တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

အိမ်တွင်းအကြမ်းဖက်မှုသည် သာမန် ဖြစ်ရိုးဖြစ်စဉ်အိမ်တွင်းရေး မဟုတ်ပါ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 353

အိမ်တွင်းအကြမ်းဖက်မှုသည် သာမန် ဖြစ်ရိုးဖြစ်စဉ်အိမ်တွင်းရေး မဟုတ်ပါ

အခွင့်အရေးဆိုသည့်စကားလုံးကို ကျွန်တော်တို့လူပတ်ဝန်းကျင်မှာ မကြာမကြာပြောလေ့ရှိကြသည်။ သို့သော် လူ့အခွင့်အရေး ဆုံးရှုံးပြီး တရားဥပဒေစိုးမိုးမှုလျော့ရဲနေသည့် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတဝှမ်းလုံးက ပြည်သူတွေအတွက်တော့ အတော်အလှမ်းဝေးကွာသည့်စကားလုံးဖြစ်သည်။  လူမှုစီးပွား၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနိမ့်ပါးသည့် ဒေသများက အမျိုးသမီးများသည်လည်း အခွင့်အရေးတွေ အလှမ်းဝေးကွာနေကြသည့်အပြင် အကြမ်းဖက်မှုတွေနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။

အကြမ်းဖက်မှုဆိုတာကတော့ ပုံစံအအမျိုးမျိုး ကွဲပြားသော်လည်း ကျားမအခြေပြုအကြမ်းဖက်မှုသည် အမျိုးသမီးများ၊ ကလေးငယ်များနှင့်တကွ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများ၊ လိင်စိတ်ခံယူမှု ကွဲပြားသူများ၊ လိင်ဖြင့် အသက်မွေးရသူများ အပါအဝင် အင်အားမညီမျှသူ၊ ခွဲခြားနှိမ့်ချခံရသူများအပေါ် ပိုမို ထိခိုက်စေပါသည်။

ကျားမရေးရာ ကွဲပြားမှုအပေါ် အခြေပြု၍ အကြမ်းဖက်ဆိုတာကတော့ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ဆန္ဒနှင့် ဆန့်ကျင်ကာ ထိခိုက်နစ်နာအောင် ပြုလိုက်သည့်အပြုအမူတွေဖြစ်သည်။  ၎င်းအကြမ်းဖက်မှုများတွင် ရုပ်ပိုင်း ဆိုင်ရာ ၊လိင်ပိုင်းဆိုင်ရာ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားစေရခြင်းများအပြင် အကြမ်းဖက်မည်ဟု ခြိမ်းခြောက်ခြင်း၊ အတင်းအကြပ် ဖိအားပေးလုပ်ဆောင်စေခြင်းနှင့် လွတ်လပ်မှုကို ထိပါးစေသည့် အခြားသော လုပ်ဆောင်ခြင်းများလည်း ပါဝင်ပါသည်။

ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများအနက် သုံးယောက်တွင် တစ်ယောက် (၃၀)ရာခိုင်နှုန်းနီးပါးသည် သူတို့ ခင်ပွန်းသည် (သို့မဟုတ်) ရင်းနှီးကျွမ်းဝင်သူ လက်တွဲဖော် (ချစ်သူ/ ရည်းစား)ထံမှ ရုပ်ပိုင်းဆိုင်ရာအရ သော်လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာအရ သော်လည်းကောင်း အကြမ်းဖက်ခြင်းကို ဘဝတွင် တစ်ချိန်ချိန်၌ ကြုံတွေ့ဖူးကြပါသည်။ မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်းတွေ့ရှိချက်များအရ အိမ်ထောင်ရှင်အမျိုးသမီးများ၏၂၁ရာခိုင်နှုန်း (၅ ဦးလျှင် ၁ ဦး)မှာ ခင်ပွန်းသည်မှ အကြမ်းဖက်မှုကို ခံစားခဲ့ရသည်။ ရခိုင်ပြည်နယ်တွင်လည်း ရင်းနှီးကျွမ်းဝင်သူအပါအဝင် အိမ်တွင်းအကြမ်းဖက်မှုသည် ကျားမရေးရာ အကြမ်းဖက်မှုများတွင် အတွေ့ရများသည့်ပုံစံဖြစ်သည်ဟု ၂၀၂၁ ခုနှစ်က UN women နှင့် UNFPA ပူးပေါင်းထုတ်ဝေသော ကျားမရေးရာစာစောင်တွင် ဖော်ပြထားပါသည်။

“အိမ်တွင်းအကြမ်းဖက်မှုလို့ဆိုရင် လင်ယောင်္ကျား၊ မောင်၊ အစ်ကို စတဲ့သူတွေက အမျိုးသားနှင့် အမျိုးသမီး ကွဲပြားမှုအပေါ်မှာ အင်အားကြီးသည်အမျိုးသားများက ပုံစံအမျိုးမျိုးနှင့် အကြမ်းဖက်မှုတွေ ရှိသည်ပေါ့။ ယင်းအချက်များကို တစ်ချို့နေရာတွေမှာ အိမ်တွင်းအကြမ်းဖက်မှုလို့မခံယူဘဲ သမားရိုးကျဖြစ်ရိုးဖြစ်စဉ် အိမ်တွင်းရေးလို့ပဲ မြင်ကြတာရှိသည်။ လင်ယောင်္ကျားက အမျိုးသမီးအပေါ် လွှမ်းမိုးပိုင်ခွင့်ရှိတယ်ဆိုပြီး လက်ခံကြတာတွေရှိသည်။ လင်ယောင်္ကျားက ဇနီးအပေါ်အကြမ်းဖက်မှု၊ ဖခင်ဖြစ်သူက သားသမီးတွေအပေါ် အကြမ်းဖက်မှု၊ စတဲ့ အကြမ်းဖက်မှုတွေကို လူ့အသိုင်းဝိုင်းထဲမှာ သာမန်ကိစ္စလို ထင်မြင်နေကြတာကြောင့် အခွင့်အရေးတွေ ပိုပြီး ဆုံးရှုံးနေကြရတာလို့ ရခိုင်ရှေ့ဆောင်မျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူက ထောက်ပြ ပြောဆိုပါသည်။

မြန်မာလှုမှုအသိုင်းအဝိုင်းရှိ အတွေးအခေါ်များကလည်း ကျားမရေးရာခွဲခြားဆက်ဆံခြင်းကို ပို၍ ဆိုးရွားစေသည့် အကြောင်းအရင်းများကို အားပေးရာရောက်သည်။ မိန်းကလေးဆိုရင် ဗိုင်းကောင်းကျောက်ဖိ၊
ဣန္ဒြေကြီးရမယ်၊ သိမ်မွေ့ရမယ်၊ ယောင်္ကျားလေးကတော့ ထက်မြက်ရမယ်၊ ငွေရှာရမယ်၊ ဦးဆောင်နိုင်ရမယ်၊ အစရှိသဖြင့် သတ်မှတ်ထားကြသည်။ သည်တစ်ခါ အမျိုးသမီးများက အမျိုးသားများအပေါ် မှီခိုနေရမည်ဆိုတာ များလာသည်၊ သည်တော့ ယောင်္ကျားက ဖောက်ပြန်တာ သိသိကြီးနှင့်လည်း၊ ရိုက်နှက် နှိပ်စက်တာ သိသိကြီးနှင့်လည်း သည်းခံနေရသည် ဆိုတာမျိုးတွေ ဖြစ်လာနိုင်စေပါသည်။

အခုလိုအိမ်တွင်းအကြမ်းဖက်တွေကို မြို့ပြနှင့် ကျေးလက်ဒေသတစ်ချို့မှာ ပြစ်မှုတစ်ခုအဖြစ် မယူဆကြဘဲ သာမန်သမားရိုးကျဖြစ်စဉ်တစ်ခုအနေနှင့် လက်ခံထားသည့်လူမှုအသိုင်းအဝိုင်းတွေလည်း ရှိပါသည်။ ယခုအိမ်တွင်းအကြမ်းဖက်မှုများသည်လည်း ပြစ်မှုမြောက်သည့်အတွက် အကြမ်းဖက်ခံရသူများအနေနှင့် ဥပဒေပညာရှင်တွေနှင့်တိုင်ပြီး ဥပဒေအရဆောင်ရွက်ကြဖို့ကိုလည်း ရခိုင်က ရှေ့နေအမျိုးသမီး တစ်ယောက်က တိုက်တွန်းပြောဆိုပါသည်။

 “တိုင်းပြည်တစ်ပြည်မှာ ကျေးလက်နေ အခြေခံလူတန်းစားတွေက လူဦးရေအားဖြင့် လည်း များပြားတယ်။ အဲဒီလိုနေရာတွေမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေနဲ့ပတ်သက်လို့ အသိပညာ ပေးတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့လိုအပ်တယ်။ အဲဒါတွေကို အကြမ်းဖက်မှုဆိုတာကို အသိပညာပေးမှ တိုင်ကြားမှုတွေလည်းရှိလာမယ်။” လို့ ရခိုင်ရှေ့ဆောင်မျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူက ထပ်လောင်း ပြောဆိုပါတယ်။

“အခြေခံလူမှုအသိုင်းအဝိုင်းတွေမှာ အိမ်တွင်းအကြမ်းဖက်မှုကို သာမန်ဖြစ်စဉ်လို့မြင်ကြတာရှိတယ်။ ဒီလိုမြင်ကြတာဟာ အဓိကအားဖြင့် အမျိုးသမီးတွေအပေါ် ရက်စက်ရာကျပါတယ်။ အိမ်တွင်း အကြမ်းဖက်မှုတွေကြုံနေရတယ်။ လင်ယောင်္ကျားကို ကွာရှင်းဖို့လည်း အခက်အခဲဖြစ်နေကြရတဲ့ အမျိုးသမီးတွေအများကြီးကြုံဖူးပါတယ်။ အခုလိုမျိုးဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အဖွဲ့အစည်းတွေ အနေနဲ့ အာရုံစိုက်ပြီးလုပ်ဆောင်ပေးဖို့လိုအပ်တယ်။ အမျိုးသမီးတွေကိုလည်း အိမ်တွင်း အကြမ်းဖက်မှုတွေကြုံလာရရင် ဥပဒေပညာရှင်တွေနဲ့တိုင်ပင် သက်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုနိုင်အောင် လုပ်ဆောင်ဖို့တိုက်တွန်းလိုပါတယ်” ဟု ပြောဆိုပါသည်။

ကမ္ဘာတလွှားက အမျိုးသမီးအများစုဟာ လက်ရှိအချိန်ထိ အခွင့်အရေး အပြည့်အ၀ မခံစားရသေးသလို အသိအမှတ်ပြု မခံရတာတွေ၊ လုပ်အားခ တန်ရာတန်ကြေး မရတာတွေနှင့် ရွေးချယ်စရာ အခွင့်လမ်းနည်းပါးပြီး ပုံစံမျိုးစုံနှင့် အကြမ်းဖက် ခံနေရဆဲဖြစ်သည်ဟု ကုလသမဂ္ဂက ဆိုထားပါသည်။ ရခိုင်ပြည်နယ်အတွင်းက ကျေးလက်ဒေသတွေနေ အမျိုးသမီးငယ်အများစုသည် ပညာသင်ခွင့်မရရှိကြဘဲ အိမ်တွင်းမီးဖိုးချောင်အလုပ်နှင့် တောတောင်တွေမှာ ဟင်းရှာ၊ ထင်းခုတ် အလုပ်တွေလုပ်ကြရပါသည်။

“တစ်ချို့လူ့မှုအသိုင်းအဝိုင်းမှာ သားယောင်္ကျားနဲ့ သမီးမိန်းကလေးယှဉ်လာရင် သမီးမိန်းကလေးက ပညာသင်ဖို့မလိုအပ်ဘူး။ အချိန်တန်လို့အိမ်ထောင်ကျရင် လင်ယောင်္ကျားက လုပ်ကျွေးမယ်ဆိုပြီး မှတ်ယူကြတာတွေရှိတယ်” လို့လည်း ဒေါ်စောစံငြိမ်းသူက ပြောဆိုပါသည်။

ယခုလိုအမျိုးသမီးသမီးငယ်တွေ  အိမ်တွင်းအကြမ်းဖက်မှုသာမက တောတောင်တွေမှာ ဟင်းရှာ၊ ထင်းခုတ်သွားလာမှုတွေသည် လုံခြုံမှုအလွန်အားနည်းပြီး အဓ္ဓမပြုကျင့်ခံရမှုတွေနှင့် မတရားသတ်ဖြတ်ခံရသည့် ဖြစ်စဉ်တွေလည်း ရှိခဲ့ပါသည်။

မြန်မာနိုင်ငံ၏ လက်ရှိ တည်ဆဲဥပေဒတွေမှာ အမျိုးသမီးတွေအပေါ် ထိပါးနှောင့်ယှက်တာ၊ ကာယအိနြေပျက်ပြားအောင် လုပ်တာတွေအတွက် ထောင်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မတွေ ပြဋ္ဌာန်းထားပေမယ့် နစ်နာသူတွေကိုယ်တိုင်က တိုင်ကြားမှု အားနည်းသလို ပတ်ဝန်းကျင်ကလည်း ခွင့်ပြုပေးထားသည်ဟု အမျိုးသမီးအရေးလှုပ်ရှားသူတွေက ထောက်ပြကြပါသည်။

“စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်တွေနဲ့ပတ်သက်သက်ပြီးတော့ အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေဟာ အခုအချိန်ထိ နေရာတိုင်းလိုလိုမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အမျိုးသမီးတွေရဲ့ လုံခြုံမှုနဲ့ အခွင့်အရေးတွေကို တာဝန်ရှိသူတွေက အသိပညာပေးတွေလုပ်တာပဲဖြစ်ဖြစ်၊ တစ်စုံတစ်ခုကျူးလွန်မှု ရှိခဲ့ရင်လည်း ထိထိရောက်ရောက်အရေးယူပြီးတော့ နောက်ထပ်ကျူးလွန်မှုတွေနည်းပါးလာအောင် လုပ်ဆောင် ပေးဖို့ကိုမျှော်လင့်ပါတယ်” ဟု ပြောဆိုပါသည်။

သက်ဆိုင်ရာကို တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်မှု အားနည်းတာတွေကြောင့် ယခုလိုဖြစ်နေရတာလို့လည်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ဆိုကြပါသည်။

လှုမှုအသိုက်အဝန်းအတွင်း ကျားမရေးရာ အခြေပြု အကြမ်းဖက်မှုနှင့်ပတ်သက်သည့် အယူအဆမှားများကြောင့် ကျူးလွန်သူမှ တာဝန်ယူရမည့်အစား အကြမ်းဖက်ခံခဲ့ရသူအပေါ် အပြစ်တင်တတ်ကြသဖြင့် ကျူးလွန်ခံရသူများအတွက် ပို၍ ထိခိုက်နစ်နာစေနိုင်ပါသည်။ ထို့ကြောင့် အယူအဆမှားများကို နားလည် သဘောပေါက်ထားရန် လိုအပ်ပါသည်။

မိသားစုခိုင်မြဲစေရန် အမျိုးသမီးများသည် အကြမ်းဖက်မှုကို သည်းခံသင့်သည်ဟု ပတ်ဝန်းကျင်က ဝိုင်းပြောလေ့ရှိကြသော်လည်း လက်တွေ့အခြေအနေတွင် အိမ်တွင်း အကြမ်းဖက်မှုများသည် သားသမီးများဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေးအပေါ် ဆိုးရွားစွာ ထိခိုက်မှု ဖြစ်စေနိုင်ကြောင်း တွေ့ရှိရသည်။ ထို့အပြင် ရင်းနှီးကျွမ်းဝင်သည့် လက်တွဲဖော်၊ ခင်ပွန်းသည်မှ ကျူးလွန်သည့် အိမ်တွင်းအကြမ်းဖက်မှုများမှ မိသားစုဖြစ်ရိုးဖြစ်စဉ်နှင့် အိမ်တွင်းရေး ကိစ္စများသာမဟုတ်ဘဲ အိမ်တွင်း၌ကျူးလွန်သည်ဖြစ်စေ၊ လူထုအများစု၌ ကျူးလွန်သည်ဖြစ်စေ အကြမ်းဖက်မှုတိုင်းသည် လူအခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး အမျိုးသားနှင့် အမျိုးသမီး အင်အားမညီမျှသည့် ဆက်ဆံရေးကြောင့်သာ ဖြစ်သည်။ ဒါကြောင့် အိမ်တွင်းအကြမ်းဖက်မှုခံစားနေရသည်ဆိုပါက ရုန်းထွက်ပါ။ ရုန်းထွက်ဖို့ ခက်ခဲနေပါက ကူညီပေးသည့်အဖွဲ့အစည်းများကို ဆက်သွယ်ပါ။ ဉပဒေအကြောင်းအရဖြစ်စေ ပို၍နားလည်အောင် လေ့လာပြီး ရုန်းထွက်ဖို့ကြိုးစားပါ။ ပတ်ဝန်းကျင်အနီးအနားရှိ ယုံကြည်ရသူများထံ မဖြစ်နေအကူအညီရယူပါ။

အမျိုးသားများအနေနှင့်လည်း ကိုယ့်ထက်အားနည်းသည့် အမျိုးသမီးများ၊ ကလေးများကိုရိုက်နှက်ခြင်း၊ အကြမ်းဖက်ခြင်းသည် ယောကျာ်းကောင်းများ၏ အပြုအမူမဟုတ်ဆိုသည့် အသိရှိရန်လိုအပ်ပါသည်။ သည်လို အပြုအမူများသည် စိတ်ပိုင်းဆိုင်ရာ အားနည်းမှုကို ပြသရာလည်း ဖြစ်သည်။ နောက်တစ်ချက် ပတ်ဝန်းကျင် ကလည်း မိန်းမကို နှိပ်စက်သည့် ယောကျ်ားကို အပြစ်တင်တတ်သည့် အလေ့အကျင့်ထွန်းကားလာလျှင်၊ အကြမ်းဖက်ခံရသူ ဘက်က အတူရပ်တည်ပြီး ဝိုင်းကာကွယ်ပေးကြမည်ဆိုလျှင် ယောကျာ်းများလည်း တော်ရုံကျူးလွန်ရဲတော့မည် မဟုတ်ပေ။ ယင်းကြောင့် အိမ်တွင်းအကြမ်းဖက်မှု ခံစားရနေရသူတိုင်းကို တွေ့မြင် ကြားသိရသည့်အခါ ကျား/မရေးရာ မခွဲခြားဘဲ ၎င်းတို့နှင့်အတူ ရပ်တည်ပေးရပါမည်။ ဥပဒေပိုင်းဆိုင်ရာ၊ လှုမှုကျန်းမာရေး စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု အထောက်အပံ့တွေကို တတ်နိုင်သမျှ ပံ့ပိုး ပေးပြီး အိမ်တွင်းအကြမ်းဖက်မှုများမှ ရုန်းထွက်ရှင်သန်လာသူတွေနှင့် အတူရပ်တည်ပေးကြပါစို့။


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!