စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မြေမြုပ်မိုင်းအန္တရာယ် အသိပညာပေး၍ စုပေါင်းကာကွယ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရေးသားသူ - မောင်ဘကြိုင်

ရခိုင်ဒေသမှာတော့ ယခင်က မြေမြုပ်မိုင်းအန္တရာယ်ဆိုတာ ကြားတောင် မကြားဖူးပါဘူး။ မကြားဖူးဆိုတာကလည်း စစ်ပွဲတွေက မရှိခဲ့ဘဲကိုး။ မိုင်းအန္တရာယ်၊ မိုင်းအသိပညာ ပေးမှုတွေကလည်း အရင်က လုံး၀မရှိဆို မရှိသလောက်ပါဘဲ။ ဒါကြောင့်လည်း မိုင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အတော် နည်းပါးခဲ့တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ဘယ်သူမှလည်း အဲဒီတုန်းက မြေမြုပ်မိုင်းအကြောင်းကို ပြောတာဆိုတာ ရေးသားတာတွေ ဆွေးနွေး အသိပညာပေးတာတွေ မရှိခဲ့ပါဘူး။  ၂၀၁၈ ရခိုင်မှာ တိုက်ပွဲတွေစဖြစ်လာတော့မှဘဲ နဖူးတွေ့ဒူးတွေ့  ​မိုင်းအန္တရာယ်ကို ရခိုင်ပြည်သူတွေ ကြုံလာကြရတာပါ။ အခုတော့ မိုင်းဆိုတာ ဘယ်လောက်ထိ အန္တရာယ် ကြီးမားတယ်ဆိုတာ လူတွေသတိမူ သိရှိလာကြပါပြီ။

အခုဆိုရင် မြေမြုပ်မိုင်း အန္တရာယ်က ရခိုင်မှာ အကြီးမားဆုံးပြသနာတစ်ခုလို့တောင် ပြောရမလိုဖြစ်နေပါပြီ။ မကြာခဏ လူတွေမိုင်းနင်းမိလို့ သေဆုံးတာတို့၊ ဒဏ်ရာရတို့ ရှိလာနေပြီလေ။ မင်းပြားမြို့ပေါ်မှာတောင် ရဲစခန်းက မိုင်းထောင်လို့  ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ကဘဲ မိုင်းထိပြီး လူတစ်ယောက် ခြေထောက်ဖြတ်လိုက်ရတယ်။ ဒီလ ၂၆ ရက်နေ့ကလည်း မင်းပြားမြို့ ကျိန်းတောင်က ဘုန်းတော်ကြီးကျောင်းကို သွားစဉ်မှာ မိုင်းနင်းမိပြီး လူတစ်ယောက် ခြေထောက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီလို ရခိုင်ပြည်သူတွေ မကြာခဏကြုံနေကြရတော့ ဒီမိုင်းအန္တရာယ်ကို လျော့တွက်လို့ မရတော့ပါဘူး။ ဒီမိုင်းအန္တရာယ်ကို ကာကွယ်ဖို့ လိုအပ်လာပါတယ်။

ကာကွယ်မယ်ဆိုတော့ ဘယ်လို ကာကွယ် ကြမလဲပေါ့။ ဒီမိုင်းတွေကို မထောင်ဖို့ တားဆီးဖို့ရော ဖြစ်နိုင်ပါ့မလား။ နိုင်ငံတကာက မိုင်းတွေကို အသုံးမပြုဖို့ တားမြစ်နိုင်အောင် ကြိုးစားဆောင်ရွက်နေတာတွေတော့ရှိပါတယ်။ ဒါပေမယ့်  ကမ္ဘာမှာ အဆိုးဝါးဆုံးနဲ့ ရက်စက် ကြမ်းကြုတ်ဆုံး မြန်မာ့တပ်မတော်ကတော့ လိုက်နာမှု လုံး၀ မရှိပါဘူး။ လူတွေ သေချင်သေ၊ ထိချင်ထိ သူတို့ အလေးမထားပါဘူး။ သူတို့ရဲ့ စခန်းပတ်ဝန်းကျင်မှာသာမက စခန်းအနီးက လူတွေအသုံးပြုနေတဲ့ လမ်းတွေ၊ လယ်ကွင်းတွေ၊  ဥယာဉ်ခြံတွေမှာအစ သူတို့ ထောင်နေတာပါ။ ဒီလို မိုင်းတွေကို လွတ်လပ်စွာထောင်နိုင်ဖို့အတွက် မြန်မာအစိုးရဟာ ဒီကနေ့ထိ မြေမြုပ်မိုင်း  တားမြစ်ပိတ်ပင်ရေး စာချုပ်ကိုလည်း လက်မှတ်ရေးထိုးတာ မရှိသေးဘူးလို့ သိရပါတယ်။

၂ဝ၁၈ နိုဝင်ဘာလအထိ မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ်ကို ၁၆၂ နိုင်ငံက သဘောတူလက်ခံ (သို့မဟုတ်) လက်ခံကျင့်သုံးခဲ့ကြသလို နိုင်ငံပေါင်း ၁၂ဝ က ထပ်ဆင့်ပေါက်ကွဲစေတဲ့ လက်နက်ပစ္စည်းတွေ အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုး (သို့) လက်ခံ ကျင့်သုံးခဲ့ကြပေမယ့်  မြန်မာနိုင်ငံကတော့ စာချုပ်နှစ်ခုလုံးမှာ လက်မှတ် ရေးထိုးထားခြင်းမရှိသေးဘူးလို့  ဆွစ်ဇာလန်နိုင်ငံ  ဂျနီဗာမြို့အခြေစိုက် မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့် လေ့လာရေးအဖွဲ့ ( Landmine & Cluster Munition Monitor) က ပြောဆိုထားပါတယ်။ ၂ဝ၁၇ အတွင်းကဆိုရင် ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်း အသုံးပြုတဲ့ အစိုးရ လက်နက်ကိုင် တပ်ဖွဲ့ဆိုလို့ မြန်မာ့တပ်မတော် တစ်ခုတည်းသာရှိတယ်လို့လည်း  အဲဒီအဖွဲ့က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာတော့ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် ၁၆၈ မြို့နယ်မှာ မြေမြုပ်မိုင်း အန္တရာယ်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်ဟာ ၂၀၂၀ ခုနှစ်ကထက် ၆၈ မြို့နယ်ထပ်တိုးလာတယ်လို့ အဲဒီအဖွဲ့ရဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာစစ်ကောင်စီတပ်ဟာ ၂၀၁၈ ကနေ ၂၀၂၂ ခုနှစ်ထိ နိုင်ငံတကာ လူသတ်မြေမြုပ်မိုင်းအသုံးပြုတဲ့ တစ်ခုတည်းသောနိုင်ငံအဖြစ်ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ ရုရှားနိုင်ငံပါဝင်ခဲ့တယ်လို့ ဆွစ်ဇာလန်နိုင်ငံ  ဂျနီဗာမြို့အခြေစိုက် မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောဆိုပါတယ်။


မြေမြှုပ်မိုင်းတွေကို စစ်တပ်အပြင် စစ်တပ်ကို ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကပါ အသုံးပြုမှု ရှိနေပြီး စစ်တပ်က သူတို့ အသုံးပြုမှုကို ထုတ်ဖော်ပြောဖူးသလို တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေကလည်း အထောက်အထားတွေ သိမ်းဆည်း ရမိတာ ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီ စစ်တပ်ဟာ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေ၊ နေအိမ်တွေ၊ ဘုရားကျောင်းတွေနဲ့ အများပိုင် အဆောက်အအုံတွေမှာ သာမက မိုဘိုင်းတာဝါတိုင်တွေနဲ့ သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်းတွေအနီးမှာလည်း ထောင်တာတွေရှိတယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။

တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေက သိမ်းဆည်းရမိတဲ့ မိုင်းတွေထဲမှာ နိုင်ငံပိုင် မြန်မာ့ကာကွယ်ရေးနဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ (ကပစ) က ထုတ်တဲ့ လူသတ် မြေမြှုပ်မိုင်းတွေဖြစ်တဲ့ MM1၊ MM2 ၊ MM3၊ MM5 နဲ့ MM6 တို့ပါဝင်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရခိုင်မှာ မြန်မာစစ်တပ် အပြင် ရက္ခိုင့်တပ်တော်ကလည်း ရှိနေတာမို့ ရက္ခိုင့်တပ်တော်ကလည်း မိုင်းထောင်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ ထောင်တဲ့ မိုင်းက မြန်မာစစ်တပ် စစ်ကြောင်းတွေကို တိုက်ခိုက်တဲ့ အခါမှာသာ ထောင်တဲ့ ချိန်ကိုက်မိုင်းအမျိုးအစားဖြစ်ပြီး အခုလိုမျိုး လူတွေ အန္တရာယ်ကျရောက်အောင်မျိုးထိတော့ မိုင်းထောင်တာမျိုး မရှိဘူးလို့ တပ်တော်ရဲ့ စစ်ရေးစစ်ရာပိုင်းနဲ့ နီးစပ်တဲ့ အရပ်ဘက်က လူကြီးတစ်ဦးက ပြောဆိုပါတယ်။



မြေမြှုပ်မိုင်း(Land mine)တွေနဲ့ ပတ်သက်ပြီး ဗဟုသုတ အဖြစ်ပြောဆိုရရင် မြေမြုပ်မိုင်းဆိုတာဟာ  ပုံသွင်းထားတဲ့ ယမ်းဘီလူး (သို့မဟုတ်)  အခြားပေါက်ကွဲစေနိုင်တဲ့  အရာတစ်ခုကို နည်းစနစ်အဆင့်ဆင့်နဲ့ ပေါက်ကွဲစေဖို့ ပြုလုပ်ထားတဲ့ ပစ္စည်းဖြစ်ပါတယ်။

မိုင်းတစ်လုံးမှာ သာမန်အားဖြင့်  အစိတ်အပိုင်း (၅) ခု ပါဝင်ပါတယ်။  (၁) စနက် (Fuse) (၂) စနက်တံ (Detonator) (၃) အားမြှင့်ယမ်း (Booster) (၄) ပင်မယမ်း (Main Charge)နဲ့ (၄) မိုင်းကိုယ်ထည်(Body)တို့ဖြစ်ပါတယ်။ အဓိက အားဖြင့် မိုင်းကို ပင်မယမ်းကို ယမ်းဘီလူး၊ ဓာတ်ငွေ့၊ လောင်စာရည်၊ လောင်စာဆီစတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ကြပါတယ်။

မိုင်း ပေါက်ကွဲပုံအဆင့်ဆင့်ကတော့ ၄ မျိုးရှိတယ်လို့ ဆိုပါတယ်။  ဒါတွေကတော့ ယာဉ် သို့မဟုတ် လူတို့၏ အစပျိုးမှုကြောင့် စနက်ကို ရိုက်ခတ်တာရယ်၊ စနက်အား ရိုက်ခတ်မှုကြောင့် စနက်ကနေ  မီးပွင့်နဲ့  လှန့်အား ထွက်လာတာရယ်၊ မီးပွင့်နဲ့ လှန့်အားက  စနက်တံကို ပေါက်ကွဲစေတာရယ်နဲ့  အားမြှင့်ယမ်းရဲ့ ပေါက်ကွဲအားကြောင့် ပင်မယမ်း အုံက အရှိန်ပြင်းစွာနဲ့ ပေါက်ကွဲပြီး မိုင်းတစ်လုံးလုံး ပေါက်ကွဲစေတဲ့ သဘောလို့ဆိုပါတယ်။

မိုင်းအမျိုးအစား (၄)မျိုးရှိပါတယ်။  (၁) စစ်ဆင်ရေးမိုင်း/Operation Mine (၂) မိုင်းတု /Phoney Mines (၃) လေ့ကျင့်ရေးမိုင်း/Training Minesနဲ့  ရရာပစ္စည်းဖြင့် ပြုလုပ်သောမိုင်း/ Improvise mines တို့ ဖြစ်ကြပါတယ်။

မိုင်းတစ်လုံးကို  လူတွေရဲ့ ကြီးကြပ်ဖောက်ခွဲမှုဖြစ်စေ၊  အချိန်ကိုက်စနစ်ဖြစ်စေ၊ အဝေးထိန်း စနစ်နဲ့ ဖြစ်စေ ပေါက်ကွဲအောင်  ပြုလုပ်ထားပြီး လူတွေကို ထိခိုက်ဒဏ်ရာရရာကနေ  သေစေနိုင်တဲ့ အထိပြုလုပ်ထားတာ ဖြစ်သလို  တင့်ကားတွေ ၊ သံချပ်ကာယာဉ်တွေ အပါအဝင် မော်တော်ယာဉ်တွေကို ရပ်တန့်စေတဲ့အထိ ပြုလုပ်နိုင်သလို  ပျက်စီးသွားအောင်အထိ  ဖြစ်စေနိုင်တဲ့  အန္တရာယ်ရှိတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့  စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ ဖြစ်ရပ်တွေကို လတ်တလော စောင့်ကြည့်လေ့လာချက်တွေ အရ  ၂၀၂၃ ခုနှစ် ပထမ ခုနှစ်လတာကာလအတွင်း မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထိခိုက်ခံစားရသူအရေအတွက်က  (၆၅၀ ဦး) ရှိခဲ့ပါတယ်။  ဒီ ကိန်းဂဏန်းဟာ  ၂၀၂၂ ခုနှစ်တွင် အစီရင်ခံတင်ပြခဲ့တဲ့  (၃၉၀)  ဦး အရေအတွက်ထက် သိသိသာသာ တိုးမြင့်လာပြီး  ထိခိုက်ခံစားရသူ စုစုပေါင်းရဲ့  (၁၆၇) ရာခိုင်နှုန်း ရှိနေခဲ့ပြီးဖြစ်တယ်လို့ UNICEF အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒေသအလိုက်အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးမှာ ထိခိုက်ခံစားရသူအရေအတွက် အများဆုံးဖြစ်ပြီး အရေအတွက် စုစုပေါင်း၏ (၃၉) ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ပဲခူးတွင် (၁၃) ရာခိုင်နှုန်းနဲ့ ရှမ်းတွင် (၈) ရာခိုင်နှုန်း အသီးသီးရှိကြပါတယ်။  ဧရာဝတီ၊ ချင်း၊ ကချင်၊ ရခိုင်၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊  တနင်္သာရီနဲ့  ရန်ကုန် အပါအဝင် ကျန်ဒေသသတွေမှာ ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်းရဲ့   (၄၀) ရာခိုင်နှုန်းရှိတယ်လို့ UNICEF ဆိုပါတယ်။

နိုင်ငံတစ်ဝှမ်း မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ ပေါက်ကွဲမှုတွေ ကြောင့် ထိခိုက်ခံစားရသူ အရေအတွက်စုစုပေါင်းရဲ့  (၂၂) ရာခိုင်နှုန်းဟာ ကလေးများဖြစ်ကြပါတယ်။ ဒီကိန်းဂဏာန်းတွေဟာ အရပ်သား ထိခိုက်ခံစားရမှုတွေကိုသာ ထင်ဟပ်ကြောင်း သတိပြုရန် အရေးကြီးပါတယ်လို့ UNICEF က ဆိုထားပါတယ်။

မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့် လေ့လာရေးအဖွဲ့ ( Landmine & Cluster Munition Monitor) ရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၃၈၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၂၄ ဦးရှိတယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာတော့  ၂၀၁၈ ကနေ ၂၀၂၃ ခုနှစ်ထိ မြေမြုပ်မိုင်းတစ်ခုနဲ့  သေဆုံးသူက ၇၆ ယောက်နဲ့  ၂၀၂၃ ခုနှစ်မှ  ၈ယောက်ရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ရဲ့ စာရင်းအရ သိရပါတယ်။ ဒါက သူတို့အဖွဲ့ရဲ့ ကောက်ယူထားတဲ့ စာရင်းဖြစ်ပြီး ဒီထက်လည်း ပိုများနိုင်ပါသေးတယ်။

အခုလို ရခိုင်မှာ မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေ မြင့်မားနေပေမယ့် မြေမြုပ်မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေကတော့ အားနည်းနေဆဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် အနည်းငယ်က အမ်းနဲ့ မြေပုံမြို့နယ်တို့မှာ စစ်တွေအခြေစိုက် ဝံလက် ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းကနေ မြေမြုပ်မိုင်း အသိပညာပေး ပိုစတာကမ်းပိန်း ( Poster Campaign) ကို ပြုလုပ်ခဲ့ပါသေးတယ်။

ခုလိုလုပ်ရတာကို ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက “ အဓိက ကတော့ ကျနော်တို့က တချို့ဒေသတွေမှာ ဆိုရင် ဒုက္ခသည်စခန်းနဲ့ သက်မွေးဝမ်းကျောင်း လုပ်ကိုင်ရတဲ့ ဧရိယာက နီးနီးနားနား ပေါ့နော်။ တောတောင်တွေမှာဆိုရင် တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ဧရိယာတွေရှိတယ်။ အဲဒီမှာ ပြည်သူတွေက မိုင်းနဲ့ ပတ်သက်ပြီး အသိပညာ မရရှိတဲ့အခါကျတော့ တောတောင်တွေကို သွားကြတဲ့ အချိန်မှာ မိုင်းအန္တရာယ်ကြောင့် ခြေထောက်ပြတ်သွားတာတော့၊ အသက်ဆုံးရှုံးတာတော့ ရှိနေပါတယ်။ အဲဒါတွေကြောင့် ကျနော်တို့က မိုင်းနဲ့ ပတ်သက်ပြီးတော့ ဒီဗီနိုင်းပေါ့နော်။ အဲသလိုမျိုး အသိညာပေး ကပ်တာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။



ရခိုင်ပြည်နယ်ထဲက အမ်းမြို့ဟာဆိုင်ရင် မိုင်းအန္တရာယ် ကြီးကြီးမားမားရှိနေတဲ့ မြို့နယ် တစ်ခုဖြစ်ပြီး များမကြာမီကဘဲ ဒလက်ချောင်းမှာ မိုင်းကွဲလို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

အမ်းမြို့နယ်က လူမှုရေးလူပ်ရှားဆောင်ရွက်နေသူ ဦးမျိုးလွင်က “ မြေမြုပ်မိုင်းတွေရဲ့ အန္တရာယ်ကတော့ ကျနော်တို့ အမ်းမြို့နယ် ကဇူကိုင်းအုပ်စု ထဲမှာဆိုရင် ကျေးရွာတွေ အနီးမှာတောင် ပေါက်လို့ သေသွားတာတွေ ရှိတယ်။ ဒဏ်ရာရသွားတာတွေရှိတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ မရှိတဲ့ ကာလအတွင်းမှာလည်း မြေမြုပ် မိုင်းတွေ ပေါက်ကွဲနေတယ်။ အဲဒါတွေကြောင့် ကျေးရွာသားတွေက ကျေးရွာထဲကနေ ကျေးရွာအပြင်ကို ထွက်ဖို့ အတွက်တောင် သူတို့မှာ ကြောက်လန့်နေကြရတယ်။ စိုးရိမ်စရာ အနေအထားမှာ ရှိနေတာပေါ့ ”လို့ ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေပြီးတော့ နောက်ထပ်လည်း မိုင်းပြသနာတွေ ဆက်လက် ကြုံတွေ့ရနိုင်ပါတယ်။ အထူးသဖြင့် ပြည်သူလူထုအပေါ် ညှာတာမှုကင်းမဲ့တဲ့ မြန်မာတပ်မတော် လက်အောက်မှာ မိုင်းတွေကို ပရမ်းပတာထောင်တာကြောင့် မြေမြုပ်မိုင်း အန္တရာယ်ဟာ အလွန်စိုးရိမ်စရာ အခြေအနေမှာ ရှိနေပါတယ်။ ရခိုင်ဒေသခံတွေအနေနဲ့တော့ လက်ရှိအခြေအနေမှာတော့ အောက်ပါ အချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

-မိမိအကျွမ်းတဝင်မရှိတဲ့ လမ်းခရီးကို ဒေသခံပြည်သူတွေကို အန္တရာယ်ရှိ/ မရှိ မေးမြန်း၍သွားပါ။
-မလိုအပ်ဘဲ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဖြစ်စေ၊ လက်နက်ကြီးတွေကျထားတဲ့နေရာဖြစ်စေ မသွားပါနဲ့
-စစ်တပ်စခန်းအနီးဝန်းကျင်မှာ သစ်ဝါးခုတ်တာ၊ဟင်းရှာဟင်းခူးနဲ့ နွားရှာတာတွေမလုပ်ပါနဲ့။
-စစ်သားတွေတပ်စွဲခဲ့တဲ့နေရာ၊ စခန်းချခဲ့တဲ့နေရာတွေကို ရှောင်ရှားပါ။
- ကျည်တစ်တောင့်ကအစ စစ်ကျန်ပစ္စည်းတွေကို အိမ်သို့ယူဆောင်တာ၊ ရွာထဲကို ယူဆောင်တာတွေလုံး၀မလုပ်ပါနဲ့
-မိုင်းအပါအဝင် စစ်ကျန်လက်နက်ပစ္စည်းတွေနဲ့ ကျီစားတာ၊ တစ်ဦးကို တစ်ဦးစနောက်တာလုံး၀ မလုပ်ပါနဲ့
-ပေါက်ကွဲနိုင်တဲ့လက်နက်အကြွင်းအကျန်တွေကိုတွေ့ရင် ထိတွေကိုင်တွယ်တာတွေ လုံး၀မပြုလုပ်ပါနဲ့
-မြေမြုပ်မိုင်းဖြစ်စေ လက်နက်ကြီးကျည် အကြွင်းအကျန်ဖြစ်စေ တွေ့ရှိရင် တစ်ခုခုနဲ့ ပေါက်ပစ်တာမျိုးမလုပ်ပါနဲ့
-  မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ကျည်ဆံတွေရှိတဲ့နေရာ အနီးဝန်းကျင်ကို မီးရှို့တာမျိုးလုံး၀ မလုပ်ပါနဲ့
-မိုင်းဖြစ်စေ၊စစ်ကျန်အကြွင်းအကျန်လက်နက်ဖြစ်ပါစေတွေ့ရှိရင် သက်ဆိုင်ရာလက်နက်ကိုင် အဖွဲ့အစည်းကို အကြောင်းကြားပါ
-တတ်နိုင်တဲ့ အခြေအနေပေးရင် အမှတ်အသားတွေပြုလုပ်ပြီး လူတွေမြင်နိုင်အောင် သတိပေးမှုပြုလုပ်ပါ
-မြေမြုပ်မိုင်းအပါအဝင် စစ်အကြွင်းအကျန်လက်နက်ပစ္စည်းတွေဟာ လူတွေကို သေဆုံးစေနိုင်ပြီး ဒုက္ခိတလည်းဖြစ်စေနိုင်ပါတယ်။
(ပြီး)
အကိုးအကား- UNICEF /Landmine & Cluster Munition Monitor/ REC and Internet

 

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၁ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး