တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ရခိုင်အမျိုးသမီးအိမ်ထောင်ဦးစီးတစ်ဦးရဲ့ ဘ၀ခရီးကြမ်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1k



နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၉ /၂၀၂၃ 



(ပိုးဝါ ရေးသားသည်)



"မိန်းကလေးပေမယ့် အားမငယ်ပါဘူး။ မိသားစုအတွက်တော့ ကိုယ်ကအိမ်ထောင်ဦးစီးပါပဲ။ အားငယ်နေလို့မရဘူး"ဟု ဆိုလာသူမှာ အသက် ၃၆ နှစ်အရွယ် မညိုချေဖြစ်သည်။ 


သူမသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ နဂူမေကျေးရွာအုပ်စု၊ ပေါက်လေဝကျေးရွာဇာတိဖြစ်သည်။ 


ပိန်သွယ်သွယ် ၊ အသားညိုညို၊ ပြေပြစ်သည့်ရုပ်ရည်နှင့် မညိုချေကို ကြည့်ကောင်းသူတစ်ဦးအဖြစ်အများစုက လက်ခံကြသည်။ 


သူမသည် လက်ရှိမှာ မိသားစုစားဝတ်နေရေးအခြေအနေများကြောင့် ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအနေနှင့်သွားရောက် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။ 


မညိုချေတို့ မိသားစုတွင် မိဘနှစ်ပါး၊ မညိုချေအပါအဝင် ညီအစ်မ သုံးဦး၊ စုစုပေါင်း မိသားစုဝင်(၅) ဦးရှိရာ မညိုချေသည် သမီးလတ်ဖြစ်သည်။ 


ယခင်ကတည်းက စားဝတ်နေရေးကျပ်တည်းသည့်မိသားစုဖြစ်သည့်အပြင် မိဘနှစ်ပါးဆက်ဆံရေးလည်း အဆင်မပြေသည့်အတွက် မညိုချေသည် (၈) နှစ်အရွယ်ကတည်းက ညီမငယ်ကိုထိန်းကျောင်းရင်း နိုင်ရာအလုပ် လုပ်ခဲ့ရသူဖြစ်သည်။ 


မညိုချေက "ငယ်ငယ်တုန်းက အဖေလည်း ဝါးခုတ်၊ သစ်ထိုး၊ ပိုက်ချပြီး လုပ်ကိုင်ပေးခဲ့ပါသေးတယ်။ သိပ်ပြေလည်မှုမရှိခဲ့ပေမယ့် မပူပင်ခဲ့ရဘူး။ စိတ်ချမ်းသာခဲ့ရတယ်။ ညမအငယ်ဆုံးကို မွေးပြီးတော့မှ အမေမီးတွင်းမှာပဲ မုန်တိုင်းတိုက်ပြီး အိမ်လည်းပြိုတယ်။ သူ ၃ လ သမီးလောက်မှာ အဖေကလည်း အလုပ်တွေပုံမှန်မလုပ်တော့ဘူး။ အိမ်မကပ်တော့ဘူးပေါ့လေ။ အဲ့ဒီကတည်းက အမေလည်းအလုပ်ကြမ်းလုပ်ပြီး ရှာဖွေကျွေးမွေးရတော့တာပဲ။ အဲ့ဒီအချိန်မှာ ကျမတို့ အကြီးနှစ်ယောက်က ခလေးထိန်းရင်းနဲ့ မုန့်ဆန်ထောင်း၊ ကန်စွန်းရွက်ခူးရောင်းနဲ့ တစ်ဖက်တစ်လမ်းက လုပ်ခဲ့ကြရတယ်။ အဲ့ဒီတုန်းက အမ အသက် ၈ နှစ်လောက်ပဲ ရှိသေးတာ" ဟု သူမ၏ ငယ်ဘဝကို ပြောပြသည်။ 


သူမ၏ မိဘများသည် သူမ အပျိုဖော်ဝင်စအသက် (၁၇) နှစ်အရွယ်တွင် အပြီးသတ်လမ်းခွဲခဲ့ကြသည်။ ယင်းမတိုင်ခင်လည်း   မကြာခဏ စကားများရန်ဖြစ်ကာ အဆင်မပြေမှုများဖြင့် ခွဲနေခဲ့ကြသည်ဟု သိရသည်။ 


ယင်းနောက်ပိုင်းတွင် မိသားစုနေထိုင်စားသောက်ရေး မပြေလည်မှုကြောင့် မညိုချေ ၉ နှစ်အရွယ်တွင်ကျောင်းဆက်မတက်နိုင်တော့ဘဲ ဒုတိယတန်းနှင့် ကျောင်းထွက်ခဲ့ရသည်ဟု ဆိုသည်။ 


အရွယ်နှင့်မမျှအောင် အလုပ်လုပ်ခဲ့ရသည့်အတွက် ကျောင်းတက်နေသည့် သူငယ်ချင်းများ နှင့် တွေ့လျှင် အားငယ်မိသော်လည်း ကိုယ့်ဘဝအခြေအနေကို နားလည်လက်ခံသည့်အတွက် ကြိုးစားလုပ်ကိုင်ခဲ့သည်ဟု သူမက ပြောသည်။ 


"သူငယ်ချင်းတွေ ကျောင်းတက်နေကြတာမြင်ရင် အရမ်းအားကျတယ်။ တက်ချင်လို့ ကျောင်းနားတွေမှာ တဝဲလည်လည်လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် နောက်တော့ ထပ်မသွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာလို့လည်းဆိုရင် နောက်လည်း ကျောင်းဆက်မတက်နိုင်တော့မှာ သေချာနေပြီလေ" 

ယင်းနောက်ပိုင်းတွင် ကန်စွန်းရွက်ခူးရောင်း၊ မိုးရာသီတွင် ပျိုးစိုက်၊ ငါးရှာ၊ ခရုကောက်ရောင်းပြီးညီအစ်မနှစ်ယောက် ကြုံရာကျပန်းလုပ်ရင်း နိုင်သလောက် အိမ်ကို ကူခဲ့သည်ဟု ဆိုသည်။ 


"အသက်ဆယ်နှစ်ကျော်လာတော့ အမေနဲ့ အဖေလည်း ကွဲနေကြပြီ။ အမေကလည်း နေကောင်းခါစအလုပ်ကြမ်းမလုပ်နိုင်ရှာဘူး။ 


အဲ့ဒီအချိန်မှာ ရာထူးနည်းနည်း

တိုးလာတာပေါ့။ တစ်အိမ်လုံးအတွက်တာဝန်ဆိုတဲ့ အသိစိတ်တစ်ခုနဲ့


အလုပ်ကြမ်းတွေကို ညီမနှစ်ယောက်လုပ်ခဲ့ကြရတာပဲ"ဟု  ဂုဏ်ယူဝင့်ကြွားသည့်လေသံမျိုးဖြင့်ဆိုသည်။ 


ယင်းအချိန်ကာလများမှာ  ရခိုင်တွင် ယခုထက် လမ်းပန်းဆက်သွယ်ရေးခက်ခဲသလိုအလုပ်အကိုင်အခွင့်အလမ်းနည်းပါးလွန်းသည့်အတွက် ဝမ်းရေးမပြေလည်သူများပြားသည်ဟု သိရသည်။ 


ယင်းအပြင် ပညာရေးပိုင်းတွင်လည်း ကျေးရွာအများစု၌ မူလတန်းကျောင်းလောက်သာ ရှိပြီး  အလယ်တန်း နှင့် အထက်တန်းတို့ကို မြို့နှင့် အုပ်စုကျေးရွာများသို့ ခက်ခက်ခဲခဲသွားတက်ကြရသည်ဟု 

နဂူမေကျေးရွာမှ အငြိမ်းစားကျောင်းဆရာတစ်ဦးက ပြောသည်။ 


"အရင်က အခုထက်ပိုပြီး စီးပွါးရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး အစစအရာရာ ရခိုင်ဟာ နိမ့်ကျခဲ့တယ်။ စားဝတ်နေရေးနည်းနည်း ပြေလည်တဲ့မိသားစုတောင် ကလေးတွေကို တခြားရွာမှာ၊ မြို့မှာ သွားထားရဖို့က တစ်နှစ်တစ်နှစ်ကို မနည်းကုန်တော့ အများစုဟာ အထက်တန်းကို မရောက်ကြဘူး။မပြေလည်တဲ့ မိသားစုက ကလေးတွေဆိုရင်တော့ လေးတန်းလောက်


အထိကိုတောင် မသင်နိုင်ခဲ့တဲ့ ကလေးတွေများပါတယ်။ ဒါက ခေတ်စနစ်အရရော၊ အုပ်ချုပ်မှုတွေကြောင့်ရော ဆုံးရှုံးနစ်နာမှုတွေပေါ့" ဟု ထောက်ပြသည်။ 

နယ်ကျေးရွာများတွင် စီးပွါးရေးအကျပ်အတည်း၊ လမ်းပန်းဆက်

သွယ်ရေးအခက်အခဲတို့ကြောင့် ကလေးသူငယ်အများစုမှာ ပညာသင်ခွင့်ဆုံးရှုံးခဲ့ကြရပြီး အယောက်၁၀၀ တွင် ၁၅ ယောက်ခန့်သာ အလယ်တန်းပညာသင်ကြားကြရပြီး ဆယ်တန်းအောင်သူ တစ်နှစ်

တစ်ယောက်ခန့်မျှသာ ရှိသည်ဟု သူကပြောသည်။ 


ယင်းသို့ မိသားစုစားဝတ်နေရေးအခက်အခဲများကြောင့် ပညာသင်ခွင့်ဆုံးရှုံးခဲ့ရသည့်အထဲတွင် မညိုချေလည်း တစ်ဦးအပါအဝင်


ဖြစ်ပြီး အတန်းပညာသင်ယူခွင့်မရခဲ့သော်လည်း အိမ်သားစုအတွက် ဝင်ငွေရှာနိုင်

ရန် မည်သည့်အလုပ်ကိုမဆို စူးစမ်းသင်ယူလိုစိတ်ပြင်းပြပြီး လေ့လာသင်ယူတတ်သူဖြစ်သည်ဟု မညိုချေ၏ မိခင်ဖြစ်သူ ဒေါ်မသိန်းမေက မှတ်ချက်ပေးသည်။ 

"ညိုညိုက ငယ်ငယ်ကတည်းက မိဘနဲ့တန်းတူ ရင်ဘောင်တန်းပြီးအနစ်နာခံလုပ်ကိုင်ခဲ့တယ်။ အစ်မအတွက်လည်း သူရှေ့က ၊ ညီမအတွက်လည်း သူပဲ။ ညီအစ်မတွေ အတူတူရုန်းကန်ကြတာက မှန်တယ်။ သူ့အမက ငယ်


ငယ်ကတည်းက ကျန်းမာရေးလည်း ညံ့တော့ သူ့ကို ပိုအားကိုးကြရတာပေါ့။ ပြီးတော့ သူက သားတစ်ယောက်လိုပါပဲ။ ဖြတ်ထိုးဉာဏ်လေးလည်းကောင်းတယ်။ သင်ပြလိုက်ရင်လည်းအတတ်မြန်တယ်။အိမ်မှာ ဖုံလှုံဖို့ပဲတွေးပြီး ဘာမဆို သင်ယူတယ်။ လုပ်တယ်။ မိသားစုကို ချစ်စိတ်များတယ် သူက။အိမ်မှာ အိမ်ထောင်ဦးစီးဆိုလည်း မမှားပါဘူး"ဟု ဆိုသည်။ 


မညိုချေ အသက် ၁၃ နှစ်တွင် ရွာက စပါးထိုးစက်မှာ အမျိုးသားများနှင့်တန်းတူ စပါး၊ ဆန်အိတ်များထမ်းပြီး ရုန်းကန်ကြိုးစားခဲ့သော်လည်း မိသားစုကို ပြေလည်အောင်မထားပေးနိုင်သည့်အတွက်  ၂၀၀၉ ခုနှစ်တွင် ရန်ကုန်သို့သွားကာ အလုပ်လုပ်ရန် အရဲစွန့်ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ 


"အဲ့ဒီတုန်းက ရန်ကုန်မှာ အလုပ်သွားလုပ်တာ သိပ်မရှိသေးဘူး။ မိန်းကလေးတွေကိုဆို ပိုပြီး မိသားစုကအစ စိတ်မချကြဘူး။ မသွားခိုင်းကြဘူးပေါ့။ ရွာမှာအလုပ်အကိုင်ရှားတော့ မိသားစုအတွက် အရဲစွန့်ပြီး သွားဖို့ဆုံးဖြတ်ခဲ့တယ်။ လမ်းစရိတ်ကြိုထုတ်ပြီး လစာတစ်သောင်းနဲ့ စားသောက်ဆိုင်မှာ ၃ လအလုပ်လုပ်ခဲ့ရတယ်။ အဲ့ဒီနောက်မှာ အထည်ချုပ်စက်ရုံမှာ အလုပ်ပြောင်းလုပ်ခဲ့တယ်။ လုပ်ရင်း စက်သမားဖြစ်ရင် လစာပိုရတာ သိလာတဲ့အတွက် စက်သမားဖြစ်အောင် ကြိုးစားခဲ့တယ်။ စက်သမားဖြစ်လာချိန်မှာလည်း လစာပိုရချင်လို့ အထည်ပိုထွက်အောင်၊ လက်ရာကောင်းအောင်ကြိုးစားခဲ့တယ်။ဒါကြောင့်လည်း နောက်ပိုင်းမှာ လစာအများဆုံးရတဲ့စာရင်းထဲပါခဲ့ပါတယ်"ဟု မညိုချေကပြောသည်။


"၁၆/၁၇ နှစ်အရွယ်တွေမှာ အပျိုလေးဆိုတော့ ဘုရားပွဲတွေမှာ စျေးသွားရောင်းချိန် ရှက်ကြောက် ၊သိမ်ငယ်ခဲ့တာတွေတော့ ရှိခဲ့တယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်အားပေးတယ်။ ကိုယ်မလုပ်ရင် ကိုယ်မစားရဘူး။ ကိုယ့်ခြေထောက်ကိုယ်ရပ်နေရတာ။ ကိုယ့်အပေါ်ပဲ မိသားစုက မူတည်နေတာ။ သမာအာဇီဝကျပြီး ကောင်းမွန်တဲ့အလုပ်၊ ဂုဏ်သိက္ခာမထိခိုက်တဲ့အလုပ်ဆို ဘာမဆိုလုပ်တယ်။ ကြိုးစားတယ်။စိတ်ပျက်အားငယ်နေလို့လည်း မပြီးဘူးလေ" ဟု ပြတ်သားခိုင်မာစွာပင် သူမ၏ ခံယူချက်ကိုပြောသည်။ 


အတန်းပညာအားနည်းသည့် သူမတို့ ညီအစ်မနှစ်ဦးအတွက် ရန်ကုန်တွင် အခက်အခဲများစွာကြားကကြိုးစားရုန်းကန်ခဲ့ကြရသည်ဟု ဆိုသည်။ 

"ညမတစ်ယောက်ကိုလည်း ဆယ်တန်းအထိရောက်နိုင်အောင် သူကြိုးကြံလို့သာ သင်ပေးနိုင်ခဲ့တာ။အရီး နဲ့ အကြီးမစိတ်နဲ့ဆို ဆယ်တန်းအထိသင်နိုင်မှာမဟုတ်ဘူး။ ညိုချေက  သူကျောင်းမတက်ခဲ့ရတဲ့အတွက် သူ့ညီမကို ဆယ်တန်းကိုအောင်စေချင်လွန်းလို့ စေချင်လွန်းလို့ ဖြစ်အောင်သင်ပေးခဲ့တယ်" ဟု မိခင်ဖြစ်သူ ဒေါ်မသိန်းမေက ပြောသည်။ 

မညိုချေသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၇ အထိ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်တွင် စုဆောင်းမိသည့် ငွေကြေးနှင့် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ပျဉ်းမပင်ကျေးရွာအုပ်စု၊ စံသမာဓိရပ်ကွက်တွင် ၂၀-၆၀ ခြံဝိုင်းလေးဝယ်နိုင်ခဲ့ကာ သစ်သားအိမ်လေးတည်ဆောက်နိုင်ခဲ့သည်ဟုဆိုသည်။ 

ယင်းရပ်ကွက်တွင် သူမဖွင့်ထားသည့် ကွမ်းယာဆိုင်လေးသည်လည်း ရောင်းကောင်းလာသည့်အတွက်  နောက်ထပ်တစ်ဆိုင်တိုးချဲ့ဖွင့်လှစ်ကာ ညီအစ်မ သုံးယောက် ကြိုးစားလုပ်ကိုင်ရင်း ၂၀၂၂ ခုနှစ်တွင်နောက်ထပ်ခြံဝိုင်းတစ်ခုကို အရစ်ကျပေးဝယ်နိုင်ခဲ့သည်။ 


လစဥ် အိမ်လခပူပင်နေရသည့် အိမ်ငှားဘဝမှလွတ်မြောက်ခဲ့ရပြီး စိတ်ချမ်းသာခဲ့ကြရသော်လည်းသူမတို့အတွက် ကြာရှည်မခံခဲ့ပေ။ 


"အဲ့ဒီတုန်းက မချမ်းသာပေမယ့် သားအမိတွေ စိတ်ချမ်းသာသာနဲ့ နေခဲ့ကြရပါတယ်။ ဒါပေမယ့် "ဟုမညိုချေ သက်ပြင်းတစ်ချက်ချကာ စကားရပ်သွားခဲ့လေသည်။ 


မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပျဉ်းမပင်စက်မှုဇုန်ဧရိယာ ဧက ၅၆၀ ကျော်ဧကမှာ ခွင့်ပြုချက်မဲ့ ဆောက်လုပ်နေထိုင်နေသည့် ကျူးကျော်အဆောက်အအုံများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက် နောက်ဆုံးထားပြီး ဖျက်သိမ်းပေးရန် ၊ မဖယ်ပေးပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု မင်္ဂလာဒုံမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ခဲ့သည်။ 


ဖယ်ရှားပေးရမည့် ဧက ၅၆၀ ကျော်ထဲမှာ ပျဉ်းမပင်ကျေးရွာအုပ်စု၊ မြဲမြံအောင်ရပ်ကွက်၊ ဓမ္မပါလရပ်ကွက်၊ စံသမာဓိရပ်ကွက်၊ ဂုန်ညင်းနီရပ်ကွက်၊ မြဝတီရပ်ကွက်များပါရှိသည်ဟု ဒေသခံများကပြောသည်။ 


ရပ်ကွက် ၅ ခုထဲတွင် စံသမာဓိရပ်ကွက်သည် အကြီးဆုံးနှင့် လူဦးရေအများဆုံး ရပ်ကွက်ဖြစ်သည်။ ရပ်ကွက် (၅) ခုတွင် ဖယ်ရှားခံရသည့် နေအိမ်ပေါင်း ၄၂၀၀ အထိ ရှိခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။ 


သူမ မဝယ်ခင်ကလည်း စံသမာဓိရပ်ကွက်မှာ အခြေကျနေသည့်အိမ်ကြီးအိမ်ကောင်းများ ရှိပြီး၊လယ်ယာမြေမှ ဥယျာဉ်ခြံမြေပြောင်းလဲပြီးနောက် လူနေထိုင်ခွင့်ရထားသည်ဟုပြောဆိုကြသည့်အတွက် အရပ်စာချုပ်ချုပ်ပြီး ဝယ်ခဲ့ခြင်းဖြစ်သည်။ စံသမာဓိရပ်ကွက်တွင် မညိုချေတို့ မိသားစုနည်းတူ ရခိုင်၊ အညာ၊ ကရင်စသည့်ဒေသများမှ ရန်ကုန်သို့ပြောင်းရွှေ့ကာ အလုပ်လာရောက်လုပ်ကိုင်ကြသည့် အခြေခံလူတန်းစားအများစုနေထိုင်ကြသည်ဟု သိရသည်။ 


ယင်းအထဲတွင် ရခိုင်အများဆုံးဖြစ်ပြီး ရခိုင်စကားဖြင့်ပင် ပြောဆိုနေထိုင်၍ရသည်ဟု ဒေသခံများက ပြောသည်။ 


နေအိမ်ဖယ်ရှားခံခဲ့ရပြီးနောက် မည်သည့်လျှော်ကြေး၊ ထောက်ပံ့ကြေးမှမရဘဲ အခက်အခဲပေါင်းစုံနှင့်ဘဝကို သုညကနေပြန်စခဲ့ရသည်ဟု မညိုချေက ပြောသည်။ 


"အခုဆို အိမ်မဲ့ ၊ ယာမဲ့ အဖြစ်နဲ့ ပြန်ရောက်သွားတာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ သုညဘဝနဲ့ ပြန်ပြီး ရုန်းကန်နေရပါတယ်။ 

စိတ်ပင်ပန်းပေမယ့်လည်း မေမေ နဲ့ အစ်မ ၊ ညီမအတွက် အိမ်းငှားဘဝကလွှတ်အောင် ဆက်ကြိုးစားသွားရမှာပါပဲ" 


ဒုက္ခနှင့်ယဉ်ပါးနေသူ မညိုချေအတွက် မိသားစုဘဝပြန်လည်ရပ်တည်နိုင်ရေး နိုင်ငံရပ်ခြားကိုအလုပ်ထွက်လုပ်နေရသော်လည်း တစ်နေ့အဆင်ပြေလာလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် အားခဲလျှောက်လှမ်းနေရအုံးမည်ပင် ဖြစ်သည်။

ဆက်စပ် သတင်းများ