ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

အိန္ဒိယက ခြံစည်းရိုးခတ်မလား..။


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 445

နိရဉ္စရာ(ဘာသာပြန်ဆောင်းပါး) ဖေဖော်ဝါရီ ၅/၂၀၂၄ 

တိုးလျိုးပေါက်ပွင့်နေတဲ့ မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်မယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်ပိုင်းက အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ် ရှားက ပြောလိုက်ပါတယ်။

ပြဿနာများနေတဲ့ မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက်မှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်လိုမျိုး ခြံစည်းရိုးခတ်မယ်လို့ သူက ပြောလိုက်တာပါ။ မိုင်ပေါင်း ၁၀၂၀ ရှည်လျားတဲ့ မြန်မာနဲ့ အိန္ဒိယနယ်စပ်က အန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ထက် နှစ်ဆပိုပြီးရှည်လျားတယ်။

အာမစ်ရှားက နောက်တစ်ခုထပ်ပြောပါတယ်။ မြန်မာ နဲ့ အိန္ဒိယအကြား သဘောတူထားခဲ့တဲ့ ခြောက်နှစ်သက်တမ်းရှိပြီဖြစ်တဲ့ " နယ်စပ်တစ်လျှောက် လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်" ( Free Moment Agreement) သဘောတူညီချက်ကိုလည်း ပြန်ဖျက်သိမ်းတော့မယ်လို့ ဆိုတယ်။

ဒီသဘောတူညီချက်က မြန်မာနဲ့ အိန္ဒိယနယ်စပ်တစ်လျှောက် ၁၀ မိုင်အတွင်း ဗီဇာမလိုဘဲ သွားလာခွင့် ပေးထားတာဖြစ်တယ်။ အာမစ်ရှားက အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးကို ဘယ်လိုကာမယ်၊ အချိန်ဘယ်လောက်ကြာမယ်ဆိုတဲ့ အသေးစိတ်တွေကိုပါ ပြောပြခဲ့တယ်။

ဒါပေမယ့် သူ့စီမံကိန်းက စိန်ခေါ်မှုတွေ အများကြီး ရှိနေတယ်။ ပညာရှင်တွေရဲ့အဆိုအရ တောင်တန်းအမြင့်ကြီးတွေ ထူထပ်လှတဲ့ နယ်စပ်တလျှောက် ခြံစည်းရိုးကာဖို့ဆိုတာ မဖြစ်နိုင်ဘူး တဲ့။ ဒီလို ကာလိုက်မယ်ဆိုရင်လည်း နှစ်ပေါင်းများစွာ နယ်စပ်ရဲ့ ဟိုဘက် ဒီဘက်မှာ ငြိမ်းငြိမ်းချမ်းချမ်းနေလာတဲ့ တိုင်းရင်းသားတွေကို မငြိမ်မသက်ဖြစ်အောင် လုပ်လိုက်သလိုဖြစ်သွားမယ်။

အိန္ဒိယအရှေ့မြောက်ပြည်နယ် လေးခုဖြစ်တဲ့ အရူနာချယ် ပရာဒက်ရှ်၊ နာဂလန်း၊ မဏိပူရ၊ မီဇိုရမ် တို့ပါဝင်နေတဲ့ ဒီနယ်စပ်ခြံစည်းရိုးကာရေး စီမံကိန်းဖြစ်လာရခြင်း အကြောင်းနှစ်ခု ရှိတယ်လို့ ဆိုတယ်။

ပထမတစ်ချက်က မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီကစလို့ နယ်စပ်တစ်လျှောက်မှာ အိန္ဒိယရဲ့အကျိုးစီးပွားထိခိုက်မှုတွေ မြင့်မားလာတယ်။

မြန်မာပြည်တွင်းစစ်ဟာ လူပေါင်း ၂သန်းကျော်လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်ထားတယ်။

သိပ်မကြာသေးခင်ကပဲ ရခိုင်လက်နက်ကိုင်တပ် AA ဟာ အိန္ဒိယ-မြန်မာနယ်စပ်က အရေးပါတဲ့ ပလက်ဝမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ ပလက်ဝဟာ အိန္ဒိယ နဲ့မြန်မာဆက်သွယ်ရေး လမ်းကြောင်းမှာ အဓိကကျတဲ့ မြို့တစ်မြို့ဖြစ်တယ်။

နောက်တစ်ချက်က အိန္ဒိယရဲ့ပြဿနာပါ။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက မဏိပူရပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ အကြောင်းအရင်းတစ်ခုက နယ်စပ်ကတစ်ဆင့် အိန္ဒိယထဲ တရားမဝင် ရောက်ရှိလာတဲ့ ကူကီးချင်းလူမျိုးတွေကြောင့်လို့ ယူဆတယ်။ မနှစ်က ဖြစ်ပွားခဲ့တဲ့ မဏိပူရ ကသည်းလူမျိုး တွေနဲ့ ကူကီးချင်းတို့အကြား အပြန်အလှန်မီးရှို့တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် လူပေါင်း ၁၇၀ ကျော် အသက်ဆုံးရှုံးပြီး ထောင်ပေါင်းများစွာ နေရပ်ဒေသကို စွန့်ခွါထွက် ပြေးခဲ့ကြရတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီ ရဲ့ ဘီဂျေပီ(Bharatiya Janata Party) ပါတီဝင်တစ်ဦးဖြစ်တဲ့ မဏိပူရ ဝန်ကြီးချုပ်က ဒီလူမျိုးရေး အကြမ်းဖက်မှုဖြစ်ရတာဟာ မြန်မာပြည်ထဲကနေ မဏိပူရထဲ တရားမဝင် ဘိန်းလာစိုက်သူတွေ နဲ့ မူးယစ်ရာဇာတွေကြောင့် ဖြစ်တယ်လို့ ဆိုတယ်။


ပြီးခဲ့တဲ့ ဇူလိုင်လကတော့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာ က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံပြီး အိန္ဒိယနယ်စပ်တစ်လျှောက်မှာ အနှောက်အယှက်တွေ အများကြီး ဖြစ်နေတယ်။

နယ်စပ်ဒေသမှာပြဿနာတွေ ကြီးထွားမလာအောင် ရှောင်ရှားဖို့နဲ့ မူးယစ်ဆေး နဲ့ လူမှောင်ခို တားဆီးဖို့ အကြောင်း ပြောဆိုခဲ့တယ်။ အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးကာဖို့ စီစဉ်ရတဲ့ အဓိကအကြောင်းက အရှေ့ဘက်နယ်စပ်တစ်လျှောက် လုံခြုံရေးခြိမ်းခြောက်မှု ကြီးထွားလာလို့ ဖြစ်တယ်လို့ ဝီလ်ဆင်စင်တာက မိုက်ကယ် ကူဂယ်လ်မင် က ဆိုတယ်။

" မြန်မာပြည်ထဲ တစ်နေ့တခြားကြီးထွားလာနေတဲ့ ပဋိပက္ခရဲ့ နောက်ဆက်တွဲရိုက်ခတ်မှုတွေ အိန္ဒိယထဲ ဖိတ်လျှံမလာဖို့ နဲ့ လတ်တလော ပြဿနာဖြစ်နေတဲ့ မဏိပူရထဲ ဒုက္ခသည်တွေ ဝင်မလာဖို့ ဖြစ်တယ်" လို့ မိုက်ကယ် ကူဂယ်လ်မင် ကပြောပါတယ်။

မဏိပူရ လူမျိုးရေးပြဿနာက မြန်မာပြည်က ဝင်လာတဲ့ ကူကီးချင်းတွေကြောင့်လို့ ပြောတဲ့ကိစ္စနဲ့ ပတ်သက်လို့ အချက်အလက်ခိုင်လုံမှုမရှိဘူးလို့လည်း ဆိုတယ်။ တရားဝင်စာရင်းတွေအရ ပြီးခဲ့တဲ့ နှစ် ဧပြီလအထိ မဏိပူရကို ပြောင်းရွှေ့လာသူဦးရေဟာ ၂၁၈၇ ဦးပဲ ရှိတယ်လို့သိရတ ယ်။

" မြန်မာပြည်ထဲက တရားမဝင် ဝင်ရောက်လာသူတွေကြောင့်လို့ ဆိုတဲ့ ယူဆချက်က အမှားပါ။ ဒါက ကူကီတွေဟာ တရားမဝင် နေထိုင်သူတွေ၊ နိုင်ငံခြားသားတွေ၊ မဏိပူရဒေသခံတွေမဟုတ်ဘူး ဆိုတဲ့အချက်တွေကို ပုံဖော်ချင်လို့ လုပ်ကြံပြောတာ သက်သက်ဖြစ်တယ်"


" ကူကီးတွေဟာ မဏိပူရမှာ နှစ်ပေါင်းများစွာကတည်းက နေလာကြတာ။ လွတ်လပ်စွာ ဖြတ်ကျော်သွားလာခွင့်ဟာ ကသည်းတွေအတွက်ရော ကူကီးတွေအတွက်ပါ စီးပွားရေးအရ အကျိုးရှိပါတယ်" လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်း ဂေါတန် မူခိုပါဒယာ က ဆိုပါတယ်။

ဒီဒေသအကြောင်းကောင်းကောင်းသိတဲ့ အိန္ဒိယစစ်တပ်က အရာရှိတစ်ဦးကတော့ နယ်စပ်ခြံစည်းရိုးကာရတဲ့ အကြောင်းရင်းက တရားမဝင် နေထိုင်သူတွေကို တားဆီးဖို့မဟုတ်ဘဲ အိန္ဒိယအရှေ့မြောက်ဘက် မြန်မာနိုင်ငံထဲမှာ စခန်းချနေထိုင်တဲ့ အိန္ဒိယသူပုန်တွေ တားဆီးဖို့သာဖြစ်တယ်လို့ ဆိုတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်မယ့်အစီအစဉ်ဟာ ဆန့်ကျင်မှုအများကြီးနဲ့ ရင်ဆိုင်ရဖို့ ရှိနေတယ်။ အိန္ဒိယ နဲ့မြန်မာဟာ သမိုင်းကြောင်းတစ်လျှောက် ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့သလို အိန္ဒိယအနွယ်ဝင် နှစ်သန်းဟာ မြန်မာနိုင်ငံထဲမှာ နေထိုင်နေကြပြီး အိန္ဒိယရဲ့ အရှေ့မျှော် ( Look East) မူဝါဒအကျိုးကို ခံစားနေရတယ်။

ဒီ မူဝါဒအရ အိန္ဒိယဟာ မြန်မာနိုင်ငံထဲမှာ လမ်းဖောက်လုပ်ရေး၊ ပညာရေးနဲ့ တခြားအကူအညီ ဒေါ်လာ ၂ ဘီလျံ အထောက်အပံ့ပေးထားတယ်။

ပိုပြီး အရေးကြီးတဲ့ အချက်တစ်ချက်က အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ဟိုဘက် ဒီဘက်မှာ နှစ်ပေါင်းများစွာနေထိုင်လာတဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာ ခြံစည်းရိုးကြောင့် ကွဲကွာသွားရမယ့်အခြေအနေပါ။

အိန္ဒိယ မီဇိုရမ်ပြည်နယ်မှာ နေထိုင်ကြတဲ့ မီဇိုချင်း နဲ့ မြန်မာပြည်က ချင်းလူမျိုးတွေဟာ ဆွေမျိုးတွေပါ။ အလားတူ နယ်စပ်တစ်ဖက်စီမှာ နာဂလူမျိုးတွေ နေထိုင်ပြီး မြန်မာပြည်က နာဂတွေဟာ အိန္ဒိယဘက်မှာ လာရောက်ပညာသင်ကြားနေတာတွေရှိတယ်။ အံ့ဩစရာတော့မဟုတ်ပါဘူး။

မီဇိုရမ်ပြည်နယ်ဆိုရင် အိန္ဒိယဗဟိုအစိုးရရဲ့ညွှန်ကြားချက်ကို နားမထောင်ဘဲ မြန်မာပြည်ထဲက စစ်ကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည် ၄၀၀၀၀ ကျော်ကို မီဇိုရမ်မှာ ခိုလှုံခွင့်ပေးထားတယ်။ ပညာရှင်တွေကတော့ တောင်တန်းတွေနဲ့ သစ်တောထူထပ်တဲ့ နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ဖို့ဆိုတာ မလွယ်ကူလှဘူးလို့ ဆိုနေကြတယ်။

" နယ်စပ်တစ်လျှောက်လုံးမှာရှိတဲ့ တောင်တန်းတွေနဲ့ ဝေးလံခေါင်ဖျားတဲ့ တောကြိုအုံကြားထဲ ခြံစည်းရိုးကာဖို့ဆိုတာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ခြံစည်းရိုးကာသလောက် မလွယ်ကူပါဘူး" လို့ မြန်မာ့အရေးကျွမ်းကျင်တဲ့ ဘာတေးလ်လစ်တနာက ပြောဖူးတယ်။

နောက်တစ်ခုကတော့ ခြံစည်းရိုးကြောင့် ဖြစ်လာနိုင်တဲ့ နှစ်နိုင်ငံကြား ပြဿနာတွေဖြစ်တယ်။ လက်ရှိမှာ အိန္ဒိယဟာ ပါကစ္စတန်၊ တရုတ်တို့နဲ့ နိုင်ငံရေးကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ နယ်စပ်အငြင်းပွားမှု၊ အကြမ်းဖက်မှုအပါအဝင် တခြားပြဿနာတွေ ရှိနေတယ်။

အိန္ဒိယဟာ တောင်အာရှကို ခြေလှမ်းတိုးဝင်လာနေတဲ့ တရုတ်ကို တွန်းထုတ်ဖို့ကြိုးစားနေရတယ်။ တရုတ်ဟာ အိန္ဒိယထက် မြန်မာနိုင်ငံထဲမှာ သူ့အကျိုးစီးပွား အများကြီး ရှိထားတယ်။

" ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့နဲ့ နယ်စပ်တစ်ဖက်က တရုတ်နိုင်ငံရဲ့ တိုးလာနေတဲ့ ခြေလှမ်းတွေကို ရှောင်ရှားဖို့ဆိုရင် နယ်စပ်ဒေသစိန်ခေါ်မှုတွေဟာ မလိုလားအပ်တဲ့ ထိုးဖောက်နှောက်ယှက်မှုတွေပါ။ ဒါပေမယ့် သူတို့ လွယ်လွယ်နဲ့ လက်လျှော့သွားဖို့ မရှိပါဘူး" လို့ အမေရိကန် ဝီလ်ဆင်စင်တာက မိုက်ကယ် ကူဂယ်လ်မင်က ဆိုပါတယ်။ NN-27

ref: India-Myanmar: Why Delhi Wants to fence the ' troubled' border. by Soutik Biswas.

ဆက်စပ် သတင်းများ