ရေးသူ-ဘုန်းစည်သူ (အတွေးအမြင်ဆောင်းပါး)
မြန်မာနိုင်ငံဟာ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ၄ ရက်နေ့ဆိုရင် ဒီလွတ်လပ်ရေးကို ရရှိတာဟာ နှစ်ပေါင်း (၇၆) နှစ်ရှိခဲ့ပါပြီ။ တစ်ခြားဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကတော့ ဒီလွတ်လပ်ရေး အပေါ်မှာ ဘယ်လို မြင်ကြသလဲတော့ တတ်အပ်မသိပါဘူး။ ရခိုင်အမျိုးသားအများစုကတော့ ဒီလွတ်လပ်ရေးဟာ အင်္ဂလိပ် အုပ်ချုပ်သူလက်ကနေ ဗမာအုပ်ချုပ်သူ တွေရဲ့လက်ထဲကို မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာကို လွှဲပြောင်းပေးလိုက်တဲ့ဖြစ်စဉ်တစ်ခုအဖြစ်သာ ရှုမြင်ကြပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ရခိုင်တွေနဲ့ဘာမှမဆိုင်တဲ့ လွတ်လပ်ရေး။ ရခိုင်တွေအတွက် ဘာအခွင့်အရေးမှ မရှိတဲ့လွတ်လပ်ရေး။ ဒီထက်ရှင်းရှင်းလင်းလင်းပြောရရင် “သခင်ကြီးဆီကသခင်ကလေး”ဆီကိုလက်ပြောင်း လက်လွှဲလုပ်တဲ့ လွတ်လပ်ရေးအဖြစ်သာ အမြင်ရှိကြပါတယ်။
တကယ်လည်းဒီလွတ်လပ်ရေးက ရခိုင်လူမျိုးတွေအတွက်ဘာမှ အကျိုး မရှိသလို ထူးခြားပြောင်းလဲမှုလည်းမရှိခဲ့ပါဘူး။ ပြောရရင် အင်္ဂလိပ်တွေအောက်မှာ နေရတာထက်တောင် အခြေအနေ ပိုဆိုးသွားခဲ့ပါသေးတယ်။ လွတ်လပ်ရေးရပြီးနောက် ရခိုင်ရဲ့ စီးပွားရေး၊ ပညာရေး၊လူမှုရေး အပါအဝင် နယ်ပယ်စုံ ကဏ္ဍပေါင်းစုံမှာ အကုန် ချွတ်ခြုံကျသွားခဲ့ရတာပါ။ လွတ်လပ်ရေး အသီးအပွင့်ကို ဘာဆိုဘာမှ မယ်မယ်ရရ ခံစားခွင့်မရှိခဲ့သလို နှစ်ပေါင်း ၇၀ ကျော် အမျိုးသားရေးဆိုင်ရာ ရပိုင်ခွင့်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။ ပြည်ထောင်စုဆိုတဲ့အတုအယောင် နိုင်ငံတစ်ခုအောက်မှာဖိနှိပ်မှုမျိုးစုံနဲ့ ရှင်သန်ခဲ့ကြရတာပါ ။ ဒီထက်ပိုဆိုးတာကလွတ်လပ်ရေးရပြီးကတည်းက ဗမာအုပ်ချုပ်သူတွေရဲ့ သွေးခွဲအုပ်ချုပ်မှု၊ လူမျိုးရေးအရဖိနှိပ်မှု၊ စီးပွားရေးအရဂုတ်သွေးစုတ်မှု၊ ယဉ်ကျေးမှုအရ ဝါးမျိုမှုတွေကိုသာနေ့စဉ်နဲ့ အမျှ ကြုံတွေ့လာခဲ့ကြရတာဖြစ်ပါတယ်။ ဘာဆိုဘာမျှ အခွင့်အရေးမရှိတော့ဘဲ ထားရာနေ စေရာသွား ဘ၀ အခြေအနေမျိုးကို ရောက်ရှိ သွားခဲ့ကြရပါတယ်။ ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ဒီအာဏာ (၃) ရပ်စလုံးဟာလည်း လူများစုဖြစ်တဲ့ ဗမာတွေရဲ့ လက်ထဲကိုသာရောက်သွားပြီး သူတို့ချယ်လှယ်ချင်သလို ချယ်လှယ်လာခဲ့ကြရတာပါ။ကိုယ့်စာပေကိုကိုယ်သင်ကြားခွင့် မရဘူး။ ကိုယ့်သမိုင်းကိုယ် သင်ကြားခွင့်မရဘူး။ကိုယ်ယဉ်ကျေးမှုကို ကိုယ်ဖော်ထုတ်ခွင့်မရဘူး။ အကုန်ဝါးမျို ခံလာရတယ်။ ဗမာသမိုင်း၊ ဗမာစာပေ၊ ဗမာယဉ်ကျေးမှု၊ဗမာ့ အမွေအနှစ်အစဉ်အလာတွေကိုသာ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှု၊ကိုယ့်သမိုင်းလိုသွတ်သွင်းခံလာခဲ့ကြ၇တာလည်းဖြစ်ပါတယ်။
ဒီလိုတစ်ဖက်သတ် ဆောင်ရွက်လာတာတွေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးကို အတူတိုက်ပွဲဝင်လာခဲ့ကြတဲ့ဘိုးဘွားဘီဘင်တွေအကြား သဘောတူညီထားခဲ့ကြတဲ့ ကတိကဝတ်တွေ အပေါ်မှာလည်း အကြီးအကျယ် ချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ လွတ်လပ်ရေး ကြေညာစာတမ်းပါ အချက်တွေနဲ့ လည်း ပြဒါးတစ်လမ်းသံတစ်လမ်း ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပါတယ်။
မြန်မာလွတ်လပ်ရေးကြေညာစာတမ်း အပိုဒ် (၅) မှာ “ ငါတို့နိုင်ငံတော် ကြီးသည် မည်သူ တဦးတယောက် တဖွဲ့တသင်း၏အမွေအနှစ်မဟုတ်၊ မည်သူတဦးတယောက်တဖွဲ့တသင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊မည်သူတဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုး ခံစားအပ်သောနိုင်ငံမဟုတ်” လို့ဆိုထားပါတယ်။
ဒါပေမယ့်လက်တွေ့မှာ ပြည်ထောင်စုမြန်မာနိုင်ငံဟာ လူမျိုးတစ်မျိုးက ကြိုးကိုင်ချယ်လှယ်တဲ့နိုင်ငံတစ်ခု အဖြစ်သို့ ရောက်ရှိသွားခဲ့၇ပါတယ်။ ဗမာမဟုတ်တဲ့ ကျန်လူမျိုးတွေကအအုပ်ချုပ်ခံဘ၀၊ နိုင်ငံရေးအရ တစ်ဆင့်နိမ့် ဆက်ဆံခံရတဲ့အခြေအနေမျိုးကိုရောက်ရှိသွားခဲ့ရပါတယ်။ နိုင်ငံတော်တစ်ခုလုံးရဲ့ အုပ်ချုပ်ရေး အာဏာဟာဗမာအုပ်ချုပ်သူတွေက မောင်ပိုင်စီးသွားပြီး ကျန်တဲ့ တိုင်းရင်းသားတွေက လက်ဝေခံအဆင့် ဘ၀မျိုးကို ရောက်သွားခဲ့ရပါတယ်။ ဗဟိုအစိုးရက အာဏာအားလုံးကိုထိန်းချုပ်ထားပြီး တိုင်းရင်းသားပြည်နယ်တွေမှာ ဘာလုပ်ပိုင်ခွင့်မရှိပါဘူး။ ဗဟိုအစိုးရရဲ့ အာဏာကို တစ်ခုလုံးကို ဗမာလူများစုက ကြီးစိုးချုပ်ကိုင်ထားပြီး နိုင်ငံတော်အဆင့်၊ပြည်နယ်တွေ အဆင့်မှာပါ ဗမာလူမျိုးတွေက သူ့လက် သူ့ခြေ စီမံအုပ်ချုပ်လာခဲ့တာပါ။ ၂၀၀၈ခုနှစ် စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံ အရတောင် အနိုင်ရတဲ့ ပြည်နယ်ကပါတီတွေကို ပြည်နယ် အစိုးရကို ဖွဲ့စည်းခွင့် မပြုခဲ့ကြပါဘူး။ ဗဟိုအစိုးရအဆင့်ဆင့်၊ ဝန်ကြီး၊ဝန်လတ်၊ ဝန်ငယ်ကအစ အကုန်လုံး ဗမာလူမျိုးတွေကနေရာယူထားပြီး ပြည်နယ်တွေက ဝန်ကြီးချုပ်တွေနေရာကိုတောင် တိုင်းရင်းသားတွေ အတွက် ချမ်းသာမပေးပါဘူး။ အကုန်လုံးဗမာအုပ်ချုပ်သူတွေက မောင်ပိုင်စီးခဲ့ကြပါတယ်။
ဒီလုပ်ရပ်တွေဟာမြန်မာ့ လွတ်လပ်ရေးကြေညာစာတန်း အပိုဒ်(၆) မှာပါတဲ့ “ ငါတို့၏ မူလအပိုင်ဖြစ်သောလုံး၀လွတ်လပ်ရေးကို ငါတို့ပြန်၍ယူပြီ။ တိုင်းရင်းသား အပေါင်းတို့ သွေးစည်း ညီညွတ်လျက် အခွင့်အရေး အဆင့်အတန်းတူညီသည့် ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီးကို တည်ထောင်ပြီ” ဆိုတဲ့ အချက်အလက် နဲ့လည်း များစွာလွှဲချော်နေပါတယ်။
အခွင့်အရေးအဆင့်အတန်းတူညီသည်လို့ ဖော်ပြပါရှိပေမယ့် ဘယ်တိုင်းရင်းသားကမှ အခွင့်အရေး အဆင့်အတန်း တူညီမရရှိခဲ့ပါဘူး။ ဒီကနေ့ ဗမာပြည်ရဲ့ နိုင်ငံရေး စနစ်ဟာ လွတ်လပ်ရေး ကြေညာစာတန်းပါ အချက်အလက်တွေနဲ့ များစွာကွဲလွဲနေတာဖြစ်ပါတယ်။
ခုလိုမညီမျှမှုတွေ၊ တန်းတူမရှိတာတွေ၊ တစ်ဖက်သတ် လူမျိုးတစ်မျိုးကနေ ကြိုးကိုင် ချယ်လှယ်အုပ်ချုပ် နေတာတွေဟာ ဒီကနေ့ဖြစ်နေတဲ့ ပြည်တွင်းစစ်ရဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ ပြည်ထောင်စုအတွင်းမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ အခွင့်အရေးအဆင့်အတန်းတူညီသည့် ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီးလို့ လွတ်လပ်ရေး ကြေညာစာတန်းမှာ ကတိကဝတ် ပြုထားပေမယ့်တိုင်းရင်းသားတွေမှာ တန်းတူ ဘာအခွင့်အရေး မရရှိခဲ့ကြပါဘူး။ နောက်ဆုံးလက်နက်ကိုင်ပြီး တော်လှန်တိုက်ပွဲ ဝင်လာကြရတဲ့ အထိ ဖြစ်လာရတာဖြစ်ပါတယ်။ ဒီကနေ့တိုင်းရင်းသားတွေ ဆင်နွှဲနေတဲ့လက်နက်ကိုင်တော်လှန်ရေးဟာ တချို့ ဗမာအစွန်းရောက် တွေစွပ်စွဲသလို “လူမျိုးစွဲ၊ ဒေသစွဲနဲ့ တစ်တောတစ်ကြက်ဖ၊စစ်ဘုရင်ဝါဒကို ကိုင်စွဲခဲ့ကြတာ” မဟုတ်ပါဘူး။ နိုင်ငံရေးတန်းတူမှု၊ လူမျိုးရေးမညီမျှမှု၊ဘာသာရေးဖိနှိပ်မှုတွေကနေ မြစ်ဖျားခံလာတာဖြစ်ပါတယ်။ ဗမာအုပ်ချုပ်သူတွေခဏခဏ ပြောနေသလို ကိုလိုနီနယ်ချဲ့ လက်အောက် ကျရောက်ခဲ့တဲ့ အချိန်က နယ်ချဲ့သမားတွေက တိုင်းရင်းသားပြည်သူတွေအကြား သပ်လျှိုသွေးခွဲမှုတွေကြောင့် ခုလို သွေးကွဲလာတာလည်း မဟုတ်ပါဘူး။
ဒီနေ့ဗမာပြည်ရဲ့ပြည်တွင်းစစ်ဟာ ဗဟိုချုပ်ကိုင်မှုရယ်၊ ခွဲခြားဆက်ဆံဖိနှိပ်မှုရယ်၊ တန်းတူညီမျှမှုမရှိတာတွေကြောင့် ပေါ်ပေါက် လာရတယ်ဆိုတာ မှန်မှန်ကန်ကန်မြင်ဖို့လိုပါတယ်။ ဒါကြောင့်ဒီကနေ့ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ အဓိက ပြသနာရဲ့ ရင်းမြစ်ကို သေချာစိစစ်ဖို့လိုပါတယ်။မိမိတို့ရဲ့ အားနည်းချက်တွေ၊ နိုင်ငံရေး ပေါ်လစီ အမှားအယွင်းတွေ အပေါ် ပြန်သုံးသပ်နိုင်ပါမှ၊ တစ်နည်းအားဖြင့် ပြသနာဇစ်မြစ်ကိုမြင်မှ လက်ရှိကြုံတွေ့နေရတဲ့ တိုင်းပြည်ရဲ့ အခက်အခဲကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ခုလို မိမိရဲ့ အားနည်းချက်ကို မသုံးသပ်ဘဲ တိုင်းရင်းသားတွေလက်နက်ကိုင်ပြီး တော်လှန်ရေး လုပ်တာကိုဘဲအပြစ်မြင်မယ်။ဟိုလွန်ခဲ့တဲ့နှစ်ပေါင်း (၇၀) ကျော်က တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ဗြိတိသျှတွေကို အမြဲတန်း အပြစ်ပုံချမယ်ဆိုရင်တော့လက်ရှိ ဒီကနေ့ ကြုံတွေ့နေရတဲ့ ပြသနာကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မိမိရဲ့ အားနည်းချက်၊ မိမိရဲ့အမှားတွေကို သေချာ စိစစ်သုံးသပ်ပြီးအမြန်ဖြေရှင်းကြဖို့လိုပါတယ်။ အထူးသဖြင့် နိုင်ငံရေးအာဏာကို ကိုယ်တစ်ဦးတည်းပိုင်မောင်ပိုင်စီးပြီး အပေါ်စီးကနေ ဖြေရှင်းလို့ကတော့ ဒီပြသနာ မပြေလည်နိုင်ပါဘူး။ဒီနေ့ တိုင်းပြည်ရဲ့ ပြသနာကို ပြေလည်အောင် မဖြေရှင်းနိုင်ရင် စစ်ပွဲတွေလည်းမရပ်နိုင်သလို ဒီနေ့ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးလည်း ရနိုင်တဲ့အခြေအနေမရှိပါဘူး။
ရခိုင်လူမျိုးတွေအနေနဲ့လည်းငြိမ်းချမ်းရေးကို လိုပါတယ်။ ဒါပေမယ့် ရခိုင်အမျိုးသားတွေရဲ့ ရပ်တည်ချက်ကတော့ရှင်းပါတယ်။ အတူနေမယ်ဆိုလည်း နေလို့ရပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီးကတည်းကဒီကနေ့ထိ ကျင့်သုံးနေတဲ့ နိုင်ငံရေး စနစ်မျိုးနဲ့ကတော့ ဆက်သွားလို့ မရတော့ပါဘူး။ ဒါကြောင့်ရခိုင်လူမျိုးတွေရဲ့ ရသင့်ရထိုက်တဲ့ နိုင်ငံရေးတန်းတူမှု အခွင့်အရေးတွေကိုတော့အပြည့်အ၀ ရရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဒီနေရာမှာရခိုင်တွေရဲ့ သဘောထားကို ၇ခိုင်တစ်မျိုးသားလုံးက လေးစားကြည်ညိုတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဖြေဆိုထားတဲ့ အင်တာဗျူးတစ်ခုနဲ့ဘဲ ဒီဆောင်းပါးကို အဆုံးသတ်ချင်ပါတယ်။
ဒါကတော့နိုင်ငံတကာသတင်းဌာနAsia Times (အေးရှားတိုင်းမ်)နဲ့ အကြီးတန်းသတင်းသမားဘာတေးလင့်တနာက မေးတဲ့ အင်တာဗျူးပါ။
အဲဒါကတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ခင်ဗျားရဲ့ နောက်ဆုံးပန်းတိုင်ကအာရကန် (ရခိုင်) လွတ်မြောက်ရေးလား၊ ဖက်ဒရယ် ပြည်ထောင်စုထဲကကိုယ်ပိုင်အုပ်ချုပ်ခွင့်လား။ မြန်မာနိုင်ငံရဲ့ အနာဂတ်မှာဘယ်လိုဖွဲ့စည်းပုံမျိုးကို စိတ်ကူးထားပါသလဲဆိုတဲ့ မေးခွန်းပါ။
ဒီမေးခွန်း အပေါ်မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က“ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့အချုပ်အခြာအာဏာဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး လှုပ်ရှားမှုရဲ့ အဓိကရည်မှန်းချက်ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ရခိုင်လူထုတောင့်တနေတဲ့ ကွန်ဖက်ဒရေးရှင်း ပုံစံမျိုးအတွက် နိုင်ငံရေးနေရာ ရှိ မရှိဆိုတာ ကြည့်ရဦးမှာပါ။ကျွန်တော်တို့အနေနဲ့ ကိုယ့် [တိုင်းရင်းသား] ညီအစ်ကို မောင်နှမတွေနဲ့အတူယှဉ်တွဲနေထိုင်ဖို့ ပိုနှစ်သက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လိုလားတဲ့မှန်ကန်တဲ့ နိုင်ငံရေးအဆင့်အတန်းကိုဒီပြည်ထောင်စုမှာ မရနိုင်ဘူးဆိုရင်တော့ နိုင်ငံတကာအသိုင်းအဝိုင်းမှာဝင်ဆံ့ဖို့အတွက် ကျွန်တော်တို့ ကိုယ့်ဟာကိုယ်ကြိုးစားသင့်တဲ့ အနေအထားဖြစ်သွားနိုင်ပါတယ်” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။
(ပြီး)