တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ဆောင်းပါး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.6k

ရေးသားသူ- ဘုန်းစည်သူ

ရခိုင်ပြည်က ရမ်းဗြဲမြို့ဟာ ရခိုင်သမိုင်းထဲက အရေးပါတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ရခိုင်တို့ရဲ့ အထင်ကရ  ရှေးဟောင်းမြို့တွေအထဲမှာ ရမ်းဗြဲမြို့လည်း တစ်မြို့ အပါအဝင်ဖြစ်ပါတယ်။ ရခိုင်နောက်ဆုံးဘုရင် မဟာသမ္မတရာဇာဟာ ရမ်းဗြဲမြို့စားဘ၀ကနေ ရခိုင်ပြည်ရှင်မင်း ဖြစ်လာခဲ့တာပါ။ သမိုင်းရာဇဝင်ထဲမှာ ရမ်းဗြဲနယ်က ထင်ရှားကျော်ကြားတဲ့ အမျိုးသမီးနှစ်ဦးလည်း ရှိပါသေးတယ်။ တစ်ဦးကတော့ မဟာသမ္မတရာဇာရဲ့ မိဖုရား မြသန္တာဖြစ်ပြီး နောက်တစ်ဦးက မင်းဗာ ဘုရင်ရဲ့ မိဖုရားစောမဲကျီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရမ်းဗြဲမြို့ပေါ်မှာရော ရမ်းဗြဲနယ်တကြောမှာပါ  ရှေးခေတ်ဘိုးဘွားတွေ တည်ထားခဲ့တဲ့  စေတီပုထိုး ကျောင်းကန် ဇရပ် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် လက်ရာတွေကို အခုအချိန်ထိ အစီအရီ တွေ့မြင်နိုင်ပါသေးတယ်။ ရမ်းဗြဲ မြို့ပေါ်မှာ ဆိုရင်လည်း ကိုယ်ရံတောင်စေတီအပါအဝင် ရှေးဟောင်း စေတီပုထိုးတွေ၊ မိဖုရားမြသန္တာရဲ့  အရိုးအုတ်ဂူတွေက ရခိုင့် နန်းငွေ့ နန်းရိပ် အငွေ့အသက်တွေနဲ့ လွင့်ပျံ့နေဆဲဖြစ်ပါတယ်။ ဗမာဘုရင်ကျူးကျော်သူတွေဆီမှာ စစ်ရှုံးခဲ့ရတဲ့ ရခိုင်ဘုရင် မဟာသမ္မတရာဇာရဲ့ မိဖုရား မြသန္တာရဲ့ ထုံးဖြူဖြူအုတ်ဂူလေးကတော့ သူမရဲ့  နိဂုံးမလှဖြစ်ခဲ့ရတဲ့ ရင်နှင့်ကြေကွဲဖွယ်ရာ အတိတ်သမိုင်းကို ဖော်ကျူးပြသနေသလို သူမရဲ့  ဘ၀နဲ့ ရင်းပြီး ပေးဆပ်ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကလည်း ရခိုင်လူမျိုးတို့ရဲ့  နှလုံးသားထဲမှာ နာကျည်းခံပြင်းစရာ အစိုင်အခဲအဖြစ် အခုအချိန်ထိ တည်ရှိနေဆဲဖြစ်ပါတယ်။

ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ် ပြာသိုလဆုတ် ၇ ရက် (အေဒီ ၁၇၈၅ ခုနှစ်) မှာ ရခိုင်မင်းနေမြို့တော်မြောက်ဦး ဗမာဘုရင်လက်အောက် ကျရောက်သွားခဲ့ပြီးနောက် ရခိုင်ဘုရင် မဟာ သမ္မတရာဇာနဲ့ မိဖုရား မြသန္တာတို့ဟာ အမရပူမြို့ကို ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။ စစ်ရှုံးနိမ့်ခဲ့ရတဲ့ ရခိုင်ဘုရင့် မဟာသမ္မတရာဇာရဲ့ နောက်ဆုံးနိဂုံးရဲ့ ဖြစ်ရပ်ကလည်း ထပ်တူရင်နှင့်စရာပါ။ သူရဲ့ ချစ်ဇနီး မိဖုရားမြသန္တာကို ဗမာဘုရင်ရဲ့ ဖိအားနဲ့ ငွေအသပြာ ၁၀၀၀ နဲ့ ကွာရှင်းပေးခဲ့ရတဲ့ ဖြစ်စဉ်တွေကလည်း သမိုင်းမှာ အထင်အရှားရှိနေဆဲဖြစ်ပြီး ရင်နှင့်ကြေကွဲဖွယ်ရာ ချစ်သူနှစ်ဦးရဲ့ တစ်ဦးကို တစ်ဦး ချစ်လျက်နဲ့ ကျောခိုင်းခဲ့ရတဲ့ ဖြစ်ရပ်ကလည်း  စစ်ရှုံးဘုရင်တစ်ပါးရဲ့ လွမ်းမောဖွယ်ရာဇာတ်လမ်း တစ်ပုဒ်ပါပဲ။

 

ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးခဲ့ပြီးနောက် ဗမာဘုရင်တွေက ရခိုင်ကို မြို့ဝန်စနစ်နဲ့ အုပ်ချုပ်ခဲ့ရာမှာ ရမ်းဗြဲမှာလည်း မြို့ဝန်တစ်ဦးထားပြီး အုပ်ချုပ်ခဲ့ပါတယ်။ ကြီးလေးတဲ့ လူခွန်၊ မြေခွန်တွေကအစ ယိုးဒယားကို စစ်ချီတက်ဖို့ လူတွေစုဆောင်းပို့ဆောင်ခံရတာတွေ ကြောင့် ဗမာမင်းတွေလက်အောက်  မြို့ဝန်စနစ်ဟာ ရခိုင်ပြည်သူတွေအတွက် ငရဲတမျှ ခံစားခဲ့ကြတယ်လို့ ဆိုပါတယ်။


ဗမာဘုရင် ရခိုင်ပြည်ကို အုပ်ချုပ်ပြီး (၄၁) နှစ်အကြာ ၁၈၂၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့  အင်္ဂလိပ် -မြန်မာ ပထမစစ်ပွဲမှာ ဗမာတို့ စစ်ရှုံးခဲ့တဲ့အတွက် ရခိုင်ပြည်ဟာ တနင်္သာရီတိုင်းနဲ့ အတူ အင်္ဂလိပ်တို့ လက်အောက်ကို ကျရောက်သွားခဲ့ပါတယ်။  အင်္ဂလိပ်တို့က ရမ်းဗြဲမြို့  ခရိုင်မြို့အဖြစ်နဲ့ အရေးပိုင်မင်းကြီး တစ်ဦးထားပြီး အုပ်ချုပ်ပါတယ်။ အဲဒီတုန်းက လက်ရှိ ခရိုင်မြို့ ကျောက်ဖြူဟာ ရွာသာသာလေး ရှိသေးပြီး ခရိုင်မြို့မဟုတ်သေးပါဘူး။ နောက်ပိုင်း ၁၈၅၂ ခုနှစ်မှာမှ  ရမ်းဗြဲနဲ့ အမ်းခရိုင်ကို ပေါင်းပြီး ကျောက်ဖြူခရိုင်လို့ ဖွဲ့စည်းတဲ့ အခါမှ ခရိုင်ဌာနချုပ်ရုံးကို ရမ်းဗြဲကနေ ကျောက်ဖြူမြို့သို့ ပြောင်းရွှေ့ခဲ့တာပါ။ ခုလို ပြောင်းရွှေ့လိုက်တဲ့အတွက် ရမ်းဗြဲမြို့ဟာ  မြို့နယ်ရုံးစိုက်ရာ မြို့အဖြစ်နဲ့သာ ကျန်ရစ်ခဲ့တာပါ။ ရမ်းဗြဲနဲ့ လက်ရှိခရိုင်မြို့ ကျောက်ဖြူဟာ မိုင် (၅၀) ခန့် ကွာဝေးပါတယ်။ အင်္ဂလိပ်တွေ ရခိုင်ကို သိမ်းပိုက်ပြီးတဲ့နောက် ရမ်းဗြဲမြို့ကို စတင်အုပ်ချုပ်စဉ်က  လူဦးရေဟာ ၃၈၉၂ ယောက်သာ ရှိတယ်လို့ ဆိုပါတယ်။


ရမ်းဗြဲမြို့ တည်ရှိရာ ရမ်းဗြဲကျွန်းကိုတော့ ဝမ်းဘဲ သဏ္ဍန်ရှိတဲ့ အတွက် ဝမ်းဘဲကျွန်းလို့ ရှေးက ခေါ်ဆိုတယ်လို့လည်း ဆိုပါတယ်။ ရမ်းပြည့်၊ ရမ္မာ၀တီလို့လည်း အမည်တွင်ပါသေးတယ်။  ရမ်းဗြဲမြို့ ခေါ် ရမ္မာ၀တီမြို့ဟာ  ရှေးရခိုင်ဘုရင်များလက်ထက်ကတည်းက တည်ထားခဲ့တဲ့ မြို့ဖြစ်တာကြောင့် ရန်သူတွေ အလွယ်တကူ မဝင်ရောက်နိုင်အောင် တောင်တန်းတွေ ကာရန်ထားတဲ့ အလယ်က မြေပြန့်လွှင်ပြင်ပေါ်မှာ  ရွေးချယ် တည်ထားခဲ့တာပါ။

 'အင်း၊ ဗန်း၊ မျက်၊ ညောင်၊ ကိုရံတောင်၊ တောင်ရံငါးလုံး၊ ပိတ်ဖုံးကွယ်ကာ၊ မြို့ရမ္မာ' ဆိုတဲ့  စာဖွဲ့ထားတာနဲ့ အညီ ရမ္မာဝတီ ခေါ်တွင်တဲ့ ရမ်းဗြဲမြို့ကို အင်းတောင်၊ ဗဟန်းတောင်၊ ရေမျက်တောင်၊ ညောင်တောင်နှင့် ကိုရံတောင်တို့ က တံတိုင်းကြီးသဖွယ် ကာရန် ထားပါတယ်။  ပြင်ပကနေ ရန်သူတွေ မမြင်ရအောင် ပတ်ပတ်လည် တောင်တွေနဲ့ ဝိုင်းရံထားတဲ့ မြို့တစ်မြို့ ဖြစ်တာနဲ့ အညီ ကြည့်မြင်လေရာ နေရာတိုင်းမှာ မြူခိုဝေဆိုင်း တောင်တံတိုင်းတွေနဲ့ ရှုမငြိမ်းဖွယ်ရာ အလှပတွေ တည်ရှိနေတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

ရမ်းဗြဲမြို့ဟာ ယခင်က လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဖွံဖြိုးတိုးတက်မှု နှေးကွေးခဲ့ရာကနေ လက်ရှိအချိန်မှာတော့ ကုန်းလမ်း၊ ရေလမ်းပါသွားလာလို့ လွယ်ကူလာတာကြောင့် ဖွံ့ဖြိုးတိုးတက်ဖို့ လူးလွန့်စပြုလာတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။

လက်ရှိ ရမ်းဗြဲမြို့ပေါ်မှာတော့ ရပ်ကွက် ၆ ရပ်ကွက်ရှိပြီး မြို့နယ် တစ်ခုလုံးမှာ ကျေးရွာအုပ်စုပေါင်း ၅၁ အုပ်စုနဲ့ ကျေးရွာပေါင်း ၂၁၇ ရွာတည်ရှိပါတယ်။ လူဦးရေကတော့ ၂၀၁၈-၂၀၁၉ ခုနှစ် စာရင်းအရ ၉၈၃၇၀ ဦးရှိတယ်လို့ သိရပါတယ်။

ရမ်းဗြဲမြို့ပေါ်မှာ စတိုးဆိုင် (၂) ဆိုင်၊ ရွှေဆိုင် (၁၈) ဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင် (၉) ဆိုင်၊ ဖုန်း/ဖုန်းပစ္စည်း အရောင်းဆိုင် (၉) ဆိုင်၊ စာအုပ်ဆိုင် (၁) ဆိုင်၊ ဆေးဆိုင် (၁၂)ဆိုင်၊ စားသောက်ဆိုင် (၇) ဆိုင်၊ လဖက်ရည်ဆိုင် (၆)ဆိုင်၊ ကုန်မာဆိုင် (၂၀) ဆိုင်၊ စိုက်ပျိုးရေးပစ္စည်းဆိုင် (၂) ဆိုင်၊ ဆောက်လုပ်ရေး ပစ္စည်းဆိုင် (၈) ဆိုင်၊ ဆန်ဆိုင် (၁၀) ဆိုင်၊ အဝတ်အထည်ဆိုင် (၁၁၀) ဆိုင်၊ နိဗ္ဗာန်ကုန်ဆိုင် (၂) ဆိုင်တို့ တည်ရှိပါတယ်။

ရမ်းဗြဲမြို့နယ် တစ်ခုလုံးမှာ အထက်တန်းကျောင်း ၁၂ကျောင်း၊  အထက (ခွဲ) ကျောင်းပေါင်း (၂၃) ကျောင်း၊ အလက ကျောင်းပေါင်း (၁၄) ကျောင်း၊ အလက(ခွဲ)ကျောင်းပေါင်း (၁၄) ကျောင်း၊ မူလတန်းလွန် ကျောင်းပေါင်း (၁၉) ကျောင်း၊ မူလတန်းကျောင်းပေါင်း (၉၁) ကျောင်း မူလတန်း(ခွဲ) ကျောင်းပေါင်း (၁၁)ကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၆) ကျောင်းရှိပါတယ်။

ကျန်းမာရေးကဏ္ဍ ဆေးရုံများ ရမ်းဗြဲမြို့ ပြည်သူ့ဆေးရုံ၊ လေးတောင်တိုက်နယ်ဆေးရုံ၊ ကျောက်နီမော် တိုက်နယ်ဆေးရုံ၊ စကုတိုက်နယ်ဆေးရုံ၊ ကုန်ဘောင်တိုက်နယ်ဆေးရုံ၊ မြေပုံတိုက်နယ် ဆေးရုံနဲ့  ကျေးလက် ကျန်းမာရေးဌာန / ဌာနခွဲတွေ အများအပြားတည်ရှိပါတယ်။

ရမ်းဗြဲမြို့နယ်ရဲ့ အသားတင်စိုက်ပျိုးဧရိယာပေါင်း ( ၅၁၃၇၃ )၊ လယ်‌မြေဧရိယာ ( ၄၀၀၉၅)၊  ကိုင်း/ကျွန်းမြေ (၁၃၇၈) ၊ ဥယျာဉ်မြေ ( ၅၆၂၂ )၊ ဓနိ (၁၈၆၃) ၊ တောင်ယာမြေ (၂၄၁၅)၊ ပလပ်ထား‌မြေ ဧရိယာ‌ပေါင်း (၈၁၇၀) ရှိတယ်လို့ဆိုပါတယ်။

ရမ်းဗြဲမြို့နယ်ဟာ တစ်ခြားဒေသတွေနဲ့ ယှဉ်ရင် ရခိုင်ဒေသအတွင်း စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးတဲ့ မြို့နယ်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ မြို့နယ်အတွင်းက ဒေသခံ ပြည်သူ လူထုတွေကတော့  စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်ကြပါတယ်။  ဒါ့အအပြင် ငါး ပုစွန် မွေးမြူရေးလုပ်ငန်းတွေကို လည်း စီးပွားဖြစ်လုပ်ကိုင် ကြပါတယ်။  ရမ်းဗြဲမြို့နယ်ကို ကုန်လမ်း ရေလမ်းနဲ့ သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။  မြို့နယ်ရဲ့  အဓိကထွက်ကုန်တွေကတော့  ဆန်စပါး၊ ငပိ၊ ငါးခြောက် ဖြစ်ပြီ ဆန်စပါးထုတ်လုပ်မှုက မြို့နယ်တွင်း ပိုလျှံပြီး အခြားဒေသတွေကို  အများဆုံးတင်ပို့ရောင်းချပါတယ်။  ရမ်းဗြဲမြို့နယ်ဟာ လိုအပ်တဲ့ လူသုံးကုန်ပစ္စည်းတွေကိုတော့  ပြည်မကနေ အဓိက တင်သွင်းရပါတယ်။


ရမ်းဗြဲမြို့နယ်မှ ယခင်ကာလတုန်းကတော့ ဆန်စပါး အပါအဝင် မဲနယ်၊ သကြား၊ ထုံး နဲ့ ရေနံတွေ ထွက်တယ်လို့လည်း သိရပါတယ်။

အခုတော့ ရမ်းဗြဲမြို့လေးဟာ စစ်မက်ဇုန်ထဲမှာ ပါဝင်နေပြီး စစ်ကောင်စီရဲ့  အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်မှုကို ခံနေပါတယ်။ ရမ်းဗြဲမြို့သူ မြို့သားတွေက စစ်ရိပ်စစ်ငွေ့သမ်းလာကတည်းက  မြို့ပေါ် ကနေ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးပြီး ဘေးလွတ်ရာမှာခိုလှုံနေကြရပါတယ်။  

ဒီမြို့လေးရဲ့ အဓိက အထင်ကရနေရာတွေဖြစ်တဲ့  ကိုယ်ရံတောင်နဲ့ သိမ်တောင်တို့မှာ စစ်တပ်က ဝင်ရောက်နေရာယူ တပ်စွဲရာကနေ အဲဒီနေရာတွေကို ဇန်နဝါရီ ၂၄ ရက်နေ့က ရက္ခိုင့်တပ်တော်က ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲတွေ စတင်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်တာဟာ ရက္ခိုင့်တပ်တော် (AA)နဲ့  မြန်မာစစ်ကောင်စီတပ်တို့အကြား ဖြစ်ပေမယ့် စစ်ကောင်စီလေတပ်ကတော့ လူမျိုးရေးမုန်းတီးမှု အငြိုးအတေးတွေနဲ့ အတူ စစ်ပွဲနဲ့ မဆိုင်တဲ့ လူနေရပ်ကွက်တွေကို နေ့တိုင်းလိုလို ပေါင် ၅၀၀ ဗုံးတွေနဲ့  ကြဲချနေတဲ့အတွက် သစ်ကောင်းဝါးကောင်းတွေနဲ့ တည်ဆောက်ထားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ နေအိမ်တွေဟာ တစ်လုံးပြီး တစ်လုံး မီးဟုန်းဟုန်းတောက်လောင်လျက် ရှိနေပါတယ်။

လက်ရှိနောက်ဆုံးရရှိတဲ့ သတင်းတွေအရ စစ်ကောင်စီဟာ ဓာတုအဆိပ်ငွေ့ပါတဲ့ ဗုံးတွေကို ကြဲချ တိုက်ခိုက်နေတဲ့အတွက် ဒေသခံတချို့ အသက်ရှုမ၀ဖြစ်ပြီး မွန်းကျပ်မှုတွေကို ခံစားနေကြရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

အခုတော့ ရာဇဝင်ထဲကမြို့၊ ရှေးရိုးရာဓလေ့တွေနဲ့ မွေ့ပျော်​နေတဲ့မြို့၊ ရခိုင်တွေရဲ့ နှလုံးသားထဲကမြို့၊ အိမ်ကြီးရခိုင်တွေနဲ့ လှပတင့်တယ် နေတဲ့မြို့၊ ပကတိ ရိုးသားဖြူစင်တဲ့ ဖေါ်ရွေသူတွေနေတဲ့မြို့၊ တောင်တံတိုင်းနဲ့ ရှုမငြိမ်းဖွယ်ရာ တည်ငြိမ်အေးချမ်းနေတဲ့မြို့၊ ရက္ခိတတရားတွေနဲ့ စည်ပင် ဝေစည်နေတဲ့ ရမ်းဗြဲမြို့လေးကတော့ အာဃာတတရားကြီးမားသူတွေရဲ့ ဂလဲ့စားချေမှုအောက်မှာ ဒဏ်ရာဒဏ်ချက် တွေနဲ့ မရှုမလှ ပျက်စီးယိုယွင်းသွားခဲ့ရပါပြီ။  

ကိုးကား- ရခိုင်ရာဇဝင်သစ်ကျမ်း၊ ရခိုင်ပြည်ရှိမြို့များဖြစ်ပေါ်လာပုံသမိုင်း (ဦးအောင်လှသိန်း)၊  စာပေ ပြုစုသူ ကလောင်ရှင်- သျှင်မင်းခိုင်နှင့် ဝီကီပီးဒီးယား

 

ဆက်စပ် သတင်းများ

တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၁ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး