တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

သတင်းမီဒီယာ ဖိနှိပ်မှုကို အံတုနေကြသည့် ရခိုင် အမျိုးသမီးသတင်းသမားများ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

နိရဉ္စရာ(ဆောင်းပါး) ဒီဇင်ဘာ ၉/၂၀၂၃ (Photo by UT News)

ရခိုင်အခြေစိုက်လွတ်လပ်သော သတင်းဌာနများ၏ တင်ဆက်ထုတ်ဝေလျှက် ရှိသော သတင်းများ အပေါ်မှတ်ချက် ရေးသားခြင်း၊ မျှဝေခြင်း၊ Copy ယူ၍ ထပ်ဆင့်မျှဝေခြင်း ပြုလုပ်နေသူများအား အရေးယူမည်ဟု ရခိုင်ပြည်နယ် စစ်ကောင်စီက ယခုသီတင်းပတ် အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

 

မကြာသေးခင်က ဖြစ်ပွားခဲ့သော တကျော့ပြန်စစ်ပွဲများသည် ရခိုင်ပြည်၏မြောက်ပိုင်းတွင်သာမက တောင်ပိုင်းအထိ ကျယ်ပြန့်လာခဲ့ပြီး စစ်ကောင်စီဘက်မှလည်း အပြစ်မဲ့ပြည်သူများအပေါ် ဥပဒေပုဒ်မ အမျိုးမျိုးဖြင့်ဖမ်းဆီးမှုများများလာသည်နှင့်အညီ သတင်းမီဒီယာများကိုလည်း တရားစွဲဆို အမှုဖွင့်ပြီး သတင်းထောက်များကို ဖမ်းဆီးထောင်ချခြင်းများ ရှိလာသည်။


“ရခိုင်မှာဆိုရင် သတင်းထောက်တွေအတွက် မလုံခြုံဘူး၊ သတင်းလိုက်တာတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လို့မရတော့ဘူး၊ စစ်ကောင်စီက အပြစ်မဲ့ အရပ်သားပြည်သူတွေကိုတောင် မတရားပုဒ်မ အမျိုးမျိုးတပ်ပြီး ဖမ်းဆီးတော့ သတင်းထောက်တွေက ပိုပြီးတော့ သတိထားရတယ်။ ဖုန်းတွေ နေပုံထိုင်ပုံတွေက အစစဆင်ဆင်ခြင်ခြင်နဲ့ နေရတယ်။ ညဘက်အိပ်ရင်တောင် ဧည့်စာရင်း လာစစ်မလား၊ ဖုန်းတွေကို စစ်တာမျိုးတွေကြောင့်တော်တော်လေးသတိထားရတယ်။ ညဆို ခွေးဟောင်သံကြားရင်တောင် စစ်ကောင်စီက လူတွေလာပြီးလားဆိုပြီးတော့ လန့်ပြီးအစစအရာရာ သတိထားနေရတယ်” ဟု လက်ရှိ ရခိုင်အခြေစိုက် သတင်းမီဒီယာတွင် လုပ်ကိုင်နေသူ သတင်းထောက် အမျိုးသမီးတစ်ဦးက ဆိုသည်။


စစ်ကောင်စီဘက်မှလည်း အမျိုးသား/ အမျိုးသမီးမခွဲခြားဘဲ ဥပဒေပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုမှု များရှိလာခြင်းကြောင့်လုံခြုံရေးပိုမိုတင်းကျပ်ကာသတင်းယူရခြင်းပိုမိုခက်ခဲလာသည်ဟု အမည်မဖော်လိုသည့် ပြည်တွင်းရခိုင်မီဒီယာတစ်ခုမှ အမျိုးသမီးသတင်းထောက် ကပြောသည်။


“ကျမတို့အမျိုးသမီးထောက်တွေကို ဖမ်းဆီးထောင်ချတာတွေရှိလာတော့ အရင်ကထက် လုပ်ရကိုင်ရ ကျပ်တည်းလာတယ်။ အိမ်က မိဘကအစ ဒီအလုပ်က ထွက်ခိုင်းတဲ့ထိ မိသားစုတွေပါ စိုးရိမ်စိတ်တွေ ဖြစ်လာတယ်။ စစ်ကောင်စီရဲ့ ပစ်မှတ်က သတင်းအမှောင်ချဖို့ဆိုရင် ဘယ်သူ့ကိုမဆိုဖမ်းတယ်” ဟု ထပ်မံ ပြောသည်။



 

အဆိုပါ အမျိုးသမီးသတင်းထောက်လုံခြုံရေးနှင့်ပက်သက်ပြီး ရခိုင် အခြေစိုက်မီဒီယာ တစ်ခုမှ  အယ်ဒီတာချုပ် တစ်ဦးက “ရခိုင်မှာက အမျိုးသမီးတွေ သတင်းလောကထဲကို ဝင်ရောက်လာတာ သိပ်မကြာသေးပါဘူး။ ဒါတောင် နှစ်အပိုင်းအခြားဘဲရှိပါသေးတယ်။ ခုလို အခြေအနေမျိုးမှာ စစ်ကောင်စီက သတင်းသမားတွေကို ဖိနှိပ်လာတဲ့အခါ အမျိုးသမီး သတင်းထောက်တွေရဲ့လုံခြုံရေးဟာ အရမ်းစိုးရိမ်စရာ ကောင်းလာတယ်။ ဒါကြောင့်အမျိုးသမီး သတင်းထောက်တွေအနေနဲ့ ဘေးကင်းအောင် အလုပ်လုပ်နိုင်ဖို့လိုပါတယ်။ ကျနော်တို့အနေနဲ့တော့ လက်ရှိ အိမ်ပြင်ပကိုသွားပြီး သတင်းယူတာမျိုးတွေကို မလုပ်ဖို့ တားမြစ်ထားတယ်။ အိမ်တွေကို ပြောင်းရွှေ့အိပ်ဖို့ ပြောထားတယ် ဖုန်းတွေက Data အချက်အလက်တွေကို ဖျောက်ဖျက်ပစ်ဖို့ ပြောဆိုထားတွေရှိပါတယ်။ တစ်နေ့တစ်ကြိမ် ကိုယ်ဘယ်ရောက်နေလဲဆိုတာ သက်ဆိုင်ရာ အနီးစပ်ဆုံးအယ်ဒီတာဆီဆက်သွယ်ဖို့ ညွှန်ကြားထားတာရှိပါတယ်။ အတတ်နိုင်ဆုံး လုံခြုံရေးကို ဂရုစိုက်ကြဖို့တော့ ပြောချင်ပါတယ်” ဟုပြောသည်။

 

စစ်ကောင်စီအသာပေးရေးသားဖော်ပြသည့် သတင်းမီဒီယာ အမည်ခံ ဆိုရှယ်မီဒီယာ အကောင့်တစ်ခု ကလည်း စစ်ကောင်စီမှ ဖမ်းဝရမ်းထုတ်ထားသော လွတ်လပ်သော ရခိုင်သတင်းမီဒီယာတွင် လုပ်ကိုင်သူ အယ်ဒီတာ၊ သတင်းထောက်များ၏ ဝရမ်းကို “တရားခံပြေးသတင်းသမားများစာရင်း” ဖြင့် သြဂုတ်လဆန်းပိုင်းတွင် ထပ်မံ ကြေညာခဲ့သည်။  

 

“ကျွန်မ နာမည် ဝရမ်းစာရင်းထဲမှာ ကြားကြားချင်း ခြေကုန်လက်ပန်းကျသွားတာ ၊ အဲနောက်ပိုင်း အရင်တုန်းကလို သတင်းသွားယူရင် လွတ်လပ်မှုမရှိဘဲ ကျွန်မကိုများစောင့်ကြည့်နေမလား လမ်းမှာသွားရင် ဖမ်းသွားမလား ဆိုပြီး အရမ်းစိတ်ကျဉ်းကျပ်ခဲ့ရပါတယ်။ အိမ်မှာနေရင်း ဖမ်းမှာစိုးလို့ အဆောင်မှာ ပုန်းခိုနေခဲ့ရတယ်။ အပြင်လည်း မထွက်ရဲဘူး။ ဘဝကြီးက မလုံခြုံတော့သလို ခံစားရတယ် အခုချိန်ထိပဲ” ဟု  ဝရမ်းစာရင်းတွင် ဖော်ပြခံရသည့် ရခိုင် သတင်းထောက် အမျိုးသမီးကလည်း သူမအတွေ့အကြုံကို ပြန်ပြောပြသည်။


“ကျွန်မနေတဲ့အဆောင်အထိ လိုက်ပါစောင့်ကြည့်ခံရတဲ့ အနေထားရှိတော့ တခြားမြို့နယ်တစ်ခုကို ထပ်ရွှေခဲ့ရပါတယ်။ မိဘတွေကလည်း သမီးမိန်းကလေးဆိုတော့ တအားစိတ်ပူပင် သောကရောက်ခဲ့ကြတယ်။ အခက်အခဲ တွေနဲ့ ကြုံခံရတယ်” ဟုဆိုသည်။ 

 

ရခိုင်ပြည်တွင်းက မီဒီယာများသည် စစ်ကောင်စီတပ်၏ ဒေသခံအပြစ်မဲ့ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ မြို့ပေါ်ရပ်ကွက် လူနေကျေးရွာများပါ မကျန် ကြည်းရေလေ ပူးပေါင်းပြီး လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း၊ မီးရှို့ခြင်း စသည့် လူမဆန်သော လုပ်ရပ်များ ကျူးလွန်နေခြင်း အပေါ် ရေးသားဖော်ပြနေသော သတင်းဌာနများဖြစ်ကြသည်။

 

၎င်းတို့၏ ကျူးလွန်နေသည့် ပြစ်မှုများကို ဖုံးကွယ်လို၍ စစ်ကောင်စီသည် သတင်းဌာနများကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်းကြောင့် အမျိုးသမီးသတင်းထောက်များသည်လည်း စစ်ကောင်စီ၏ ပစ်မှတ်ခံထားရမည်ကို စိုးကြောက်မိသည်ဟု ပြည်တွင်းမီဒီယာတစ်ခုဖြစ်သည့် DMG သတင်းဌာန မီဒီယာတွင် လုပ်ကိုင်နေသည့် အမျိုးသမီးသတင်းထောက်တစ်ဦးကဆိုသည်။

 

“ကျမတို့ဘယ်လောက်ထိစိုးရိမ်လည်းဆိုရင် စစ်ကောင်စီရဲ့ ကာမသားကောင်အဖြစ်ဖြစ်သွားမှာထိ အရမ်း ကြောက်မိနေတာ။ ကိုယ်လုပ်တဲ့အလုပ်ကမြေပြင်ကွင်းဆင်းရမယ့်အလုပ်ဆိုပေမယ့် ခုအဲ့လိုအခြေနေတွေ နဲ့ကင်းကွာသွားကြပါပြီ” ဟုပြောသည်။

 

“ရခိုင်မှာ တိုက်ပွဲမဖြစ်ခင်ကတည်းက သတင်းဌာနတွေကို ဝင်စီးတာ၊ သတင်းသမားတွေကိုဖမ်းဆီးတာ၊ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တဲ့ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်လာတော့ သတင်းသမားတွေကိုပိုပြီး ပစ်မှတ် ထားလာတယ်။ တချို့က ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေကြရသလို တချို့ကျတော့လည်း အေအေ ထိန်းချုပ်ရာ နယ်ဒေသတွေကနေ အင်တာနက်လိုင်းမကောင်း၊ ဖုန်းလိုင်းမကောင်း၊ လျှပ်စစ်မီးမရတဲ့ အခက်အခဲတွေကြားက အချိန်နဲ့တပြေးညီ သတင်းတွေ ရေးသား တင်ဆက်နေကြရတာပါ” ဟုလည်း ရခိုင်သတင်းဌာနမှ သတင်း တင်ဆက်သူ အမျိုးသမီးတစ်ဦးကလည်း သူမ၏အခက်အခဲများကြားက ပြည်သူများ၏ သတင်းရပိုင်ခွင့် အတွက် ကြိုးစားနေရပုံကို မျှဝေထားပါသည်။ 

 

တချို့တွေက သတင်းဌာနက ဆိုတာနဲ့ ကြောက်တာမျိုးတွေရှိတယ်၊ မဖြေကြဘူး၊ ဖုန်းချတယ်၊ ဘလော့လုပ်တာမျိုး ရှိတယ်၊  ဒါပေမဲ့ ပူးပေါင်းကူညီပေးတဲ့ ပြည်သူတွေလည်းရှိပါတယ်။ အစိုးရဌာနကလူတွေဆိုရင် မအားဘူး အစည်းအဝေးရှိတယ်၊ တခါလာလည်း နင်တို့ပဲ ဆိုပြီး မချေမငံ့ဆက်ဆံ ပြောဆိုတာတွေထိ ကြုံတွေ့ရ အပြောခံရတာတွေရှိတယ် ဆိုပြီး  လက်ရှိကြုံတွေ့ရသည့်အခက်အခဲများကို သူမက ဆက်လက်ရှင်းပြသည်။ 

 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး အမျိုးသမီးသတင်းထောက် အနည်းဆုံး ၁၉ ယောက်ဟာ သူတို့ရဲ့ လုပ်ငန်းတာဝန်များကို လုပ်ကိုင်စဉ် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်အထိ အမျိုးသမီး သတင်းထောက် အနည်းဆုံး ၈ ယောက်  ဆက်လက်ထိန်းသိမ်းခံနေရဆဲ ဖြစ်ကြောင်းသိရသည်။ သို့သော် လက်ရှိ အဖမ်းခံရသည့် သတင်းထောက်အမျိုးသားဦးရေသည် ၆၀ နီးပါးခန့် ရှိပါသည်။


“ကျွန်မက နဂိုကတည်းက အမှန်တရား ကိုမြတ်နိုးတယ်။ ကျွန်မတို့ ရခိုင်က လူတွေရဲ့ ဆင်းရဲ ကြပ်တည်းမှုတွေ၊ သယံဇာတ တွေပေါကြွယ်ဝပေမဲ့ အဆင်းရဲဆုံးဖြစ်နေတယ်၊ ဒီစစ်ကောင်စီက လူမျိုးတွေကို ဖိနှိပ်ခွဲခြား ဆက်ဆံတယ်။ အကြမ်းဖက်မှုတွေကို လူမဆန်တဲ့ လုပ်ရပ်တွေကို မှန်မှန်ကန်ကန်နဲ့ ရခိုင်ပြည်သူတွေ သတင်းသိပိုင်ခွင့် အပြည့်အဝရအောင် ရေးသားဖော်ထုတ်သွားမယ်။ ဘယ်လောက်အန္တရယ်များများ သတင်းသမားအလုပ်ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ပါဘူး” ဟု ဝရမ်းစာရင်းတွင် ပါဝင်ပေမဲ့ အဆုံးထိ ပြည်သူများအတွက် အမှန်တရားကို ချပြနေသည်။ 

 

“စစ်ကောင်စီရဲ့ မတရားသတ်ဖြတ်မီးရှို့ဖျက်ဆီးနေတဲ့လုပ်ရပ်တွေကို ပြည်သူတွေအများသိအောင် သတင်းမီဒီယာတွေက ဖော်ထုတ်ရေးသားတင်ဆက်ရတယ်။ အခက်အခဲရှိပေမဲ့ ကိုယ်တွေက သတင်းမီဒီယာ သမားတာဝန်ကိုယူရတာပေါ့နော်” ဟု ရခိုင်အခြေစိုက် သတင်းထောက်အမျိုးသမီး ကလည်း သတင်းသမား အလုပ်ကို ခက်ခဲပေမဲ့ ဆက်လုပ်နေရသည့် အကြောင်းရင်းကို မျှဝေထားသည်။ 

 

မကြာသေးခင်ကလည်း မိုခါမုန်တိုင်း ဘေးဒဏ်ကျရောက်နေတဲ့ ရခိုင်ပြည်နယ်အတွင်း အခြေအနေကို သွားရောက်မှတ်တမ်းတင်ရိုက်ကူးခဲ့သည့်မြန်မာနောင်းမ် သတင်းထောက် စိုင်းဇော်သိုက် ကိုလည်း  စစ်ကောင်စီက အလုပ်ကြမ်း ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့သည်။ ယင်းသည် အာဏာသိမ်းပြီး နောက်ပိုင်း သတင်းသမားကို ချမှတ်သည့် ပြစ်ဒဏ်များတွင် အမြင့်ဆုံးဖြစ်သည်။

 

ထိုကဲ့သို့ စစ်ကောင်စီ၏ သတင်းမီဒီယာ ဖိနှိပ်မှုသည်  ပို၍ဆိုးဝါးနေပေတော့သည်။ အမျိုးသားများ လုပ်ကိုင်ရာတွင် ခက်ခဲ့သည့် ထိုကဲ့သို့ သတင်းမီဒီယာ ခရီးကြမ်းကို မမူ၊ အလုပ်တာဝန်က စိတ်ပိုင်းဆိုင်ရာ အခက်အခဲများ၊ အလုပ်ကပေးသည့် ပင်ပန်းကြမ်းတမ်းမှုကို ကြံ့ကြံ့ခံ အံတု၍ အမှန်တရား အတွက် သတင်းသမားတာဝန်ကို အသိစိတ်အပြည့်နဲ့ လုပ်ဆောင်နေတဲ့ သတင်းနယ်ပယ်က ရခိုင်အမျိုးသမီးတွေကတော့ လေးစားဖွယ်ပင်ဖြစ်ပေ တော့သည်။ (NN-11)

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၂ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး