တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

အာဏာသိမ်းပြီး သုံးနှစ်အလွန်.. စတုတ္ထနှစ်အထိ စစ်ပွဲတွေ ဆက်ဖြစ်နေဦးမယ့် မြန်မာပြည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

အာဏာသိမ်းပြီး သုံးနှစ်အလွန် စတုတ္ထနှစ်အထိ စစ်ပွဲတွေ ဆက်ဖြစ်နေဦးမယ့် မြန်မာပြည်

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦး
နိရဉ္စရာ (ဆောင်းပါး) ဇန်နဝါရီ ၂၃/၂၀၂၄

လာမယ့် ဖေဖော်ဝါရီ(၁)ရက် အလွန်မှာ မြန်မာနိုင်ငံရေးအခြေအနေ ဘယ်လို ဆက်ဖြစ်လာနိုင်သလဲ။ လက်ရှိ ဖြစ်ပေါ်နေတဲ့ နယ်မြေသိမ်းတိုက်ပွဲများနဲ့ ပြည်တွင်းစစ်ဟာအဆုံးသတ်သွားမှာလား။ စစ်ကောင်စီကရော ကျရှုံးတော့မှာလား။ စစ်ပွဲတွေ ဆက်ပြီး ဖြစ်နေဦးမလား။ သုံးနှစ်အလွန်မှာ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး ဩစတြေးလျ၊ ဂရစ်ဖစ် တက္ကသိုလ်က ဧည့်ပါမောက္ခ အင်ဒရူး ဆဲ့လ်သ်ရဲ့ သုံးသပ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ 

 မြန်မာပြည်ရဲ့ စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုဟာ မျက်နှာစာပေါင်းစုံနဲ့ ပြဿနာပေါင်းစုံရှုပ်ထွေးနေပြီးနိုင်ငံရေး ကိစ္စတွေအပေါ်မှာလည်း အမြင်မတူမှုတွေ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် ဒီမတူညီမှုတွေဟာ ပြီးခဲ့တဲ့လတွေမှာတော့ မကြုံစဖူး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု အဆင့် တစ်ခုကို ရောက်ရှိလာတာ တွေ့ရတယ်။ 

 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ဦးဆောင်မှုနဲ့ အတူ တော်လှန်ရေးအဖွဲ့တွေဟာ နိုင်ငံရဲ့  သုံးပုံ နှစ်ပုံမှာ ပူးပေါင်းစစ်ဆင်ရေး လုပ်ဆောင်ပြီး စစ်ရေးအောင်ပွဲတွေ ဆက်တိုက် ရရှိနေခဲ့တယ်။ 

 

စစ်ကောင်စီဟာ လူဦးရေ ထူထပ်ပြီး စီးပွားရေးအရ အရေးပါတဲ့ နိုင်ငံအလယ်ပိုင်းက မြို့ကြီးတွေကို ဆက်ပြီး ထိန်းချုပ်ထားနိုင်ပေမယ့် ပြည်နယ်အချို့နဲ့ အရေးကြီးတဲ့ နယ်စပ်ကုန်သွယ်ရေး မြို့တွေကို လက်လွှတ် ဆုံးရှုံးသွားပြီး စစ်မြေပြင်မှာ အကြီးအကျယ် ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ 

 

ဒီအခြေအနေကို ကြည့်ပြီး စစ်ကောင်စီဟာ မလွဲမသွေ ပြိုကျသွားတော့မယ်လို့ ပြောရင် စောပါသေးတယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ ခံနိုင်ရည်ကို လျှော့တွက်လို့ မရပါဘူးလို့ အင်ဒရူးက ဆိုတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ သုံးလ အတွင်း ရရှိလာခဲ့တဲ့ စိတ်လှုပ်ရှားစရာ ဖြစ်ပေါ်တိုးတက်မှုတွေကနေ မေးစရာ မေးခွန်းရှိလာပါတယ်။ စစ်ကောင်စီတပ်ကို အနိုင်ရသွားပြီးရင် အတိုက်အခံ အင်အားစုတွေရဲ့ လိုလားချက်က ဘာဖြစ်မလဲ။ ဒါမှမဟုတ် ဘာဖြစ်ချင်တာလဲ။  မြန်မာပြည်ရဲ့ အစဉ်အလာအတိုင်း အတွက် လွယ်ကူတဲ့ အဖြေ ရှိမနေပါဘူး။ တချို့ကိစ္စတွေဟာ အပြန်အလှန် အငြင်းပွားစရာတွေ ရှိလာပါတယ်။ 

 

စစ်ကောင်စီအလွန် မြန်မာပြည် ကို မှန်းဆကြည့်ခြင်း 

 

ပထမ အချက်အနေနဲ့ လက်ရှိ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ မတူညီတဲ့အုပ်စုတွေ အားလုံး နိုင်ငံရေး ကွဲပြားမှုတွေကို ကျော်လွှားပြီး စစ်ကောင်စီ မရှိတော့တဲ့နောက် မြန်မာပြည်ကို အုပ်ချုပ်မယ့် ကျယ်ပြန်တဲ့ အခင်းအကျင်း အပေါ်မှာ သဘောတူညီမှု ရှိဖို့ လိုပါမယ်။ ဒီလောက်နဲ့တော့ မတူညီတဲ့ အဖွဲ့အစည်းတွေကြားက တင်းမာမှုတွေကို ဖယ်ရှားနိုင်ဦးမှာ မဟုတ်ပေမယ့် ဘုံရည်မှန်းချက် ပန်းတိုင်ကိုတော့ ရောက်အောင်သွားနိုင်ပါလိမ့်မယ်။ 

 

ဒုတိယအနေနဲ့  နောက်ကွယ်က အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) နဲ့ အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအပါအဝင် အတိုက်အခံလှုပ်ရှားမှုမှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေကို ပုံမှန်အတိုင်း အသိအမှတ်ပြုခြင်း အားဖြင့် စိတ်ဓါတ်ပိုင်းဆိုင်ရာ တွန်းအားဖြစ်စေမှာ ဖြစ်သလို အကြောင်းအရာအမျိုးမျိုးကို လက်တွေ့ အထောက်အကူ ပြုရေး အားပေးရာရောက်မှာဖြစ်တယ်။ 

 

တတိယအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက NUG အပေါ် အသိအမှတ်ပြုမှုက တစ်ဆင့် ငွေကြေးနဲ့ တခြား အရင်းအမြစ်တွေ စီးဝင်လာမှာ ဖြစ်တယ်။ နှစ်ပေါင်းများစွာ ပြည်တွင်းရေးကိစ္စ တစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီးတွေအနေနဲ့လည်း ပြည်ပနိုင်ငံတွေနဲ့ တိုက်ရိုက်ချိတ်ဆက်မှုတွေ တည်ဆောက်နိုင်မှာဖြစ်တယ်။

 

လူသားချင်းစာနာမှုအကူအညီ၊ လက်နက် နဲ့ စစ်တပ်ပြိုကွဲနိုင်ချေ

 

စတုတ္ထအနေနဲ့ နေရပ်စွန့်ခွာ ပြည်သူများနဲ့  ဒုက္ခသည်များကို ကူညီနိုင်ဖို့ အတိုက်အခံ လှုပ်ရှားမှု အဖွဲ့တွေကို လူသားချင်းစာနာမှု အထောက်အပံ့ ပေးခြင်းဖြင့် NUG နဲ့ တခြားအုပ်စုတွေ စစ်ဆင်ရေးမှာ အရေးတကြီး လိုအပ်နေတဲ့ လက်နက်နဲ့ အထောက်အပံ့တွေဘက် ပိုပြီး အာရုံစိုက်လာနိုင်မယ်။ မကြာမီက စစ်ဆင်ရေးတွေမှာ လက်နက်ခဲယမ်းမီးကျောက်တွေ အမြောက်အများ သိမ်းဆည်းရရှိထားပေမယ့် လက်နက်တွေ ရရှိဖို့ဟာ ခက်ခဲနေတုန်းပါ။ 

 

ပဉ္စမအချက်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နဲ့ NUGရဲ့ ပီဒီအက်ဖ် တပ်ဖွဲ့တွေမှာ အလွယ်တကူ သယ်ယူနိုင်တဲ့ လေယာဉ်ပစ် လက်နက်တွေ၊ တင့်ကားဖျက် လက်နက်တွေလို ပစ်မှတ် တိကျ သေချာတဲ့လက်နက်ကြီး( sophisticated weapons) တွေ ရရှိဖို့ လိုတယ်။ လက်နက်ကြီး တစ်ခုတည်းနဲ့တော့ တော်လှန်ရေးစစ်ပွဲအောင်မြင်နိုင်မှာ မဟုတ်ပေမယ့် မှန်ကန်တဲ့လက်နက်တွေကို အသေအချာလေ့ကျင့်ထားတဲ့ လူတွေနဲ့တိုက်ပွဲဝင်ခြင်းဖြင့် စစ်မြေပြင်ရဲ့ ချိန်ခွင်လျှာကို ပြောင်းလဲပစ်နိုင်တယ်။ 

 

ဆဌမအချက်က လက်ရှိ စစ်ကောင်စီ သက်ဆိုးရှည်နေခြင်းဟာ တပ်မတော်လို့ ခေါ်တဲ့ စစ်တပ်အတွင်း သစ္စာခံမှုနဲ့ စည်းလုံးမှုကြောင့် ဖြစ်တယ်။ စစ်တပ်အတွင်း အဓိကတပ်မကြီးတစ်ခုက တော်လှန်ရေး အုပ်စုတွေဘက်ကို ဘက်ပြောင်း ဝင်ရောက်လာခဲ့ရင် ဖြစ်စေ၊ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ အကြာ; အကွဲအပြဲ ဖြစ်လို့ ဖြစ်စေ စစ်တပ်အတွင်းက ပြိုကွဲမှုတွေဟာ ဗိုလ်ချုပ်ကြီးတွေအတွက်  ဒုက္ခဖြစ်စေမှာ အမှန်ဖြစ်တယ်။ 

 

ဆဌမအချက်က မကြာမီ ကာလအတွင်း တော်လှန်ရေး အုပ်စုတွေရဲ့ ဆက်တိုက် အောင်ပွဲရရှိမှုတွေဟာ စစ်ဗိုလ်ချုပ်တွေကြားမှာ ဘယ်လိုမဟာဗျူဟာနဲ့ ပြန်တိုက် မလဲဆိုတဲ့ ကွဲပြားမှုတွေ ဖြစ်လာတယ်။ တော်လှန်ရေး အုပ်စု အချင်းချင်း စစ်ရေးအရ အနီးကပ်ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလေလေ ဗိုလ်ချုပ်တွေ အကြား တင်းမာမှု  ကြီးမားပြီး စစ်တပ်ရဲ့  စွမ်းဆောင်ရည်လည်း ကျဆင်းလေလေ ဖြစ်တယ်။ 

 

ဘယ်နိုင်ငံခြားအစိုးရကမှ ဒီစစ်ပွဲထဲ တိုက်ရိုက် ဝင်ပါမှာ မဟုတ်

 

တက်ကြွ လှုပ်ရှားသူတွေသာမက အတွေ့အကြုံရင့် လေ့လာသုံးသပ်သူ တစ်ချို့ကပါ နိုင်ငံခြားအစိုးရရဲ့ အကူအညီကို တောင်းတတ်ကြတယ်။ အထူးသဖြင့် NUG ကို လက်နက် ထောက်ပံ့ဖို့။ ဒီကိစ္စနဲ့ ပတ်သက်လို့ အငြင်းပွားမှု ရှိနေပြီး အတိုက်အခံ တော်လှန်ရေး အုပ်စုတွေက အစိုးရတွေကို မကြာမီက ရရှိခဲ့တဲ့ အောင်မြင်မှုနဲ့အတူ စစ်ကောင်စီကို ဆက်ပြီး ဖိအားပေးနိုင်မယ်လို့ ဆိုတယ်။ 

 

အကြောင်းအမျိုးမျိုးကြောင့် ဒီအဆိုနဲ့ တင်ပြချက်တွေကို လက်ခံသူရှိရင်တောင် အနည်းငယ်ပဲ ရှိလိမ့်မယ်။ 

 

ဒီနေ့အထိ နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာ့အရေးကို ကူညီမှုက ဟန်ပြနေပေမယ့် ပြည်တွင်းစစ်က ဆက်ဖြစ်နေဆဲ ဖြစ်ပြီး အတိုက်အခံ လှုပ်ရှားသူတွေကလည်း သူတို့နဲ့ လက်တစ်ကမ်းအကွာမှာ ရှိနေဆဲပါ။ NUG ကို အသိအမှတ် မပြုသေးသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း တိုက်ရိုက် ဆက်သွယ်မှု မပြုသေးပါဘူး။ နိုင်ငံခြားအစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ အတိုက်အခံ လှုပ်ရှားမှုအဖွဲ့တွေဆီကို အကူအညီ မပေးလိုကြဘူး။ အထူးသဖြင့် နယ်စပ်ဖြတ်ကျော် အကူအညီမပေးကြဘူး။ 

 

ဒီကိစ္စနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေက သံတမန်အလေ့အထ နဲ့ အချုပ်အခြာအရေး အကြောင်းပြပြီး မရှင်းမလင်း ရှင်းပြတတ်ကြတယ်။ တကယ်ကတော့ကိုယ်ကျိုးစီးပွားပါ။  မြန်မာ့ အတိုက်အခံတွေရဲ့ တော်လှန်ရေးအပေါ်  ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ မြန်မာ စစ်တပ်ရဲ့ သမိုင်းကြောင်း အရ ခံနိုင်ရည်ရှိမှုကို သူတို့ စိုးရိမ်တဲ့အတွက် ဘယ်နိုင်ငံခြား အစိုးရကမှ ဒီအရေးထဲ တိုက်ရိုက် ဝင်ပါလိုတဲ့ ဆန္ဒမရှိကြဘူး။

 

မြန်မာ ပဋိပက္ခဟာ မြန်မာပြည်သူတွေကို ဖိနှိပ်နေတဲ့ စစ်တပ်နဲ့  ပွင့်လင်းလွတ်လပ်ပြီး လူ့တန်ဖိုးကို အရေးထားတဲ့ ဒီမိုကရေစီ လိုလားသူတွေရဲ့ တိုက်ပွဲဖြစ်တယ် ဆိုတာ ရှင်းလင်းနေပါတယ်။ ဒါပေမယ့် ဒီပဋိပက္ခဟာ မူဝါဒရေးရာ သမားတွေ မကြိုက်တဲ့ အင်မတန်ရှုပ်ထွေးပြီး မသေမချာ၊ သံသယဖြစ်စရာတွေ၊ အငြင်းပွားစရာတွေနဲ့ ပြည့်နှက်နေတယ်။

 

ဒါ့အပြင် ပြည်ပအင်အားစုတစ်ခုရဲ့ ဝင်ရောက်စွက်ဖက်မှုနဲ့ ပြည်တွင်း စစ်တစ်ခုကို နောက်ဆုံး လက်ခံနိုင်စရာ အဖြေတစ်ခု ရတဲ့အထိ အာမခံချက်ပေးနိုင်မှာ မဟုတ်ပါဘူး။ 

 

ယူကရိန်း နဲ့ အရှေ့အလယ်ပိုင်းရဲ့ အရိပ်လွှမ်းမိုးမှု 

 

ယူကရိန်း နဲ့ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေကလည်း မြန်မာပြည်ရဲ့ ပဋိပက္ခ အပေါ်  အရိပ် လွှမ်းမိုးမှု ရှိနေတယ်။ အနောက်အုပ်စု ဒီမိုကရေစီနိုင်ငံတွေက သူတို့ ပန်းကန်ထဲ စားစရာတွေ အပြည့် ရှိနေပါပြီ။( ပဋိပက္ခတွေနဲ့ လုံလောက်နေပြီ )။ အပြန်အလှန် တိုက်ခိုက်မှုတွေ၊ အာဆီယံကလည်း မလိုလားတဲ့ မပြီးနိုင် မစီးနိုင် ပြည်တွင်း အားပြိုင်မှုတွေထဲ နောက်ထပ် သူတို့ ဝင်မပါလိုကြတော့ဘူး။ ဒီအတွက်ကြောင့် တရုတ်၊ ရုရှားနဲ့ အိန္ဒိယလို အင်အားရှိ နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ အရှုပ်အထွေး မဖြစ်ချင်ကြဘူး။ 

 

ခါးသည်းတဲ့ အမှန်တရားကတော့ ရှင်းပါတယ်။ မြန်မာ အတိုက်အခံတော်လှန်ရေး အုပ်စုတွေကို နိုင်ငံတကာ အသိုင်းအဝန်းက ကူညီနိုင်တာတွေ ရှိပါတယ်။ ဒါပေမယ့် ဒီလို ကူညီနိုင်တာက နည်းနည်းကလေးပါပဲ။ နောက်ဆုံးတော့ မြန်မာပြည်သူတွေဟာ သူတို့ရနိုင်သမျှ အရင်းအမြစ်တွေနဲ့ပဲ သူတို့ကိုယ်သူတို့ ခုခံ တော်လှန်နေကြရမှာပါ။ 

 

ဒါ့ကြောင့် လူသားတွေရဲ့ ဒုက္ခဆင်းရဲခြင်းတွေ၊ လူမှု အသိုင်းအဝန်း မတူကွဲပြားမှုတွေ၊ စီးပွားဥစ္စာ ပျက်စီးခြင်းတွေနဲ့ အတူ နောက်ဆုံးမှာတော့ မြန်မာပြည်တွင်းစစ်ဟာ စတုတ္ထနှစ်အထိ ဆက်ဖြစ် နေပါလိမ့်ဦးမယ်။ 

 

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦး

( Three years on from the coup, Myanmar's civil war looks headed for a fourth year. By Andrew Selth ကို ဆီလျော်အောင် ဘာသာာပြန်ထားတာဖြစ်ပါတယ်)

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၁ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး