တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

စစ်အတွင်း ကျကွဲသွားသည့် မိသားစုအိပ်မက် (သို့) မီးတွင်းထဲက အသက်နှစ်ချောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 6k

ကံ့ကော် - ရေးသားသည်။ 

ကုက္ကိုလ်ပင်များ အုပ်ဆိုင်းနေသည့် ကျေးရွာသုသာန်မြေတွင် ညဥ့်အချိန်ဓာတ်မီးရောင်များဝင်းကနဲ၊  လက်ကနဲထွက်ပေါ်နေသည်။ ဆယ်ဦးဝန်းကျင်လောက်ရှိသည့် လူအုပ်စုက မြေကျင်းတူးသူတူး၊ သစ်သားခေါင်းကိုပြင်ဆင်စရာရှိသူပြင်ဆင်နှင့် အလုပ်ရှုပ်နေကြ၏။ သူတို့အနီးရှိ ဇရပ်ခပ်ကုပ်ကုပ်ကလေး ပေါ်တွင်ကား သစ်သားခေါင်းတလားတစ်ခု။ 

သစ်သားခေါင်းတလားထဲတွင် သွေးရောင်လုံးဝမရှိတော့သည့် အမျိုးသမီးမျက်နှာတစ်ခုက ပိတ်စဖြူဖြူကလေးထဲမှပေါ်ထွက်နေသည်။ ထိုမျက်နှာဖြူရော်ရော်ပိုင်ရှင် အမျိုးသမီးမှာ မကြာမီနာရီပိုင်းလောက်က ငရဲတမျှပူပြင်းလှသည့် စစ်ပွဲကြီးတစ်ခုအတွင်း ရုန်းကန်ခဲ့ရသည့်ပုံပေါ်နေသည်။

သေဆုံးနေပြီးသား သူမ၏ဝမ်းဗိုက်တွင် အလုံးအခဲကြီးတစ်ခုနှင့် ပြည့်ဖောင်းနေ၏။ ထိုပြည့်ဖောင်းနေသော ဝမ်းကြာတိုက်ထဲတွင်ကား အောင်မြင်စွာမဖွားမြင်နိုင်ခဲ့သည့် ၁၀ လအရွယ် နေ့စေ့လစေ့သန္ဓေသားတစ်ခု။ ယခုတော့ သူမ၏ အသက်နှင့်ဘဝတို့သည် ငြိမ်သက်ဆိတ်ကွယ်သွားခဲ့ပေပြီ။ 

ထိုအမျိုးသမီးမှာကား ရသေ့တောင်မြို့၊ စေတီတောင်စစ်ရှောင်စခန်းမှ မိဘများရှိရာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒိုးတန်းကျေးရွာသို့ စစ်ပြေးရှောင်လာရသူ အသက် ၃၉ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင် မဌေးဝင်းဖြစ်သည်။ 

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အပြင် စစ်ကောင်စီ၏လမ်းပိတ်ဆို့မှု၊ ညဉ့်အချိန်ရမ်းသန်းပစ်ခတ်မှု အန္တရာယ်ကိုစိုးရိမ်ကြောက်လန့်၍ မီးဖွားရေးအတွက် ပစ္စည်းကိရိယာ၊ ဆေးဝါးအစုံရှိသည့် မြို့ပေါ်ဆေးရုံသို့ မတက်ရောက်နိုင်ဘဲ ကျေးရွာတွင် ဖြစ်သလိုမီးဖွားရန် ရုန်းကန်ကြိုးစားရာမှ အသက်သေဆုံးခဲ့ရသူလည်း ဖြစ်သည်။ 

မီးဖွားရင်း ကိုယ်ဝန်အဆိပ်တက်မှုကြောင့် သူမ၏ ဝမ်းဗိုက်ထဲမှ ၁၀ လအရွယ် သန္ဓေသားမှာလည်း လေပြင်းကြောင့် ပုရစ်ဖူးကလေးကြွေသလို အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် ကျေးရွာသားများက ပြောသည်။ 

"ညဘက်ကြီး ဆေးရုံကိုပို့ဖို့ကလည်း စက်လှေတစ်တန်၊ ကားတစ်တန်နဲ့သွားရမယ်။ သွားခဲ့ရင်လည်း ဒီဘက်မှာ စစ်တပ်က ညဘက် မီးရောင်မြင်တာနဲ့လှမ်းပစ်တယ်။ အဲဒါကိုကြောက်လို့ ရွာမှာရှိတဲ့ နည်းနည်းပါးပါး နားလည်တဲ့ လက်သည်နဲ့မွေးလိုက်တာ မမွေးနိုင်ဘဲ ကလေးရော၊ အမေပါသေသွားရတယ်" ဟု ဒိုးတန်းကျေးရွာမှ သက်ကြီးပိုင်းအမျိုးသားတစ်ဦးက ဒေါ်မဌေးဝင်း မီးဖွားရင်းသေဆုံးခဲ့ရပုံကို ပြောပြသည်။ 

ဒေါ်မဌေးဝင်းနှင့် သူမ၏အမျိုးသားမှာ ရသေ့တောင်မြို့နယ်၊ ငတောက်တူချေကျေးရွာမှ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရသေ့တောင်မြို့ပေါ်စေတီတောင်စစ်ရှောင်စခန်းတွင် လာရောက် ခိုလှုံနေခဲ့ကြခြင်းဖြစ်သည်။

ယခုတကြိမ် ရခိုင်တိုက်ပွဲပြန်လည်စတင်ချိန် နိုဝင်ဘာလ ဒုတိယရက်သတ္တပတ်ခန့်တွင် ရသေ့တောင်မြို့ရှိ ခမရ ၅၃၇၊ ခမရ ၅၃၈ တပ်ရင်းများနှင့် နေဗီစစ်ရေယာဥ်တို့က လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် အဆိုပါ စခန်းရှိစစ်ရှောင်များမှာ ကြောက်လန့်ပြီးထွက်ပြေးကြရာ ဒေါ်မဌေးဝင်းတို့လင်မယားမှာလည်း မိဘများရှိရာ ဒိုးတန်းရွာဟောင်းသို့ ထွက်ပြေးရောက်ရှိလာခြင်းဖြစ်ကြောင်း အမျိုးသားဖြစ်သူက ပြောပြသည်။

 "အဲဒီမှာတပ်ရင်းတွေက ပစ်တယ်။ နေဗီတွေက လက်နက်ကြီးနဲ့ပစ်လို့ မနေရဲဘဲထွက်ပြေးလာကြတာပါ။ ကျွန်တော်တို့လောက်မဟုတ်ပါဘူး။ စခန်းကလူတွေလည်း အကုန်လုံးထွက်ပြေးကြတော့။ ကျွန်တော့်မိန်းမ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ တစ်ခုခုဖြစ်သွားမှာကြောက်တယ်လေ" ဟု ဒေါ်မဌေးဝင်း၏အမျိုးသားဖြစ်သူက ပြောသည်။ 

ရသေ့တောင်မြို့ပေါ်မှ ဒိုးတန်းကျေးရွာသို့ထွက်ပြေးရောက်ရှိလာချိန်တွင် ဒေါ်မဌေးဝင်းမှာ ကိုယ်ဝန် ၉ လ ကျော်ရှိနေပြီဖြစ်ပြီး မွေးဖွားရန်အလွန်နီးကပ်နေပြီဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၅ ရက်၊ ညဥ့်ဦးပိုင်းတွင် ရုတ်တရက်မခံမရပ်နိုင်အောင် ဗိုက်နာလာသဖြင့် ဆေးရုံဆေးခန်းသို့ ပို့ရန် မိသားစုကကြိုးစားခဲ့သော်လည်း လူနာကိုယ်တိုင်က ခွဲစိပ်မွေးရမည်ကိုကြောက်လန့်သလို ပုဏ္ဏားကျွန်းမြို့ ဆေးရုံသို့ပို့ဆောင်ရန်လည်း စစ်ကောင်စီက လမ်းပိတ်ဆို့ထား၍ ကျေးရွာတွင်ဖြစ်သလိုမီးဖွားနိုင်ရန် ပြင်ဆင်ခဲ့ရကြောင်း ဒေါ်မဌေးဝင်း၏ မိခင်ဖြစ်သူက ပြောသည်။

"ရုတ်တရက်ဗိုက်နာလာတယ်။ မွေးတော့မယ်ဆိုပြီး သမီးကိုဆေးရုံကိုပို့ဖို့ပြောပါတယ်။ သူကလည်း ခွဲပြီး မွေးရမှာကြောက်လို့မသွားချင်ဘူး။ မြို့ပေါ်ဆေးရုံကိုပို့ဖို့ကလည်း လမ်းမှာ တပ်က အဆင့်ဆင့် ပိတ်ထားတယ်။ ရွာမှာပဲမွေးတော့မယ်ဆိုပြီး မွေးဖို့ကြိုးစားကြည့်ကြတယ်။ ကြိုးစားတာ မမွေးနိုင်ဘူး။ သမီးအားတွေလည်း ကုန်နေပြီ။ သတိလစ်မလို ခဏခဏဖြစ်တယ်။ နောက်သတိလစ်သွားပြီးအသက်ပါမရှူတော့ဘူး" ဟု သူမက ပြောသည်။ 

ဒိုးတန်းရွာမှ ပုဏ္ဏားကျွန်းမြို့ပေါ်သို့ရောက်ရှိရန် ဒီပါရုံကျေးရွာသို့ စက်လှေဖြင့်တစ်နာရီခွဲလောက်သွားရကြောင်၊ ယင်းကမှတဆင့် ပုဏ္ဏားကျွန်းမြို့ပေါ်သို့ ကား(သို့မဟုတ်) အိန္ဒိယသုံးဘီး(တုတ်တုတ်)ဖြင့် တစ်နာရီနီးပါး ထပ်မံခရီးနှင်ရကြောင်း ဒေသခံများက ပြောသည်။ 

၂၀၂၂ ခုနှစ်၊ ဇွန်လတိုက်ပွဲကာလတွင် ရသေ့တောင်- ပုဏ္ဏားကျွန်းကားလမ်းရှိ သာစည်၊ ပိန္နဲတော၊ ဖက်ကျ၊ လက်ဝဲစာတိုက်ကျေးရွာများ၌ စစ်ကောင်စီက စစ်ဆေးရေးဂိတ်ချ၍ ပိတ်ဆို့ထားခြင်းဖြစ်သည်။ မိုခါမုန်တိုင်း အလွန်တွင် ကယ်ဆယ်ရေးပစ္စည်းများသယ်ယူနိုင်ရန် လမ်းပြန်ဖွင့်ပေးခဲ့သော်လည်း လက်ရှိတိုက်ပွဲကာလတွင် စစ်ဆေးရေးတင်းကျပ်ပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။

ဒေါ်မဌေးဝင်းကို ယင်းနေ့က ပုဏ္ဏားကျွန်းမြို့ဆေးရုံသို့ပို့မည်ဆိုပါက စစ်ကောင်စီ၏ လက်ဝဲစာတိုက်ဂိတ်ကို မဖြစ်မနေဖြတ်သန်းရမည်ဖြစ်ပြီး ရမ်းသန်းပစ်ခတ်မှုသတင်းများကြောင့် မပို့ရဲခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။ 

"ပုဏ္ဏားကျွန်းဆေးရုံကို ဘယ်လိုမှပို့လို့မရနိုင်ပါဘူး။မြို့ဖက်အဝင်မှာ လက်ဝဲစာတိုက်ဂိတ်ကပိတ်ထားတယ်။ ကျွန်တော့်မိန်းမနဲ့ ကလေးရောသေသွားရတာ အရမ်းဝမ်းနည်းပါတယ်" ဟု ဒေါ်မဌေးဝင်း၏ အမျိုးသား ဖြစ်သူက ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်တွင် ရခိုင်ပြည်တွင်း ရက္ခိုင့်တပ်တော် (AA)က စစ်အာဏာရှင်အမြစ်ပြတ်တိုက်ပွဲ စတင် ဖော်ဆောင်ခဲ့ပြီး ရသေ့တောင်မြို့နယ်မှ ချိန်ခါလီနှင့်ဒုံးပိုက်နယ်ခြားစောင့်စခန်းနှစ်ခုကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ 

တိုက်ပွဲစတင်သည့်နေ့ကပင် စစ်ကောင်စီက ရခိုင်တပြည်လုံးမှ ကုန်လမ်းရေလမ်းများကိုပိတ်ဆို့လိုက်ပြီး ပြည်သူလူထုနေသည့်မြို့နှင့် ကျေးရွာများသို့ချိန်ရွယ်ကာ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့၍ သေဆုံး၊ ဒဏ်ရာရသူအများအပြားရှိသလို ရခိုင်စစ်ဘေးရှောင်ဦးရေလည်း ပိုမိုများပြားလာကြောင်း သိရသည်။ 

ရခိုင်မှာ ယခုတကျော့ပြန်စစ်ပွဲကြောင့် စစ်ရှောင်လူဦးရေ ၂ သိန်းနီးပါးအထိ ထပ်တိုးလာကြောင်း အရပ်ဘက် အဖွဲ့အစည်းများထံမှ သိရှိရသည်။ ထွက်ပြေးတိမ်းရှောင်လာသူများတွင် ဒေါ်မဌေးဝင်းတို့ကဲ့သို့ ကိုယ်ဝန်ဆောင် မိခင်များ၊ သက်ကြီးရွယ်အို၊ကလေးသူငယ်၊ အမျိုးသမီးများလည်း အမြောက်အများပါဝင်ကြောင်း သိရသည်။ 

ယင်းအထဲမှ စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်မိခင်တချို့မှာ စစ်ဘေးရှောင်ရင်း ရောက်သည့်နေရာတွင် ဖြစ်သလို မီးဖွားခဲ့ရသူများရှိနေပြီး အောင်မြင်စွာ မွေးဖွားနိုင်သူများရှိသော်လည်း ဒေါ်မဌေးဝင်းမှာတော့ ကံနည်းစွာဖြင့် ကလေးရော၊ မိခင်ပါ အသက်ဆုံးရှုံးခဲ့ရသည်။ 

ဒီဇင်ဘာလ ၉ ရက်၊ မနက်ပိုင်းကလည်း ပေါက်တောမြို့နယ်မှ မြောက်ဦးမြို့နယ်သို့စစ်ဘေးရှောင်လာသည့် နေ့စေ့လစေ့ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးမှာ စစ်ဘေးရှောင်ရင်း စက်လှေပေါ်တွင် မီးဖွားခဲ့ရပြီး အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

တိုက်ပွဲမဖြစ်ခင် အောက်တိုဘာလ ၂၁ ရက်၊ ညဥ့်အချိန်ကလည်း စစ်တွေမြို့နယ်၊ ကြွီတဲပိုက်ဆိပ်ကြီးကျေးရွာမှ နှလုံးရောဂါအခံရှိသူ ကိုယ်ဝန်ဆောင်မိခင်ဒေါ်ခင်ခင်လင်း(၂၉)နှစ်အား စစ်တွေဆေးရုံကြီးသို့ အရေးပေါ် သယ်ဆောင်လာစဥ် စစ်တွေမြို့အဝင်၊ ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် မလိုအပ်ဘဲ အစစ်ဆေး ကြန့်ကြာမှုကြောင့် ကလေးရော၊ မိခင်ပါအသက်ဆုံးရှုံးခဲ့ရကြောင်း  မိသားစုဝင်များက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်မြို့နယ်များတွင် စစ်ကောင်စီကလမ်းပိတ်ဆို့ထား၍ ပြည်သူလူထုမှာ ဆန်နှင့် စားနပ်ရိက္ခာ၊ ဆေးဝါးများ ပြတ်လပ်နေပြီး ကျန်းမာရေးစောင့်ရှောက်ခံယူခွင့်လည်း ဒေသခံများ ဆုံးရှုံးနေကြသည်။

ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာမှအမျိုးသမီးတစ်ဦးက "ရွာမှာ နေမကောင်းဖြစ်လို့ဆေးဝါးဝယ်သောက်ချင်လို့ ဝယ်လို့မရဘူး။ဖြစ်လာရင် အသေခံရမယ့်အခြေအနေပါ။ မြို့ကိုလည်း ရွာကမသွားရဘူး။ ကျောက်တလုံး စစ်ဆေးရေးဂိတ်ကပိတ်ထားတယ်။ ရွာသူရွာသားတွေအရမ်းဒုက္ခရောက်နေပါပြီ" ဟု စစ်ကောင်စီ၏ လမ်းပိတ်ဆို့မှုကြောင့် ဒေသခံများကြုံတွေ့ခံစားနေရသည့်အခြေအနေအား ပြောပြသည်။ 

စစ်ကောင်စီသည် ရခိုင်တိုက်ပွဲအတွင်း ခံစစ်အနေအထားဖြင့်ခုခံနေရသလို နိုင်ငံအနှံ့တော်လှန်ရေးများကြောင့် အင်အားချိနဲ့လာပြီဖြစ်၍ ၄င်း၏အာဏာရှင်စစ်နစ် သက်ဆိုးရှည်ရေးအတွက် အပြည်ပြည်ဆိုင်ရာလူသားချင်း စာနာထောက်ထားမှု ကျင့်ဝတ်များကိုချိုးဖောက်ပြီး ပြည်သူလူထုဗဟိုပြု အကြမ်းဖက်နည်းဗျူဟာကို စွဲကိုင်လာကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကပြောသည်။

"စစ်ကောင်စီအနေနဲ့ ရခိုင်တိုက်ပွဲမှာ လုံးဝ ခံစစ်အနေအထားပဲဖြစ်တယ်။ တနိုင်ငံလုံးမှာလည်း တော်လှန် တိုက်ခိုက်တာတွေကြောင့် အင်အားချိနဲ့လာပြီဖြစ်တယ်။ ဒီလိုအချိန်မျိုးမှာ ကြွက်မနိုင်၊ ကျီမီးရှို့တာမျိုးကိုပဲ ဦးတည်ပြီးလုပ်လာတာပေါ့" ဟု ရခိုင်တက်ကြွလှုပ်ရှားသူလူငယ်တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၅ ရက်၊ ညဥ့်အမှောင်ထဲတွင် ဒိုးတန်းကျေးရွာကလေး၏ သုသာန်မြေပေါ်မှ ဓာတ်မီးရောင်များမှာ တဖြည်းဖြည်းရွေ့လျားကာ​ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ဒေါ်မဌေးဝင်းနှင့် ၄င်း၏ဗိုက်ထဲမှ ၁၀ လသား အရွယ် သန္ဓေသားတို့ကို ကျေးရွာသားများက ညဥ့်တွင်းချင်း မြေမြှုပ်သဂြိုလ်ပေးခဲ့ကြသည်။

သေဆုံးသွားသူ ဒေါ်မဌေးဝင်းနှင့် သူမ၏ကလေးငယ်အား စစ်ရိပ်စစ်ငွေ့နှင့် သေနတ်သံများ၊ စစ်ရာဇဝတ်မှုနှင့်၊ လူ့အခွင့်အရေးချိုးဖောက်မှုများအပါအဝင် စစ်အာဏာရှင်စနစ်ကြီးစိုးသည့် တိုင်းပြည်တခုတွင် နောက်ထပ် ပြန်လည် သန္ဓေတည် မမွေးဖွား မရှင်သန်ရန် ဆုတောင်းရုံမှအပ တစ်ခြားမရှိနိုင်တော့ပြီဟု ကျန်ရစ်ခဲ့သည့် သူမ၏ အိမ်ရှင်ဖြစ်သူက ပြောဆိုသည်။  

မဌေးဝင်း၏ ကျန်ရစ်သူ အမျိုးသားနှင့်မိသားစုဝင်များ၏နှလုံးသားတွင်မူကား ထိုနေ့ရက်၊ထိုအဖြစ်အပျက်မှာ စစ်အတွင်းကျကွဲသွားသည့် မိသားစုအိပ်မက်တစ်ခုဖြစ် စွဲထင်ကျန်ရစ်နေတော့မည်သာ ဖြစ်တော့သည်။

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၁ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး