော်ရှိနေပြီဖြစ်သည်။ ယင်း ၁၀ လအတောအတွင်း အပစ်ရပ်ရည်ရွယ်ချက်များကို စစ်ကောင်စီဘက်မှ ပြည့်ပြည့်ဝဝ လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ နှစ်ဘက် စစ်ရေးတင်းမာဖွယ်ရာ လုပ်ရပ်များကို စစ်ကောင်စီက ဆက်တိုက်ပြုမူ လုပ်ဆောင်နေခဲ့ကြောင်း ရခိုင်စစ်ရေးလေ့လာသူများနှင့် ဒေသခံများကပြောသည်။

 

စစ်ကောင်စီသည် နှစ်ဘက်ညှိနှိုင်းဆွေးနွေးထားသည့်ဘောင်ထဲမှကျော်လွန်၍ ယုံကြည်မှု ပျက်ပြားစေသည့်လုပ်ရပ်များကို ယခုထက် ပိုမိုလုပ်​ဆောင်လာပါက နောက်ထပ် တကျော့ပြန်လာမည့် တိုက်ပွဲသည် စစ်ကောင်စီတွင်တာဝန်ရှိကြောင်း ရခိုင်ဝါရင့် နိုင်ငံရေးသမား လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက သုံးသပ်ပြောသည်။


"အပစ်ခတ်ရပ်နားထားတဲ့ကာလမှာ တစ်ဘက်ကလူကိုတစ်ဘက်ကမဖမ်းတာအကောင်းဆုံးပါ။ အဲဒီလို ဖမ်းတာကနေ ပြဿနာ ထဖြစ်လာနိုင်ပါတယ်။ အခုကျောက်ဖြူကိစ္စမှာလည်း ULA ဘက်က ဒုတိုက်နယ်မှူး တစ်ယောက်ကိုဖမ်းတဲ့အတွက် AA ဘက် ကနေပြီးတော့ ဗိုလ်ကြီးတစ်ယောက်နဲ့ ရဲသားနှစ်ယောက်ကိုပြန်ဖမ်းတယ်။ အခုတော့နားလည်မှုနဲ့ ပြန်လွှတ်ပေးခဲ့ကြတာ တွေ့ရတယ်။ ညှိနှိုင်းဆွေးနွေးထားတဲ့လမ်းကြောင်းထဲကစစ်ကောင်စီက ဘောင်ကျော်ပြီးတော့ တစ်ဘက်နဲ့ တစ်ဘက် ထိပ်တိုက် တွေ့လာနေတာ တွေ့ရတယ်။ နဂိုကပဲနားလည်မှုနဲ့အပစ်အခတ်ရပ်နားထားတာဖြစ်တယ်။ တိတိကျကျ လိုက်နာရမယ်ဆိုတဲ့ ကတိကဝတ်တွေက မရှိတော့ ထိတွေ့ပွတ်တိုက်မှုတွေ ဖြစ်လာတယ်။ အဲဒါတွေကနေ တိုက်ပွဲဘက်ကိုဦးတည်လာမယ်ဆိုရင်တော့ စတင်ပြီးဖမ်းတဲ့သူက တာဝန်ရှိတာပေါ့" ဟု ဦးဖေသန်းကပြောသည်။

 

(ပြီး)

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၁ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး