စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်တိုက်ပွဲများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ရိုက်ခတ်မှုများ...။


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၄ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3k

နိရဉ္စရာ(ဘာသာပြန်ဆောင်းပါး) ဖေဖော်ဝါရီ ၂၄/၂၀၂၄

ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော ရခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ရိုက်ခတ်လာမှုများနှင့်ပတ်သက်၍ ဂျာမနီအခြေစိုက် DW သတင်းဌာနက ရေးသားဖော်ပြလိုက်သည်။

DW သတင်းဌာနက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရခိုင်တပ်တော်(AA) နှင့် စစ်ကောင်စီ တပ်များအကြား တိုက်ပွဲများ တစ်နေ့တခြား ပိုပြင်းထန်လာကြောင်း၊ မြန်မာဘက်က ပစ်ခတ်လိုက်သော ကျည်ဆံများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် အရပ်သား နှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ မြန်မာစစ်ကောင်စီကို တိုက်ခိုက်နေသော ရခိုင်တပ်တော်(AA) သည် အောင်ပွဲများ ရရှိနေပြီး နယ်ခြားဒေသများကို ထိန်းချုပ်လာနိုင်ကြောင်း၊ လက်ရှိအချိန်တွင် စစ်ကောင်စီသည် ရခိုင်ဒေသတွင် အရှုံးကြီး ရှုံးနေကြောင်း ရေးသားဖော်ပြထားသည်။

မွတ်ဆလင်နိုင်ငံတစ်ခုဖြစ်သော ဘင်္ဂလားဒေ့ရှ်သည် မြန်မာ နှင့် ၂၇၁ကီလိုမီတာ(၁၆၈မိုင်) နယ်မြေချင်းထိစပ်လျှက်ရှိသည်။

အလားတူ ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် မွတ်ဆလင် ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော်ကို လက်ခံထားရပြီး အများစုမှာ ၂၀၁၇ခုနှစ်က မြန်မာစစ်တပ်​၏ clearance operation ကြောင့် ထွက်ပြေးလာသူများဖြစ်ကြောင်း ဖော်ပြထားသည်။


ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းမှ မွတ်ဆလင်များက ယခု ရခိုင်ပြည်နယ်မှ တိုက်ပွဲများတွင် ရခိုင်တပ်တော်(AA) က အနိုင်ရရှိနေသည့်တိုင်အောင် ၎င်းတို့အတွက် အကျိုးကျေးဇူးရှိမည် မထင်ကြောင်း၊ AA ​က အနိုင်ရရှိပြီး စစ်ကောင်စီကို ဖယ်ရှား ပစ်နိုင်သည့် တိုင်အောင် ၎င်းတို့​၏ ကံကြမ္မာကို အပြောင်းအလဲဖြစ်စေမည် မထင်ကြောင်း DW သို့ ပြောကြားခဲ့သည်။

" ရခိုင်တပ်တော် AA က ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ကို တိုက်ခိုက်နေတာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လိုချင်တာ မြန်မာပြည်ထဲပြန်လာခွင့်ရရင် နိုင်ငံသားဖြစ်ချင်တာပဲ။ AA က ကျွန်တော်တို့ကို နိုင်ငံသားပေးမယ်လို့ တစ်ခါမှ ပြောတာ မကြားရသေးပါဘူး" ဟု ရာဟစ် အမည်ရှိ မွတ်ဆလင်တစ်ဦးက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်လုံခြုံရေးကျွမ်းကျင်သူ အငြိမ်းစားဗိုလ်ချုပ် ဆာခါဝပ် ဟိုစိန်က မြန်မာအမျိုးသား ညီညွတ်ရေး အစိုးရ(NUG) သည် မွတ်ဆလင်ဒုက္ခသည်များ မိမိသဘောဆန္ဒအလျောက် ဘေးကင်း လုံခြုံစွာပြန်လာနိုင်ရေး ကတိပြုထားကြောင်း၊ ယခုစစ်ပွဲတွင် မြန်မာစစ်ကောင်စီ အရေးနိမ့်သွားပါက ရခိုင်ပြည်နယ်ကို ရခိုင်တပ်တော် (AA​) ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် ( ULA) က ရခိုင်ပြည်နယ်ကို အုပ်ချုပ်ပြီး NUG က မြန်မာအစိုးရဖြစ်လာမည်ဖြစ်ကြောင်း၊ NUGသည် ULA ကို ထောက်ခံမှုရှိသည့်အတွက် NUG နှင့် ULA လက်အောက်တွင် မွတ်ဆလင်ဒုက္ခသည်များ မြန်မာနိုင်ငံပြန်လာပြီး နိုင်ငံသားအဖြစ်အသိအမှတ်ပြုရန် အခွင့်အရေး ပိုများကြောင်း ပြောကြားခဲ့သည်။

သူက ယခုအချိန်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် အနာဂတ်တွင် ရခိုင်ပြည်နယ်အရေး အဆုံးအဖြတ် ပေးနိုင်မည့်သူများနှင့် အလွတ်သဘော ဆက်ဆံရေးထူထောင်ထားသင့်သည်ဟုလည်း ဆိုသည်။

" ဘင်္ဂလားဒေ့ရှ်အနေနဲ့ မိမိအကျိုးစီးပွားအတွက် AAကို ထောက်ခံအားပေးဖို့လိုတယ်လို့ အရင်နှစ်ပေါင်းများစွာကတည်းက ကျွန်တော်ပြောခဲ့ဖူးတယ်။ ဒီထောက်ခံအားပေးမှုက တခြားနိုင်ငံတွေလုပ်သလို အလွတ်သဘောဖြစ်သင့်တယ်။ မြန်မာတစ်ပြည်လုံးမှာ ဘာတွေဖြစ်နေနေ ဘင်္ဂလားဒေ့ရှ်အတွက် အရေးမကြီးဘူး။ လုံခြုံရေး နဲ့ ဒုက္ခသည်အရေးအရဆိုရင် ရခိုင် နဲ့ ချင်းပြည်နယ်မှာ ဖြစ်နေတာတွေဟာ ကျွန်တော်တို့အတွက် အင်မတန်အရေးကြီးပါတယ်" ဟု အငြိမ်းစားဗိုလ်ချုပ် ဟိုစိန်က ပြောဆိုခဲ့သည်။


သို့သော် ဝါရှင်တန်အခြေစိုက် ဝီလ်ဆင်စင်တာမှ တောင်အာရှညွှန်ကြားရေးမှူး မိုက်ကယ် ကူဂျယ်မင်က ဘင်္ဂလားဒေ့ရှ်အနေဖြင့် တော်လှန်ရေးအုပ်စုများနှင့် လမ်းကြောင်းဖွင့် ဆက်သွယ်ရာတွင် သတိထားဖို့ လိုကြောင်း၊ နယ်စပ်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့် မွတ်ဆလင်ဒုက္ခသည်များအရေးအတွက် စစ်ကောင်စီနှင့် အလုပ်ဖြစ်သောဆက်ဆံရေး ရှိနေဖို့ လိုအပ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နှင့် ရခိုင်တပ်တော်AAတို့ ဆက်သွယ်သည်ကို စစ်ကောင်စီ သိသွားပါက ဘင်္ဂလားဒေ့ရှ် အကျိုးစီးပွား အတွက် လုပ်ဆောင်ရာတွင် အခြေအနေဆိုးရွားသွားနိုင်ကြောင်း ပြောကြားခဲ့သည်။

ကူဂျယ်မင်က ရခိုင်ပြည်နယ်တွင် ရခိုင့်တပ်တော် AAက အောင်ပွဲခံနေသည်ကို သိရှိကြောင်း၊ ထို့ကြောင့် ထွက်ပြေးမွတ်ဆလင်များအရေး ဖြေရှင်းရာတွင် အလားအလာကောင်းလာနိုင်ကြောင်း၊ သို့သော် စစ်ရှုံးနေသော စစ်ကောင်စီသည် ပိုမိုရက်စက်သော တုန့်ပြန်မှုများ ပြုလုပ်လာနိုင်ပြီး အခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ပြောကြားခဲ့သည်။

ထိုအတောအတွင်း တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် မောင်တောဒေသရှိ မွတ်ဆလင်အမြောက်အများ ပိတ်မိနေကြောင်း၊ စစ်ကောင်စီသည် စစ်ရှုံးနေပြီး ရခိုင်တပ်တော် AAက မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေစဉ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာ မွတ်ဆလင်များ အသက်ဘေးလုံခြုံရေးအတွက် ထွက်ပြေးနေရကြောင်း၊ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များမှာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်မပြေးလိုကြကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် မွတ်ဆလင်အမြောက်အများ ဒုက္ခသည် စခန်းများတွင် ပိတ်မိနေကြောင်း၊ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များသည် ဆေးဝါးမပြည့်စုံသည့် မောင်တောဆေးရုံအစား ဆေးကုသမှုခံယူရန် ဘင်္ဂလားဒေ့ရှ်ဘက်သို့ သွားရောက်မှုသာ ရှိကြောင်း ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့တွင် နေထိုင်သူ မွတ်ဆလင်အရေး လှုပ်ရှားတက်ကြွသူ ရိုနေဆန်းလွင်က ပြောကြားသည်။


လက်ခံထားရသော ဒုက္ခသည်များနှင့် ပြည့်နှက်နေပြီးဖြစ်သည့် ဘင်္ဂလားဒေ့ရှ်အနေဖြင့် မြန်မာနိုင်ငံမှ နောက်ထပ်ဝင်မည့် ဒုက္ခသည်များကို လက်ခံရန်ဆန္ဒမရှိတော့ပေ။

" မြန်မာနိုင်ငံဘက်က တစ်ယောက်တလေမှ စိမ့်ဝင်မလာနိုင်အောင် ကျွန်တော်တို့ နယ်ခြားစောင့်တပ် နဲ့ ကမ်းရိုးတန်းစောင့်တပ်တွေ နယ်စပ်တစ်လျှောက်မှာ တင်းတင်းကျပ်ကျပ် စောင့်ကြည့် နေပါတယ်" ဟု ကော့ဘဇားခရိုင် လက်ထောက်ရဲမင်းကြီး မိုဟာမက် ရှာဟင်း အီမရန် က DW သို့ ပြောကြားခဲ့သည်/

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အကြီးဆုံးသတင်းစာတစ်စောင်ဖြစ်သည့် The Daily Star သတင်းစာတွင် ဖော်ပြထားသည့် DW ၏ “ How is Myanmar's civil war impacting Bangladesh?”  ဆောင်းပါးပါ သတင်းကို မူရင်းအာဘော်မပျက် ဘာသာပြန် ရေးသားထားခြင်းဖြစ်ပါသည်။

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၁ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး