တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

၁၀၂၇ စစ်ဆင်ရေး နောက်ကွယ်က ဇာတ်လမ်းများ..။


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

မြန်မာစစ်ကောင်စီ စစ်ဗိုလ်ချုပ်တစ်စုဟာ ပြီးခဲ့တဲ့ ဇွန်လက တရုတ်နယ်စပ်အနီးက မြို့တစ်မြို့မှာအင်အားကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ သုံးခုက ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့တယ်။ အပြာရောင်ပိတ်စ ဖုံးလွှမ်းထားပြီး ပန်းအလှတွေနဲ့ ပြင်ဆင်ထားတဲ့ ကြီးမားကျယ်ပြောတဲ့စားပွဲကြီးရဲ့ တစ်ဖက် တစ်ချက်မှာ ကိုယ်စားလှယ်တွေ ထိုင်နေကြတယ်။

လက်နက်ကိုင်တပ်ဖွဲ့သုံးခုက ကိုယ်စားလှယ်တွေဟာ ဟန်ဆောင်ကစားပွဲတစ်ခုကို ကစားနေကြတာပါ။

ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့လို့ ခေါ်ဝေါ်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ အဲဒီအချိန်မှာ စစ်ဆင်ရေး ၁၀၂၇ စတင်ဖို့ လျှို့ဝှက်ပြင်ဆင်ထားပြီးဖြစ်တယ်။

" သူတို့နဲ့ တွေ့တဲ့အချိန်မှာ စစ်ဆင်ရေးအတွက် ကျွန်တော်တို့အားလုံး ပြင်ဆင်ထားပြီးပါပြီ" လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် ( MNDAA) က ပြောရေးဆိုခွင့်ရှိသူ ဦးကျော်နိုင်က ပြောပါတယ်။ 

MNDAA ဟာ ညီနောင်သုံးဖော်မဟာမိတ်အဖွဲ့ထဲမှာ တရုတ်မျိုးနွယ်စုတွေပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တယ်။ 

 

ရိုက်တာသတင်းဌာနဟာ စစ်ဆင်ရေးနဲ့ပတ်သက်လို့ ကြိုသိထားတဲ့ တော်လှန်ရေးခေါင်းဆောင်တွေ၊ လေ့လာသုံးသပ်သူတွေနဲ့ ဒီစစ်ဆင်ရေးနဲ့အကျွမ်းတဝင်ရှိသူတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ တချို့ကတော့ မပြီးဆုံးသေးတဲ့ စစ်ဆင်ရေးကြောင့် သူတို့ရဲ့ အမည်နာမကို ထုတ်ဖော်ပြောဆိုခြင်းမပြုပါဘူး။ 

 

သူတို့တွေဟာ အရင်တုန်းက မသိခဲ့ကြတဲ့ စစ်မြေပြင်တပ်ပေါင်းစု ဖွဲ့စည်းခြင်း အပါအဝင် စစ်ဆင်ရေးအတွက် စီမံချက် ရေးဆွဲခဲ့ကြပုံ၊ စစ်ကောင်စီအပေါ် တရုတ်အစိုးရက သည်းမခံနိုင်တော့ ပုံတွေကို ရင်ဖွင့်ပြောဆိုခဲ့ကြတယ်။ တရုတ်ရဲ့  စစ်ကောင်စီအပေါ်  စိတ်ကုန်ခမ်းသွားမှုဟာ ညီနောင်သုံးဖော်အတွက်တွန်းအားတစ်ခုလို ဖြစ်ခဲ့တယ်။ 

 

အောက်တိုဘာလကုန်ပိုင်းမှာ စတင်ခဲ့လို့ ၁၀၂၇ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ ဒီစစ်ဆင်ရေးဟာညီနောင်မဟာမိတ် အတွက်သာမက မြန်မာစစ်ကောင်စီကို တော်လှန်နေကြတဲ့ တခြားလက်နက်ကိုင်အုပ်စုတွေအတွက်ပါ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်ပွဲဆင်နိုင်ခဲ့တယ်။ 

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်အာဏာ သိမ်းခဲ့တဲ့ မြန်မာစစ်ကောင်စီဟာ ဆန္ဒပြပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့အခါ တောရောမြို့ပါ နိုင်ငံ တစ်နံတစ်လျားက ပြည်သူတွေရဲ့ အုံကြွတော်လှန်မှုနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တော်လှန်ရေးကိုပါ လောင်စာမြှင့်တင်ပေးလိုက်တယ်။ 


မြန်မာစစ်တပ်ဟာ နိုင်ငံကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ မှာ နှစ်ပေါင်း ၅၀ အထိ စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့ပြီး ရက်စက်ကြမ်းကြုပ်မှု နှင့် မြေလှန်စနစ်တွေကြောင့် ကြောက်မက်ဖွယ်ဖြစ်ခဲ့တယ်။ စစ်တပ်ကတော့အကြမ်းဖက်အုပ်စုတွေကို တိုက်ခိုက်ဖို့ဆိုရင် ကြမ်းတမ်းတဲ့နည်းကို သုံးရမယ်လို့ဆိုတယ်။ 

 

၂၀၂၂ခုနှစ် အစောပိုင်းမှာ ညီနောင်သုံးဖော်ထဲက နှစ်ဖွဲ့ နဲ့ တခြားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့တို့ ပူးပေါင်းပြီး တပ်မဟာ ၆၁၁ ကို ဖွဲ့စည်းခဲ့ကြတယ်လို့ တော်လှန်ရေးခေါင်းဆောင် လေးဦးက ရိုက်တာကို ပြောပြတယ်။  ဒီပူးပေါင်းမှုဟာ တော်လှန်ရေး အဖွဲ့ဝင် ထောင်ပေါင်းများစွာအထိ အင်အားရှိလာစေတယ်လို့ ခေါင်းဆောင် တစ်ဦးက ပြောတယ်။


 ဒီအဖွဲ့ဟာ အရင်က မရှိခဲ့ဖူးတဲ့ ပူးပေါင်းမှုမျိုးနဲ့ ဦးစားပေးရည်မှန်းချက်မတူ၊ ဘာသာစကားမတူညီကြတဲ့ မြန်မာနိုင်ငံ အရပ်ရပ်က တော်လှန်ရေးသမားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ ဝါရှင်တန်အခြေစိုက် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု( USIP) ရဲ့ နိုဝင်ဘာလ အစီရင်ခံစာမှာ ဖော်ပြထားတယ်။ 

 

ဒီစစ်ဆင်ရေးဟာ တရုတ်အစိုးရက မြန်မာနယ်စပ်တစ်လျှောက် ရာဇဝတ်မှုတွေ ထိန်းမနိုင်သိမ်းမရဖြစ်လာနေတာကို ဒေါသ ပေါက်ကွဲနေတာနဲ့ တစ်ချိန်တည်းမှာ ပေါ်ပေါက်လာတာဖြစ်လို့ လျင်လျင်မြန်မြန်နဲ့ စခန်းတွေသိမ်းနိုင်ခဲ့တာ ဖြစ်တယ်လို့ လေ့လာသုံးသပ်သူ နှစ်ဦးကဆိုတယ်။ 

 

နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ တရုတ်နိုင်ငံဟာ နယ်စပ်တစ်လျှောက် အွန်လိုင်းလိမ်လည်မှုရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းနိုင်စွမ်းမရှိတဲ့ မြန်မာစစ်တပ်ကို တနုံ့နုံ့နဲ့ဘဝင်မကျဖြစ်နေတယ်။ 

 

ပြီးခဲ့တဲ့ အောက်တိုဘာလအထိ တရုတ်လူမျိုးအများစုပါဝင်တဲ့ လူပေါင်း ၂၀၀၀၀ ကျော်ဟာ မြန်မာပြည်မြောက်ပိုင်း ခြံဝင်း ၁၀၀ ကျော်မှာ ပိတ်လှောင်ခံထားရပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို လုပ်ကိုင်နေခဲ့ရတယ်လို့ USIP က ခန့်မှန်းထားတယ်။ 

 

ဒီအွန်လိုင်း လိမ်လည်မှုစင်တာတွေဟာ တရုတ်နိုင်ငံအတွက် အဓိက ပြည်သူ့လုံခြုံရေး စိန်ခေါ်မှုဖြစ်လာပြီး စက်တင်ဘာလမှာ တရုတ်အစိုးရတာဝန်ရှိသူတွေက မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဒီအွန်လိုင်း စင်တာခြံဝင်းတွေကို အပြတ်ရှင်းမလား၊ မရှင်းဘူးဆိုရင်တရုတ်အစိုးရက ဝင်ရှင်းမယ်ဆိုပြီး ရာဇသံပေးခဲ့တယ်လို့ ဒီတွေ့ဆုံမှုမှာ ပါဝင်ခဲ့သူတစ်ဦးက ပြန်ပြောပြခဲ့တယ်။ 

 

မကြာမီက ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ အွန်လိုင်းလိမ်လည်မှုစင်တာအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး ပိတ်မိနေတဲ့ နိုင်ငံခြားသားအများအပြားကို လွတ်မြောက်အောင် လုပ်ပေးနိုင်ခဲ့တယ်။ 

 

မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့  နိုဝင်ဘာ ၂၉ရက်နေ့မှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ နယ်စပ်ဒေသမှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေဟာ အရင့်အရင်ကတည်းက ဖြစ်ပွားခဲ့တဲ့ ပြဿနာ အဟောင်းတွေသာဖြစ်ပြီး စစ်တပ်ကနယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အတွက် သောင်းကျန်းသူတွေကို နှိမ်နင်းသွားမယ်လို့ဆိုတယ်။ 

 

ဒီနောက်ပိုင်းမှာ မြန်မာစစ်ကောင်စီဟာ တရုတ်ရဲ့ ကမကထပြုမှုနဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်လာခဲ့တယ်။ တရုတ်က တွေ့ဆုံဆွေးနွေးမှုကို ထောက်ခံအာပေးစကားဆိုနေပေမယ့်ညီနောင်သုံးဖော်ကတော့ အာဏာရှင်စနစ် အဆုံးသတ်တဲ့အထိ တိုက်ပွဲဝင်ဖို့ သံဓိဌာန်ချထားတယ်လို့ ဆိုတယ်။ 

 

တရုတ်ထိပ်တန်း သံတမန်တစ်ဦးကတော့ တရုတ်နိုင်ငံဟာ အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ နဲ့ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်ရေးကို ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာကို တိုက်တွန်းခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့နိုဝင်ဘာလက ပြောဆိုခဲ့တယ်။ 

 

ညီနောင်မဟာမိတ် သုံးဖော်ရဲ့ ဦးဆောင်မှုနဲ့ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့ပြီး တစ်လအတွင်း စစ်တပ်စခန်းပေါင်း ၁၅၀၊ နယ်စပ်ဂိတ် လေးခုနဲ့ မြို့ ငါးမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်။ 

လွတ်လပ်တဲ့ လေ့လာသုံးသပ်သူတွေက အခု သိမ်းပိုက်ရရှိမှုနဲ့ပတ်သက်ပြီး မြန်မာစစ်ကောင်စီဘက်က ငြင်းဆိုတ ရှိသလို စစ်ပွဲရှုံးနိမ့်မှုနဲ့ပတ်သက်လို့လည်း ထုတ်ပြောတာမရှိတဲ့အတွက် ခိုင်လုံမှု ရှိတယ်လို့ဆိုတယ်။ 

 

အခု စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ အဖွဲ့တစ်ဖွဲ့က တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ တပ်မဟာ ၆၁၁ ပဲဖြစ်တယ်လို့ MNDAA က ဦးကျော်နိုင်က ပြောပါတယ်။ 

 

ဒီတပ်မဟာကို စင်ပြိုင်အရပ်သားအစိုးရအဖွဲ့ရဲ့ ထောက်ပံ့မှုနဲ့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေ၊အင်အား တောင့်တင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်AAက အဖွဲ့ဝင်တွေ၊ ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (BPLA)က တိုက်ခိုက်ရေးသမားတွေနဲ့ စုပေါင်းဖွဲ့စည်းထားတယ်လို့ ဆိုတယ်။ 

 

MNDAA နဲ့ နီးစပ်တဲ့ မီဒီယာတစ်ခုက ဇန်နနဝါရီလက တင်ထားတဲ့ ဓါတ်ပုံတစ်ခုထဲမှာ ရာပေါင်းများစွာသော တပ်မဟာ ၆၁၁ ရဲ့ တပ်ဖွဲ့ဝင်တွေကို စစ်ဝတ်စုံအပြည့်နဲ့ သင်တန်းဆင်းနေတာ တွေ့ရတယ်။ 

 

တချို့သော တပ်မဟာ ၆၁၁ တပ်ဖွဲ့ဝင်တွေဟာ စစ်ဆင်ရေး မစတင်မီ ဒရုန်းတွေအသုံးပြုပြီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ BPLA ပြောဆိုခွင့်ရ လင်းလင်းကပြောတယ်။ 

 

တော်လှန်ရေးအုပ်စုတွေဟာ ဒရုန်းတွေနဲ့ အရင်တိုက်ခိုက်ပြီးတော့မှ ထိုးစစ်ဆင်လေ့ရှိပြီး ဒါဟာတိုက်ပွဲရဲ့ အလှည့်အပြောင်းဖြစ်လာတယ်လို့ KNDF ခေါင်းဆောင် ခွန် ဘီဒူးက ပြောပါတယ်။ 

 

" တော်လှန်ရေးအုပ်စုတွေရဲ့ အနီးကပ်ပူးပေါင်းမှုဟာ နေရာအနှံ့မှာ ပေါ်ပေါက်လာတာဖြစ်လို့ အားလုံးကို ကိုင်တွယ်ဖို့ မြန်မာစစ်ကောင်စီမှာ လုံလောက်တဲ့ စစ်တပ်အင်အားမရှိတော့ဘူး။" လို့ နယ်စပ်ဒေသအခြေအနေ အကြောင်း စာအုပ်ရေးသားခဲ့တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်က လုံခြုံရေးအကြံပေး ဇူကျန်းမင်းကပြောပါတယ်။ 

 

တော်လှန်ရေးအဖွဲ့တွေဟာ သာလွန်အင်အားအသုံးပြုပြီး ပြည်ပ ဒရုန်းပညာရှင်တွေရဲ့အကူအညီနဲ့ ဒရုန်းပေါင်း ၂၅၀၀၀ အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်တပ်စခန်းတွေကို စွန့်လွှတ်ခဲ့ရပါတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ပြောသွားခဲ့တယ်။


နိုင်ငံခြားက ဒရုန်းပညာရှင်တွေရဲ့ အကူအညီယူမယူ မေးမြန်းမှုကိုတော့ ညီနောင်သုံးဖော်က တစ်စုံတရာ ပြောဆိုခြင်း မရှိဘဲနေခဲ့တယ်။ 

 

ခုလို အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပေမယ့် အရှေ့တောင်အာရှမှာ အကြီးဆုံးစစ်တပ်တွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုတဲ့ မြန်မာစစ်တပ်ဟာ ရှိသမျှအင်အား အရင်းအမြစ်နဲ့ အလုံးစွန့်လွှတ်ဖို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ ရှိနေတယ်လို့ International Crisis Group(ICG)က အထက်တန်းအကြံပေး ရစ်ချတ် ဟော်ဆေးက ဆိုပါတယ်။ 

 

စစ်ကောင်စီ ဆန့်ကျင်တော်လှန်ရေးဟာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးချိန်က စလို့ မြန်မာနိုင်ငံရဲ့ နေရာအနှံ့ကို လျင်လျင် မြန်မြန်နဲ့ ကူးစက်ပျံ့နှံ့သွားခဲ့ရာမှာ နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးက တိုက်ပွဲတွေအပါအဝင် အိန္ဒိယ ဘင်္ဂလားဒေ့ရှ် တို့နဲ့ ထိစပ်နေတဲ့ ပြည်နယ်များအထိ ကျယ်ပြန့်သွားခဲ့တယ်။ 

 

နေရာအနှံ့အပြားက တော်လှန်ရေးတိုက်ပွဲတွေမှာ အဓိက ပူးပေါင်းပါဝင်ခဲ့သူက People Defense Force (PDF) လို့ ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် တွေပဲဖြစ်တယ်။ PDF တော်လှန်ရေးလှုပ်ရှားမှုကို အဓိကအထောက်အကူ ပေးနေတာက ( စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ ဖယ်ရှားခံခဲ့ရတဲ့) ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ လွှတ်တော် ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ National Unity Government(NUG) ပဲ ဖြစ်တယ်။ 

 

နိုင်ငံရဲ့ အစိတ်အပိုင်း အတော်များများကို ထိန်းချုပ်ထားနိုင်ပြီလို့ NUG က ကြေညာထားပြီး သံတမန်ရေး အရ စစ်ကောင်စီကို အထီးကျန်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်က အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရဆဲပါ။ 

 

မြန်မာနိုင်ငံမြောက်ပိုင်းဒေသများရဲ့ တံခါးပေါက်လို့ဆိုရမယ့် မန္တလေးမှာဆိုရင် ဒေသခံ PDF တွေဟာရှေ့တန်း စစ်မျက်နှာအဖြစ် အင်အားစုစည်းမှုတွေ ပြုလုပ်နေတယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ 

 

NUG ဟာ သူ့လက်အောက်မှာ ရှိနေတဲ့ PDF တပ်ရင်း ၃၀၀ ကျော်ကို ထောက်ပံ့ပေးနေပြီး ဒီထောက်ပံ့မှုကို အခွန်ကောက်ခံမှု၊ စာချုပ်ရောင်းချမှု အပါအဝင် အခြားနည်းလမ်းများနဲ့ ရယူခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က ရိုက်တာကို ပြောပြပါတယ်။ 

 

တရုတ်နိုင်ငံက သံတမန်နည်းအရ ဖြေရှင်းဖို့ ကြိုးပမ်းခဲ့ပေမယ့် မြန်မာနိုင်ငံမြောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှု ( Scam Centers) စင်တာတွေ ဆက်ပြီး ရှင်သန်နေတဲ့အတွက် ဒီနှစ်အတွင်း တရုတ်နိုင်ငံရဲ့စိတ်ပျက်မှုတွေဟာ တဖြည်းဖြည်း  ကြီးထွားလာခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတွေနဲ့ အစိုးရအွန်လိုင်းစာမျက်နှာတွေက ဖော်ပြကြတယ်။ 

 

မြန်မာပြည်က အွန်လိုင်းလိမ်လည်မှု ဂိုဏ်းသားတွေကို ဖမ်းဆီးဖို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဆိုရှယ် မီဒီယာတွေမှာ အကြီးအကျယ် လှုံ့ဆော်ခဲ့ပြီး ကြည့်ရှုသူ သန်းပေါင်းများစွာ ရရှိခဲ့တယ်။ 

 

တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက စစ်ကောင်စီနဲ့ မဟာမိတ်ပြုထားတဲ့ လက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ထားတဲ့ နယ်မြေထဲက အွန်လိုင်း လိမ်လည်မှုစင်တာ( scam  centers)တွေဟာ" တရုတ်ပြည်သူတွေရဲ့ ပိုင်ဆိုင်မှု၊ လုံခြုံရေး၊ တရားဝင်အခွင့်အရေး နဲ့ အကျိုးစီးပွားတွေကို အကြီးအကျယ် ချိုးဖောက်မှုပြုနေတယ်" လို့ ဖော်ပြခဲ့တယ်။ 

 

ဒီနှစ်နွေတုန်းက တရုတ်ပြည်မှာ " No More Bet" အမည်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ပြသခဲ့တယ်။ ဒီဇာတ်ကားဟာ တရုတ်ကျေးလက်က လင်မယားနှစ်ယောက်ကို အမည်ဖော်ပြမထားတဲ့ အရှေ့တောင်အာရှ နိုင်ငံ တစ်ခုထဲက အွန်လိုင်း လိမ်လည်မှုစင်တာ( scam center) ဆီ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရောင်းချခဲ့ပုံကို ဇာတ်လမ်း ဆင်ထားပြီး (တရုတ်ပြည်တွင်းပြသမှုမှာတင်) ဝင်ငွေ ဒေါ်လာ ၅၃၀ သန်း ရရှိခဲ့တယ်။ 

 

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့လအတွင်း မကြာခဏပြုလုပ်တဲ့ နှစ်နိုင်ငံ အပြန်အလှန်တွေ့ဆုံဆွေးနွေးပွဲတွေမှာ ဒီကိစ္စကို အဓိကထား ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်လာခဲ့တယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြကြတယ်။ 

 

တရုတ်နိုင်ငံဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အပေါ် ဩဇာလွှမ်းမိုးမှုရှိတယ်။ အထူးသဖြင့် တရုတ် စကားပြော တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် လွှမ်းမိုးမှု ရှိပေမယ့် သူတို့ကို ထိန်းချုပ်ထားခြင်းမရှိဘူးလို့ လေ့လာသုံးသပ်သူတွေက ဆိုတယ်။ 

 

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း စကော့မာရှယ်က "တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့တွေဟာ စစ်ဆင်ရေး ၁၀၂၇ ကို တရုတ်နိုင်ငံရဲ့ တိုက်ရိုက်စေခိုင်းမှုနဲ့ ကိုယ်စား အကောင်အထည်ဖော်တာမဟုတ်ဘူး" လို့ ပြောဆိုခဲ့တယ်။ " ဒါပေမယ့် scam centers တိုက်ခိုက်မှုအပါအဝင် သူတို့ ဒီစစ်ဆင်ရေးကိုဆင်နွှဲတာဟာ တရုတ်အတွက် ဘာပြဿနာမှ မရှိဘူး"လို့ ဆက်ပြီးပြောသွားခဲ့တယ်။ 

 

တရုတ်လုံခြုံရေးအကြံပေး ဇူကတော့ တရုတ်နိုင်ငံဟာ စစ်ကောင်စီနဲ့ရော တော်လှန်ရေးအုပ်စုတွေနဲ့ပါရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လို့ ဆိုတယ်။ 

 

" မိတ်ဆွေ နှစ်ဦး တိုက်ခိုက်ကြတဲ့အခါ တစ်ဖက်ဖက်ကို အကူအညီမပေးဘဲနေရုံကလွဲလို့ ကျွန်တော်တို့ ရွေးချယ်စရာ ဘာမှမရှိပါဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က တရုတ်နိုင်ငံရဲ့ အဓိကအကျဆုံးအကျိုးစီးပွားကို ထိခိုက်အောင် လုပ်လာမယ်ဆိုရင်တော့ ဆန့်ကျင်ဘက်ကနေ  ကျွန်တော် အကူအညီပေးရမှာပဲ" လို့ ပြောဆိုပါတယ်။

NN-27

( ရိုက်တာသတင်းဌာနက ရေးသားဖော်ပြခဲ့သော Rebel fire and China's ire: Inside Myanmar's anti-junta offensive ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။) 

ဆက်စပ် သတင်းများ