တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

ဘဝမုန်တိုင်းကိုဖြတ်ကျော်ခဲ့သူ မသန်စွမ်း ဒီဇိုင်နာတစ်ဦးရဲ့ ကောက်ကြောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

စောရှင်မေ ရေသားသည်။

အလျား ၁၂ ပေ၊ အနံ ၉ ပေရှိသည့် ဆိုင်ခန်းလေးတစ်ခန်းတွင် အသက် ၃၆ နှစ်အရွယ် ကိုတင်အောင်မိုးသည် ဘယ်ခြေထောက်တစ်ဖက်တည်းနှင့် အားပြုပြီး အပ်ချုပ်စက်၏ ခြေနင်းပြားကို နင်းနေပါသည်။ ကျန်ရှိသော သူ့၏ မသန်သည့် ခြေတစ်ဖက်ကတော့ မသန်သည့်အတွက် ခြေနင်းပြားပေါ်တွင် တင်ရုံသာတင်ထားရသည်။

သူ့ ဘေးပတ်လည်တွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးများက မတ်တပ်ရပ်ပြီး ဝိုင်းကြည့်နေကြသည်။ သူသည် စက်ချုပ်ပညာကို မျှဝေနေသည့် မသန်စွမ်း ဆရာတစ်ဦးပင် ဖြစ်သည်။

ကိုတင်အောင်မိုးသည် ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်၊ ရွှေတောင်ကြားလမ်းတွင် အပ်ချုပ်ဆိုင်တစ်ဆိုင်နှင့် အပ်ချုပ်အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်ခန်းလေး နှစ်ခန်းကို ငှားရမ်းပြီး လုပ်ကိုင်စားသောက်နေသူဖြစ်သည်။

၂၀၁၅ ခုနှစ်ကနေ စဖွင့်ထားတာပေါ့နော်။ အခန်းတွေကတော့ ငှားထားတာပေါ့။ ဒီလို အလုပ်တွေဖြစ်ဖို့  ဒီဆိုင်တွေရဖို့အတွက်ကတော့ ကျွန်တော့်အနေနဲ့ ပညာတွေကို စုဆောင်းတယ်။ ထဲထဲဝင်ဝင် လေ့လာပါတယ်။ ပြီးရင် မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အဖွဲ့အစည်းတွေကလည်း ကူညီထောက်ပံ့ပေးပါတယ် ဟု ကိုတင်အောင်မိုးက ပြောပြသည်။

ကိုတင်အောင်မိုးသည် ပုံမှန်လူများကဲ့သို့ မဟုတ်ဘဲ ခြေထောက်တစ်ဖက် မသန်သည့်အတွက် နေ့စဉ် ချိုင်းထောက်ကို အသုံးပြုပြီး လမ်းလျှောက်နေရသည်။ စက်ချုပ်ဆိုင်နှင့်အတူ တွဲဖွင့်ထားသည့် သင်တန်းကို ရောက်ရန် ချိုင်းထောက်အကူဖြင့်သာ နေ့စဉ်သွားလာနေရသည်။

 ကိုတင်‌အောင်မိုးကို ဖခင်ဖြစ်သူ ဦးဝေဘော်စိန်နှင့် မိခင်ဖြစ်သူ ဒေါ်မို့ညိုစိန်တို့မှ ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်စံပြကျေးရွာတွင် ၁၉၈၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့၌ မွေးဖွားခဲ့သည်။ သူသည် မွေးချင်းမောင်နှမ ၉ ဦးအနက် ၈ ဦးမြောက် သားတစ်ဦးဖြစ်သည်။

သူ့အသက် ၂ နှစ်ကျော် အရွယ်တွင် အပြင်းဖျားပြီး ပိုလီယိုရောဂါ စွဲကပ်ခဲ့ချိန်မှစကာ ညာခြေထောက် တစ်ဖက် မကောင်းတော့ဘဲ မသန်စွမ်း ဖြစ်ခဲ့ရသည်။ ငယ်ငယ်က လမ်းလျှောက်လျှင် ထိုမသန်သည့် ညာခြေထောက်ကို လက်နဲ့‌ထောက်ပြီး ထော့နဲ့ ထော့နဲ့ သွားလာခဲ့ရကာ အသက် ၁၆ နှစ် အရွယ်ရောက်မှသာ ချိုင်းထောက်ကို အဖော်ပြုနိုင်ခဲ့သည်။

ပုံမှန်လူတစ်ယောက်ကဲ့သို့ မဟုတ်သည့်အတွက် ဘောလုံးကန်ခြင်းနှင့် ပြေးလွှားဆော့ကစားနေသည့် မြင်ကွင်းများကို တွေ့မြင်ရသည့်အခါတိုင်း သူ စိတ်အားငယ်ခဲ့ရသည်။

သူငယ်ချင်းတွေ ဘောလုံးကန်တော့ ကျွန်တော်လည်း ကန်ချင်တယ်။ အဲ့သူငယ်ချင်းတွေက မင်းဘောလုံး မကန်နိုင်ရင် ဂိုးဖမ်းပေါ့။ ဂိုးဖမ်းတဲ့ နေရာမှာ နေပြီး ကစားခဲ့တယ်။ သူငယ်ချင်းတွေက ပျော်အောင်ထားပါတယ်။ သူများတွေ လုပ်သလိုတော့ မလုပ်နိုင်ဘူးပေါ့။ တောတွေသွားကြတယ်။ သူငယ်ချင်းတွေနဲ့ပေါ့။ သူတို့အရှေ့ရောက်သွားပြီး ကျွန်တော်က မရောက်နိုင်ဘူး။ ဒါကြောင့် သူငယ်ချင်းတွေက ကိုယ့်ကြောင့် မသွားရဘူး။ အော် ငါ့ကြောင့် သူတို့တွေ သူတို့သွားချင်တဲ့ နေရာတွေကို မသွားနိုင်ဘူးပေါ့။ ဒီလို စိတ်ခံစားမှုတွေ ရှိခဲ့ပါတယ် ဟူ သူခံစားခဲ့ရသည်ကို ပြောသည်။

ထိုကဲ့သို့ အခြေအနေများကြောင့် ကိုတင်အောင်မိုးကို ဖေးမကူညီပေးသည့် သူငယ်ချင်းများရှိသလို၊ ခွဲခြားဆက်ဆံသူများလည်း ရှိခဲ့သည်။ သို့သော် ကျောင်းတက်ရင်း သူ့ဘဝကိုသူ နေသားကျခဲ့သည်။ သူသည် သာမန်လူတစ်ယောက်ကဲ့သို့ မဟုတ်သော်လည်း ကျောင်းသားဘဝမှာ ထူးချွန်ဆုများ ရရှိခဲ့ဖူးသည်။

မူလတန်းတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုတစ်ခုခု အမြဲချိတ်တတ်သည်ဟု ဆိုသည်။ ဆဋ္ဌမတန်းတွင် ပ၊ ဒု၊ တမှ ဆုတစ်ခုရရှိခဲ့သော်လည်း တိတိကျကျခွဲခြားပြောဆိုရန် လောလောဆယ် မမှတ်မိနိုင်ဖြစ်နေသည်ဟု ဆိုသည်။ အဋ္ဌမတန်းတွင်ဆိုလျှင် ဒုတိယဆုကိုရရှိခဲ့သည်ဟု ပြောသည်။

ကိုတင်အောင်မိုး ငယ်စဉ်က သူ၏ရွာတွင် မူလတန်းနှင့် အလယ်တန်းသာ ရှိခဲ့သည်။ ထို့အတွက် အလယ်တန်းအောင်မြင်ပြီး အထက်တန်းကို တက်ရောက်ရမည်ဆိုပါက ပုဏ္ဏားကျွန်းမြို့ပေါ်သို့ သွား၍ တက်ရသည်။ မြို့ပေါ်တွင် နဝမတန်းကို တက်‌ရောက်သင်ယူနေရင်း နှစ်ထက်ဝက် ခန့်မှာပင် လမ်းခရီး အခက်အခဲများကြောင့် ကျောင်းထွက်လိုက်ရသည်။

ထိုအချိန်တွင် ကိုတင်အောင်မိုး၏ ကျေးရွာမှ မြို့ပေါ်ကို ကျောင်းသွားတက်နိုင်ရန်အတွက် နေ့ချင်းပြန် လမ်းခရီးပင် မပေါက်သေးပေ။ ရေကြောင်းက စက်လှေဖြင့်သာ သွားလာရသည်။ ထိုသို့ သွားရမည်ဆိုပါက အသွား ၃ နာရီခွဲ အပြန် ၃ နာရီခွဲခန့် အချိန်ကြာသည်။ ထိုကဲ့သို့  ခရီးဝေးလံလှသောကြောင့် သွားရေးလာရေး အခက်အခဲရှိ၍ ကိုတင်အောင်မိုးတစ်ယောက် ပညာရေးတစ်ပိုင်းတစ်စ ဖြစ်ခဲ့ရခြင်းဖြစ်သည်။

သို့သော်လည်း သူ့ဘဝကို အရှုံးမပေးဘဲ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုဖြစ်သည့် စက်ချုပ်ပညာကို သင်ယူရန် ဆုံးဖြတ်လိုက်ချိန်မှာတော့ သူ လမ်းကြောင်းပေါ် ရောက်ခဲ့သည်။

 “ စသင်တုန်းက ခြေထောက်တစ်ဖက်တည်းနဲ့ စက်နင်းရတော့ ခက်ခဲခဲ့တာပေါ့။ နောက်ပိုင်း နေသားကျသွားပါတယ်။ ပထမဆုံး လက်ဦးဆရာက အိမ်က အစ်မအရင်းဖြစ်နေတော့ အစ်မက ကျွန်တော့်အပေါ်မှာ အချိန်လည်း ပေးနိုင်တယ်။ အနစ်နာလည်း ခံပေးတယ်။ စိတ်ရှည်တယ်။ မောင်တစ်ယောက်တတ်မြှောက်ဖို့အတွက် သေချာ ပံ့ပိုးပေးပါတယ်။ အဲ့ဒီအတွက် အခက်အခဲတွေ သိပ်မရှိခဲ့ဘူး ဟု ပြောသည်။

 စက်ချုပ်ပညာကို ၂ နှစ်ကျော်ကြာ သင်ယူလေ့လာပြီးနောက် ကိုယ်ပိုင်စက်ချုပ်ဆိုင် တစ်ဆိုင် သူ ဖွင့်နိုင်ခဲ့သည်။ သို့သော်လည်း ကိုတင်အောင်မိုးသည် ပညာသင်ယူမှုကို မရပ်တန့်ခဲ့ပေ။ ရန်ကုန်တွင် မသန်စွမ်းသူများအတွက် ဖွင့်လစ်သည့် ဂျပန်သက်မွေးဝမ်းကျောင်းသင်တန်းတွင် ဖက်ရှင်ဒီဇိုင်နာ ပညာကို ၂၀၁၁ ခုနှစ်က ၃ လ ကျော်ကြာ ဆက်လက် သင်ယူခဲ့သည်။

  “ သင်တန်းကျောင်းကို တက်ခွင့်ရဖို့အတွက် အင်တာဗျူးတွေဖြေရပါတယ်။ ကျွန်တော်က ရခိုင်ဆိုတော့ စကားက ဝဲတယ်။ ကျွန်တော်ပြောတာကို သူတို့က နားမလည်ဘူး။ သူတို့ပြောတာကိုလည်း ကျွန်တော် နားမလည်တာတွေရှိတယ်။ အင်တာဗျူးတောင် ကျမလားဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိခဲ့ပါတယ် ဟု သူရင်ဆိုင်ခဲ့ရသည်ကို ပြောသည်။

သို့သော် ကိုတင်အောင်မိုးတစ်ယောက် ယင်းသင်တန်းကို တက်ရောက်ခွင့်ရခဲ့သည်။ သင်တန်းတက်နေစဉ် အချိန်တွင်လည်း ဘာသာစကား၊ အစားအသောက်များကြောင့် အခက်အခဲ ရှိခဲ့သည်ဟု ဆိုသည်။

ထိုကဲ့သို့ အခက်အခဲများကို အံ့တုရင်း ကိုတင်အောင်မိုးတစ်ယောက် ဆရာ၊ ဆရာမများ သင်ကြားပေးသည့် ပညာရပ်ကို သေချာကြိုးစာလေ့လာခဲ့သည်။ ထို့သို့ ကြိုးစားမှုကြောင့် အစအဆုံး ချုပ်ထားသည့် အင်္ကျီတစ်ထည်၏ ဒီဇိုင်းဖြင့် သူတက်ခဲ့သည့် ဂျပန်သက်မွေးဝမ်းကျောင်းသင်တန်းတွင် တတိယဆုရခဲ့သည်။

ထို့အပြင် ကိုတင်အောင်မိုးသည် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေး ဝန်ကြီးဌာန၏ မသန်စွမ်း သင်တန်းကျောင်းတွင်လည်း ဆေးဆိုးပန်းရိုက် သင်တန်းကို လကြာ သင်ယူခဲ့သေးသည်။ ထိုသင်တန်းတွင် ပန်းဒီဇိုင်းများ ရေးဆွဲသည့်နေရာနှင့် အရောင်စပ်သည့်နေရာတွင် ပထမဆုရရှိခဲ့သေးသည်။

ထိုသို့ ထူးချွန်ဆုများနှင့် အတူ ဒီဇိုင်နာပညာ အမျိုးမျိုးကို  ၂ နှစ်တာ ထပ်မံ သင်ယူနိုင်ခဲ့သည်။ ထို့နောက် မွေးရပ်မြို့လေးဆီ ပြန်လာပြီး လက်ရှိတွင် သူတတ်မြောက်ထားသည့် ပညာများနှင့် ပုဏ္ဏားကျွန်းမြို့ပေါ်၌ ဖက်ရှင်ဒီဇိုင်းနာနှင့် အပ်ချုပ်စက်ပြုပြင်ရောင်းဝယ်ရေး အလုပ်ကို လုပ်ကိုင်နေသည်။

 ၂၀၁၅ ခုနှစ်တွင် သင်တန်းစဖွင့်ပြီး ၂ နှစ်ခန့်အကြာ၂၀၁၇ ခုနှစ်တွင် မိုရာမုန်တိုင်း တိုက်ခိုက်ခဲ့သည်။ ထိုမုန်တိုင်းကြောင့် သူအလုပ်လုပ်နေသည့် စက်ပစ္စည်းများနှင့် ဆိုင်ခန်းများ ပျက်စီးခဲ့ပြီး သင်တန်းကို ၄ လကြာ ရပ်လိုက်ရသေးသည်။ ထို့အပြင် ၂၀၁၉ ခုနှစ်ကလည်း ကိုဗစ်ကူးစပ်ရောဂါကြောင့် သင်တန်းများကို တစ်နှစ်ကျော် ထပ်မံ ရပ်နားခဲ့ရသေးသည်။

ပြီးခဲ့သည့် မေလတွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့်လည်း ကိုတင်အောင်မိုး၏ နေအိမ်နှင့် ဆိုင်ခန်းတို့ ပျက်စီးခဲ့သည်။ ထို့ကြောင့် သူ့ချစ်သူနှင့် လက်ထပ်ရန် ရည်ရွယ်ထားသည့် ရည်မှန်းချက်ကို နောက်ဆုတ်လိုက်ရသည်ဟု သူက ဆိုသည်။

ဤသည်ကို ကြည့်ခြင်းဖြင့် ကိုတင်အောင်မိုးသည် သူ့ဘဝကို အရှုံးမပေးဘဲ အလုပ်ကြိုးစားသူ တစ်ဦးသာ မကသေးပေ။ သူ့တစ်ဘဝစာ လက်ထပ်မည့် ဇနီးလောင်းကိုလည်း တင့်တင့်တယ်တယ် ထားချင်လိုသည့် ယောက်ျားကောင်းတစ်ဦးလည်းဖြစ်သည်ဟု ရင်းနှီးသူများက မှတ်ချက်ပြုကြသည်။

လက်ရှိတွင်တော့ သူသည် အဖွဲ့အစည်းတစ်ခု၏ ထောက်ပံ့မှုဖြင့် သူ့တပည့်များနှင့်အတူ စက်ချုပ်သင်တန်းကို အခမဲ့သင်ကြားပေးလျက်ရှိနေသည်။

သူသည် ရခိုင်ပြည်နယ်၊ မသန်စွမ်းသူများအသင်းတွင် ဒုဥက္ကဋ္ဌဖြစ်သလို ပုဏ္ဏားကျွန်းမြို့နယ်၊ မသန်စွမ်းသူများအသင်းတွင်လည်း ဥက္ကဋ္ဌ အဖြစ် မသန်စွမ်းအရေး ဆောင်ရွက်နေသူတစ်ဦးလည်း ဖြစ်သည်။

 သူ့ ဘဝရပ်တည်ချက်မှာ သူ့လို မသန်စွမ်းဖြစ်နေသူများကို အသိပညာ စုဆောင်းပြီး ထူးချွန်သည့် ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သော အတတ်ပညာရှင်များ ဖြစ်စေချင်သည်ဟု ပြောဆိုသည်။  

 “ မသန်စွမ်းဖြစ်နေလို့လည်း သိမ်ငယ်စရာမလိုပါဘူး။ အသိပညာ၊ အတတ်ပညာတွေကို စုဆောင်းပြီးတော့ ကိုယ်ပိုင်လုပ်ငန်းတွေ ထူထောင်နိုင်‌အောင်၊ အတတ်ပညာရှင်တွေဖြစ်လာအောင် ကြိုးစားပြီး လုပ်ဆောင်သွားကဖို့သာ အဓိကပါ ဟု ကိုတင်အောင်မိုးက သူ့အတွေ့အကြုံနှင့် ဖြတ်သန်းမှုများကို မျှဝေရင်း မသန်စွမ်းသူများကို ဘ၀ကို ကြံ့ကြံ့ခံကြိုးစားကြဖို့  အားပေးစကားပြောဆိုသည်

အမှန်တကယ်လည်း မသန်စွမ်းသူများဆိုသည်မှာ လူထဲက လူတွေသာဖြစ်ကြပြီး ဘ၀ပေးအခြေအနေအရ ရရှိခဲ့သည့် မသန်စွမ်းမှုတစ်ခုကြောင့် စိတ်ဓာတ်ကျ အားငယ်စရာ မလိုသလို  ဘ၀တိုက်ပွဲကို လက်မြှောက် အရှုံးပေးစရာလည်း မလိုဘဲ ကြံ့ကြံ့ခံရုန်းကန်ကြိုးစားကြလျှင် တစ်နေ့ အောင်မြင်သူများဖြစ်လာမည်မှာ ဧကန်မုချမလွှဲဆိုသည်မှာ ကိုတင်အောင်မိုးက ဘ၀သင်ခန်းစာက အတုယူစရာ တစ်ခုပင်မဟုတ်ပါလော...။

 

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၂၈ ဧပြီ ၂၀၂၄
ဆောင်းပါး