တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

(၁၆) ရက်တာ ဖဲကြိုးဖြူလှုပ်ရှားမှုနှင့် အာဏာသိမ်းစစ်အုပ်စု၏ ဖမ်းဆီးသတ်ဖြတ်ခံ အမျိုးသမီးထု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 358

နိဒါန်း

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့၊ စစ်အာဏာသိမ်းကာလ ရက်ပေါင်း ၁၀၃၀ ရက်အထိ မြန်မာနိုင်ငံအတွင်း ရှိ အမျိုးသမီးနှင့် မိန်းကလေးငယ်များသည် တစ်ရက်နှင့် နေ့တဝက်တွင် တစ်ယောက်နှုန်းဖြင့် အာဏာသိမ်းစစ်အုပ်စု၏ သတ်ဖြတ်ခြင်းကို ခံနေရပါသည်။ ထို့အပြင် ငါးရက်လျှင် အမျိုးသမီးတစ်ယောက်နှုန်း စစ်အုပ်စု၏ ဖမ်းဆီးခြင်းကို ခံနေရပါသည်။ မြန်မာနိုင်ငံအတွင်းက အမျိုးသမီးနှင့် မိန်းကလေးများအား ကာကွယ်ပေးနိုင်ဖို့အတွက် အားလုံးတွင် တာဝန်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။

“အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့” အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ (၁၆) ရက်တာ လှုပ်ရှားမှုကို ကမ္ဘာ့နိုင်ငံများကဲ့သို့ မြန်မာနိုင်ငံအတွင်း တွင်လည်း အစုအဖွဲ့အလိုက် ကိုယ့်နည်းကိုယ့်ဟန်မျိုးစုံဖြင့် အသိပညာပေးခြင်း၊ ဆွေးနွေးခြင်း၊ လှုံ့ဆော်ခြင်းများအား လှုပ်ရှားဆောင်ရွက်လျက် ရှိပါသည်။ ယခု (၁၆) ရက်တာ လှုပ်ရှားမှု၏ ဆောင်ပုဒ်အဖြစ် “အမျိုးသမီးနှင့် မိန်းကလေးများကို ကာကွယ်ဖို့ အတူတကွပါဝင်ပံ့ပိုးစို့" “UNITE! Invest to prevent violence against women and girls” ဟု ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ (UN Women) က ကြေညာထားသည်။ ကမ္ဘာတဝှမ်းလုံးထဲက အမျိုးသမီး (၃) ဦးတွင် အနည်းဆုံးအကြမ်းဖက်မှု တစ်ကြိမ် ခံနေရသည်ဟုလည်း ဆိုပါသည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် စစ်အာဏာသိမ်း ကာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးနှင့် မိန်းကလေးများ ရင်ဆိုင်ကြုံတွေ့နေရသည့် အာဏာသိမ်းစစ်အုပ်စု၏ သတ်ဖြတ်မှုများ၊ ဖမ်းဆီးမှုများအပါအဝင် အကြမ်းဖက်မှုပုံသဏ္ဍန်အမျိုးမျိုးနှင့် (၁၆) ရက်တာ ဖဲကြိုးဖြူလှုပ်ရှားမှုများကို ဖြစ်စဉ်ဖြစ်ရပ်နှင့် ကိန်းဂဏန်းအချက်အလက်များကို အခြေပြုကာ လေ့လာတင်ပြသွားပါမည်။

၁၆ ရက်တာ ဖဲကြိုးဖြူလှုပ်ရှားမှုများ


“ဖဲကြိုးဖြူ” တံဆိပ် အမှတ်အသားဖြင့် ပြုလုပ်လေ့ရှိသည့် “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” ဟူသည် ကမ္ဘာ့ကုလသမဂ္ဂ၏ ၅၄ ကြိမ်မြောက် အထွေထွေညီလာခံ ဆုံးဖြတ်ချက် အမှတ် ၅၄/၁၃၄ အရ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

၁၉၆၀ ပြည့်နှစ် နိုဝင်ဘာ ၂၅ ရက်နေ့၊ နိုင်ငံရေးအရ ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ညီအစ်မ (၃) ဦး အား ဒိုမီနီကန်နိုင်ငံ သမ္မတမှ သတ်ဖြတ်ခဲ့သည့် အဖြစ်အပျက်အား အခြေပြုကာ သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး ဖဲကြိုးဖြူအမှတ်အသားကမူ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများအား ဖြစ်နိုင်သမျှ ကာကွယ်တားဆီးပါ့မည် ဆိုသည့် ဝန်ခံကတိပြုခြင်းဟု အဓိပ္ပါယ်ပါသည်။ ဖဲကြိုးဖြူလှုပ်ရှားမှုကို နိုဝင်ဘာ ၂၅ ရက်မှ နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်အထိ (၁၆) ရက်တာ သတ်မှတ်ကာ လှုပ်ရှားကြခြင်း ဖြစ်ပါသည်။

၁၉၉၁ ခုနှစ်၊ အမျိုးသမီးများ၏ ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်များအင်စတီကျူ (WGLI) မှ စတင်ခဲ့သည့် ဖဲကြိုးဖြူလှုပ်ရှားမှုကို ကမ္ဘာတဝှမ်းလုံးရှိ လူတစ်ဦးချင်းစီနှင့် အဖွဲ့အစည်းအလိုက် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများ တားဆီးကာကွယ်ရေးနှင့် ပပျောက်ရေးတောင်းဆိုရန်အတွက် စည်းရုံးရေး မဟာဗျူဟာတစ်ရပ်အဖြစ် အသုံးပြုလှုပ်ရှားကြခြင်း ဖြစ်သည်။[1]

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဝန်ကြီးဌာနများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ၊ တိုင်ရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များနှင့် အမျိုးသမီးအဖွဲ့အစည်း များသည် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်၊ မြို့နယ်၊ ကျေးရွာများအလိုက် ဖဲကြိုးဖြူ လှုပ်ရှားမှုများအား လှုပ်ရှားဆောင်ရွက်လျက်ရှိပြီး  ဂျန်ဒါအခြေပြုအကြမ်းဖက်မှု ဖြစ်စေတတ်သည့် အကြောင်းအရင်းများအား အသိပညာပေးလှုံဆော်ခြင်း၊ စကားဝိုင်းများ ပြုလုပ်နေကြသည်ကို တွေ့ရသည်။


စစ်အာဏာသိမ်းကာလ၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသများတွင်တော့ ဖဲကြိုးဖြူလှုပ်ရှားမှုကို လူသိထင်ရှား လှုပ်ရှား၍မရတော့ဘဲ လျှို့ဝှက်တိုးတိတ်စွာလုပ်ဆောင်နေရကြောင်း ဒေသခံအမျိုးသမီးအဖွဲ့အစည်းတချို့က ပြောဆိုပါသည်။ “အရင်တုန်းက ဒီလိုနေ့တွေမှာ ဖဲကြိုးဖြူလေးတွေ တပ်ဆင်ပြီး ဆင်နွှဲကြတယ်။ ဖဲကြိုးဖြူ တပ်ဆင်ရတဲ့အကြောင်းက အမျိုးသမီးတွေကို အကြမ်းမဖက်တော့ပါဘူး၊ အကြမ်းဖက်မှုတွေကိုလည်း တားဆီးကာကွယ်ပေးပါ့မယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဖြစ်ပါတယ်။ အခုနေ့များတော့ ဖဲကြိုးဖြူတပ်သွားရင် လုံးဝ မေးမြန်းခံရ၊ အဖမ်းခံရမှာပဲပေါ့။ အကြမ်းဖက်တဲ့သူတွေက သူတို့ ကိုယ်တိုင်ဖြစ်နေတော့လေ”။[2]

အာဏာသိမ်းစစ်အုပ်စု၏ ဖမ်းဆီးသတ်ဖြတ်ခံအမျိုးသမီးထု

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ နိုဝင်ဘာ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းကာလစတင်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်အထိ ရက်ပေါင်း ၁၀၃၀ ရက်အတွင်း အာဏာသိမ်းစစ်အုပ်စု၏ ပုံသဏ္ဍန်အမျိုးမျိုးသော အကြမ်းဖက်လုပ်ရပ်များ ကြောင့် အသက်သေဆုံးခဲ့ကြရသည့် အမျိုးသမီးနှင့် မိန်းကလေးငယ်ပေါင်း ၆၇၄ ဦးအထိ ရှိနေပါသည်။[3] ထိုသို့ သတ်ဖြတ်ရမှုများထဲတွင် တစ်နှစ်အောက်ကလေးငယ်မှသည် အသက် ၁၀၅ နှစ်အရွယ်အထိ ပါဝင်နေသည်ကို တွေ့ရပါသည်။

အာဏာသိမ်းစစ်အုပ်စု၏ သတ်ဖြတ်မှုပုံသဏ္ဍန်များကို လေ့လာကြည့်ပါက တိုက်ပွဲတွင် လက်နက်ကြီးပစ်ခတ် မှုကြောင့် အမြောက်ဆန်(ကျည်)ထိမှန်သေဆုံးရသည့် အမျိုးသမီးများ၊ သေနတ်ဖြင့် ပစ်သတ်ခံရသည့် အမျိုးသမီးများနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသည့် အမျိုးသမီးများသည် ရာနှင့်ချီပြီး ရှိနေပါသည်။ ဖမ်းဆီးသတ်ဖြတ်ခံရသည့် အမျိုးသမီး (၉၀) ဦးကျော်၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသည့် အမျိုးသမီး (၆၀) ဦးကျော်၊ ဦးခေါင်းတည့်တည့်သေနတ်ဖြင့် ပစ်သတ်ခံရသည့် အမျိုးသမီး (၃၀) ဦးကျော်၊ သပိတ်ဖြိုခွင်းစဉ် သတ်ဖြတ်ခံရသည့် အမျိုးသမီး (၂၀) ဦးကျော်၊ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် အမျိုးသမီး (၁၆) ဦးနှင့် ဓားစာခံအဖြစ် ဖမ်းဆီးသတ်ဖြတ်ခံရသည့် အမျိုးသမီး (၁၄) ဦး ရှိနေကြောင်း AAPP ၏ မှတ်တမ်းတွင် ဖော်ပြထားပါသည်။ ထို့အပြင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရစဉ်၊ စစ်ကြောရေးစခန်းများတွင် စစ်မေးခံရစဉ် သေဆုံးခဲ့ရသည့် အမျိုးသမီးများ၏ ဖြစ်စဉ်များကိုလည်း တွေ့ရပါသည်။[4]

ချင်းပြည်နယ် ဖလမ်းမြို့နယ် စီဇာမွာလ်ရွာမှ အသက် ၁၀၅ နှစ်အရွယ် အဖွားဒေါ်ရမ်တလွန်ဆိုလျှင် စစ်ကောင်စီလက်အောက်ခံ ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ တပ်ကုန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အသက်သေဆုံးခဲ့ရသည်။ တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်း မရှိဘဲ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက် နံနက် (၂) နာရီခန့်အချိန်တွင် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ အဖွားဒေါ်ရမ်တလွန်၏ သမီးဖြစ်သူ အသက် ၆၄ နှစ်အရွယ် ဒေါ်ဇိုထွေးကမူ ထိခိုက်ဒဏ်ရာရရှိသဖြင့် ဖလမ်းမြို့ပြည်သူ့ ဆေးရုံတွင် အရေးပေါ်ကုသနေရပါပြီဖြစ်သည်။[5]

အာဏာသိမ်းစစ်အုပ်စု၏ ဖမ်းဆီးခံထားရသည့် အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ စာရင်းကို လေ့လာကြည့်လျှင်လည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်အထိ ဖမ်းဆီးခံရသူ ၂၅၄၇၄ ဦး၏ ၂၀ ရာခိုင်နှုန်း (၅၁၀၂ဦး) သည် အမျိုးသမီးနှင့် မိကလေးငယ်များ ဖြစ်နေပြီး အသက်တစ်နှစ်အရွယ်မှ အသက် (၉၀) အရွယ်အထိ ပါဝင်နေပါ သည်။[6] ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးနှင့် မိန်းကလေးငယ်များသည် စစ်အာဏာသိမ်းကာလအတွင်း ၅ ရက်လျှင် တစ်ဦးနှုန်း စစ်အုပ်စု၏ ဖမ်းဆီးခြင်းကို ခံနေရသည်ဟု တွက်ယူနိုင်သည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)မှ ထုတ်ဝေသည့် “နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ အမျိုးသမီးများ ရင်ဆိုင်နေရ သည့် လိင်အကြမ်းဖက်မှုများ” သုံးသပ်စာတမ်းတွင်လည်း စစ်အာဏာသိမ်းကာလနှင့် ပဋိပက္ခဒေသများ အတွင်း အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၃၆) မှုနှင့် အိမ်တွင်းအကြမ်းဖက်မှု အပါအဝင် ကာမလိမ်လည်မှု (၂၃) မှု၊ စုစုပေါင်း (၅၉) မှုကို ဖော်ထုတ်မှတ်တမ်းတင် ထားပါသည်။[7] စာတမ်း၏အဆိုအရ ဖော်ပြပါအမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်းဖက်မှု ခံရမှုများတွင် စစ်ကောင်စီတပ်မှ ကျူးလွန်သောအမှုများ၊ အခြားလက်နက်ကိုင်အဖွဲ့များမှ ကျူးလွန်သော အမှုများနှင့် အရပ်သားအချင်းချင်းကြား ကျူးလွန်သောအမှုများဟူ၍ သုံးပိုင်းတွေ့ရှိရသည်ဟု ဆိုပါသည်။

သုံးသပ်တင်ပြချက်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းလုံးရှိ အမျိုးသမီး (၅) ဦးအနက် (၄) ဦးသည် အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး အားကောင်းသည့်ဥပဒေအရ အကာအကွယ်ပေးနိုင်ခြင်းမရှိသေးသည့် နိုင်ငံများတွင် ရှင်သန်နေထိုင်နေကြရသည်ဟု ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ (UN Women) က ဆိုထားပါသည်။[8] စစ်အာဏာသိမ်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာနိုင်ငံအတွင်းမှ အမျိုးသမီးထုအတွက်မူ အာဏာသိမ်းစစ်အုပ်စု၏ ဥပဒေမဲ့ သတ်ဖြတ်ခံရမှုများ၊ ဖမ်းဆီးခံရမှုများ စသည့် အကြမ်းဖက်မှု ပုံသဏ္ဍန်မျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။

သို့နှင့်တိုင် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက အမျိုးသမီးထုသည် လူ့အဖွဲ့အစည်းအတွင်း ဖိုဝါဒကြီးစိုးလွှမ်းမိုးမှု ကို တွန်းလှန်တိုက်ပွဲဝင်နေရသကဲ့သို့ နွေဦးတော်လှန်ရေးနှင့်အတူ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် လက်နက်ကိုင်လမ်းစဉ် အပါအဝင် လှုပ်ရှားမှုအသွင်သဏ္ဍန်မျိုးစုံဖြင့် စွမ်းစွမ်းတမံပါဝင်လျက် ရှိပါသည်။  အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွင်လည်း ကျား-မရေးရာ ကိစ္စရပ်များ၊ အထူးသဖြင့် အမျိုးသမီးများ၏ လက်ရုံးရည်၊ နှလုံးရည်နှင့် ခွန်အားများကို ချန်လှပ်မခံရရေးကို အလေးအနက် စဉ်းစားရမည် ဖြစ်သည်။

လူ့အဖွဲ့အစည်းအတွင်း ကြီးမားစွာအမြစ်တွယ်နေသည့် ဖိုဝါဒကြီးစိုးလွှမ်းမိုးနေမှုကို အချိန်ယူနှုတ်ယူသွားနိုင်ဖို့ လိုအပ်သလို တရားဥပဒေအရ အရေးယူအပြစ်ပေးခြင်းမှ ကင်းလွတ်နေသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုများကို ကင်းလွတ်ခွင့်မရှိစေရေးသည်လည်း ဖယ်ကြိုးဖြူလှုပ်ရှားမှု၏ ဦးတည်ချက်တစ်ခု အဖြစ် ပါဝင်နေပါသည်။ ထို့ကြောင့် အာဏာသိမ်းစစ်အုပ်စု၏ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခံနေရသည့် အမျိုးသမီးများ၊ မိန်းကလေးငယ်များအတွက် တရားမျှတမှုရရှိရေးနှင့် ဥပဒေအရ အပြစ်ပေး အရေးယူနိုင်ရေးသည် အရေးကြီးသကဲ့သို့ လူ့အဖွဲ့အစည်းအတွင်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှန်သမျှ ပပျောက်ရေးသည်လည်း အရေးပါသည့် လှုပ်ရှားမှုများ ဖြစ်နေကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 (မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၃၂ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)


[1] 16 Days of Activism against Gender-Based Violence https://bit.ly/46EK6R9

[2] အာဏာသိမ်းပြီး နောက်ပိုင်း ဖဲကြိုးဖြူ လှုပ်ရှားမှုများကို ပေါ်တင်လှုပ်ရှားလို့ မရ https://bit.ly/3uEU5Zi

[3] စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်၊ ၂၉ နိုဝင်ဘာ ၂၀၂၃ https://bit.ly/3RlC6jg

[4] AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စုစုပေါင်း ကျဆုံးစာရင်း Database https://bit.ly/3uJN0Xe

[5] စကစ လက်နက်ကြီးကြောင့် ဖလမ်းမြို့နယ်က အသက် ၁၀၀ ကျော်အရွယ် အဖွားအိုတစ်ဦး သေဆုံး https://bit.ly/49WlRAG

[6] AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း Database https://bit.ly/3T3L2va  

[7]နိုင်ငံရေး မတည်ငြိမ်မှုနှင့်အတူ အမျိုးသမီးများ ရင်ဆိုင်နေရသည့် လိင်အကြမ်းဖက်မှုများ” သုံးသပ်ချက်စာတမ်း https://bit.ly/47B27B0

[8] “UNITE! Invest to prevent violence against women and girls” https://bit.ly/3GqwMFk

ဆက်စပ် သတင်းများ