ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

အဖြူရောင်လှုပ်ရှားမှု၊ ဘုံသဘောထားရပ်တည်ချက်များနှင့် ကျရိပ်ပြလာသည့် စစ်ကောင်စီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 721


နိဒါန်း

စစ်အာဏာသိမ်းကာလ ၃ နှစ်ပြည့်၊ ၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ပြသခဲ့သည့် လူထုလှုပ်ရှားမှုများကို နည်းလမ်းနှစ်သွယ် ဖြင့် နိုင်ငံတဝှမ်းလုံးတွင် လှုပ်ရှားခဲ့ကြသည်။ “အပြင်မထွက် အသံတိတ်သပိတ်” နှင့် “အဖြူ ရောင်လှုပ်ရှားမှု” ဟူ၏။

ထိုထိုသော အကြမ်းမဖက်သော ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပြသခဲ့ကြသည့် ပြည်လူလူထု ၏ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုများသည် ဆိုခဲ့ပါ ၃ နှစ်တာကာလအတွင်း ပုံသဏ္ဍာန်မျိုးစုံ၊ အသွင်သဏ္ဍန်မျိုးစုံဖြင့် နိုင်ငံတဝှမ်းလုံးတွင် တွေ့ရှိခဲ့ရပြီးလည်းဖြစ်သည်။ “ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး”ဟု ဆိုကာ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ကြောင်း ဆန္ဒ ဖော်ထုတ်လှုပ်ရှားမှုများမှ စတင်ခဲ့သည့် နွေဦးတော်လှန်ရေး (ဝါ) လူထုတော်လှန်ရေးသည် ယခုအခါ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအထိ ဦးတည်မျှော်ရည်ကာ အကြမ်းမဖက်သောနည်း ဖြင့် လူထူသပိတ်လှုပ်ရှားမှုများအပြင် စစ်ရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာအရေး စသော အရေး ပေါင်းစုံကနေ အာဏာသိမ်းစစ်အုပ်စုအား ဖိအားပေးလာနေပြီဖြစ်သည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ နှစ်ပတ်တကြိမ် သတင်းသုံးသပ်ချက်တွင် စစ်အာဏာသိမ်းမှု ၃ နှစ် ပြည့်ကာလအတွင်း တွေ့ရှိခဲ့ရသည့် အကြမ်းမဖက်သော လူထုလှုပ်ရှားမှုများမှသည် စစ်ရေး၊ နိုင်ငံရေး အရွေ့အပြောင်းများဆီ ဦးတည်လာနေသော သဘောထားရပ်တည်ချက်များ၊ ထူးခြားဖြစ်စဉ်များနှင့် စစ်အုပ်စု၏ ကျရှုံးပုံရိပ်များကို ချဉ်းကပ်တင်ပြသွားပါမည်။

အပြင်မထွက် အသံတိတ်သပိတ်” နှင့် အဖြူရောင်လှုပ်ရှားမှု

၂၀၂၄ ခုနှစ် ဖေ‌ဖော်ဝါရီ ၁ ရက်နေ့၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်သည့် “အပြင်မထွက် အသံတိတ် သပိတ်” ကို ရန်ကုန်၊ မန္တလေး၊ မိုးကုတ်၊ မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ ရွှေဘို၊ မြိုင်၊ မုဒုံ၊ ကဝ၊ ရွာငံ၊ ဖားကန့် စသည့် မြို့ကြီးများတွင် ပြုလုပ်ခဲ့ကြပါသည်။[1]


ဖြူရောင် အင်္ကျီ၊ အဖြူရောင် ဖဲကြိုး၊ အဖြူရောင်ခေါင်းစီး၊ အဖြူရောင်လက်ပတ် စသည် တို့ကို ဝတ်ဆင်သည့် အဖြူရောင်  လှုပ်ရှားမှု(White Campaign)ကိုလည်း အကြမ်းမဖက်သော လူထူလှုပ်ရှားမှု နည်းလမ်းအဖြစ် အသုံးပြုကာ အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်ကို တွေ့ရပါသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်- ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ဒေသ တွင်း သပိတ်အင်အားစုများနှင့်ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်ခဲ့ကြပြီး အမျိုးသမီးမဟာမိတ်အင်အားစု (WAB) ၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ ကနီမြို့နယ်သပိတ် ဦးဆောင်ကော်မတီ၊ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ကလည်း ပူးပေါင်းဝန်းရံခဲ့ကြသည်။[2]


အာဏာသိမ်းစစ်အုပ်စုကို လေယာဉ်လောင်စာဆီ ရောင်းချ၊ သယ်ယူပေးနေကြသည့် နိုင်ငံများ၊ အဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံး ရပ်တန်းကရပ်ကြရန်၊ အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများကို အတင်းအဓမ္မကောက်ခံနေသည့် “သွေးစွန်း အခွန်အခ” များအား လုံးဝမပေးဆောင်ကြရန်၊ အာဏာသိမ်းစစ်အုပ်စု၏ အစတေးခံ၊ ထိုးကျွေးခံဘဝ ရောက်နေပြီဖြစ်သော မြေပြင်တပ်မှူးတပ်သားများအနေဖြင့် အမြန်ဆုံး ပြည်သူ့ ရင်ခွင် ခိုလှုံကြရန်၊ အလင်းဝင်ကြရန်၊ “အလံဖြူ” ထောင်ကြရန်ဟူသော တောင်းဆိုချက် (၃) ချက်သည် အဖြူရောင်လှုပ်ရှားမှု၏ ရည်ရွယ်တောင်းဆိုချက်များ ဖြစ်ပြီး အပတ်စဉ်တနင်္လာ နေ့တိုင်းတွင် အဖြူရောင်လှုပ်ရှားမှုကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ထုတ်ပြန်ထားပါသည်။

ဘုံသဘောထားရပ်တည်ချက် ထုတ်ပြန်ခြင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် ရေးအတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်” ခေါင်းစဉ်ဖြင့် ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက် ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါသည်။

ထိုကြေညာချက်တွင် တစ်ခုတည်းသော မျှော်မှန်းချက်၊ ဦးတည်ချက် (၆) ချက်၊ ရပ် တည်ချက် (၉) ချက်နှင့် လုပ်ငန်းစဉ်အဆင့်ဆင့် (၆) ခု တို့ ပါရှိသည်။ “မြန်မာစစ်တပ်တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား လက်ခံလာလျှင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးခြင်း” ဆိုသော လုပ်ငန်းစဉ်တခုကို ဖော်ပြထားသည်က “တွေ့ဆုံဆွေးနွေးရေး” လမ်းဖွင့်ထားသည်ကို ထင်ရှားစေပါသည်။

ဘုံသဘောထားရပ်တည်ချက်ပါ နိုင်ငံရေးဦးတည်ချက် (၆) ရပ်တွင်မူ (က) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ (ခ) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ (ဂ) ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်၊ (ဃ)သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီ စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်၊ (င) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အသစ်အား တည်ဆောက်ရန်၊ (စ) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော် ဆောင်ရန်ဟု ဖော်ပြထားပါသည်။[3]

ထို့ကြောင့် စစ်ရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာအရေးပေါင်းစုံမှ ဖိအားပေးခံနေရသည့် အာဏာသိမ်းစစ်အုပ်စုအတွက် ဆိုခဲ့ပါ နိုင်ငံရေးဦးတည်ချက် (၆) ရပ်သည် လက်ခံနိုင်၊ မနိုင် ဆိုသည်က စစ်အုပ်စုအတွင်း တာဝန်ရှိသူများကိုယ်တိုင် ရွေးချယ်ရမည်ဖြစ်သည်။

ထူးခြားဖြစ်စဉ်များ

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသက စတင်လာသည့် “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်စစ် ဆင်နွှဲနေကြသည့် နိုင်ငံတဝှမ်းလုံးရှိ ခုခံတော် လှန်ရေးအင်အားစုများ၏ ဟန်ချက်ညီ စစ်ဆင်ရေးများသည် အပြန့်ကျယ်ကျယ်၊ အရှိန်ပြင်း ပြင်းဖြင့် ထိုးစစ်ဆင်လှုပ်ရှားလာခဲ့ကြပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ အတွင်း မြို့ပေါင်း ၃၉ မြို့အထိ တော်လှန်ရေးအင်အားစုများက ထိန်းချုပ်သိမ်းပိုက်လာနိုင်ခဲ့ပါသည်။[4] ထို့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်များ၏ စခန်းကြီး၊ စခန်းငယ်ပေါင်း ၄၀ဝ ကျော်အထိ တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားနိုင်ခဲ့ပြီး သံချပ်ကာတင့်ကားများ အပါ အဝင် စစ်လက်နက်ပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ပါသည်။[5]

တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ရရှိထားသော “ဟိုင်ဂင်သဘောတူညီချက်များ”[6] ကြောင့် အာဏာသိမ်းစစ်အုပ်စုအတွက် ရှမ်းပြည်မြောက်ပိုင်းဒေသ စစ်မျက်နှာကို ဟန့်တားထားနိုင်ခဲ့သော်လည်း ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် ကရင်၊ ကရင်နီ (ကယား)နှင့် ရှမ်းတောင်ပိုင်းဒေသများတွင် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ် ဆင်မှုကို အပြင်းအထန် ရင်ဆိုင်ကြုံတွေ့နေရပါသည်။


အာဏာသိမ်းစစ်ကောင်စီသည် ရခိုင်ပြည်နယ် ပေါက်တောမြို့နှင့် ချင်းပြည်နယ် ပလက်ဝ မြို့တို့အား ရက္ခိုင့်တပ်တော်(AA) ထံ လက်လွှတ်ဆုံးရှုံးထားရသကဲ့သို့ ရှမ်းတောင်ပိုင်းဒေသ ဆီဆိုင်မြို့ကိုလည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO/PNLA)၏ထိန်းချုပ် သိမ်းပိုက်ခြင်းကို ခံခဲ့ရပါသည်။ ကရင်နီ (ကယား) ပြည်နယ် မော်ချီးနှင့် ရွာသစ်မြို့ တို့ကိုလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်သိမ်းထားသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းတွင်တော့ စစ်ကောင်စီတပ်၏ ပို့ဆောင်ရေးစစ် ရဟတ်ယာဉ် Euro copter 365 ပစ်ချခံရပြီး ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် (၅) ဦး သေဆုံးခဲ့ရသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ တစ်လတည်းတွင် စစ်ကောင်စီတပ်အနေဖြင့် လေယာဉ် (၃) စီးအထိ တော်လှန်ရေးအင်အားစုများ၏ ပစ်ချခြင်းကို ခံခဲ့ရပါသည်။[7]

စစ်အာဏာသိမ်းကာလအတွင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) ကို ကိုင်စွဲကာ အာဏာသိမ်းစစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သည့် PNLO/PNLA သည် “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ပြည်သူလူထုတရပ်လုံး လိုလားတောင့်တလျှက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘဝတူ ညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွှဲသွားမည်” ဟု ထုတ်ပြန်လာသည်ကလည်း ထူးခြားမှုရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။

ကျရိပ်ပြလာသည့် စစ်ကောင်စီ

အာဏာသိမ်းအုပ်စုသည် ကျားဖျန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများဖြင့် ဆက်နွှယ် သည်ဟုဆိုကာ တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဌ‌ဟောင်းလည်းဖြစ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ လွှတ်တော်အမတ်ဟောင်းလည်းဖြစ်သူ ပယ်ဆောက်ချိန် အပါအဝင် (၁၀) ဦးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့ရသည်။


မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိကခေါင်းဆောင် ၆ ဦး ဖြစ်သည့် ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ ၄ ဦးကို တရားဥပဒေ နှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ထိုနေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့သည်” ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။[8]

လာအိုနိုင်ငံ လွမ်ဘရာဘမ်မြို့တွင် ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန (ယာယီ) အမြဲတမ်း အတွင်းဝန် ဒေါ်မာလာသန်းထိုက်ကို စစ်ကောင်စီက စေလွှတ်ခဲ့သည်။ မူလက နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ဖိတ်ကြားသဖြင့် ကန့်ကွက်ရှုတ်ချပြီး မတက်ရောက်ဘဲ နေခဲ့သော စစ်အုပ်စုသည် ယခုအခါတွင်တော့ နိုင်ငံတကာအဝန်းအဝိုင်း၏ ဖယ်ကျဉ်မှုဒဏ်ကို မခံနိုင်တော့ဟု ဆိုရမည်ဖြစ်ပါသည်။

ဆိုရသော် ၃ နှစ်ပြည့် စစ်အာဏာသိမ်းကာလအတွင်း နိုင်ငံအတွင်း တော်လှန်ရေး အင်အားစုများ၏ စစ်ရေးအရ ဖိအားပေးခံရမှုအပြင် လူထုထောက်ခံမှု တစုံတရာမရရှိဘဲဖြစ်နေသည့် အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတကာအစိုးရများ၏ ဖယ်ကျဉ်ခံရမှု၊ အိမ်နီးချင်း နိုင်ငံများ၏ သြဇာလွှမ်းမိုးခံရမှုတို့ကို တပြိုင်နက် ရင်ဆိုင်ကြုံတွေ့နေသဖြင့် စစ်အုပ်စု၏ ကျရှုံးပုံရိပ်သည် တဖြည်းဖြည်း ပိုမိုထင်ရှားလာခဲ့ပြီဟု ရှုမြင်ရပါသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင်တော့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးပြုလုပ်ကာ ငါးကြိမ်မြောက်အရေးပေါ်ကာလ ၆ လ သက်တမ်းတိုးမှုကို ကြေညာခဲ့ပါသည်။ သန်းခေါင်စာရင်း ကောက်မည့်ကိစ္စ၊ ရွေးကောက်ပွဲပြုလုပ်မည့် ကိစ္စအပါအဝင် တိုင်းပြည်ပုံမှန်အခြေအနေမဟုတ်သေးဟု အကြောင်းပြချက်ပေးထားသည်ကို တွေ့ရပါသည်။

သုံးသပ်တင်ပြချက်

စစ်အာဏာသိမ်းကာလသည် ၃ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုများသည် ပုံသဏ္ဍန်မျိုးစုံ၊ နည်းလမ်းအဖုံဖုံဖြင့် သက်ဝင်လှုပ်ရှားနေဆဲဖြစ်သည်။ “ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး” ဆိုသည့် ကြွေးကြော်သံများသည် “အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့်၊ ရွက်စုံလွှင့်” ဆိုသည့် လှုံ့ဆော်သံများနှင့်အတူ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအထိ တောင်းဆို ဟစ်ကြွေးနေကြပြီဖြစ်သည်။

အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် လှုပ်ရှားရသော သပိတ်တိုက်နည်းလမ်းသည် ပြည်သူလူထုအကြား ဆက်လက်ကိန်းဝပ်နေသကဲ့သို့ လက်နက်ကိုင် နည်းလမ်းဖြင့် ဆင်နွှဲ နေသော ခုခံတော်လှန်စစ်သည်လည်း အရှိန်အဟုန် အားကောင်းလာနေသည်ကို တွေ့ရပါသည်။ သို့သော် ဘုံသဘောထားရပ်တည်ချက် တူညီနေကြသည့်တိုင် တော်လှန်ရေး အင်အားစုအချင်းချင်းအကြား အငြင်းပွားမှုများ၊ ပဋိပက္ခဖြစ်စဉ်များကိုလည်း သတင်းဖော်ပြချက်များမှ တဆင့် သိရှိနေရပါသည်။ နွေဦးတော်လှန်ရေးကာလအတွင်း ပေးဆပ်ခဲ့ရသည့် ပြည်သူလူထု၏ အသက်များ၊ ဘဝများအား ငဲ့ကွက်ကာ ပေါင်းစည်းမှုခွန်အားကို တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ပါသည်။ တော်လှန်ရေးအင်အားစုအချင်းချင်းအကြား ဘုံသဘောတူညီချက်များအား ဆက်လက် ခိုင်မြဲစေရေးအတွက် အမြဲသတိပြုနေရမည်ဟု ရှုမြင်မိပါသည်။

၃ နှစ်ပြည့်အလွန် နွေဦးတော်လှန်ရေးကာလကို မျှော်ကြည့်သော လူထုသပိတ်လှုပ်ရှားမှုများ ပိုမိုအားကောင်းလာနိုင်သကဲ့သို့ လက်နက်ကိုင်ခုခံတော်လှန်စစ် အရှိန်အဟုန်သည် လည်း တစုံတရာလျော့ကျဖွယ် အလားလာမျိုး မတွေ့ရသေးပေ။ နယ်မြေလက်လွှတ်ဆုံးရမှုများ၊ စစ်စခန်း စွန့်ခွာရမှုများနှင့် စစ်သည်အင်အား ချိနဲ့ပြုန်းတီးလာနေသော စစ်အုပ်စု၏ ကျရှုံးပုံရိပ်များသည်လည်း ပိုမိုထင်ရှားလာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ နှစ်ပတ်တကြိမ်ထုတ် သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၃၇ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။) https://bit.ly/3UuDuCr


[1] အာဏာသိမ်းသုံးနှစ်ပြည့် ရန်ကုန်အပါအဝင် မြို့ကြီးတချို့မှာ အသံတိတ်သပိတ်ပြုလုပ် https://bit.ly/49hvLM5

[2] Sagaing villagers stage anti-regime protest on third anniversary of coup https://bit.ly/3vXYcQX

[3] ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း https://bit.ly/42kvkOR

[4] တော်လှန်ရေးအင်အားစုများမှ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း ၃၉ မြို့ https://bit.ly/47X7tpI

[5] Myanmar’s Operation 1027 Against The Junta Two Months On https://bit.ly/3uhl3pU

[6] ၁၀၂၇ စစ်ဆင်ရေးနှင့် အပစ်ရပ်ခြင်း၊ မရပ်ခြင်း ဝိရောဓိ https://bit.ly/3w404aU

[7] ကရင်မှာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ပေါ်ပါ ငါးဦး သေဆုံး https://bit.ly/3HEumU9

[8] ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကိုးကန့်ခေါင်းဆောင်တွေကို တရုတ်ဆီ စစ်ကောင်စီလွှဲပြောင်း https://bit.ly/3w6MjYI


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!