နိရဉ္စရာ(ဘာသာပြန်ဆောင်းပါး) ဒီဇင်ဘာ ၆/၂၀၂၃
မြန်မာနိုင်ငံမှာအောက်တိုဘာလ ၂၇ ရက်က စတင်လိုက်တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့နဲ့ပူးပေါင်းတပ်များရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တစ်လကျော်ကာလအတွင်းမှာပဲ မြန်မာတစ်နိုင်ငံလုံးကို သာမကကမ္ဘာကြီးကိုပါ လှုပ်နှိုးလိုက်ပါပြီ။
ယူကရိန်းအရေး၊အစ္စရေး-ဟားမတ်စ်အရေးနဲ့ အလုပ်ရှုပ်နေတဲ့ကမ္ဘာကြီးဟာ မြန်မာ့အရေးကိုမေ့ပျောက်သလို ပစ်ထားခဲ့ရာက ခုတော့ ခေါင်းထောင်ကြည့်လာရတဲ့ အခြေအနေကိုရောက်ရှိလာပါပြီ။
မြန်မာနိုင်ငံမှာခု နောက်ဆုံးဖြစ်ပေါ်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ရဲ့ နယ်မြေသိမ်းစစ်ဆင်ရေးတွေဟာ စစ်ကြောင့် ယိုယွင်းပျက်စီးနေတဲ့အရှေ့တောင်အာရှနိုင်ငံတစ်ခုရဲ့ နိုင်ငံရေးနဲ့လုံခြုံရေးမြင်ကွင်းတွေကိုပြောင်းလဲစေခဲ့ပြီလို့ လိုဝီအင်စတီကျုကနိုင်ငံရေးသုတေသီ ရာမန် ရာကွတ်က ပြောဆိုလိုက်ပါတယ်။
ညီနောင်သုံးဖွဲ့ရဲ့ပူးပေါင်းစစ်ဆင်ရေးအောင်ပွဲက စစ်ကောင်စီကို တွန်းလှန်နေကြတဲ့PDF,CPB, BPLA အစရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးအုပ်စုများကိုအားတက်စေပြီး ပြီးခဲ့တဲ့ရက်များအတွင်း နိုင်ငံအနှံ့ကတော်လှန်ရေး အုပ်စုတွေဟာ စစ်ကောင်စီ တပ်စခန်းအမြောက်အများနဲ့ တရုတ်၊အိန္ဒိယနယ်စပ်ဒေသ မြို့တွေအပါအဝင် မြို့အတော်များများကို သိမ်းပိုက်နိုင်ခဲ့ကြတယ်။
ဒါပေမယ့်စစ်ကောင်စီကို တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ဖြေဆိုရမယ့်မေးခွန်းနှစ်ခု ရှိနေပါတယ်။
ပထမမေးခွန်းက တော်လှန်ရေးအဖွဲ့တွေအနေနဲ့ လက်ရှိထိုးစစ်တွေကို ဆက်လက် ထိန်းသိမ်းထားနိုင်မလားဖြစ်ပြီး ဒုတိယမေးခွန်းက စစ်ကောင်စီတပ်ကရော ဘယ်လောက်အထိတန်ပြန်ထိုးစစ်ဆင်နိုင်စွမ်းရှိမလဲ ဆိုတာ ဖြစ်ပါတယ်။
လက်ရှိတိုက်ပွဲတွေမှာ တော်လှန်ရေးအုပ်စုတွေဘက်က အားသာချက်တွေ အများကြီးရှိနေတယ်ဆိုတဲ့အချက်တွေ ထင်ထင်ရှားရှား တွေ့နေ၇တယ်။
စစ်ကောင်စီတပ်တွေရဲ့ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုပ်မှုတွေကြောင့် ပြည်သူလူထုဟာတော်လှန်ရေး အုပ်စုတွေကို ပိုပြီးအားကိုးလာခဲ့တယ်။
တော်လှန်ရေးအုပ်စုတွေကိုနှိမ်နင်းတဲ့ စစ်ဆင်ရေးတွေမှာ ဒေသခံပြည်သူတွေရဲ့ ထောက်ခံမှုဟာအင်မတန် အရေးကြီးပါတယ်။ လူ၊ လက်နက်၊ ထောက်လှမ်းရေးအချက်အလက်အားလုံးကိုလူထုဆီက ရရှိတာဖြစ်တယ်။ စစ်ကောင်စီဟာ ဒီအခွင့်အရေးကိုမ၇ပါဘူး။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်တဲ့လူပေါင်း ၂၀၀၀၀ နီးပါးကိုထောင်သွင်းအကျဉ်းချထားပြီး သူတို့ရဲ့ဖိနှိပ်တိုက်ခိုက်မှုကြောင့် လူပေါင်း တစ်သန်းနီးပါး နေရပ်အိုးအိမ်စွန့်ခွါထွက်ပြေးနေကြ၇တယ်။
စစ်ကောင်စီဟာဆန့်ကျင်တဲ့ အရပ်သားပြည်သူတွေကိုကြောက်လန့်သွားအောင် ဖြတ် လေးဖြတ် စနစ် ကျင့်သုံးခဲ့သလို့အရပ်သားပစ်မှတ်တွေကို လေကြောင်းက တိုက်ခိုက်ခဲ့တယ်။ ဒီလုပ်ရပ်တွေကြောင့်စစ်ဗိုလ်ချုပ်တွေကို ပြည်သူရဲ့ အမုန်းတရားက ပိုကြီးထွားစေခဲ့တယ်။
တပ်မတော်စခန်းတွေကိုတစ်ခုပြီးတစ်ခု လျင်လျင်မြန်မြန်နဲ့ တော်လှန်ရေးအုပ်စုတွေကသိမ်းပိုက်နိုင်ခဲ့ခြင်းရဲ့ ရလဒ်တစ်ခုက လက်နက် နဲ့ ခဲယမ်းမီးကျောက်အမြောက်အများ ပိုင်ဆိုင်ခွင့် ရရှိသွားခြင်းပဲဖြစ်တယ်။
ဆိုရှယ်မီဒီယာတွေမှာမြင်တွေ့ရတဲ့ ဗီဒီယိုတွေအရ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ဟာဖမ်းဆီးရမိတဲ့ သံချပ်ကာမော်တော်ယာဉ်ကို တက်မောင်းနေတာတွေ့မြင်ရပြီး အမြောက်လက်နက်ကြီးတွေကို သိမ်းဆည်းထားတာလည်း မြင်တွေ့ကြ၇တယ်။ ဒီလက်နက်ကြီးတွေဟာနောက်ထပ်ထိုးစစ်တွေမှာ စစ်ကောင်စီတပ်ကို ချေမှုန်းဖို့အတွက်ဖြစ်လာနိုင်တယ်။
နောက်တစ်ချက်ကတော်လှန်ရေးအုပ်စုတွေဟာ အချင်းချင်း ချိတ်ဆက်မှု ရှိနေကြတာပဲ။စစ်တပ်ဟာ စခန်းအများအပြားကို လက်လွှတ်ဆုံးရှုံးနေရပြီး စစ်မျက်နှာပေါင်းစုံမှာနောက်ဆုတ်နေရတယ်။ စစ်ကောင်စီတပ်အနေနဲ့ အင်အားပြန်လည်စုစည်းပြီးတန်ပြန်ထိုးစစ်နဲ့ လက်လွှတ်ခဲ့ရတဲ့ စခန်းတွေကို ပြန်သိမ်းနိုင်စွမ်းရှိပါ့မလား။ အခုချိန်မှာတော့ ဒါဟာ လုံး၀ ဖြစ်နိုင်ချေမရှိပါဘူး။
လက်ရှိစစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေကို ရင်ဆိုင်ဖို့ တစ်ပြည်လုံး ဖြန့်ကျက်ထားရသလို မြို့ပေါ်မှာလည်း သူတို့ကို ဆန့်ကျင်နေကြတဲ့ အင်အားစုတွေကို နှိမ်နင်းဖို့ စောင့်ကြည့်နေရတယ်။ မကြာမီက လေ့လာသိရှိရတဲ့ အချက်အလက်တွေအ၇ မြန်မာစစ်တပ်မှာ အင်အား၁၅၀၀၀၀ ရှိပြီး ၇၀၀၀၀ လောက်ပဲ စစ်မြေပြင်မှာတိုက်ပွဲဝင်နေတယ်ဘို့သိရတယ်။ ဒါဟာ ဗီယက်နမ်စစ်ပွဲအရှိန်မြင့်စဉ်တုန်းက ဗီယက်နမ်မှာ ချထားတဲ့ အမေရိကန်တပ်အင်အား၅၀၀၀၀၀ နဲ့ယှဉ်ရင် ဘာမှ မပြောပလောက်ဘူး။ ဗီယက်နမ်စစ်ပွဲနဲ့ လက်ရှိမြန်မာပြည်တွင်းစစ် က သမိုင်းအရ နှိုင်းယှဉ်စရာတစ်ခုမဟုတ်ပေမယ့် မြန်မာစစ်ကောင်စီတပ်တွေ လက်ရှိရင်ဆိုင်နေရတဲ့အခြေအနေက ဗီယက်နမ်စစ်ပွဲနဲ့ ပုံဖော်လို့ ၇နေတယ်။
ပထဝီအနေအထားအရထူထပ်တဲ့သစ်တောများ နဲ့ တောင်တန်းများ ရှိနေတဲ့မြန်မာနိုင်ငံဟာဗီယက်နမ်ထက် ပိုကြီးပြီး စစ်ကောင်စီတပ်တွေက တစ်ပြည်လုံးအနှံ့တော်လှန်ရေးအုပ်စုတွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတယ်။ စစ်ကောင်စီတပ်ရဲ့အဓိက အားနည်းချက်တစ်ရပ်က " စိတ်ဓါတ်ပြိုကွဲနေခြင်း" ပါပဲ။
ထွက်ပေါ်လာတဲ့သတင်းတွေအရ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲမဝင်တော့ဘဲ အသာတကြည်လက်နက်ချ အညံ့ခံနေကြသလို ခုခံဟန် နည်းနည်းပြပြီး လက်နက်ချသွားကြတယ်လို့ဆိုတယ်။ တချို့တပ်တွေကစခန်းကို စွန့်ခွါပြီး အိမ်နီးချင်းအိန္ဒိယနိုင်ငံထဲ ထွက်ပြေးသွားတာလည်း ရှိတယ်။
စစ်တပ်ကဆုံးရှုံးမှုတွေ ကြီးမားလာလေလေ လူဦးရေထူထပ်တဲ့ အဓိကမြို့ကြီးများနဲ့စစ်စခန်းတွေဆီကို ဆုတ်ခွါသွားဖို့ ရှိနေပါတယ်။ နိုင်ငံရဲ့အစွန်အဖျားနေရာအများအပြားကိုထိန်းချုပ်ထားတဲ့ တော်လှန်ရေးအင်အားစုတွေဟာသူတို့နေရာတွေကို ခုခံကာကွယ်ရင်း စစ်တပ်ကို အထီးကျန်အောင်လုပ်လာနိုင်စွမ်းရှိနေတယ်။
စစ်တပ်ကလုပ်လာနိုင်တာတစ်ခုက လေကြောင်းအင်အားသုံးပြီးတော်လှန်ရေးအဖွဲ့တွေကို တိုက်ခိုက်ဖို့ ဖြစ်တယ်။ ဒါပေမယ့်လေကြောင်းအင်အားတစ်ခုထဲနဲ့တော့ စစ်ဆင်ရေးတစ်ခုကို အနိုင်၇ဖို့ မလုံလောက်ပါဘူး။
အမေရိကန်ပြည်ထောင်စုဟာဗီယက်နမ်ကို ဗုံးတန်ချိန် ၅ သန်းကျော် ကျဲချခဲ့ပေမယ့်ဗီယက်နမ်စစ်ပွဲကို အနိုင်မ၇ခဲ့ပါဘူး။
မြန်မာစစ်ကောင်စီဟာတော်လှန်ရေးအုပ်စုတွေ ရှေ့တိုးလာနေတာကို ဘာမှမလုပ်နိုင်ဘဲအရှုံးနဲ့ရင်ဆိုင်ရင်း လက်ပိုက်ကြည့်နေရမယ့် အခြေအနေ ဖြစ်လာနိုင်တယ်။စစ်ကောင်စီအဖို့ အသေအကြေတိုက်ပွဲဝင်တာထက် ငြိမ်းချမ်းတဲ့နည်းနဲ့အာဏာလွှဲပြောင်းရေး တွေ့ဆုံညှိနှိုင်းမှုဖြစ်လာဖို့ တွန်းအားပေးမှုတွေရှိလာနိုင်တယ်။ မြန်မာပြည်ဟာ နောက်ထပ်သွေးချောင်းစီးစရာ မလိုတော့အောင်သွေးချောင်းစီးနေခဲ့ပါပြီ။ ဒီနိုင်ငံဟာ ဒီမိုကရေစီထွန်းကားဖို့ထိုက်တန်တဲ့ အခွင့်အရေး ရှိသင့်ပါပြီ။
( ဒီသုံးသပ်ချက်ကို ရေးသားသူက LowyInstitute, Southeast Asia Program က Research Fellow Dr. AbdulRahman Yaacob ဖြစ်ပြီး Channel News Asia မှာ ဖော်ပြထားတဲ့ ဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။ ) NN-27