ကံ့ကော် - ရေးသားသည်။
နိရဥ္စရာ (ဆောင်းပါး)၊ အောက်တိုဘာ ၂၇/၂၀၂၃
တဖွဲဖွဲမိုးငွေ့များကြားတွင်
ချမ်းခိုက်တုန်ရှာမှုကို ဂရုမစိုက်နိုင်အားဘဲ သူတို့လူအုပ်စုသည်
ရွာအနီးနားရှိ တောတောင်များကို ဖြတ်၍ သုတ်ခြေတင်သွားလျက်ရှိသည်။
မိုးတွင်းဖြစ်၍ တောင်အတက်လျှိုမြောင်နှင့် စမ်းချောင်းများတွင်ချော်လဲမကျမိအောင်
သတိပြု၍ သွားလာနေကြရခြင်း ဖြစ်သည်။
မနက်ဝေလီဝေလင်းအချိန်
မိုးတပေါက်ပေါက်ရွာချလိုက်ပြန်ရာ အအေးဒဏ်က သူတို့၏
ခံနိုင်ရည်ကို စမ်းသပ်နေသည့် အတိုင်းပင်။ ထိုလူစုတွင် နဖူးမှ ကြိုးသိုင်းလွယ်ပြီး နောက်ကျောဘက်ထားကာ ထမ်းရသည့်
ရိုးရာခြင်းတောင်းများ ကိုယ်စီလွယ်ထားကြသည်။
၄င်းတို့မှာကား
ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာမှ မြိုအမျိုးသမီးများဖြစ်ပြီး
မျှစ်ချိုးရန် မနက်စောစော တောတောင်ထဲသို့ ခရီးနှင်နေကြခြင်းလည်းဖြစ်သည်။
လူ ၆ ဦးလောက်ပါသည့် အဆိုပါအဖွဲ့တွင် အသက် ၃၉ နှစ်အရွယ်
မြိုအမျိုးသမီး ဒေါ်မအေးနုလည်း တစ်ဦးအပါအဝင်ဖြစ်သည်။
ဒေါ်မအေးနုမှာ အသက်
၁၂ နှစ်အရွယ်လောက်ကပင် တောတောင်များတွင် မျှစ်ချိုး၊ ကတက်ဥနှင့် ဖျံဥတူးသည့် အလုပ်အပြင်
ကောက်စိုက်အငှားလိုက်သည့်အလုပ်များဖြင့် ခက်ခဲကြမ်းတမ်းစွာ အသက်မွေးလာရသည့်
အမျိုးသမီးတစ်ဦးလည်းဖြစ်သည်။
ငယ်စဥ်က
ပညာသင်ကြားခွင့်ပင်မရရှိခဲ့သည့် ကျေးလက်နေအမျိုးသမီးတစ်ဦးအနေဖြင့်
နွေမိုးမရှောင် သည်တောတောင်များကို သွားလာ၍ မျှစ်ချိုး၊ကတက်ဥ(ဒေသအခေါ်
သင်္ဘောဥ)တူးသည့်အလုပ်အပြင် တခြားအသက်မွေးစရာအလုပ်အကိုင်အခွင့်လမ်းဟူ၍
လမ်းစမမြင်ကြောင်းဒေါ်မအေးနုက ရင်ဖွင့်သည်။
" တခြားအလုပ်အကိုင်အခွင့်အလမ်းဆိုတာ
ဘာမှမရှိပါဘူး။ နွေမိုးမရှောင် တောထဲသွားနေရတာပဲ။ ဒါမှမလုပ်ရင် ထမင်းငတ်မှာလေ"
ဟု ဒေါ်မအေးနုကပြောသည်။
သူမတွင်မွေးချင်းမောင်နှစ်မ
၃ ဦးရှိသည်။
မိဘများမှာဆင်းရဲနွမ်းပါးလွန်း၍
အစ်ကိုဖြစ်သူနှင့် သူမတို့နှစ်ဦးအား ကျောင်းအပ်နှံပညာသင်ကြားမပေးနိုင်ခဲ့ကြောင်းသိရသည်။ မောင်အငယ်ဆုံးကိုသာ
ကျောင်းထားနိုင်ခဲ့ပြီး ယင်းအချိန်တွင်မူ သူမမှာ တောတောင်များတွင်
မျှစ်ချိုး၊ကတက်ဥတူးသည့် ကြုံရာအလုပ်များဖြင့် မိသားစု စားဝတ်နေရေးကိုအားဖြည့်ခဲ့ရကြောင်း
ဒေါ်မအေးနုကပြောသည်။
ဒေါ်မအေးနုတို့ ဗန်းဗွီးရွာကလေးတွင်
သူမကဲ့သို့
တောတောင်များထဲသွား၍ မျှစ်ချိုး၊ ကတက်ဥ တူးသည့် အလုပ်ဖြင့် အသက်မွေးသူ
အမျိုးသမီးဦးရေ ၂၀
ကျော်ခန့်ထိရှိသည်။ ၄င်းတို့ထဲတွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်များလည်းပါဝင်ပြီး
မအေးနုတို့လို့ လူလတ်ပိုင်းအမျိုးသမီးများပင်ဖြစ်ကြောင်းသူမကပြောသည်။
မနက်ရောင်နီမပျိုးခင်
ငါးနာရီလောက်ကပင် ကျေးရွာအနီးရှိတောတောင်များထဲသို့ ဖြတ်၍
နှစ်နာရီခန့်လောက် သွားလာရသည်။လေးငါးယောက် တစ်အုပ်စုစီဖွဲ့၍
မျှစ်ပေါက်ရာတောတောင်များသို့ သွားရောက်ရပြီး ညနေ ၆ နာရီလောက်မှ
ကျေးရွာသို့ပြန်ရောက်လေ့ရှိကြောင်း သူမကပြောသည်။
" မျှစ်ချိုးမယ့်တောကိုရောက်အောင်
ရွာကနေတောတောင်တွေအများကြီးဖြတ်ရသေးတယ်။ နှစ်နာရီလောက်ထိ သွားရတယ်။အဲဒီတောင်ရောက်တော့မှမျှစ်စရှာကြတယ်။
" ဟု ဒေါ်မအေးနုက
ပြောသည်။
တခါတရံတွင်
တောကောင်များ၊မြွေနှင့်ကင်းပါးများကို တွေ့ရတတ်သော်လည်း သူမအစိုးရိမ်ဆုံးမှာ
မြေအောက်တွင် ရှိနေနိုင်သည့် မမြင်ရသောမြေမြှုပ်မိုင်းအန္တရာယ်ပင်ဖြစ်ကြောင်း
သူမက ဆက်ပြောသည်။
ရခိုင်တိုက်ပွဲလက်ကျန်မြေမြှုပ်မိုင်းအန္တရာယ်များကလည်း
ဒေါ်မအေးနုတို့လို တောတောင်များတွင် ရှာဖွေအသက်မွေးရသည့်
အမျိုးသမီးများအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေပြန်သည်။
၄င်းတို့ရွာတွင် ၂၀၁၈
တိုက်ပွဲကာလတွင် မျှစ်ချိုးရန်သွားသည့် အသက်(၂၁)နှစ်အရွယ်
အမျိုးသမီးငယ် မစန်းစန်းဝင်း
မှာမြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးခဲ့သည်။
အထူးသဖြင့်
တိုက်ပွဲဖြစ်ပွားခဲ့ရာ တောတောင်များတွင် ခြေချမိသည်နှင့် မည်သည့်အချိန် မြေမြှုပ်မိုင်းထ ပေါက်ကွဲမည်လဲဆိုသည့်
စိုးထိတ်မှုနှင့်အတွေးက ရင်ထဲဝင်ရောက်လာတတ်ကြောင်း ဒေါ်မအေးနုကပြောသည်။
" ဒီဘက်မှာက
တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေရှိတယ်။ အဲဒီနေရာတွေမှာ ဟင်းရှာရပြီဆိုရင်
ဘယ်အချိန်မိုင်းကွဲမလဲဆိုပြီး အမြဲတမ်းစိုးရိမ်မှုရှိတယ်။
တစ်နေ့ထမင်းနှစ်နပ်ပုံမှန်စားရဖို့အတွက် အဲဒီလိုပဲ ရုန်းကန်နေကြရတာ" ဟု သူမကပြောပြသည်။
ရခိုင်တွင်
ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ ဖြစ်ပွားခဲ့သည့် ၂၀၁၈ တိုက်ပွဲကာလ၊ ၂၀၂၀
ပြည်နှစ် ဇွန်ကစတင်ခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလများမှာ
လက်ရှိတွင်ရပ်နားနေသော်လည်း မြေမြှုပ်မိုင်းရှင်းလင်းရေးနှင့်ပတ်သက်၍
နှစ်ဘက်စလုံးမှ ထိထိရောက်ရောက်ဆောင်ရွက်ခဲ့ခြင်း မျိုးမရှိသေးပေ။
အပစ်ရပ်ထားစဥ်
ကျေးလက်နေပြည်သူများ၏ အသက်အန္တရာယ်ကိုအမြဲခြိမ်းခြောက်စိန်ခေါ်နေသည့်
မြေမြှုပ်မိုင်းများကို
နှစ်ဘက်လက်နက်ကိုင်အဖွဲ့များအနေဖြင့် စနစ်တကျရှင်းလင်းပေးရန်
မျှော်လင့်ကြောင်း အရပ်ဖက်အဖွဲ့အစည်းတစ်ခုတွင်တာဝန်ထမ်းဆောင်နေသည့် မြိုလူငယ် ကိုနီထွန်းကပြောသည်။
" တိုက်ပွဲကာလတုန်းကလည်း
မြေမြှုပ်မိုင်းကြောင့် သေတာတွေ၊ ကိုယ်လက်အင်္ဂါဆုံးရှူံးသွားသူတွေ အများကြီးရှိတယ်။ဒီမြေမြှုပ်မိုင်းတွေက
မမြင်မတွေ့နိုင်တဲ့အတွက် ပြည်သူတွေရဲ့အသက်အန္တရာယ်ကို အမြဲခြိမ်းခြောက်နေတာမျိုးပါ။
တောတောင်တွေမှာအသက်မွေးရတဲ့ ပြည်သူတွေကပိုပြီးတော့ မြေမြှုပ်မိုင်းအန္တရာယ်ကရှိတယ်။
ဒီမြေမြှုပ်မိုင်းတွေကို တာဝန်ရှိတဲ့အဖွဲ့အစည်းတွေက ရှင်းလင်းပေးစေချင်တယ်"
ဟု သူကပြောသည်။
မြေမြှုပ်မိုင်းအန္တရာယ်နှင့်ပတ်သက်၍ သတိပြုဆင်ခြင်နိုင်ရန်
အသိပညာပေးမှုများကို ICRC ၊
တခြား NGO နှင့်အရပ်ဘက်အဖွဲ့အစည်းများ၊
သတင်းမီဒီယာများမှ ရုပ်သံများ၊ရုပ်ပြကာတွန်းများကို မျှဝေအသိပေးမှုရှိခဲ့သော်လည်း
ဆင်းရဲနွမ်းပါးသည့်ကျေးလက်နေ ပြည်သူများမှာ
အင်တာနက်နှင့် သတင်းအချက်အလက်ရယူနိုင်မှု မရှိသလောက် နည်းပါး၍ ထိရောက်မှုမရှိလှဟု
သူကထောက်ပြ ပြောဆိုသည်။
ဒေါ်မအေးနုမှာ
ဗန်းဗွီးကျေးရွာကလေးမှ တောင်အနည်းငယ်ကိုဖြတ်၍ တစ်နာရီခန့်သွားလာရသည့်
အောင်မကျော်(မြို)ကျေးရွာသူတစ်ဦးဖြစ်သည်။ဗန်းဗွီးကျေးရွာသား တစ်ဦးနှင့်
အိမ်ထောင်ကျ၍ သားသမီး ၃ ဦးရရှိခဲ့သည်။ သူမ၏အမျိုးသားမှာ ကျေးလက်နေဒေသခံများနည်းတူ
သစ်ခုတ်ဝါးခုတ်သည့်အလုပ်လုပ်ကိုင်သည်။
၂၀၁၈
ခုနှစ်နောက်ပိုင်းကာလများတွင် ဒေါ်မအေးနုတယောက် မိသားစုဆိုသည့်စက်လှေကို
ဦးဆောင်ပဲ့ကိုင်ရမည့် တာဝန်ကျရောက်လာခဲ့သည်။ သူမ၏ အမျိုး သားမှာ
ပလက်ဝမြို့နယ်ဘက်တွင် သစ်ထိုးသည့်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နေစဥ်သစ်ပင်ပိ၍သေဆုံးခဲ့ရသည်။
ငယ်စဥ်က
ပညာသင်ကြားခွင့်မရရှိခဲ့၍ ဘဝကိုခက်ခဲကြမ်းတမ်းစွာရုန်းကန်နေရသော်လည်း မိမိ၏
သားသမီးများကိုမူ ပညာသင်ကြားတတ်မြောက်စေပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိစေချင်သည်ဟု သူမကပြောသည်။
" ဒီမျှစ်ချိုး၊
ကတက်ဥတူးတာက တစ်ရက်ကို ၇၀၀၀၊နဲ့တစ်သောင်းကြားလောက်ရတယ်။ဒါနဲ့ပဲ
မိသားစုထမင်းစားတယ်။သားတွေသမီးတွေ ပညာသင်စရိတ်လည်း
ဒီအလုပ်နဲ့ပဲရှာနေတာပါ" ဟု ဆိုသည်။
ဒေါ်မအေးနုငယ်စဥ်က
အဝတ်ထည်လှလှလေးများဖန်တီးချုပ်လုပ်သည့် စက်ခြုပ်ဆရာမတစ်ဦး ဖြစ်ချင်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း ထိုပညာရပ်ကိုသင်ကြားနိုင်ရေးအခွင့်အလမ်းမှာ
အိပ်မက်အဖြစ်သာအငွေ့ပျံကွယ်ပျောက်သွားခဲ့ရကြောင်း သက်ပြင်းလေးတွဲစွာချရင်း
သူမကပြောသည်။
" စက်ခြုပ်တဲ့ပညာကို
အရမ်းတတ်ချင်ခဲ့တာ။ ဒါပေမယ့်လည်း ဘဝအခြေအနေအရသင်ကြားခွင့်မှ မရခဲ့တာ" ဟု ပြောသည်။
ရခိုင်ကျေးလက်ဒေသနေ
အမျိုးသမီးအများစုမှာ ရှေးရိုးစဥ်လာ
အတွေးအခေါ်အယူအဆများအရ အခွင့်အရေးများဆုံးရှုံးနေရပြီး အဓိကအားဖြင့်
ပညာသင်ကြားခွင့်ဆုံးရှုံးခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
မြိုအမျိုးသမီးငယ်
မလှဝင်းက" ကျွန်မတို့မြိုတွေထဲမှာဆို အရင်ကအတွေးအခေါ်အယူအဆတွေက
ကြီးစိုးနေတုန်းပဲ။ သမီးမိန်းကလေးဆိုရင် အတန်းပညာပြီးတဲ့ အထိသင်ကြားစရာ မလိုဘူးဆိုတဲ့ အတွေးတွေ၊ အချိန်တန် အိမ်ထောင်ကျရင်
အိမ်ထောင်ထိန်းသိမ်းရမယ်။ မိန်းကလေးတွေ ခရီးအဝေးမသွားရဘူးဆိုတဲ့ချုပ်ချယ် ကန့်သတ်တာတွေရှိနေတုန်းပဲ"
ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၄-၁၅ ခုနှစ်များတွင် ကျေးလက်နေအမျိုးသမီးများ ဘဝရပ်တည်နိုင်ရေးအတွက် အသက်မွေး ဝမ်းကျောင်း
စက်ခြုပ်ပညာရပ်သင်တန်းများကိုအရပ်ဘက်အဖွဲ့အစည်းတချို့က ဖန်တီးပေး ခဲ့သော်လည်း
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ မတွေ့ရတော့ကြောင်း
ရခိုင်အလင်းတံခါးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က ပြောသည်။
" အရင်
၂၀၁၄ ခုနှစ်တွေမှာဆို ကျေးလက်က အမျိုးသမီးတွေကို အသက်မွေးဝမ်းကျောင်း စက်ခြုပ်ပညာရပ်တွေ
အရပ်ဘက်အဖွဲ့အစည်းတွေက ပေးခဲ့တာတွေတွေ့ရတယ်။ အခုနောက်ပိုင်းမှာတော့
အဲဒါတွေလည်း သိပ်မတွေ့ရတော့ဘူး" ဟု သူမကပြောသည်။
မည်သို့ပင်ဖြစ်စေ
လက်ရှိတွင်တော့ စစ်အာဏာသိမ်းမှုနှင့်နိုင်ငံရေးမတည်ငြိမ်မှုများကြားတွင်
ရခိုင်ကျေးလက်နေ ဒေသနေအမျိုးသမီးအများစုမှာ ထမင်းတနပ်ပုံမှန်ရန်အတွက်
တောထဲတောင်ထဲခက်ခဲကြမ်းတမ်းသည့် အလုပ်များဖြင့် ရုန်းကန်ရှင်သန်နေကြရဆဲဖြစ်သည်။
မနက်မိုးသောက်သည်နှင့်
တဖွဲဖွဲကျဆင်းနေသည့် မိုးဖွဲများကြားတွင် ဒေါ်မအေးနုတို့ လူအုပ်စုကတော့အချမ်းဒဏ်ကို အန်တု၍ တောတောင်လျှိုမြောင်များကို
ခက်ခဲကြမ်းတမ်းစွာ
ဖြတ်သန်းပြီး ထမင်းနပ်မှန်ရေးအတွက်
ဆက်လက် ရုန်းကန်နေရဦးမည်သာ ဖြစ်လေသည်။(ပြီး)