ရေးသူ-လင်းအာရုံသစ်
နိရဉ္စရာ(ဆောင်းပါး) ဇန်နဝါရီ ၁၉/၂၀၂၃
စစ်ပွဲ ကိုရှောင်လွှဲလို့ မရတာနဲ့အတူတူ စစ်ပွဲကြား ဘယ်လို ရှင်သန်အောင်နေထိုင်ကြမလဲ ဆိုတာအရေးကြီးလာပါတယ်။ အသက်ရှင်သန်းရေး ပြီးရင် စားနပ်ရိက္ခာ ရရှိရေး ဟာအဓိကအရေးကြီးလာပါတယ်။
စစ်ဘေးဒဏ်သင့်ပြည်သူတွေဟာ အငတ်ဘေးကိုပါတစ်ပါတည်း ခံစားရနိုင်တာကြောင့် ရိက္ခာလိုအပ်ချက် အတွက် ဘယ်လိုဖြည့်ဆည်းကြမလဲဆိုတာကို ကြိုတင်တွေးဆ ကြ၇ပါမယ်။
ယခင်က နေ့စဉ်ကားကြီးကားငယ် အသွယ်သွယ်နဲ့ ရိုးမတောင်ကိုကျော်ဖြတ်ဝင်လာတဲ့ ဟင်းသီးဟင်းရွက် တွေ၊သီးနှံတွေကအစ ကုန်စည် အားလုံးဟာ စစ်ပွဲစတင်တဲ့ရက်မှာပင် ရပ်သွားတဲ့အခါဈေးကွက်မှာ ငရုတ်သီး သုံးလုံး တစ်ထောင် ပေးဝယ်ရတဲ့အနေအထားကိုနေ့ချင်းရက်ချင်း ရောက်သွားပါတော့တယ်။
ရာသီဥတု ဒဏ်၊စစ်ပွဲဒဏ်ကို အခံရဆုံး ကတော့ လယ်သမားတွေဖြစ်ပါတယ်။ မိုခါမုန်တိုင်းကြောင့်စပါးခင်းထဲ ရေငန်ဝင်သွားလို့ ဆုံးရှုံးခဲ့ရသလို စပါးရိတ်သိမ်းချိန်နဲ့ တကျော့ပြန် စစ်ပွဲစဖြစ်တဲ့အချိန်နဲ့ တိုက်လို့ စပါးရိတ်သိမ်းဖို့မရဘဲထွက်ပြေးနေကြ၇ပြန်ပါတယ်။
ဒါ့အပြင် စက်သုံးဆီ စရိတ်ကြီးမြင့်လို့စပါးရိတ်သိမ်းစရိတ် ထောင်းတာကတမျိုး ၊ ရိတ်သိမ်းလို့ရတဲ့ စပါး ကိုဝယ်မယ့်သူမရှိလို့ လက်ထဲ ငွေမရှိဖြစ်နေရတဲ့အထဲ စားသောက်ကုန်ဈေးနှုန်းအဆမတန်မြင့်တက်တဲ့ ဒဏ်ကိုလည်း လယ်သမားတွေခံကြရပါသေးတယ်။လက်ထဲမှာရှိတဲ့ စပါး တစ်တောင်းကို ရောင်းလို့ ဆေးပေါ့လိပ် တစ်ထုတ်မရတဲ့အနေအထား ရောက်သွားပါတယ်။
ကျဆင်းနေတဲ့ရခိုင်စိုက်ပျိုးရေးကိန်းဂဏန်းများ
ရခိုင်ဒေသဟာ စိုက်ပျိုးရေးအတွက် ရေခံမြေခံ ကောင်းတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ စိုက်ပျိုးမြေတွေအများကြီးရှိပေမယ့် ထွန်ရေးမငင်းတဲ့မြေဧကတွေလည်း အများကြီးရှိနေပါသေးတယ်။စိုက်ပျိုးနိုင်တဲ့ မြေ ၁၈ ရာခိုင်နှုန်း ရှိပေမယ့် ၁၄ရာခိုင်နှုန်းလောက်ကိုသာ စိုက်ပျိုးနေကြတာလည်းဖြစ်ပါတယ်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာပြည်နယ် ရဲ့ စုစုပေါင်း ဂျီဒီပီဟာ ကျပ်သန်းပေါင်း ၂၁၈၆၇၀၁ ဒသမ ၅ ရှိခဲ့ပြီးတော့စိုက်ပျိုးရေး ကဏ္ဍက ၂၅ ရာခိုင်နှုန်းပါဝင်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(၂၀၁၉ ခုနှစ်) ထုတ် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း စစ်တမ်းသုတေသနအစီရင်ခံစာအရ သိ၇ပါတယ်။
ရခိုင်ဒေသဟာတစ်ချိန်က စပါးအဓိက ထွက်ရှိတဲ့ ဒေသတစ်ခုဖြစ်ခဲ့ပါတယ်။ပြည်နယ်ရဲ့ အဓိကထွက်ကုန်ဟာ ဆန်စပါးဖြစ်ပြီးတော့ စုစုပေါင်း စိုက်ပျိုးမြေဧရိယာရဲ့ ၈၅ရာခိုင်နှုန်း ဟာ စပါးစိုက်ဧရိယာဖြစ်ပါတယ်။
နှစ်အလိုက်စပါးစိုက်ဧက ကိုတွက်မယ်ဆိုရင်၂၀၀၉ -၂၀၁၀ မှာ စပါးစိုက်ဧက ပေါင်း ၁၂ သိန်းကျော်ရှိခဲ့ပေမယ့် ၂၀၁၆-၂၀၁၇ မှာစိုက်ဧက ၁၁ သိန်းကျော်ရုံသာသာထိ ကျဆင်းသွားတာတွေ့၇ပါတယ်။ ၂၀၁၇-၁၈ မှာစုစုပေါင်း စပါး စိုက်ဧကဟာ ၉၃၀၄၅၂ ဧက ရှိပါတယ်။
စာရင်းဇယားတွေကိုပြန်ကြည့်မယ်ဆိုရင်လည်း ၂၀၀၉-၂၀၁၀ မှာငရုတ်စိုက်ဧက ၃သောင်းခွဲဝန်းကျင်၊ ကြက်သွန်စိုက်ဧက သုံးထောင်ငါးရာနီးပါးရှိခဲ့ရာကနေ ၂၀၁၆-၁၇ မှာ ငရုတ်စိုက်ဧက သုံးသောင်းလေးထောင် ကျော် နဲ့ ကြက်သွန်စိုက်ဧက ရှစ်ရာ လောက်သာ စိုက်ပျိုးလာတာ တွေ့ရပါတယ်။ကိုယ့်ဒေသက ထွက်တဲ့ စိုက်ပျိုးသီးနှံဟာ ဒေသစားသုံးမှုထက်ပိုလျှံလို့ တစ်ခြား ဒေသကို တင်ပို့ ရခဲ့တဲ့ ရခိုင် ဒေသ ဟာ အခုအချိန်မှာသူများပြည်က ပို့မှစားရတဲ့ အခြေအနေရောက်သွားပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းကို ဘာကြောင့်စွန့်ခွာ
စိုက်ပျိုးမြေတွေအများကြီးရှိပေမယ့် စိုက်ပျိုးမှု မလုပ်ကြတာလည်း အကြောင်းရင်းက ရှိလို့နေပါတယ်။
ဆောင်းသီးနှံတွေ ဖြစ်တဲ့ဟင်းသီးဟင်းရွက်တွေကိုဆိုရင် စိုက်ပျိုးသူ နည်းပါးသွားပါပြီ။စိုက်ပျိုးရေးလုပ်ငန်းမှာသွင်းအားစုအတွက်သုံးစွဲရတဲ့ငွေပမာဏဟာ စိုက်ပျိုးသီးနှံတွေရောင်းချလို့ ရတဲ့ဝင်ငွေနဲ့ မကာမိ ဖြစ်တာရယ်၊ စိုက်ပျိုးရေး မှာ တစ်နှစ်လုံးလုပ်အားခက ပြည်ပမှာ အလုပ်လုပ်သူရဲ့ တစ်လ စာဝင်ငွေနဲ့တူညီနေတာရယ်က စိုက်ပျိုးရေးကို စွန့်ခွာလာကြတဲ့ အဓိက အကြောင်းရင်းခံဆိုရင်မမှားပါဘူး။
စိုက်ပျိုးရေးလုပ်ငန်းကို စွန့်ခွာသွားကြပေမယ့်မိုးရာသီ စပါးစိုက်ပျိုးရေးကတော့ မဖြစ်မနေ လုပ်ကိုင်ကြ ဆဲပင်ဖြစ်ပါတယ်။ရာသီဥတု မမှန်တာ ၊ စိုက်ပျိုးစရိတ်တွေ ကြီးမြင့်လာတာကြောင့် အထွက်မကောင်းတဲ့နှစ်တွေဆို လယ်သမားတွေ အရှုံးနဲ့ရင်ဆိုင်၇ပါသေးတယ်။
ဒီလိုအကြောင်းရင်းခံကြောင့်ပင် ရခိုင်ဒေသခံတွေဟာဒေသခံ က မိမိတို့ပိုင်ဆိုင်တဲ့ စိုက်ပျိုးမြေတွေကို ကျောခိုင်းပြီးပြည်ပမှာ ရရာအလုပ်လုပ်ဖို့ ထွက်သွားကြတာဖြစ်ပါတယ်။ ပြည်ပက ပို့တဲ့ငွေတွေကို မှီခိုကာ ရခိုင်မှာကျန်ခဲ့တဲ့ မိသားစုတွေဟာ စားဝတ်နေရေးအတွက်ဖြေရှင်းနေကြတာပါ။ စိုက်ပျိုးမြေတွေလည်း ပက်ကြားအက်ပြီး ပျိုးပင်တွေ ကင်းမဲ့နေတာကြာခဲ့ပါပြီ။
ပြန်လည်နိုးထက်လာရမည့်စိုက်ပျိုးရေးလုပ်ငန်း
ပြည်မက ဝင်လာတဲ့စိုက်ပျိုးသီးနှံတွေကို အားကိုးစားသောက်ပြီး ကိုယ့်ဒေသက စိုက်ပျိုးမြေတွေကိုအသုံးမပြုဘဲ နေလာကြတာ ဆယ်စုနှစ်နဲ့ချီလို့ ရှိနေပါပြီ။
ရခိုင်မှာဟင်းခတ်အမွှေးအကြိုင် ဖြစ်တဲ့ ငရုတ်၊ကြက်သွန် တွေကို စီးပွားဖြစ်စိုက်တာနည်းပါတယ်။ဒေသတွင်း စားသုံးရုံလောက်သာ စိုက်ကြတာပါ။ဒါပေမယ့် တစ်နှစ်ထက်တစ်နှစ်စိုက်ပျိုးဧကဟာနည်းနည်းလာတာ ကိုတွေ့ရပါတယ်။ နောက်ဆုံးမှာရန်ကုန်က လာတဲ့ ငရုတ်သီးကို ငရုတ်စိုက်တောင်သူတွေ ဝယ်စားရတဲ့အနေအထားထိရောက်သွားပါတော့တယ်။
ယခင်ကပြည်မဘက်က ရိုးမတောင်ကိုဖြတ်ကျော်ဝင်လာမယ့် မော်တော်ကားတွေကြောင့်လက်ထဲငွေရှိရင် ဝယ်စားနိုင်ခဲ့ပေမယ့် အခုလို စစ်ပွဲကြောင့်လမ်းတွေ ပိတ်ဆို့ခံထားရချိန်မှာ လက်ထဲငွေရှိရင်တောင် ဝယ်မ၇တဲ့အနေအထားဖြစ်သွားပါပြီ။
ဒါဟာ ပြည်မကိုမှီခိုအားထားနေရတဲ့ ပြည်သူတွေအတွက် သင်ခန်းစာယူစရာ ဖြစ်သွားပါတယ်။မြို့နေလူတန်းစားတွေတောင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရတော့မယ်ဆိုတဲ့အသိရသွားကြပါပြီ။ ဒါကြောင့်လည်း ချဉ်ပေါင်၊ ငရုတ်၊ ခရမ်း၊သခွား၊မူလာလို ရက်တိုသီးနှံတွေကို စိုက်ပျိုးလာကြပါတယ်။
လပိုင်းအတွင်း စိုက်ပျိုးရေးကိုလုပ်လိုက်လျင်ပင် ဈေးကွက်ထဲကို ခရမ်း၊မူလာ၊ချဉ်ပေါင်တွေ ဝင်လာတာတွေ့ရပါတယ်။စစ်တွေမြို့နယ် ထဲ စိုက်ပျိုးတဲ့ သီးနှံတွေကို နှစ်လအတွင်းမှာစစ်တွေသားတွေ စားလို့၇သွားပါတယ်။
ကျဆင်းလာတဲ့ စိုက်ပျိုးရေးကိန်းဂဏန်းတွေ ကို ပြန်မြှင့်တင်ရင်းတစ်ဖက်မှာလည်း အလုံးစုံ ပိတ်ဆို့ခံထားရတဲ့ရခိုင်ဒေသ အတွက် စိုက်ပျိုးရေး ဟာ တဖန်ပြန် လည်းနိုးထက်၇မယ့်အဓိကလုပ်ငန်းတစ်ခုဖြစ်နေပါပြီ။
စိုက်ပျိုးရေးကဏ္ဍကိုမြှင့်တင်ဖို့အတွက် လယ်သမားတွေ အရှုံး မပေါ်အောင် ထိန်းကျောင်းကြရပါမယ်။စိုက်ပျိုးရေးသွင်းအားစုတွေကိုဈေးနှုန်းနည်းပါးအောင်၊စိုက်ပျိုးစရိတ်တွေသက်သာအောင် ကြံဆောင်ကြ၇ပါမယ်။
စိုက်ပျိုးရေးလုပ်ငန်းကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးနေတာကနေ စီးပွားဖြစ် ထုတ်လုပ်နိုင်အောင် ထိ ငွေကြေးတတ်နိုင်သူတွေကပါဝင်ရောက်လုပ်ကိုင် ရပါမယ်။ လုပ်ငန်းရှင်တွေက စိုက်ပျိုးရေးနဲ့ ငွေမရှာရင်တောင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်အောင် ငွေစိုက်ထည့်ဖို့ လိုပါတယ်။
ဒီလို စစ်ပွဲကြားရောက်နေတဲ့ရခိုင်ဒေသမှာ သူများပြည်ကို မှီခိုနေရတဲ့ ကုန်စည်မှန်သမျှကိုကိုယ့်ဒေသက ထွက်ရှိနိုင်အောင် လုပ်၇ပါတော့မယ်။
ကိုယ့်ပြည်ပြန်ရရေး တိုက်ပွဲဝင်နေသူတွေရှိနေသလို တစ်ဖက်မှာလည်း ကိုယ့်ပြည်အငတ်ဘေးက လွတ်ဖို့ စိုက်ခင်းထဲဝင်သူတွေအများကြီးရှိလာဖို့လိုပါတယ်။ အစစအရာရာ အမှီအခိုကင်းဖို့လိုပါပြီ။
(ပြီး)
------------