ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ ရောပြွန်းနေသော ချင်းဒေသ စစ်ရေးနိုင်ငံရေး အရွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 721

စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ ရောပြွန်းနေသော ချင်းဒေသ စစ်ရေးနိုင်ငံရေး အရွေ့


နိဒါန်း


နွေဦးတော်လှန်ရေးကာလအတွင်း ချင်းဒေသ၏ စစ်ရေးနိုင်ငံရေးအရွေ့အပြောင်းများသည် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ ရောပြွန်းယှက်ပွေလျက်ရှိပါသည်။ ချင်းဒေသအတွင်းရှိ နယ်မြေဒေသအလိုက်၊ မျိုးနွယ်စုအ လိုက် ကွဲပြားစုံလင်လှသည်ကလည်း ချင်းဒေသ၏ အလှတရားကို ပိုမိုထင်ရှားစေသကဲ့သို့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးသို့ ဦးတည်လျှောက်လှမ်းနေကြသည့် သုံးနှစ်ကျော်အတွင်း ချင်းဒေသအတွင်းရှိ ခုခံတော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးအစုအဖွဲ့များ၏ ဟန်ချက်ညီ လှုပ်ရှားဆောင်ရွက်မှုများသည်လည်း အာဏာသိမ်းစစ်အုပ်စုကို တုန်လှုပ်ခြောက်ခြား  စေခဲ့ပါသည်။

သို့နှင့်တိုင် အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင်တော်လှန်နေကြသည့် ချင်းဒေသအတွင်းရှိ ခုခံတော်လှန်ရေး လက်နက်ကိုင်အင်အားစုများ၊ နိုင်ငံရေးအစုအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ စသော အင်အားစုအသီးသီး အကြား ချင်းပြည် (Chinland) ကောင်စီနှင့် ချင်းပြည်(Chinland)အစိုးရ ဖွဲ့စည်းခြင်းကိစ္စသည် ကြီးမားသည့် သဘောထားကွဲလွဲမှုများကို ထင်ရှားစေခဲ့သည်။ ယင်းသဘောထားကွဲလွဲမှုများမှသည် ချင်းဒေသ၏ အလှတရားနှင့် စည်းလုံညီညွတ်မှု ပြရုပ်ကို ပြိုပျက်ယိုင်နဲ့သွားစေမလားဆိုသည်က ဆိုခဲ့ပါ ချင်းဒေအတွင်းရှိ အင်အားစုအားလုံး၏ ရွေးချယ်မှုနှင့် ဖြေရှင်းနိုင်စွမ်းအပေါ် မူတည်နေပါသည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ နှစ်ပတ်တကြိမ်ထုတ် သတင်းသုံးသပ်ချက်တွင် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ ရောပြွန်းနေသော ချင်းဒေသ စစ်ရေးနိုင်ငံရေး အရွေ့အပြောင်းများကို နွေဦးတော်လှန်ရေး ကာတလျှောက် တွေ့ရှိခဲ့ရသည့် ချင်းဒေသအတွင်း အစုအဖွဲ့များနှင့် ၎င်းတို့၏ မျှော်ရည်ချက်များ၊ ဖြစ်တည်မှု များကို အခြေပြုကာ ချဉ်းကပ်တင်ပြသွားပါမည်။

ချင်းပြည်ကောင်စီနှင့် ချင်းပြည်အစိုးရဆိုရာဝယ်

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၄ ရက် မှ ၇ ရက် အထိ ချင်းပြည်၊ ဗစ်တိုရီးယားဌာနချုပ်တွင် ပြုလုပ်သည့် ပထမအကြိမ် ချင်းပြည် (Chinland) ကောင်စီ ညီလာခံကို ချင်းအမျိုးသားတပ်ဦး (CNF) ၊ ချင်းလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့(MP)၊ မြို့နယ်နှင့် ဒေသအလိုက် အစုအဖွဲ့ဟူ၍ အစုအဖွဲ့ (၃) ခုမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်းပြည်ပ ဧည့်သည်တော်များအပါအဝင် စုစုပေါင်း ၂၃၅ ဦး တက်ရောက်ခဲ့သည်။

ညီလာခံ (၃) ရက်မြောက်နေ့၊ ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ချင်းပြည် (Chinland) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချင်းပြည် (Chinland) ကောင်စီ ညီလာခံမှ အတည်ပြုခဲ့ပြီး မွန်းလွဲပိုင်းတွင် ချင်းပြည် (Chinland) ကောင်စီကို အတည်ပြု ဖွဲ့စည်းခဲ့သည်။ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည် (Chinland) တည်ဆောက်ရန်၊ နိုင်ငံရေးနှင့် အမျိုးသားတန်းတူရေး အာမခံချက်ရှိသော ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန်နှင့် ဒီမိုကရေစီစနစ် တည်ဆောက်ရန်ဆိုသည့် ရည်မှန်းချက်ပန်းတိုင် (၃)ခုကို ချင်းပြည် (Chinland) ကောင်စီက ချမှတ်ထားသည်။ ချင်းပြည် (Chinland)ကောင်စီ ဖွဲ့စည်းပြီး ရက်ပေါင်း ၆၀ အတွင်း ချင်းပြည် (Chinland) လွှတ်တော်၊ ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် ချင်းပြည် (Chinland) တရားလွှတ်တော်ချုပ်တို့ကို ဖွဲ့စည်းရမည်ဟု ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်၊ ညီလာခံအပြီး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။[1]

ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) အရ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံရပြီး စစ်အာဏာရှင်တော်လှန်ရေးတွင် ပူးပေါင်းပါဝင်နေသော ချင်းလွှတ်တော်ကိုယ်စားလှယ် (၂၇) ဦး၊ ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ် (၂၇) ဦး၊ မြို့နယ်နှင့် ဒေသအဖွဲ့မှ ကိုယ်စားလှယ် (၈၆) ဦး စုစုပေါင်း ကိုယ်စားလှယ် ၁၄၀ ဦး ဖြင့် ချင်းပြည် (Chinland) ကောင်စီကို ဖွဲ့စည်းရမည်ဟု ဆိုထားသည်။ ချင်းပြည်(Chinland)ကောင်စီ ဦးဆောင်အဖွဲ့ကိုမူ ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ် (၃)ဦး၊ ချင်းလွှတ်တော်ကိုယ်စားလှယ် (၃) ဦး၊ မြို့နယ်နှင့် ဒေသအဖွဲ့ကိုယ်စားလှယ် (၁၇)ဦး စုစုပေါင်း ၂၃ ဦး ပါဝင်စေကာ ဥက္ကဌ၊ ဒုဥက္ကဌ (၁)၊ ဒုဥက္ကဌ (၂)၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး (၁)၊ တွဲဖက်အတွင်းရေးမှူး (၂)နှင့်  အဖွဲ့ဝင်များဟူ၍ ဖွဲ့စည်းရမည်ဟု ဆိုပါသည်။[2]


လက်ရှိဖွဲ့စည်းထားသည့် ချင်းပြည် (Chinland)ကောင်စီတွင်တော့ ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ် (၂၇)ဦး၊ ချင်းလွှတ်တော်ကိုယ်စားလှယ် (၁၅)ဦး၊ မြို့နယ်နှင့် ဒေသအစုအဖွဲ့ (၁၄)ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်နေသည်ဟု ဆိုပါသည်။ အဆိုပါမြို့နယ်နှင့် ဒေသအစုအဖွဲ့ (၁၄)ဖွဲ့တွင် (၁) ကလေး၊ ကဘော်၊ ကန့်ကော (KKG)၊ (၂) CDF- CDM- စီယင်း ၊ (၃) CDF- ဟွာငိုရမ် (၄) CDF- ဟားခါး (၅) CDF- ထန်တလန်၊ (၆) CDF – ဇုံဖေ ၊ (၇) CDF – လောက်တူ၊ (၈)၊ CDF -ဇုံတုန်၊ (၉) CDF – မရာ၊ (၁၀) CDF – ဒိုင်း ၊ (၁၁) CDF – ပလက်ဝ ၊ (၁၂) CDF – တွန်းဇံ၊ (၁၃)CDF – ကန်ပက်လက်၊ (၁၄) CDF – မတူပီ တို့ပါဝင်ကြောင်း ချင်းပြည်(Chinland) ကောင်စီအတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောပါသည်။[3]

ကောက်ကြောင်းနောက်ခံ

စစ်အာဏာသိမ်းမှုအား ဆန့်ကျင်လာကြသည့် သုံးနှစ်တာသော နွေဦးတော်လှန်ရေးကာလကို ပြန်ကြည့်လျှင် ချင်းဒေသအတွင်းရှိ ချင်းအမျိုးသားတပ်ဦး၊ ရွေးကောက်ခံ လွှတ်တော်အမတ်များ၊ ဒေသအလိုက် ပေါ်ထွက် ပေါက်ဖွားလာသော ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)များ၊ သပိတ်လှုပ်ရှားသူများနှင့် အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သူများ စသည့်အင်အားစုအားလုံး၏ ညီညွတ်မှုခွန်အားဖြင့် စစ်ရေးနိုင်ငံရေးအရ တွန်းလှန်ရုန်းကန်မှုများသည် အာဏာသိမ်းစစ်အုပ်စုအား အကြီးအကျယ် တုန်လှုပ်စေခဲ့သည်ဟု ဆိုရပါမည်။

ချင်းအမျိုးသားတပ်ဦး (CNF) သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တို့တွင် တစိုက်မက်မက် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသကဲ့သို့ ၂၀၂၁ ခုနှစ် ဧပြီလ ၁၃ ရက်တွင် ဖွဲ့စည်းခဲ့သည့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တွင်လည်း အစုအဖွဲ့ဝင်တစု အနေဖြင့် ပါဝင်ခဲ့သည်။ ၂၀၂၁ ခုနှစ် မေလတွင်တော့ NUG နှင့် CNF အကြား စစ်အာဏာရှင် စနစ်ကို တော်လှန်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် နှစ်ဘက်သဘောတူညီစာချုပ် ချုပ်ဆိုခဲ့သည်။

ထို့အပြင် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့သည့် ချင်းပြည် ပူးတွဲကာကွယ်ရေးကော်မတီ (CJDC) တွင်လည်း ချင်းဒေသကာကွယ်ရေးတပ် (CDF) (၁၇) ဖွဲ့နှင့်အတူ ဦး‌ဆောင်မှုအခန်းကဏ္ဍကနေ CNF က ပါဝင်ခဲ့သည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင်တော့ ချင်းပဋိဉာဉ်/ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ချင်းအစိုးရ ပေါ်ပေါက်ရေးအတွက် ICNCC နှင့် CJDC အကြား ပူးပေါင်းကော်မတီဖွဲ့စည်းခဲ့သည်။ ထိုမှတဆင့် ၂၀၂၃ ခုနှစ် ဧပြီလတွင် CNF သည် ICNCC မှ နှုတ်ထွက်ခဲ့ပြီး ၂၀၂၃ ခုနှစ် မေလတွင် ICNCC အတွင်းမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အချို့အကြား ချင်းပြည်အစိုးရဖွဲ့စည်းရေးအတွက် ဆွေးနွေးမှု စတင်ခဲ့သည်။[4] ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင်တော့ Pre-plenary for Chinland Council Conference ညီလာခံကျင်းပပြီး Working Committee for Chinland Council Conference (W4C) ကို ဖွဲ့စည်းကာ ချင်းပြည် (Chinland) ကောင်စီညီလာခံ ကျင်းပရေးမှသည် ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခြင်း၊ ချင်းပြည် (Chinland) ကောင်စီဖွဲ့စည်းခြင်းနှင့် ချင်းပြည် (Chinland) အစိုးရဖွဲ့စည်းခြင်းအထိ ချင်းဒေသတွင်း နိုင်ငံရေး အရွေ့ကို အချိန်တိုအတွင်း မြင်တွေ့ခဲ့ရပါသည်။

ဆိုရသော် စစ်အာဏာရှင်စနစ်ကို အဆုံးတိုင်ဆန့်ကျင်တော်လှန်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အာမခံချက်ရှိ သည့် ချင်းပြည်နယ်တည်ဆောက်ရေးနှင့် တန်းတူရေးအာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဟု ကြေညာဖွဲ့စည်းခဲ့သော ICNCC ၏ အစုအဖွဲ့ဝင်အချင်း ချင်းအကြား စည်းနှောင်မှု၊ ဦးဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုတို့သည် မေးခွန်းထုတ်စရာဖြစ်လာနေပြီး ပြန်လည်သုံးသပ်ရန် လိုအပ်လာကြောင်း ရှုမြင်မိပါသည်။


ချင်းပြည် (Chinland) ကောင်စီမှ ဖွဲ့စည်းလိုက်သည့် ချင်းပြည် (Chinland) အစိုးရကို ကြားကာလချင်းအမျိုး သားအတိုင်ပင်ခံကောင်စီ (ICNCC) အနေဖြင့် အသိအမှတ်မပြုသည့်အပြင် ကန့်ကွက်ကြောင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၃) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ICNCC အတွင်း ကျန်ရစ်ခဲ့သည့် ချင်းလွှတ်တော်ကိုယ်စားလှယ် အချို့ကလည်း ချင်းပြည် (Chinland) ကောင်စီ နှင့် ချင်းပြည် (Chinland) အစိုးရ ဖွဲ့စည်းခြင်းအပေါ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်ကို တွေ့ရပါသည်။

ထို့အပြင် ဇိုးမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) ပါဝင်သော ချင်းညီနောင်အဖွဲ့ကလည်း ဘုံသဘောထားထုတ် ကန့်ကွက်ခဲ့ကြပါသည်။ ချင်းပြည် (Chinland) အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ CNF ဒုဥက္ကဋ္ဌ (၃) ဒေါက်တာရွှေခါရ်း၏ အဆိုအရတော့ ချင်းညီနောင် (၃)ဖွဲ့နှင့် ချင်းပြည် (Chinland) ကောင်စီအကြား တွေ့ဆုံဆွေးနွေးရန် လာမည့်မတ်လ ပထမအပတ်အတွင်း သဘောတူညီထားကြောင်း သိရပါသည်။[5]

သုံးသပ်တင်ပြချက်

နွေဦးတော်လှန်ရေး (၃) နှစ်တာကာလအတွင်း ချင်းဒေသတွင်းရှိ စစ်ရေးအရွေ့အဟုန်သည် အာဏာသိမ်း စစ်အုပ်စုအား တုန်လှုပ်ခြောက်ခြားစေခဲ့သည့်တိုင် နိုင်ငံရေးအရွေ့အပြောင်းတွင်မူ အချင်းချင်းအကြား သဘောထားကွဲလွဲမှုများကို အထင်းသား တွေ့မြင်နေရပါသည်။  စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင် မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးသို့ သံဓိဌာန် ခိုင်မာစွာဖြင့် တလှေတည်းစီး တခရီးတည်းသွားနေကြသည့် အင်အားစုများအချင်းချင်းအကြား အပြန်အလှန် လေးစားမှု၊ သဘောထားကြီးမှုနှင့် ချင်းပြည်သူလူထုကို မျက်နှာမူကာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် အရေးတကြီး လိုအပ်နေပြီဖြစ်သည်။

ယခုအခါ မြို့နယ် (၉) ခု၊ လူဦးရေ ၅ သိန်း ပတ်ဝန်းကျင်သာရှိသော ချင်းဒေသ၏ ၈၀ ရာခိုင်နှုန်း အထိ ချင်းဒေသတွင်း ခုခံတော်လှန်ရေးအင်အားစုများက ထိန်းချုပ်စိုးမိုးထားနိုင်ပြီ ဖြစ်သည်။ ဆိုခဲ့ပါ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကိုသာ အချိန်မီ ဖြေရှင်းနိုင်ပါက ချင်းဒေသ၏ အလှတရားနှင့် စည်းလုံးညီညွတ်မှု ပြရုပ်ကို ပိုမိုတောက်ပစေမည်ဖြစ်သည်။ တဆက်တည်းတွင် အခြားသောပြည်နယ်နှင့် တိုင်းများအတွင်း ဖြစ်ပေါ်လာနိုင်သော လူမျိုးရေးပြဿနာ၊ နယ်မြေအငြင်းပွားမှုများအတွက်ပင် သင်ခန်းစာကောင်းတခု ဖြစ်လာနိုင်သည်ဟုပင် ရှုမြင်ရပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ တစ်လနှစ်ကြိမ်ထုတ် သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၃၈ မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။)



[1] ပထမအကြိမ် ချင်းပြည် (Chinland) ​ကောင်စီညီလာခံ ထုတ်ပြန်​ကြေညာချက် (၁/၂၀၂၃) https://bit.ly/42EmYBA

[2] ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၂၃)၊ အခန်း (၃)၊ https://bit.ly/49gRRyL

[3] ချင်းလဲန်းကောင်စီ၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ချင်းလဲန်းကောင်စီအတွင်းရေးမှူး ဆလိုင်းပေါလ်နှင့် ဆက်သွယ်မေးမြန်းချက်။ https://bit.ly/49zkwyO    

[4] နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် ချင်းတော်လှန်ရေးအင်အားစုများနှင့် ချင်းပြည်သူများသို့ တိုက်တွန်းနှိုးဆော်ချက် https://bit.ly/3SYD9qa

[5] ချင်းပြည်အစိုးရ ပြောရေးဆိုခွင့်ရှိသူ၊ CNFဒုဥက္ကဋ္ဌ(၃)ဒေါက်တာရွှေခါရ်းနဲ​မေးမြန်းခန်း https://bit.ly/3OJC3wf

ဆက်စပ် သတင်းများ