တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ဆောင်းပါး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

လင်းအာရုံသစ်

ရခိုင်မှာ ရက္ခိုင့်တပ်တော် အခြေချဖို့ ကြိုးစားရင်း စစ်ကောင်စီအား တော်လှန်ရေးတိုက်ပွဲ ဆင်နွဲနေသည်မှာ ၂၀၁၉ ဇန်နဝါရီ  ကစလို့ ရေတွက်လျင်ပင် ၅ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။

၂၀၂၃ ခု နိုဝင်ဘာ ၁၃ ရက်နေ့ တွင်  စတင်ခဲ့သည့် တကျော့ပြန် ရခိုင်စစ်ပွဲသည်လည်း ယခုဆိုလျင် ၂ လ တာကာလသို့ နီးကပ်လာပြီဖြစ်ရာ ရခိုင်ပြည်သူများအဖို့စစ်ပွဲအတွေ့အကြုံ များလည်း အတန်အသင့် ရှိထားပြီဟု ဆိုရမည်ဖြစ်ပါသည်။

သို့ရာတွင် ၁၀၂၇ စစ်ဆင်းရေး အတွင်း ရခိုင်ပြည်တွင်း စစ်ကောင်စီကို တိုက်ထုတ်သည့် တိုက်ပွဲများသည် ပြင်းထန်လာပြီး တိုက်ပွဲဧရိယာလည်း ကျယ်လာပါသည်။

တိုက်ပွဲဧရိယာကျယ်လာသည်နှင့်အမျှ ယခင်က တိုက်ပွဲ မရှိသည့် ဒေသများတွင်ပါ တိုက်ပွဲ ဖြစ်ပွားလာပြီး ဒေသခံပြည်သူများလည်း စစ်ပွဲကို နဖူးတွေ့ဒူးတွေ့ ခံစားလာရပါသည်။

လက်ရှိ တိုက်ပွဲ ဧရိယာထဲ မပါဝင်သေးသည့် ဒေသများသည်လည်း တိုက်ပွဲဖြစ်လာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်လာပါသည်။

စစ်ပွဲကို ရှောင်လွှဲမရမည့်အတူတူ စစ်ပွဲအတွင်း အသက်ရှင် ရပ်တည် နိုင် ရေး အတွက် သာ ကြိုတင်ပြင်ဆင် ရတော့မည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရခိုင် စစ်ပွဲသည် မည်မျှ ကြာမည်၊ မည်သည့်အချိန်တွင် ရပ်မည်ကို မသိနိုင်သည့်အပြင် နေရာမရွေးဒေသမရွေး အချိန်မရွေး စစ်မြေပြင် ဖြစ်သွားနိုင်လို့ ပင်ဖြစ်ပါသည်။

ယခုဆောင်းပါးတွင် စစ်ပွဲကြား အသက်ရှင်သန်နိုင်ရေးအတွက် အချက် (၁၁) ချက်ကိုရေးသားထား ပါသည်။ ယခုအချက်အလက်များသည် ပြီးပြည့်စုံခြင်းမဟုတ်သော်လည်း သတိထားစရာ ၊ အကျိုးတစ်စုံတစ်ရာကား ရှိမည်ဖြစ်ပါသည်။

၁။ အသက်ရှင်သန်းရေးသည် ပထမ

မိမိဒေသမြို့ရွာသို့ စစ်ပွဲရောက်ရှိလာပြီဟုသိရှိလျင် မိမိနှင့် မိသားစု အသက်ရှင်ဖို့ ပထမ ဆုံးလုပ်ဆောင်ရမည်ဖြစ်ပါသည်။ ပစ်ခတ်သံများ ကြားလျင် အနိမ့်နေရာတွင် ပြားပြားဝပ်ပြီးနေပါ။ ပတ်ဝန်းကျင်မှ လူများကိုလည်း အကာအကွယ်ရှိသည့်နေရာတွင် နေထိုင်ရန် သတိပေးပါ။

အချိန်မရွေး မိမိနေထိုင်ရာ နေရာ သည် ကျည်ကျရောက်ပေါက်ကွဲနိုင်သည့် နေရာဖြစ်သွားနိုင်သည့် အတွက် ဘေးလွတ်မည့် နေရာ ၊အဆောက်အဦးကို သတ်မှတ်ထားပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာ နှင့် ဝေးရာသို့ တတ်နိုင်သမျှ စောလျင်စွာ ရှောင်တိမ်းရန်လိုပါသည်

ထို့အပြင် ဘေးလွတ်ရာသို့ ရှောင်တိမ်းသည့်အခါ ပတ်ဝန်းကျင်အခြေအနေကို မျက်ခြေ မပြတ် စောင့်ကြည့်ထားရမည်ဖြစ်ပြီး ဘေးကင်းသည်ဟု စိတ်ချနိုင်မှ ဝင်ပေါက် ထွက်ပေါက် သေချာသတ်မှတ်ထားသည့် လမ်းကြောင်း ကို ရွေးရှယ်ရန်လိုအပ်ပါသည်။

၂။ အရေးပေါ်သယ်သွားမည့် အထုတ် (သို့မဟုတ်) ခရီးဆောင်အိတ်

တိုက်ပွဲသည် အချိန်မရွေးဖြစ်ပေါ်လာနိုင်သဖြင့် ရခိုင်လူထုအနေဖြင့် မိမိနှင့်အတူ အရေးပေါ်သယ်သွားနိုင်သည့် အထုတ်အပိုး (သို့မဟုတ်) ခရီးဆောင်အိတ်ကို အသင့်ပြင်ထားဖို့လိုပါသည်။ ယင်းအိတ်ထဲတွင် သောက်ရေ၊ အစာခြောက် ၊ ဆေးဝါး နှင့် မှတ်ပုံတင်ကဲ့သို့ အရေးကြီး စာရွက်စာတမ်းများ ကို ထည့်ထားရပါမည်။

၃။ ဗုံးခိုကျင်း (သို့မဟုတ်) အရေးပေါ် ခိုလှုံမည့်နေရာ

ထို့အပြင် ဗုံးခိုကျင်းကဲ့သို့သော မိသားစုတစ်စုစာ ဝင်ရောက်ခိုလှုံနိုင်မည့် အရေးပေါ်နေရာ ကို ကြိုတင်လုပ်ထားသင့်ပါသည်။

လုံခြုံရာနေရာ ၊ ဆောင်ရန်ရှောင်ရန် များကိုလည်း မိသားစုနှင့်ပတ်ဝန်းကျင်မှ လူများကို သတင်းအချက်အလက် မျှဝေပေးရန် လည်းလိုပါသည်။

၄။အဆက်အသွယ်မပြတ်စေရေး

တိုက်ပွဲဖြစ်လျင် ဘေးလွတ်ရာသို့ ချက်ချင်း ထွက်ပြေးတိမ်းရှောင်ရတတ်သည့်အတွက် မိသားစု ဝင်များနှင့် အဆက်အသွယ် မပြတ်စေရေးအတွက် လည်း ဂရုစိုက်ရမည်ဖြစ်ပါသည်။ မိသားစု ၊မိတ်ဆွေ များ၏ ဖုန်းနံပါတ်များ၊ နေရပ်လိပ်စာများကို ကြိုစုထားရန်လိုအပ်ပါသည်။

လတ်တလော တွင် ရခိုင်ကျေးလက်ဒေသအများအပြားတွင် ဖုန်းလိုင်းများ ပြတ်တောက်နေပြီဖြစ်ရာ ဖုန်းဆင်းကတ်များ တစ်ခုတည်းကို အသုံးပြုနေခြင်းထက် အော်ပရယ်တာ မျိုးစုံမှ ဆင်းကတ်များကို ဆောင်ထားရန်လည်းလိုပါမည်။

ထို့အပြင် အင်နက်လိုင်းများ ပြတ်တောက်နိုင်သည့် အခြေအနေလည်း ဖြစ်သွားနိုင်ရာ ဆက်သွယ်ရေး သတင်းအချက်အလက်အတွက် အရာရာကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါလိမ့်မည်။

၅။ သတင်းအချက်အလက်

တိုက်ပွဲကာလတွင် သတင်းအချက်အလက်အမှန်ရရှိရေးသည် အသက်တမျှအရေးကြီးပါသည်။ သို့အတွက် ရပ်ရွာလူထု အသိုင်းအဝိုင်း ကြားတွင် သတင်းမျှဝေရေး အတွက် ကြိုတင်ပြင်ဆင်ထားသင့်ပြီး အကူအညီ များကိုလည်း တစ်ဦးနှင့်တစ်ဦးပေးနိုင်အောင် ချိတ်ဆက်ထားသင့်သည်။

သတင်းအချက်အလက်အမှန်များကို NGO အဖွဲ့များ၊ သတင်းထောက်များ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ ရရှိနိုင်ပါသည်။

အရေးပေါ်အခြေအနေများတွင် သတင်အမှားများ၊ ကောလဟာလ များကို သတိထားရန်လိုအပ်ပြီး ယုံကြည်နိုင်လောက်သည့် သတင်းရင်းမြစ်များကို သိရှိထားရပါမည်။

သတင်းအချက်အလက်ပေးပို့ဆက်သွယ်ရာတွင်လည်း နားလည်ရန် လွယ်ကူ ရိုးရှင်း တိုတောင်းသည့် စကားများဖြင့် ဆက်သွယ်တတ်ရန်လိုအပ်ပြီး နားလည်လွယ်သည့် ဘာသာစကားဖြင့် ဆက်သွယ်ရမည်ဖြစ်ပါသည်။

ထို့အပြင် မိမိရောက်ရှိရာ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၏ လမ်းညွှန်ချက်ကို လိုက်နာကျင့်သုံးရန် လည်းလိုအပ်ပါသည်။

၆။ အကူအညီပေးရေးအဖွဲ့ များနှင့်ဆက်သွယ်ထားခြင်း

တိုက်ပွဲဧရိယာထဲရောက်ပြီဆိုလျင် လူတိုင်း ဒုက္ခသည် ဖြစ်သွားသည့်အတွက် ဘေးလွတ်နေရာ၊ စားနပ်ရိက္ခာရနိုင်မည့်နေရာ ၊ဆေးဝါး ကုသရေး အထောက်အပံ့ရနိုင်မည့် နေရာများ၊ အကူအညီပေးရေး အဖွဲ့အစည်းများတည်နေရာကို သိရှိ ထားပြီး ဆက်သွယ်ထားနိုင်ရန်လိုအပ်ပါသည်။

အလားတူ စစ်ပွဲသတင်း၊ ရာသီဥတု သတင်း အစရှိသည့် သတင်းအချက်အလက်ရရှိနိုင်သည့် ရေဒီယို ကိုဆောင်ထားသင့်ပြီး နေရာတစ်ခုမှ တစ်ခုသို့ မရွှေ့မီ ဘေးလွတ်နိုင်ကြောင်း ခိုင်မာသည့် သတင်းအချက်အလက်ရရှိမှ ရွှေ့ပြောင်းရန်လိုပါသည်။

၇။ မိမိမည်သူမည်ဝါဖြစ်သည်ကို ထိန်းသိမ်းခြင်း

မိမိကို လက်နက်ကိုင်အဖွဲ့အစည်းများက သတိထား ပစ်မှတ်ဟု မယူဆနိုင်ရန် မိမိမည်သူမည်ဝါ ဖြစ်သည်ကို အတတ်နိုင်ဆုံး ထိန်းသိမ်းရန်လိုပါသည်။

ဆိုရှယ်မီဒီယာများတွင် သတင်းအချက်အလက် ရေးတင်ခြင်း ၊ အဖြစ်အပျက် ဓာတ်ပုံများကို တင်ခြင်း ၊ ဖြစ်စဉ်ဖြစ်ရပ်တိုင်းကို ဓာတ်ပုံမှတ်တမ်းများရိုက်ယူပြီး လူမှုကွန်ရက်တွင် ဖြန့်ဝေခြင်း တို့ပြုလုပ်ရာတွင် မိမိ၏ profile ကို ဖျောက်ထားရန်လည်းလိုအပ်ပါသည်။

ထို့အပြင် တိုက်ပွဲဧရိယာထဲသို့ မလိုအပ်ဘဲ သွားလာခြင်း ကို ရှောင်ရှားရမည်ဖြစ်ပါသည်။ ရခိုင်တွင် စခန်းပေါင်းများစွာ ကျဆုံးနေသည့် စစ်ကောင်စီသည် AA နှင့်  ဒေသခံပြည်သူကို မခွဲခြားဘဲ ဖြတ်လေးဖြတ်ကို အသုံးပြုတိုက်ခိုက်နေပြီး ၄င်းတို့အခြေစိုက်ရာ ဒေသမြို့ရွာများကို  ဧည့်စာရင်းဝင်စစ်ခြင်း၊ ဖမ်းဆီးခြင်း၊  လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းများ ကို ပြုလုပ်နေရာ အသွားအလာသတိထားရန်နှင့် မိမိကိုင်ဆောင်ထားသည့် တယ်လီဖုန်းများ၊ ကွန်ပျူတာများကိုလည်း ရှင်းလင်းထားရန်လိုပါသည်။

၈။ ရှေးဦးသူနာပြုစုခြင်း

မိသားစုတိုင်းတွင် အရပ်ပျံ၊ဒဏ်ကြေလိမ်းဆေး၊ ပတ်တီး ကဲ့သို့သော အရေးပေါ်ဆေးဝါးများ များ အသင့်ဆောင်ထားရမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရလျင်လည်း ဆေးရုံဆေးခန်း မရောက်မီ ရှေးဦးသူနာပြု စုခြင်း အတတ်ပညာကိုလည်း နားလည်ထားရန်လိုအပ်ပါသည်။

၉။ အခြေအနေအချိန်အခါနှင့်အညီ နေထိုင်တတ်ရန်

လက်ရှိ ရခိုင်စစ်ပွဲသည် ယခင်ကကဲ့သို့ လူနေ မြို့ရွာများနှင့် ဝေးသည့် နေရာများတွင် ဖြစ်ပွားခြင်းမျိုး မဟုတ်တော့ဘဲ မြို့ရွာ များအနီး အခြေစိုက်သည့် စစ်ကောင်စီ တပ်စခန်းများတွင် တိုက်ပွဲဖြစ်ပွားနေပြီဖြစ်ပါသည်။ သို့အတွက် မြို့နေလူထုသည်  စစ်ကောင်စီ တပ်စခန်းများနှင့် ဝေးရာ ကျေးလက်တောရွာများသို့ ရွှေ့ပြောင်းနေကြရပြီဖြစ်ပါသည်။

သို့အတွက် လူနေမှုပုံစံများ ၊ ကျင်လည်နေထိုင်ရာ ပတ်ဝန်းကျင်များ ရုတ်တရက် ပြောင်းလဲသွားနိုင်ရာ  အခြေအနေ အချိန်အခါ နှင့်အညီ ပြောင်းလဲ ကျင့်ကြံနေထိုင်ရန် အတွက် အဆင်သင့်ဖြစ်နေရပါမည်။

ဥပမာ- မိမိရောက်ရှိ နေရာတွင် ယာယီနေထိုင်ရန် အမိုးအကာ ကို ကိုယ်တိုင် တည်ဆောက်နိုင်ရန် နှင့်  ရိက္ခာအတွက် မိမိကိုယ်တိုင် ရှာဖွေ၊ စိုက်ပျိုး၊ မွေးမြူ စားသောက်ရန် လည်း ပြင်ဆင် ထားရမည်ဖြစ်ပါသည်။

၁၀။ စစ်လက်နက်ပစ္စည်းများ နှင့် ဝေးရာမှာနေခြင်း

စစ်ပွဲဖြစ်လာပြီဆိုလျင် မလွဲမသွေ တွေ့နိုင်သည့် အရာများမှာ စစ်လက်နက်ပစ္စည်းများပင်ဖြစ်ပါသည်။ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များ၊ မိုင်းများ အစရှိသည့် စစ်လက်နက်ပစ္စည်းတိုင်းသည် ပြည်သူလူထုကို အန္တရာယ် အပေးနိုင်ဆုံး ပစ္စည်းများပင်ဖြစ်ပါသည်။

ယင်းသို့ စစ်လက်နက်ပစ္စည်းများကို လုံးဝ မထိတွေ့ မကိုင်တွယ်ရန် လိုအပ်ပြီး ထိခိုက်မိလျင် ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းနှင့် အသက်သေဆုံးခြင်းများ ဖြစ်ပေါ်စေပါသည်။

၁၁။ မေတ္တာတရားနှင့် မျှဝေခံစားခြင်း

အတိဒုက္ခ ရောက်ကြရပြီဆိုလျင် ပျက်စီး၊ဆုံးရှုံး လိုက်ရခြင်းက ဖြစ်ပေါ်လာသည့်  စိတ်သောက၊ နာကျင်ခံစားခြင်းက ပေါက်ဖွားလာသည့် ဒေါသ အစရှိသည့် ကျေနပ်စရာ နတ္ထိ ခံစားမှုများ လူတိုင်းဖြစ်ပေါ်တတ်ပါသည်။ ယင်းသို့ စိတ်ဒဏ်ရာ အနာတရများကိုကုစားမှုမှာ အကောင်းဆုံးဆေးက မေတ္တာတရားနှင့် မျှဝေခံစားခြင်းပင်ဖြစ်ပါသည်။

မိမိတစ်ဦးတည်း အထိကျန်စွာ ခံစားနေခြင်းထက် မိမိပတ်ဝန်ကျင်က လူများနှင့်ပေါင်းသင်းဆက်ဆံ ခြင်းက မိမိစိတ်ထဲက အကျဉ်းအကျပ်ကို လျော့ပါးသွားစေပါသည်။ မိသားစုဝင်များအချင်းချင်း နွေးထွေးစွာဆက်ဆံခြင်း ၊ မိမိပတ်ဝန်းကျင်မှ လူများနှင့် အစားအစာ ၊ ခံစားချက် များကို မျှဝေ သုံးစွဲခြင်း က ရောက်နေသည့်နေရာတွင် ကျန်းမာသန်စွမ်းစွာ ရှင်သန်ရန် လုံလောက်သည့် ခွန်အားကိုရစေပါသည်။

အရေးကြီးဆုံးက ယခုလက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများသည် အမြဲထာဝရ တည်ရှိနေမည်မဟုတ်ဘဲ များမကြာမီ အားလုံး မျှော်လင့်နေသည့် တည်ငြိမ်အေးချမ်းပြီးပျော်ရွှင်စရာ ကောင်းသည့် အခြေအနေတစ်ခုကို မနှေးအမြန်ရောက်လာမည်ဟု အကောင်းမြင်စိတ်ဖြင့် ဒုက္ခရက်များကို ကျော်လွှားရန်ပင်ဖြစ်ပါသည်။

(ပြီး)

 

--------

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၁ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး