အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ဆောက်တည်ရာမဲ့နေသည့် ပြာပုံပေါ်မှ ပုဏ္ဏားကျွန်းဈေးသည်တို့၏ ဘဝများ (သို့မဟုတ်) ပြာပုံပေါ်မှ အိမ်ထောင်ရှင်မုဆိုးမတစ်ဦး၏ လောင်မြိုက်သံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 416

ဒီဇင်ဘာလ အစောပိုင်းကာလဖြစ်သည့်တိုင်း အချမ်းပေါ့သော်လည်း အရုဏ်တက်ချိန်တွင် မြူမှုံနှင်းကလေးများဖြင့် အေးစိမ့်စိမ့်ရှိလှသည်။ နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါး ရာသီစက်ဝိုင်းကြီးသာ ပြောင်းသွားပေမဲ့ ဘယ်ရာသီဖြစ်ဖြစ် ဒေါ်သန်းမေ တစ်ယောက် (အမည်လွှဲ)၏ ပုံမှန် အရုဏ်တက် နံနက် ၅ နာရီဆို စောစောအိပ်ရာထသည့် အကျင့်က ဖျောက်ဖျက်၍ မရပေ။ အသက် (၄၉) အရွယ်ဟုဆိုသော်လည်း စောစောထ၊ သနပ်ခါးအပြည့်လိမ်း၍ အမြဲတက်ကြွနေတတ်သူဖြစ်သည်။ သို့သော် ယခုအခါမှာတော့ ယခင်ကကဲ့သို့ ဈေးသွားရန် ပြင်ဆင်နေကျအတိုင်း ပြင်ဆင်နေခြင်းမရှိတော့ဘဲ အိမ်ရှေ့ခန်း တံခါးဝ၌ ခွေခွေလေးထိုင်လျက် လှေကားဘေးတွင် စီထားသည့် သူ၏ ဈေးခြင်းတောင်းများအား တစ်ချက်ကြည့်ကာ မှောင်မဲနေသည့် အိမ်ရှေ့ကွင်းပြင်ကို ငေးလျက်ရှိနေသည်။ နံနက်စောစောအချိန်ဖြစ်၍ ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း တိတ်ဆိတ်ငြိမ်သက် အေးချမ်းလျက်ရှိနေသည်။ ဒေါ်သန်းမေလည်း အမှောင်ထုနှင့်အပြိုင် ဝေဝါးမှောင်မဲနေဆဲဖြစ်သည့် သူမအနာဂတ်ကို တွေး၍ သက်ပြင်းချလိုက်သည်။ အိပ်မောကျသော သမီးများအား တစ်ချက်ကြည့်လိုက်လျက် ကလေးများ အနာဂတ်အတွက်တွေးလေလေ ရင်ထဲတွင် သောကမီးများသည်လည်း သံမဏိ မီးတောက်များကဲ့သို့ တဟုန်းဟုန်း တောက်လောင်လာပြန်သည်။



 
သူမသည် ဆယ်စုနှစ်တစ်ခုနီးပါးခန့် ဈေးရောင်း၍ အသက်မွေးလာခဲ့သည်။ ဒေါ်သန်းမေသည် ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်တွင် နေထိုင်ခဲ့သည်မှာ (---)နှစ်ပင် ရှိပြီးဖြစ်သည်။ အသက်မွေးဝမ်းကြောင်းကို ကုန်စိမ်းရောင်းဝယ်လုပ်ကိုင်နေသည့် ဈေးသည်တစ်ဦးလည်းဖြစ်သည်။ လွန်ခဲ့သည့် ၅ နှစ်ခန့်က အမျိုးသားဆုံးပါးသွားပြီးနောက် မုဆိုးမဘဝဖြင့် သားသမီးသုံးဦးနှင့်အတူ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ဖြတ်လာခဲ့သူလည်းဖြစ်သည်။ အမျိုးသားဆုံးသွားပေမဲ့လည်း ကလေးတွေကို  မုဆိုးမဘဝဖြင့် ခက်ခဲပင်ပန်းစွာ ကြိုးစားရုန်းကန်ကာ သမီးဖြစ်သူကို ဘွဲ့ရအောင်အထိ ပညာသင်ပေးနိုင်ခဲ့သည်။ ပုံမှန် ဝင်ငွေလေးနှင့် အေးအေးဆေးဆေး မိသားစု အတော်အသင့်အသက်ရှူချောင်ခဲ့သည်။


နိုဝင်ဘာ ၂၄ ရက်၊ ညနေ ၂ နာရီခန့်က စစ်တပ်၏ ရေတပ်နေဗီတစ်စီးက ကုလားတန်မြစ်တွင်းကနေ ပုဏ္ဏားကျွန်းဈေးကြီးကို တမင်ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်နှစ်လုံး ကျရောက်ပေါက်ကွဲ၍ မီးလောင်ရာမှ ဈေးတစ်ခုလုံး ပြာပုံဘဝသို့ မရှုမလှ ရောက်သကဲ့သို့ ဒေါ်သန်းမေတို့ဘဝလည်း အပြောကျယ်လှသည့် ပင်လယ်ပြင်အတွင်း လှိုင်းပုတ်၍နစ်မြုပ်သွားသည့်နှယ် ကူကယ်ရာမဲ့ဘဝ ဖြစ်သွားရတော့သည်။


"အခုက ဈေးတစ်ခုလုံး ပြာကျသွားတော့ ဈေးမရောင်းရတော့ဘူးလေ။ အဲနေရာကိုလည်း ဘယ်သူမှာ မလာကြတော့ဘူး။ ဈေးရောင်းပြီး မိသားစု စားဝတ်နေရေးကို ဖြေရှင်းလာတာ ဆယ်နှစ်လောက်ရှိတော့မယ်။ အခုက ဈေးရောင်းမရတော့ဘူးဆိုတော့ မိသားစု စားဝတ်နေရေး အဖက်ဖက်က အခက်အခဲဖြစ်တာပေါ့" ဟု ပြောသည်။


သို့သော်လည်း ယခုကြုံတွေ့နေရတဲ့ စစ်ရေး၊ နိုင်ငံရေးနှင့် ဈေးမီးလောင်ပြာကျသွားမှုတို့ကြောင့် ဈေးကို အားထားကာ ဝမ်းရေးဖြေရှင်နေသည့် လက်လုပ်လက်စားသူများနှင့်အတူ ဒေါ်သန်းမေလည်း စားဝတ်နေရေး ဂယက်ရိုက်သွားခဲ့ရသည်။


"အခုက ရောင်းစရာ ကုန်တွေလည်း မရှိတော့သလို ဈေးလည်း ပြာကျသွားပြီ။ ဈေးရောင်းလို့ရတဲ့ အမြတ်ငွေကလေးနဲ့ မိသားစု ဝမ်းရေးကို ဖြေရှင်းနေတာပါ။ အခု ကြုံနေရတဲ့ အခြေအနေတွေနဲ့ ပြောရရင် ဘဝပျက်သလိုပါပဲ" ဟု သူမရင်ထဲက အပူများကို ဖွင့်ဟတော့သည်။


ရခိုင်ပြည်၏ စစ်ရေးနိုင်ငံရေးတို့ကြောင့် လမ်းပန်းဆက်သွယ် ပြတ်တောက်သွားသည့်အတွက် ဒေါ်သန်းမေတွင် ပြည်မဘက်မှ ကျပ် (၆) သိန်းကျော်တန်းဖိုရှိသော မှာယူထားသည့် ကုန်စိမ်းတို့မှာ တစ်စုံတစ်ရာအဆက်အသွယ်မရဘဲ ဆုံးရှုံးသွားခဲ့ရသည်။ ထို့အပြင် နယ်များသို့ ပို့ပေးလိုက်သည့် ကုန်များအတွက်လည်း ပိုက်ဆံ တပြားမှ ပြန်မရသည့်အချိန်တွင် သူမတို့ မိသားစုအတွက် အသက်ရှူ လမ်းကြောင်းတစ်ခုကဲ့သို့ အသုံးပြုနေသည့် ဈေးပါ စစ်ကောင်စီကြောင့် မီးလောင်ပြာကျသွားခဲ့လေသည်။


"အဲဒီနေ့က ကုန်တွေလည်း ဆုံးရှုံးထားတော့ ဈေးလည်း သိပ်မရောင်းချင်လို့ စောစောသိမ်းပြီး ပြန်လာခဲ့တယ်။ အိမ်မှာ ထမင်းစားပြီးလို့ ခဏထိုင်နေတော့ လက်နက်ကြီးနှစ်လုံးကျတယ်။ အသံအကျယ်ကြီးကြားလိုက် ရတယ်။ အိမ်နားကတစ်ယောက်က ဈေးမှာ လက်နက်ကြီး နှစ်လုံးကျတယ်လို့ ပြောတယ်။ ကျွန်မလည်း အိမ်ပြင်ထွက်ကြည့်လိုက်တော့ ဈေးဘက်က မီးခိုးတွေ မည်းလို့ အလုံးလိုက် ထွက်လာပါတယ်။ တချို့က ဈေးမီးလောင်လို့ ပြေးကြတာပေါ့" ဟု ပြောပြသည်။


မီးလောင်သွားမှုကြောင့် ပုဏ္ဏားကျွန်း မြို့မဈေးကြီးမှာ ဆိုင်ခန်း ၃၀၀ ခန့်ရှိပြီး ပျက်စီးဆုံးရှုံးမှုမှာ အလွန်များပြားကြောင်း ဆိုင်ပိုင်ရှင်များနှင့် ဒေသခံများက ပြောသည်။ ဈေးမီးလောင်ပြာကျသွားပြီးနောက် မိမိတို့ ဆိုင်ခန်းနေရာများအား သွားကြည့်ရှုခဲ့စဉ်တွင် အလွန်းအမင်း စိတ်မကောင်းဖြစ်မိသကဲ့သို့ တစ်ဦးနှင့် တစ်ဦး ဆုံးရှုံးသွားခဲ့ရသည့် တန်ဖိုးများ မတူသော်လည်း ပျက်စီးသွားခဲ့ရပြီး ဆောက်တည်ရာမဲ့နေသည့် ပြာပုံပေါ်က ဘဝများက အတူတူပင်ဖြစ်ကြောင်း ဒေါ်သန်းမေက ပြောသည်။


"အဲဒီအချိန်မှာ ဈေးကို ပြာကျနေတဲ့ ကွင်းပြင်တစ်ခုလို မြင်ရတော့ အရမ်းခံစားရပါတယ်။ ကိုယ့်အတွက် ဆုံးရှုံးနစ်နာမှု အများမဟုတ်တောင်မှ သူများတွေအတွက် အများကြီး စိတ်မကောင်းဖြစ်မိပါတယ်။ ရင်ကွဲစရာကောင်းပါတယ်။ ကိုယ်တွေမှာက ရင်းထားတာက ၄ / ၅သိန်းလောက်ပဲရှိတယ်။ တချို့ ဆိုင်သည်ဆိုရင် သိန်းကို ထောင်နဲ့ချီရင်းထားကြတာလေ။ သူတို့အတွက်လည်း အရမ်းကြေကွဲရပါတယ်။ ဈေးသည်ဆိုတာက ကိုယ့်ကို လက်ဝတ်လက်စား ဆင်တာထက် ဆိုင်မှာ ကုန်တွေ ဖြည့်ကြတာများပါတယ်။ ဆိုင်မှာပဲ ရင်းနှီးထားကြတာ။ အခုတော့ အားလုံး ဆုံးရှုံးသွားပြီ။ တစ်ယောက်နဲ့ တစ်ယောက် ဆုံးရှုံးမှု တန်းဖိုက အနည်းအများ မတူကြပေမဲ့လည်း အခုတော့ ဘဝတွေ အားလုံး ပြာကျသွားပြီးလေ။ ဘယ်ကစလို့ ဘယ်လိုဆက်လုပ်ကြမှာလဲ" ဟု ဝမ်းနည်းစွာပြောသည်။


စစ်ကောင်စီသည် ရခိုင်ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်လာနေသကဲ့သို့ လူနေအိမ်များနှင့် အများပြည်သူအသုံးပြုနေကြသည့် ဈေးများကိုပင် တိုက်ခိုက်လာနေခြင်းမှာ ရခိုင်ပြည်သူများအား အငတ်ဘေးဆိုက်အောင် တမင်ရည်ရွယ်ချက် ရှိရှိလုပ်ခြင်းသာဖြစ်ကြောင်း ဆိုင်ခန်းမီးလောင်သွားသည့် ကလေးသုံးဦးမိခင် စားကုန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။


"အခုက ပစ်လို့ မသေဘဲ ငတ်လို့ သေရမဲ့ ကိန်းဆိုက်နေပြီ။ ဈေးကို မှီခိုပြီး လုပ်စားနေကြတဲ့အထဲမှာ ဈေးကို မီးရှို့လိုက်တော့ ဘယ်လို့ လုပ်စားကြမှာလဲ။ ပြည်သူတွေကို လက်နက်နဲ့ မသတ်ဘဲ စားနပ်ရိက္ခာနဲ့ ဖြတ်ပြီး သတ်တာပေါ့။ တမင်ရည်ရွယ်ချက်ရှိရှိလုပ်တာလို့ ပြောချင်ပါတယ်။ ကျွန်မနဲ့ ကျွန်မယောကျ်ားက ဈေးကို မှီခိုပြီး လုပ်စားနေကြတာပါ။ မိသားစု ရပ်တည်ဖို့လည်း အခက်အခဲဖြစ်သွားပါပြီ။ ဒီကလေးတွေနဲ့ ဘယ်လို စားသောက်ရမှာလဲဆိုတာ စဉ်းစားလိုတောင် မရသေးဘူး" ဟု ရင်ဖွင့်သည်။


ယခုအချိန်အထိ မီးလောင်ပြာကျသွားပြီး ဆောက်တည်ရာမဲ့နေသည့် ပုဏ္ဏားကျွန်းမြို့မ ဈေးသည်များအတွက် စစ်ကောင်စီက ကူညီကယ်ဆယ်တစ်စုံတစ်ရာမပေးသည့်အပြင် မြို့မဈေးမီးလောင်မှုကို အချိန်ကိုက်ရှို့မီးဟု စစ်ကောင်စီ သတင်းပြန်ကြား‌ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းနေ့ ည ၁၀ နာရီတွင် စစ်ကောင်စီပိုင် ရုပ်မြင်သံကြားမှတဆင့် လိမ်လည်သတင်းထုတ်ပြန်ခဲ့သည်။


ယင်းကဲ့သို့ လိမ်လည်ပြောဆိုနေခြင်းများကို ရခိုင်ပြည်သူလူထုက ထင်ယောင်ထင်းမှား ဖြစ်မည်မဟုတ်သကဲ့သို့ ရခိုင်ပြည်သူလူထုအား သတင်းအမှောင်ချ၍ မရသည့်အပြင် စစ်ကောင်စီရေတပ်နေဗီတစ်စီးက ကုလားတန်မြစ်တွင်းကနေ ပုဏ္ဏားကျွန်းဈေးကြီးကို တမင်ပစ်ခတ်သွားခြင်းသာဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့မိမြို့ဖတစ်ဦးက ပြောသည်။


"အခုဈေးက အများပြည်သူတွေရဲ့ စီးပွားရေး အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားတာ တစ်စုံတစ်ရာမရှိဘဲ ဈေးကို မီးလောင်အောင် လက်နက်ကြီးနဲ့ ပစ်တာကတော့ လူ့အခွင့်အရေးချိုးဖောက်တာလို့ မြင်ပါတယ်။ အခုလို ဈေးပြာကျသွားလို့ ဆိုင်ခန်းပိုင်ရှင်တွေအပါအဝင် ဈေးကို မှီခိုလုပ်ကိုင်စားသောက်နေတဲ့ အလုပ်သမားတွေရဲ့ မိသားစု ဘဝတွေကိုပါ တစ်ခါတည်း ရိုက်ချိုးလိုက်တာနဲ့ တူပါတယ်" ဟု ထောက်ပြသည်။


စစ်ကောင်စီက ယခုကဲ့သို့ ကျေးရွာများနှင့် အများပြည်သူပိုင်နေရာများအား မီးရှို့နေခြင်းကြောင့် ရခိုင်ပြည်သူများ အကြောက်တရားမရဘဲ စက်ဆုတ်ရွံ့ရှာပြီး နာကျည်းမုန်းတီးစိတ်များကိုသာ ဖြစ်သွားမည်ဟု ဆက်ပြောသည်။


အကြမ်းဖက်စစ်ကောင်စီကြောင့် ပုဏ္ဏားကျွန်းဈေးမီးလောင်မှုတွင် ပြည်သူများ၏ ချွေးနှဲစာများ၊ ရည်မှန်းချက်များနှင့် ဘဝပေါင်းများစွာကို မီးရှို့ပြာချလိုက်သကဲ့သို့ ဒေါ်သန်းမေ၏ တစ်ခုတည်းသောအိပ်မက်ဖြစ်သည့် သားအငယ်ဆုံးအား လာမည့်နှစ်တွင် ရှင်ပြုရန် ရည်မှန်းချက်လည်း ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း ဝမ်းနည်းစွာ ရင်ဖွင့်လာသည်။


ယခုကဲ့သို့ ပြည်သူလူထု အသုံးပြုနေကြသည့် ဈေးအား မီးလောင်ပြာကျမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ စကားပြောခွင့်ရခဲ့လျှင်ဆိုသည့် အမေးအား ဒေါ်သန်းမေ ယခုပင်ဖြေဆိုခဲ့သည်။


"စစ်ပွဲနဲ့ မဆိုင်တဲ့ နေရာကို အခုလို လုပ်လိုက်တော့ ဒေါသဖြစ်မိပါတယ်။ သူတို့(စစ်ကောင်စီ) ပစ်လိုက်တာက လက်နက်ကြီးနှစ်လုံး။ ဒီမှာ ပျက်စီးသွားက ဘဝတွေ အများကြီးပဲ။ တစ်ခုမေးချင်ပါတယ်။ အဲဒီဈေးမှာ ဘာအပြစ်ရှိလို့လဲ" ဟု ကျန်နေခဲ့သည့် ဈေးခြင်းတောင်းများအား ငေးကာ ညှိုးငယ်စွာ ပြန်ပြောပြလေသည်။


သို့သော်လည်း မိသားစုအတွက် ဒေါ်သန်းမေ တစ်ယောက် ပြာပုံတွေထဲက ဘယ်လို အားယူ ပြန်ထမလဲ ဆိုသည်ကိုတော့ ကျွန်တော် ဆက်သိချင်ပါသေးသည်။ 

သျှင်မင်းဇံ ရေးသားသည်။



ဆက်စပ် သတင်းများ