ဘုန်းစည်သူ(၁-၁၂-၂၀၂၃)
လူသားတိုင်း ငြိမ်းချမ်းရေးကိုလိုလားပါသည်။လူသားတိုင်း စစ်ကို မလိုပါ (စစ်ပွဲများကို ဖန်တီးပြီး အကျိုးအမြတ်ရလိုသူ လက်တစ်ဆုပ်စာလူတစ်စုမှအပ)။ စစ်၏ ရက်စက်ကြမ်းကြုတ်မှု၊ပျက်စီး ဆုံးရှုံးမှု၊ စစ်၏ အနိဌာရုံများကို လူတိုင်းနားလည် သဘောပေါက်သည်။ သာမန်လူကိုထားလက်နက်ကိုင်း၍ စစ်တိုက်နေကြသူများ အထဲတွင်ပင် စစ်ကို မလိုလားကြသူအများအပြားရှိပါသည်။ စစ်ပွဲ တစ်ခု၏ ဆုံးရှုံးနစ်နာမှု၊ ပေးဆပ်ရမှုကို သာမာန်လူများထက်ကိုယ်တိုင်စစ်တိုက်နေသည့် စစ်သားများက ပိုသိပါသည်။ လက်နက်ကိုင်၍ တိုက်ပွဲတိုက်နေကြသူ စစ်သားများကို မြင်တိုင်း စစ်ကိုလိုလား၍စစ်တိုက်နေသည်ဟု ထင်မှတ်လျှင်မှားပါလိမ့်မည်။ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေသူများအထဲတွင်စစ်ကိုမလိုလားသူများ ဒုနှင့် ဒေးပါ။ သို့ဆိုလျှင် မည်သည့် အတွက်ကြောင့် လက်နက်ကိုင်နေရသလဲ။မည်သည့် အတွက်ကြောင့် စစ်ထဲပါဝင် နေရသလဲ။ မေးစရာမေးခွန်းဖြစ်လာပါသည်။ လူသားများသည်စနစ်တစ်ခုအောက်တွင် ဖိနှိပ်ခံလာရသောအခါ၊ လူမျိုးတစ်မျိုးကို တစ်ခြား လူမျိုးတစ်မျိုးဗိုလ်ကျစိုးမိုး ဖိနှိပ်အုပ်ချုပ်လာသောအခါ၊ နိုင်ငံအချင်းချင်းအကြား နယ်ချဲ့ကျူးကျော်လာသောအခါ၊လူလူချင်း ကျေးကျွန်သဖွယ် နိုင်ထက်စီးနင်း ပြုမူအုပ်ချုပ်လာသော အခါ စစ်ပွဲများသည် ရှောင်လွဲ၍မရ ဖြစ်လာရသည်။ တစ်ခြားသော အတိတ်ကဖြစ်ပွားခဲ့သော ဘာသာရေးစစ်ပွဲ၊ နယ်မြေလုစစ်ပွဲများ၊ လူမျိုးရေးစစ်ပွဲများ၊ အမျိုးသားလွတ်မြောက်ရေး စစ်ပွဲများလည်းများစွာရှိပါသည်။ ထိုသို့ စစ်ပွဲများဖြစ်လာကြသောအခါ စစ်ကိုမကြိုက်သော်လည်း လူတိုင်း စစ်ထဲပါဝင်လာကြရသည်။ ယနေ့ ရခိုင်အမျိုးသား လူငယ်လူရွယ် ထောင်သောင်းမကလက်နက်စွဲကိုင် လက်ရှိ ရခိုင်စစ်ပွဲတွင် ပါဝင်လာကြရသည်။ ထိုသို့ ပါဝင်လာသည်ကို ရခိုင်လူငယ်တွေ စစ်ကို မက်မော၍၊ စစ်ကိုလိုလား၍၊ စစ်ဆာ၍လက်နက်ကိုင်ပြီး စစ်ထဲ ပါဝင်လာကြသည် ဆိုလျှင် မှားပါလိမ့်မည်။ ယနေ့ လက်နက်ကိုင်နေသည့်ရခိုင် လူငယ်အများစုသည် ငြိမ်းငြိမ်းချမ်းချမ်း မိသားစုများနှင့် အတူ ငြိမ်းချမ်းစွာနေထိုင်လိုသူ၊ ကိုယ့် စီးပွားရေး ကိုယ်လုပ်ပြီး အေးချမ်းစွာ နေထိုင်ချင်သူများ များစွာပါပါလိမ့်မည်။သို့သော်တစ်ဖက်လူမျိုးက မိမိလူမျိုး အပေါ် နည်းမျိုးစုံဖြင့် ဗိုလ်ကျစိုးမိုး အုပ်ချုပ်လာသောအခါ၊မိမိတို့ လူမျိုး၏ အနာဂတ် မျှော်လင့်ချက်များ ရိုက်ချိုး ခံရသောအခါ၊ မိမိတို့၏ အမျိုးသားရေးဆိုင်ရာ ရပိုင်ခွင့်များကို ထိပါးစော်ကားလာသောအခါရခိုင်လူငယ်များ လက်နက် မကိုင်ချင်သော်လည်း လက်နက်ကိုင်လာကြ၇သည်။
ဤနေရာတွင် ဗမာလူငယ် တက်စီကားဒရိုင်တစ်ဦး၏ပြောစကားကို အလျဉ်းသင့်၍ ဖော်ပြလိုက်၇သည်။
“ ကျွန်တော်က အေအေကို အားပေးတယ်။ လက်နက်ကိုင်လို့ တိုက်တာကို ကောင်းတယ်လို့ မြင်တယ်။တရားတယ်လို့လည်း မြင်တယ်။ ကျွန်တော်လည်း ရခိုင်ဆိုရင် အေအေထဲကို ဝင်မယ်..”
” ကျွန်တော်မိန်းမအမျိုးသမီးက တောင်ကုတ်သူပါ။ လက်ရှိ ကျွန်တော်တို့ မြောက်ဒဂုံမှာနေပါတယ်။ လွန်ခဲ့တဲ့နှစ်ကကျွန်တော်မိန်းမရှိရာတောင်ကုတ်မြို့နယ်က ရွာတစ်ရွာကို ကျွန်တော်တို့ လင်မယားနှစ်ယောက်သွားလည်ကြတယ်။တစ်ပတ်ဆိုပြီး သွားတာ ကျွန်တော်နှစ်ရက်တောင် မနေနိုင်ခဲ့ဘူး။ ရန်ကုန်ပြန်ပြေးလာရတယ်။ကျွန်တော်မိန်းမကတော့ သင်္ကြန်လွန်မှ ရန်ကုန်ကို ပြန်လာတယ်...”
“ ရန်ကုန်ကနေ တောင်ကုတ်ထိတော့ ကားပေါ် သည်းခံလိုက်လို့ရသေးတယ်။ တောင်ကုတ်ကနေ သူတို့ရွာကိုသွားတဲ့ လမ်းတစ်လျှောက်မှာ လမ်းကဆိုး၊ ဖုန်လုံးကြီးတွေကထ၊ လူတစ်ကိုယ်လုံး မျောက်ဖြူဖြစ်သွားတယ်။ဘယ်လိုမှ ကျွန်တော် မခံစားနိုင်ဘူး။ မိန်းမရွာကိုရောက်သွားတော့ အိမ်မှာ ချိုးစရာရေ မရှိဘူး။ ကန်က ရွံ့ရေကို အိမ်ထဲခပ်ပြီးချိုးရတယ်။အိမ်သာကမရှိ။ ညကျတော့ ခြင်ကိုက်။ ဘယ်လိုမှ နေရလို့ မရခဲ့ဘူး။ လမ်းကဆိုး၊ ရေကရှား၊မီးကမရှိ။ ရန်ကုန်ကို ချက်ချင်းပြန်လာခဲ့၇ပါတယ်...”
“ အဲဒါတွေကို မြင်ပြီး ကျွန်တော်တို့ တိုင်းပြည်ကိုအုပ်ချုပ်တဲ့ ဗမာ လူကြီးတွေ ရခိုင်ကို ပစ်ပယ် ထားလိုက်ကြတာ။ ရက်စက်လိုက်ကြတာ။ ကိုယ့်တိုင်းပြည်ထဲက ကိုယ်တို့ရဲ့သွေးချင်း လူမျိုးတစ်မျိုးအပေါ်မှာ ဖိနှိပ်ထားလိုက်ကြတာ။ အဲဒီကတည်းက ငါရခိုင်ဆိုရင်လည်းအေအေထဲ ငါလည်း ဝင်မိပါဘဲလို့ တွေးမိတာပါပဲ။ ဒါကြောင့် ကျွန်တော်ကတော့ အေအေလုပ်ရပ်မှန်တယ်လို့ယူဆတယ် ။”
ရခိုင်တွင် နှစ်ရက်တာ နေခဲ့ရသော ဗမာလူငယ်တစ်ဦးကထိုသို့ စိတ်ခံစားမှုဖြစ်ပေါ်ခဲ့သည်ဆိုပါလျှင် နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်ခံနေရသောနယ်မြေတစ်ခုတွင် နေထိုင်နေရသည့် ရခိုင်လူငယ်များကမည်မျှထိအောင် ခံစားကြ၇ပါမည်နည်း။
လက်ရှိ ရခိုင်ပြည်ကို ပြန်ကြည့်လိုက်ပါ။ ကားလမ်းတစ်လမ်းအကောင်းမရှိ။အဆင့်မီ ဆေးရုံတစ်ရုံမရှိ။ စက်ရုံ အလုပ်ရုံတစ်ရုံမှ မရှိ။ အလုပ်အကိုင်ရှားပါး။ လျှပ်စစ်မီးမရသည့် ကျေးရွာများ ရာပေါင်းများစွာ။ လူတိုင်းလိုလို နိုင်ငံခြားကို အလုပ်လုပ် ကျွန်ခံဖို့ထွက်ခွာကြရ။ မိုးဆိုရေကြီးပြီး နွေဆို ရေရှား၊ လူမှုဘ၀ဘေးဒုက္ခမျိုးစုံကိုလက်ရှိ ဗမာအုပ်ချုပ်သူတို့အောက်၌ ရခိုင်လူမျိုးတို့ ခါးကော့နေအောင် ခံစားနေကြ၇သည်။
မြန်မာနိုင်ငံ အင်္ဂလိပ် လက်အောက်ရှိနေစဉ်ကရခိုင်ပြည်သည် ပညာတတ်အများဆုံး၊ စီးပွားရေး အကောင်းဆုံး၊ နိုင်ငံခြား သင်္ဘောများ ဝင်ထွက်မစဲ။ရောင်းအား ဝယ်အား ကောင်းခဲ့သော ရခိုင်ပြည်။ လွတ်လပ်ရေး ရပြီးစထိ ရခိုင်ပြည်မြို့တော် စစ်တွေတွင် ဆပ်ပြာစက်ရုံ၊ ဖယောင်းတိုင်စက်ရုံ၊ မီးခြစ်စက်ရုံစသည့်အသေးစားစက်ရုံများစွာရှိခဲ့ပြီး တန်တစ်ရာကျ ဆန်စက်ကြီးများ၊ ဆန်ဂိုဒေါင်ကြီးများ ဆတ်ရိုးကျချောင်းတစ်ဖက်ကမ်းတွင် ဟိန်းနေအောင် အများအပြား တည်ရှိခဲ့သည်။ ၎င်းစက်ရုံအလုပ်ရုံများ အပါအဝင်ဆန်စက်ကြီးများအားလုံးကို နောက်ပိုင်းတွင် ဗမာအုပ်ချုပ်သူများက ဗဟို ဦးစီးစနစ်ဖြင့်ဖျက်သိမ်းပစ်ခဲ့သည်။ ထိုအချိန်ကစပြီး ရခိုင်တွင် ကုန်ထုတ်လုပ်မှု တစ်ခုမှ မရှိတော့ဘဲဗမာလူမျိုးများနေထိုင်ရာ ပြည်မဒေသများကို အားကိုး မှီခိုရ သည့် အဆင့်သို့ လျော့ကျရောက်ရှိသွားခဲ့ရသည်။တစ်ဖြည်းဖြည်းနှင့် ဗမာအုပ်ချုပ်သူများ လက်အောက်တွင် နည်းမျိုးစုံဖြင့် ဖိနှိပ်ခံလာခဲ့ကြရာမြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၇၀) အတွင်း ရခိုင်ပြည်သည် ကမ္ဘာအဆင်းရဲဆုံးတိုင်းပြည်တစ်ခုတွင်အဆင်းရဲဆုံးပြည်နယ်၊ အဆင်းရဲဆုံးလူမျိုး အဆင့်သို့ သက်ဆင်းသွားခဲ့၇သည်။
“ ကျွန်မ အမြင်ကတော့ ဒီလောက်ချမ်းသာကြွယ်၀တဲ့ပြည်နယ် တစ်ခုကို ဖျက်ဆီးပစ်တာ အင်မတန်ဝမ်းနည်းစရာကောင်းတယ်။ အင်္ဂလိပ်လက်ထက်က ပညာတတ်အပေါဆုံးပြည်နယ်။ အချမ်းသာဆုံးပြည်နယ်။အခုက တိုင်းပြည်ရဲ့ အောက်ဆုံးအဆင့်ကို ရောက်သွားတော့ ဘယ်လို ဘယ်လို လုပ်ပစ်လိုက်သလဲဆိုတာတောင်စဉ်းစားလို့ မရဘူး။ အဓိက ရခိုင်ပြည်ကို ဖျက်ဆီးပစ်တာကတော့ လူတွေ နိုင်ငံရေးကို စိတ်မဝင်စားအောင်လုပ်ပစ်လိုက်တာပါပဲ။ဆင်းရဲရင် လူတွေက တစ်ခြားကိစ္စတွေကို မစဉ်းစားနိုင်တော့ဘူး။ ဒါကြောင့် ဒီပြည်နယ်ကိုအဘက်ဘက်က ယိုယွင်းပျက်စီးအောင် သူတို့ လုပ်ပစ်လိုက်တာပါပဲ” ဟု မြန်မာနိုင်ငံရေးကို လေ့လာနေသူ ဗမာအမျိုးသမီး၏ပြောစကားဖြစ်ပါသည်။
သူပြောသလိုမှန်ပါသည်။ ရခိုင်လူမျိုးတို့ကိုအဆင်းရဲဆုံးလူမျိုးတစ်မျိုးအဖြစ်သို့ တွန်းပို့ပြီး ထာ၀၇ ရခိုင်ပြည်ကို စိုးမိုးအုပ်ချုပ်နိုင်ရန်အုပ်ချုပ်သူ အဆက်ဆက်က စနစ်တကျ စီမံခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်မှ ထွက်ရှိသော သဘာ၀ဓာတ်ငွေ့က နှစ်စဉ် အမေရိကန် ဒေါ်လာဘီလီယံနှင့်ချီပြီး ဝင်ငွေရနေသော်လည်း ရခိုင်ပြည်သူတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်စုံတစ်ရာ အုပ်ချုပ်သူများက ထည့်သွင်း စဉ်းစားခြင်း မရှိသည်ကို စဉ်းစားကြည့်ရုံနှင့်သိနိုင်သည်။ ရခိုင်လူမျိုးတို့သည် ယခုကဲ့သို့ ကိုယ့်မြေပေါ်က ထွက်သော သယံဇာတကို ကိုယ်တိုင်ခံစားခွင့် မရရှိခဲ့ကြဘဲ ဆင်းရဲမှု သံသရာတွင်နစ်မွန်းနေကြရကာ သားစဉ်မျိုးဆက် ခေါင်းမမော်နိုင်သော ကမ္ဘာအလယ်တွင် ဂုဏ်သိက္ခာကင်းမဲ့သည့် လူမျိုးတစ်မျိုးအဖြစ်သို့ ကျရောက်ခဲ့ရပေသည်။ ဤအတိုင်းဆက်သွားနေလျှင် များမကြာမီ စုန်းစုန်းမြုပ်ရန်သာ ရှိတော့သည်။
ရခိုင်တို့ သည် လွှတ်တော်ထဲ ဝင်ပြီးလည်း ရသင့်ရထိုက်သည့်အခွင့်အရေးများကို တောင်းဆိုခဲ့ပြီးပြီ။ မည်သူမျှက အရေးတယူ အဖတ်လုပ်ခြင်းမရှိခဲ့။ ရခိုင်အမျိုးသားများအတွက်တစ်ခုတည်းသော နည်းလမ်းသည်ကား လက်နက်စွဲကိုင် တော်လှန်ခြင်းပင်ဖြစ်သည်ဟု ရခိုင်လူငယ်များယုံကြည် သိမြင်လာကြသောအခါ အမျိုးသားရေးအတွက် တော်လှန်ရေးထဲ ခြေစုံပစ်ဝင်လာကြသည်။ ထိုအခါ ရက္ခိုင်တပ်တော်သည် တမဟုတ်ချင်း ကြီးထွားလာခဲ့ကာအင်အားတောင့်တင်းဆုံး တော်လှန်ရေး အဖွဲ့အစည်း တစ်ရပ်သို့ ရောက်ရှိလာခဲ့၇သည်။
ယနေ့ထောင်ပေါင်းများစွာသော ရခိုင်လူငယ်များသည်လက်နက်ကိုင်လမ်းကြောင်းပေါ်ကို ရောက်လာခဲ့ကြခြင်းသည် အစက ပြောခဲ့သလို စစ်ကို လိုလား၍မဟုတ်၊ စစ်ကို မက်မောလွန်း၍ မဟုတ်ပါ။ စစ်ထဲတွင် မွေ့ပျော်လွန်း၍ မဟုတ်ပါ။ ဖိနှိပ်မှုရှိလျှင် တွန်းကန်မှုရှိသည် နိယာမ သဘောတရားအရပါဝင်လာရခြင်း ဖြစ်ပါသည်။ အရင်းစစ်တော့ အမြစ်မြေမှာဆိုသလို အုပ်ချုပ်သူ ဗမာခေါင်းဆောင်အဆက်ဆက်၏ လူမျိုးရေးအရ ဖိနှိပ်မှု၊ ဗိုလ်ကျစိုးမိုးအုပ်ချုပ်မှု အပါအဝင် လူမျိုးတစ်မျိုး၏ရသင့်ရထိုက်သော အခွင့်အရေးများကို ပိတ်ပင်ချုပ်ချယ်လာသောအခါ ရခိုင်အမျိုးသားတိုင်းသည်လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်လာကြရသည်။ ဤအတွက် ရခိုင်တို့သည် ဤစစ်ကို ဖိတ်ခေါ်ခဲ့ကြသူများမဟုတ်ပါ။ရခိုင်သို့ စစ်ကို ဖိတ်ခေါ်ခဲ့ကြသူများမှာ ရခိုင်တို့အပေါ် ခေတ်အဆက်ဆက် မတရားဖိနှိပ် ဗိုလ်ကျစိုးမိုးသော ဗမာအုပ်ချုပ်သူများသာဖြစ်ပါသည်။
(ပြီး)