စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

အေအေ၊ စီအန်အက်ဖ်၊ ပလက်ဝ၊ မီဇိုရမ် နဲ့ အိန္ဒိယရဲ့ မြန်မာအနောက်ခြမ်းမူဝါဒ ပြောင်းလဲလာပြီလား


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၄ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

နိရဉ္စရာ(ဘာသာပြန်ဆောင်းပါး) မတ် ၁၄/၂၀၂၄

သိပ်မကြာသေးခင်ကပဲ အိန္ဒိယအထက်လွှတ်တော်အမတ်တစ်ဦး ဦးဆောင်တဲ့ အိန္ဒိယကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ဟာ အေအေ ထိန်းချုပ်ထားတဲ့ မြန်မာနယ်စပ်ထဲ ဝင်ရောက်လာပြီး ရက္ခိုင့်တပ်တော်(အေအေ) က ကိုယ်စားလှယ်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုဟာ အိန္ဒိယလို မူဝါဒခိုင်မာတဲ့ နိုင်ငံတစ်ခုအတွက် ထူးခြားမှုဖြစ်သလို အရင်က မရှိခဲ့ဖူးတဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်တယ်။

ဒါကို ကြည့်ပြီး အိန္ဒိယရဲ့ မြန်မာစစ်ကောင်စီအပေါ် ထားတဲ့ မူဝါဒ ပြောင်းလဲသွားပြီလားလို့ မေးစရာတွေ ရှိလာတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ-၂၉ ရက်က အိန္ဒိယအထက်လွှတ်တော်အမတ် ဗန်လယ်ဗီနာ နဲ့ မီဇိုရမ်ပြည်နယ်က အမတ်အချို့ဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာပြည်အနောက်ပိုင်း ရက္ခိုင့်တပ်တော် (အေအေ) ထိန်းချုပ်ထားရာ ပလက်ဝအနီးကို ရုတ်တရက် ရောက်ရှိလာခဲ့ကြတယ်။

ဒီအဖွဲ့ဟာ မီဇိုရမ်ပြည်နယ်၊ ဇိုရင်ပူကနေ ချင်းပြည်နယ်ထဲ (၇)မိုင်ကျော်အထိ ဝင်လာပြီး ပလက်ဝမြို့အနီးမှာ အေအေ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

အိန္ဒိယအထက်လွှတ်တော်အမတ် ဗန်လယ်ဗီနာရဲ့ ပြောဆိုချက်အရ ဒီခရီးစဉ်ဟာ ကုလားတန် ဘက်စုံသုံး ကြားခံ သယ်ယူပို့ဆောင်ရေးစီမံကိန်း ( Kaladan Multi Model Transit Transport Project) အကောင်အထည်ဖော်နေမှုအခြေအနေကို လာကြည့်တာပါလို့ ဆိုတယ်။

ကုလားတန်ဘက်စုံသုံးကြားခံပို့ဆောင်စီမံကိန်း(KMMTTP)ဟာ အိန္ဒိယအစိုးရက ငွေကြေး အမြောက်အများနဲ့ ပံ့ပိုးထားတဲ့ စီမံကိန်းတစ်ခုဖြစ်တယ်။ ဒီစီမံကိန်းအရ အိန္ဒိယအရှေ့မြောက်ဒေသ ကုန်းတွင်းပိတ်ပြည်နယ်တွေဆီကို အိန္ဒိယသမုဒ္ဒရာကတစ်ဆင့် မြန်မာနိုင်ငံအနောက်ပိုင်းကို ဖြတ်ပြီး ကုန်စည်တွေ တင်ပို့နိုင်မှာဖြစ်တယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်က စလို့ ဒီစီမံကိန်းကြီးရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ ရပ်တန့်နေခဲ့တယ်။ အထူးသဖြင့်တော့ စီမံကိန်းနောက်ဆုံးအပိုင်းဖြစ်တဲ့ ပလက်ဝ နဲ့ မီဇိုရမ်ပြည်နယ် ဇိုရင်ပူ အကြားဆက်သွယ်တဲ့လမ်းပိုင်းဟာ ရပ်တန့်နေခဲ့တယ်။ တာဝန်ယူထားတဲ့ အိန္ဒိယ ဆောက်လုပ်ရေးကုမ္ပဏီ IRCON ဟာ မြန်မာပြည်ထဲ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် လုပ်ငန်းဆက်မလုပ်နိုင်ဘဲဖြစ်နေတယ်။

အိန္ဒိယအထက်လွှတ်တော်အမတ်ဟာ ဒီနယ်စပ်ခရီးစဉ်မှာ အိန္ဒိယဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တယ်။ ဒီ ရှားပါးတွေ့ဆုံမှုက အိန္ဒိယရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပေါ် ဘယ်လို သက်ရောက်နိုင်သလဲ။

အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံအနောက်ပိုင်းက ရှုပ်ထွေးလှတဲ့ လူမျိုးစုနိုင်ငံရေး အနေအေထားကို ဘယ်လိုကိုင်တွယ်သွားနိုင်မလဲ။ မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက အိန္ဒိယဟာ မြန်မာစစ်ကောင်စီနဲ့ ပုံမှန်အတိုင်း ဆက်ဆံနေခဲ့တယ်။ အိန္ဒိယအစိုးရရဲ့ မြန်မာအပေါ် ထားရှိတဲ့မူဝါဒက ပြိုကွဲနိုင်ဖွယ်မရှိဘူးလို့ ယုံကြည်ထားတဲ့ စစ်ကောင်စီနဲ့ မိတ်ဝတ်မပျက် ဆက်ဆံသွားရေးဖြစ်ပြီး ဆက်ဆံရေးဖြတ်တောက်ခဲ့ရင် အကျိုးစီးပွားထိခိုက်မှာကို မလိုလားတာဖြစ်တယ်။

တစ်ချိန်ထဲမှာပဲ အိန္ဒိယဟာ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ဒီမိုကရေစီဘက်တော်သားတွေနဲ့ မမြင်သာတဲ့ ဆက်ဆံမှုတွေလည်းရှိနေတယ်။

အိန္ဒိယအထက်လွှတ်တော်အမတ် ဗန်လယ်ဗီနာ နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ တွေ့ဆုံဆွေးနွေးမှုဟာ အိန္ဒိယဗဟိုအစိုးရရဲ့ ထောက်ခံမှု မပါဘဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါဟာ အိန္ဒိယဗဟိုအစိုးရမှာ မူဝါဒအပြောင်းအလဲ အနည်းငယ် ရှိနေပြီဆိုတာ ပြသနေတယ်။ အန္ဒိယရဲ့ နိုင်ငံရေး နဲ့ လုံခြုံရေးအသိုင်းအဝန်းမှာ မြန်မာစစ်ကောင်စီဟာ ကျရှုံးနေပြီလို့ ယူဆလာနေပြီဖြစ်တယ်။

လက်တွေ့အခြေအနေမှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ညီနောင်သုံးဖော်ရဲ့ မြောက်ပိုင်း စစ်ဆင်ရေးစတင်ချိန်က စလို့ မြန်မာနိုင်ငံအနောက်ပိုင်း၊ ရခိုင်နဲ့ ချင်ပြည်နယ်တွေဟာ ရက္ခိုင့်တပ်တော်(AA)နဲ့ ချင်းအမျိုးသားတပ်( CNF/A) အပါအဝင် ချင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်ကို ကျရောက်သွားခဲ့တယ်။

မြန်မာနိုင်ငံအနောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်နေပြီး နယ်စပ်လုံခြုံရေးအပါအဝင် တည်ဆောက်နေဆဲ ကုလားတန်ဘက်စုံသုံး ပို့ဆောင်ရေး စီမံကိန်းကိုပါ ထိခိုက်လာတယ်။

ဒီပြဿနာတွေဟာ အိန္ဒိယဗဟိုအစိုးရကိုသာမက အိုင်ဇောလ်က မီဇိုရမ်အစိုးရကိုပါ ရိုက်ခတ်မှု ရှိလာခဲ့တယ်။ ၂၀၂၄ ဖေဖော်ဝါရီလအထိ စာရင်းအရ မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည် ၃၂၂၂၁ ဦးကို လက်ခံထားရတယ်။ တရားမဝင်စာရင်းအရတော့ ချင်းပြည်နယ်က ထွက်ပြေးလာတဲ့ ဒုက္ခသည်ပေါင်း ၅၀၀၀၀ အထိ လက်ခံထားရတယ်လို့ဆိုတယ်။

မီဇိုရမ်ပြည်နယ်အနေနဲ့ ကုလားတန်စီမံကိန်း( KMMTTP ) ကို အထူးအားကိုးမျှော်လင့်မှုလည်း ရှိတယ်။ ဒီစီမံကိန်းကြီး ပြီးသွားရင် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းပေါ်မှာ ရှိတဲ့ မီဇိုရမ်ပြည်နယ်ရဲ့ စီးပွားရေးကလည်း ချက်ချင်းထိုးတက်လာနိုင်တယ်။

အိန္ဒိယအထက်လွှတ်တော်အမတ် ဗန်လယ်ဗီနာ ရဲ့ ခရီးစဉ်ဟာ အိန္ဒိယရဲ့ မြန်မာဆိုင်ရာ မူဝါဒ အပြောင်းအလဲထက် မီဇိုရမ်ပြည်နယ်ရဲ့ စီးပွားရေးနိုင်ငံရေးနဲ့ ပိုပြီးဆက်စပ်နေတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံအနောက်ပိုင်းဟာ မတူညီတဲ့ လူမျိုးစုနှစ်ခုရဲ့ အင်အားကြီးမားတဲ့ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။

တစ်ခုက ရက္ခိုင့်တပ်တော်(AA)ဖြစ်ပြီး တစ်ခုက ချင်းအမျိုးသားတပ်ဖွဲ့ (CNF) ဖြစ်တယ်။ ရက္ခိုင့်တပ်တော် (AA)ဟာ ရခိုင်ပြည်နယ်အလယ်ပိုင်း နဲ့ မြောက်ပိုင်းသာမက ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ အထိ နယ်မြေတွေကို ထိန်းချုပ်ထားတယ်။

ရက္ခိုင့်တပ်တော်ရဲ့ ချင်းပြည်နယ် ပလက်ဝအထိ ထိန်းချုပ်လွှမ်းမိုးမှုနဲ့ ပတ်သက်ပြီး ချင်းအမျိုးသား တပ်မတော်( CNF/CAN) အပါအဝင် ချင်းလူမျိုးများနဲ့ အသေအချာ ဆွေးနွေးညှိနှိုင်းမှု မရှိသေးဘူးလို့ ဆိုတယ်။

ချင်းတွေက ရက္ခိုင့်တပ်တော်ဟာ သမိုင်းကြောင်းအရ သူတို့ပိုင်တဲ့ နယ်မြေထဲ ကျူးကျော်လာတယ်လို့ ဆိုတယ်။ CNF ဟာ အာဏာမသိမ်းခင် ၂၀၂၀ ကတည်းက အေအေတွေကို ပလက်ဝက ပြန်ဆုတ်ပေးဖို့ တောင်းဆိုဖူးတယ်လို့ ဆိုတယ်။ ပလက်ဝ နဲ့ပတ်သက်ပြီး အေအေ နဲ့ ချင်းတို့အကြား ပွတ်တိုက်မှု ဖြစ်နေတဲ့ သမိုင်းဆိုင်ရာနယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှု ဆိုတာထက် ပလက်ဝဟာ အနာဂတ်မှာ အဓိကဝင်ငွေ ရရှိလာစေမယ့် မြေပုံပေါ်က မဟာဗျူဟာကျတဲ့ နေရာမှာ တည်ရှိနေတာလည်း အချက်တစ်ခုအနေနဲ့ ပါဝင်တယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အိန္ဒိယဟာ ကုလားတန်ဘက်စုံသုံး ကြားခံပို့ဆောင်ရေးစီမံကိန်း( KMMTTP) အတွက် ငွေကြေးအမြောက်အများ သုံးစွဲထားခဲ့တယ်။ ပလက်ဝကို နိုင်ငံရေး သို့မဟုတ် လုံခြုံရေးအရ ထိန်းချုပ်ထားနိုင်သူဟာ ကုန်စည်အမြောက်အများဖြတ်သန်းသွားမယ့်လမ်းမနဲ့ အခွန်ကောက်ခံခွင့်ကို ရရှိမှာဖြစ်တယ်။

ဒီအနေအထားကို ကောင်းကောင်းနားလည်သဘောပေါက်နေကြလို့ ရက္ခိုင့်တပ်တော် (AA) နဲ့ ချင်းအမျိုးသားတပ် CNF တို့ဟာ ပလက်ဝ ကို ထိန်းချုပ်ရေး အငြင်းပွားနေကြတာဖြစ်တယ်။ ဒီအငြင်းပွားမှုဟာ အိန္ဒိယအတွက်လည်း အသေအချာစဉ်းစားရမယ်ကိစ္စ ဖြစ်လာတယ်။

အိန္ဒိယအနေနဲ့ အုပ်စုတစ်ခုနဲ့ပဲ ဆက်ဆံမယ်ဆိုရင် အခြားအုပ်စုတစ်ခုကို ပစ်ပယ်လိုက်သလို ဖြစ်သွားမယ်။ ဒါ့ကြောင့် တစ်ဖက်က အေအေ နဲ့ တွေ့ဆုံစကားပြောနေစဉ်မှာပဲ အခြားအုပ်စုဖြစ်တဲ့ CNF နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးကို ထူထောင်ထားရတယ်။

ပလက်ဝနဲ့ ပတ်သက်ပြီး ချင်း နဲ့ ရခိုင်ကြား တာရှည်ပွတ်တိုက်မှု ဖြစ်ပေါ်နေတာဟာ ရေရှည်မှာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးဆိုတာ အိန္ဒိယက သိရှိလက်ခံထားဖို့ လိုတယ်။ ဒါကြောင့် အိန္ဒိယအနေနဲ့ သူ့ရဲ့ သံတမန်ရေးအားထုတ်မှုနဲ့ ပါဝင်ပတ်သက်သူအားလုံး ပိုနေမြဲ ကြားနေမြဲဖြစ်အောင် အုပ်စုနှစ်ခုစလုံးကြား စေ့စပ်ပေးသင့်တယ်။

ဒီလိုစေ့စပ်ညှိနှိုင်းပေးခြင်းဟာ နယ်စပ်ဒေသတစ်လျှောက် နေထိုင်ကြတဲ့ နေရပ်စွန့်ခွါသူများအပါအဝင် ပြည်သူအားလုံးအတွက်လည်း အကျိုးရှိစေတယ်။ အိန္ဒိယအနေနဲ့ NUG နဲ့ ပုံမှန်ထိတွေ့ပြီး စစ်ကောင်စီ အလွန် မြန်မာနိုင်ငံရဲ့ အနေအထားနဲ့ပတ်သက်ပြီးတော့လည်း အလေးအနက် ညှိနှိုင်းဆွေးနွေး ထားသင့်တယ်။ ဒါတွေက အရှေ့ဘက်အိမ်နီးချင်းနဲ့ လမ်းသစ်ဖောက်ဖို့ အိန္ဒိယအတွက် လက်တွေ့ကျတဲ့ နည်းလမ်းတချို့ပဲဖြစ်ပါတယ်။

Ref: THE DIPLOMAT မှာ ပါရှိတဲ့ Angshuman Choudhury ရဲ့  “Is India Finally Waking up to a New Reality in Western Myanmar” ဆောင်းပါးကို နိရဉ္စရာ ဘာသာပြန်ဌာနက ဘာသာပြန်ထားတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ