ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၂ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 842

ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။

ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။

စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။

လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။

မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။

သုံးနှစ်တာအတွင်း တိုင်းပြည်စီးပွါးရေးချွတ်ခြုံကျသွားကြောင်း၊ အာဏာမသိမ်းခင်က မြန်မာကျပ်ငွေ တန်ဖိုးဟာ ခုဆိုရင် တစ်ဒေါ်လာ ၃၅၀၀ အထိ ထက်ဝက်နီးပါး ကျဆင်းသွားကြောင်း၊ အစိုးရဟာ နိုင်ငံခြားဝင်ငွေ မရှိလို့ ဒေါ်လာနဲ့တင်သွင်းရတဲ့ ပြည်ပသွင်းကုန်တွေကို တားမြစ်ထားကြောင်း၊ လောင်စာဆီ ရှားပါးမှုနဲ့အတူ စျေးနှုန်းတွေမြင့်လာသလို လျှပ်စစ်ဓါတ်အားကိုလည်း တစ်နေ့ လေးနာရီ အလှည့်ကျစနစ်နဲ့ ပေးနေရကြောင်း ရေးသားထားတယ်။

တကယ့်မြေပြင်အနေအထားမှာတော့ စစ်တပ်ဟာ သူ့ရဲ့အားသာချက်ဖြစ်တဲ့ လေကြောင်းကနေ ဗုန်းကြဲတာကလွဲရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို ထိထိရောက်ရောက် ဟန့်တားနိုင်ခြင်းမရှိဘဲ နေရာအနှံ့မှာ အရှုံးနဲ့ ရင်ဆိုင်နေရတယ်။ ပြီးခဲ့တဲ့ အပတ်ကပဲ ကရင်ပြည်နယ် မြဝတီအနီးမှာ စစ်တပ်က လေယာဉ်တစ်စီး ပစ်ချခံရပြီး ဗိုလ်မှူးချုပ်ရာထူးအဆင့်ရှိသူတစ်ဦးအပါအဝင် လေယာဉ်မှူးနှစ်ဦး နဲ့ စစ်သားတွေ သေဆုံးခဲ့တယ်။ ပြီးခဲ့တဲ့ သုံးလအတွင်း မြန်မာစစ်တပ်ဟာ MNDAA, TNLA, AA ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း မကြုံစဖူး စစ်ရေးရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အောက်တိုဘာ ၂၇ စစ်ဆင်ရေး စတင်ချိန်က စလို့ မြို့နယ်ပေါင်း ၄၀နီးပါး လက်လွှတ်ဆုံးရှုံးလိုက်ရပြီး တပ်စခန်းပေါင်း ၅၀၀ ကျော်၊ စစ်သည်ပေါင်း ၁၀၀၀၀ ကျော်ဟာ သေဆုံး သို့မဟုတ် ပျောက်ဆုံး သို့မဟုတ် အလံဖြူထောင် လက်နက်ချမှုတွေ ရှိခဲ့တယ်လို့ ဆိုတယ်။

လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်အတွင်း ပထမဦးဆုံးအကြိမ် မြန်မာစစ်တပ်ဟာ ပြိုကွဲတော့မယ့် အနေအထားကို ရောက်ရှိလာကြောင်း လာရီယာဂန်က ရေးသားထားပါတယ်။

မြန်မာစစ်တပ်ရဲ့ စိတ်ဓါတ် နဲ့ စည်းကမ်းပိုင်းဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်မှာ အဆိုးရွားဆုံး ကျဆင်းနေပြီး တိုက်ရည်ခိုက်ရည်လည်း မရှိ ဖြစ်နေတယ်။

မြန်မာစစ်တပ်ဟာ ၁၉၉၀ ပြည့်လွန်နှစ်များက KNU နဲ့တစ်ကြိမ်၊ ၂၀၀၉ ခုနှစ်မှာ MNDAA နဲ့တစ်ကြိမ်ပဲ တိုက်ပွဲကြီး ဆင်နွှဲခဲ့ဖူးပြီး ခုလို ကြီးမားတဲ့တိုက်ပွဲ အတွေ့အကြုံမရှိဘူး။ မကြာသေးမီက မြောက်ပိုင်းတိုက်ပွဲတွေမှာ စစ်တပ်ဟာ အကြီးအကျယ် စိတ်ဓါတ်ကျဆင်းနေပြီး ဆက်တိုက် အရှုံးနဲ့ ရင်ဆိုင်နေရတယ်။

အောက်ခြေတပ်သားတွေမှာ အထူးသဖြင့် အငယ်တန်းအရာရှိတွေမှာ စိတ်ဓါတ်ပြိုကွဲကျဆင်းမှုတွေ ရှိနေပြီး တိုက်လို ခိုက်လိုစိတ်တွေ ကုန်ဆုံးနေတယ်။ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်တပ်မိသားစုတွေဟာ သူတို့ရဲ့ လုံခြုံရေးကိုမေးခွန်းထုတ်လာကြတယ်။

တော်လှန်ရေးအုပ်စုတွေရဲ့ ဒရုန်းအသုံးပြုတိုက်ခိုက်မှုကလည်း စစ်တပ်ကို ယှဉ်လာနိုင်တယ်။ အစိုးရနဲ့ စီးပွါးရေးလောက က လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့လုံခြုံရေးက စိုးရိမ်စရာရှိနေပြီး တချို့စီးပွါးရေးလုပ်ငန်းရှင်တွေက ပြည်တွင်းမှာ မနေတော့ဘဲ ပြည်ပထွက်ခွါပြီး သွားနေတာရှိတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နီးစပ်သူတွေဆီက ရရှိတဲ့သတင်းတွေအရ မင်းအောင်လှိုင်ဟာ စိတ်ကယောင်ခြောက်ခြားဖြစ်နေပြီး တစ်နေ့တခြား အထီးကျန်လာနေတယ်လို့ ဆိုတယ်။

မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ စိတ်မချတော့တဲ့အတွက် အနီးဆုံးဖြစ်တဲ့ နံပါတ် ၂ စစ်ခေါင်းဆောင် စိုးဝင်းကိုတောင် တစ်ကိုယ်လုံး ရှာဖွေစစ်ဆေးခံယူပြီးမှ သူနဲ့တွေ့ခွင့်ပေးတယ်လို့ဆိုတယ်။ မင်းအောင်လှိုင်ဟာ ဆိုးရွားတဲ့ အိပ်မပျော်တဲ့ ရောဂါ ရရှိနေပြီး ညစဉ် ဆေးထိုးပြီးမှ အိပ်ရတယ် လို့ဆိုတယ်။ ခုချိန်မှာ မင်း​အောင်လှိုင်ဟာ စစ်ခေါင်းဆောင်တွေထဲမှာ မုန်းတီးရွံရှာစရာ အကောင်းဆုံးစစ်ခေါင်းဆောင်လို့ အားလုံးက မြင်လာကြတယ်။

သုံးနှစ်တာကာလအတွင်း မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး အကောင်းပြောသူမရှိသလောက်ဖြစ်လာတဲ့ အထဲမှာ မဘသ ဘုန်းကြီးတွေလည်း ပါလာတယ်။ မဘသဘုန်းကြီးတစ်ပါးဆိုရင် မင်းအောင်လှိုင် နှုတ်ထွက်ပြီး စိုးဝင်းကို အာဏာလွှဲပေးဖို့အထိ ပြောလာတယ်။ ဒီအတောအတွင်းမှာပဲ မင်းအောင်လှိုင် ဖယ်ရှားရေး တွန်းအားပေးမှုတွေ နောက်ကွယ်မှာ အားကောင်းလာနေတာတွေ့ရတယ်။

အမျိုးသားရေးအမာခံလို့ ခံယူထားတဲ့ သမ္မတဦးသိန်းစိန်လက်ထက်က စစ်ခေါင်းဆောင်ဟောင်း တချို့ဟာ မင်းအောင်လှိုင်ကို ဖြုတ်ချဖို့ တိတ်တဆိတ် ကြံစည်နေတယ်လို့ ဆိုတယ်။

ဒါတွေက ဘီဘီစီကမ္ဘာ့သတင်းအယ်ဒီတာဟောင်း နဲ့ မြန်မာ့ရေးရာကျွမ်းကျင်သူ လာရီယာဂန် ရဲ့သုံးသပ်ချက်တွေ ဖြစ်ပါတယ်။

သူက သုံးနှစ်ပြည့်မှာ ပြုလုပ်ဖို့ရှိတဲ့ စစ်ကောင်စီရဲ့ ကာလုံအစည်းအဝေးက ဘာဆုံးဖြတ်မယ်ဆိုတာ မသိသေးကြောင်း၊ အများခန့်မှန်းသလို ခြောက်လသက်တမ်း ထပ်တိုးမလား၊ အရပ်သားကြားဖြတ် အစိုးရတစ်ရပ်ဖွဲ့စည်းပြီး ရွေးကောက်ပွဲကျင်းပဖို့ ၊ သန်းခေါင်စာရင်း ကောက်ဖို့ ပြင်ဆင်မလား။ လူတွေအားလုံးက ကာလုံအစည်းအဝေးက ဘာတွေဖြစ်လာမလဲ စောင့်ကြည့်နေကြောင်း ရေးသားထားပါတယ်။

ခုဆိုရင် ကာလုံအစည်းအဝေးလည်း ပြီးဆုံးသွားပါပြီ။ အားလုံး သိကြတဲ့အတိုင်း နောက်ထပ် ၆ လ လည်း သက်တမ်းတိုးလိုက်ပါပြီ။ တစ်နေ့တခြား ဆိုးရွားလာနေတဲ့ တိုင်းပြည်အခြေအနေမှာ (လာရီယာဂန်ရဲ့ သုံးသပ်ချက်အတိုင်း) ဘာဖြစ်လာမယ်ဆိုတာ မသိတဲ့ မသေချာ မရေရာမှုတွေသာ တိုးပွါးလာနေတာ တွေ့မြင်နေရပါတယ်။ NN-27

 Ref: Myanmar faces increasing uncertainty by Larry Jagan, Bangkok Post.

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!