Preview

(၁၅)နှစ်မြောက် အာရက္ခတပ်တော်နေ့သို့ အာရက္ခတပ်တော် တပ်မှူးချုပ်မှ ပေးပို့သော သဝဏ်လွှာပါ ထူးခြားချက်နှင့် အဓိကအကြောင်းအရာများ

ဧပြီ ၁၁/ ၂၀၂၄ | ကြည့်ရှုသူ :951
ဆောင်းပါး

(၁၅) နှစ်မြောက် အာရက္ခတပ်တော်နေ့ သို့ အာရက္ခတပ်တော် တပ်မှူးချုပ်မှ ပေးပို့သော သဝဏ်လွှာပါ ထူးခြားချက်နှင့် အဓိက အကြောင်းအရာများ

နိရဉ္စရာ၊ ဧပြီ ၁၁/၂၀၂၄

(၁၅)နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ရခိုင်ဘာသာစကားဖြင့် ပေးပို့သောသဝဏ်လွှာမှ ထူးခြားချက်များနှင့်အဓိက အကြောင်းအရာများကို မြန်မာလို ဖော်ပြအပ်ပါသည်။

(ထူးခြားချက်)

ယခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် ကျရောက်သည့်  (၁၅) နှစ်မြောက်နေ့ တပ်တော်နေ့သို့ ပေးပို့သော တပ်မှူးချုပ် သဝဏ်လွှာတွင်ရက္ခိုင့်တပ်တော်အစား အာရက္ခတပ်တော်ဟု ပြောင်းလဲ သုံးနှုန်းထားပါတယ်။  

(သဝဏ်လွှာအဓိကအကြောင်းအရာများ)

(က) အာရက္ခပြည်သူလူထုတရပ်လုံးက မျှော်မှန်းထားသည့် အာရက္ခအိပ်မက်အကောင်အထည် ပေါ်နိုင်ဖို့ဆိုရင်.....

ယခု အချိန်ကာလသည်  ငါတို့ တော်လှန်ရေး၏အရေးကြီးဆုံး အချိန်ဖြစ်။ရရှိထားသော  အောင်မြင် မှုများနဲ့ အတူ တိုင်းပြည်ကာကွယ်ရေး၊လူထုလုံခြုံရေး၊မြို့၊ ရပ်ရွာများရဲ့ စီမံအုပ်ချုပ်ရေး တာဝန်များ အရင်ထက်ပိုလို့ ကြီးမားလာ။

 အာရက္ခစစ်သည်တော်တွေရဲ့  အသက်ခန္ဓာ ပြည်သူတို့ရဲ့ အသက်ဘ၀ မျက်ရည်ဒုက္ခသုက္ခတွေ အားလုံးကို အရင်းပြုပြီးတော့ ရရှိလာတဲ့  ဒီကနေ့ အာရက္ခဖြစ်တည်မှုဟာ ဘယ်အရာနဲ့မှလည်း တန်ဖိုးချင်းထပ်တူမပြုနိုင်တဲ့ အရာတွေဖြစ်။အာရက္ခအမျိုးသားတော်လှန်ရေးကြီးကမပြီးမြောက်သေးတဲ့အတွက်လက်ရှိ ရရှိထားတဲ့  ယုံကြည်မှု ခွန်အား အရှိန်အဟုန်ကိုဆက်လက် မြှင့်တင်ပြီးတော့  ငါတို့  ရည်မှန်းချက်အတိုင်း အပြင်းထန်ဆုံးနဲ့ အလျင်မြန်ဆုံးဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမှာဖြစ်။ သို့မှသာ အာရက္ခပြည်သူလူထုတရပ်လုံးက မျှော်မှန်းထားတဲ့ အာရက္ခအိပ်မက်အကောင်အထည်ပေါ်နိုင်မှာဖြစ်တယ်။

(ခ) ရရှိလာသည့် အောင်မြင်မှုအတွက် ပေးဆပ်တိုက်ပွဲဝင်သူများအားလုံးကို ကျေးဇူးတင်၊ ဆက်လက်ပြီး စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ချီတက်သွားကြရန် တိုက်တွန်း……

ယခုလို  အတိုင်းအတာတရပ်အထိရရှိလာအောင်မြင်မှုတွေကိုဒီနေ့လိုမျိုး  ရရှိလာဖို့အတွက်အခက်အခဲတိအမျိုးမျိုးကြားက ရုန်းကန်ကြိုးစားပြီးတော့  စွန့်စားပေးဆပ်မှုတွေနဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့  လူပုဂ္ဂိုလ်တွေ  အများကြီးရှိ။  တယောက်ချင်းစီကိုလည်း  ချီးမွှမ်းဂုဏ်ပြု ကျေးဇူးတင်ကြောင်းပြော။  အထူးသဖြင့်-

၁။ စစ်မြေပြင်အသီးသီးမှာတိုက်ပွဲဝင်၊ အုပ်ချုပ်ထောက်ပံ့ရေး ၊ အထူးတာဝန်တွေနဲ့  တာဝန်ကျရာ ဒေသ အသီးသီးမှာ အထက်ကပေးအပ်လာတဲ့  အမိန့်နဲ့ တာဝန်တွေ ကိုထမ်းဆောင်ယင်း အသက်နဲ့ ခန္ဓာ ပီးဆပ်သွားခဲ့ရသူတွေနဲ့ ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးသွားခဲ့ရတဲ့ ရဲဘော်ရဲဘက်တွေ

၂။ အထက်ကပေးအပ်လာတဲ့  အမိန့်နဲ့ တာဝန်အတိုင်း စစ်မြေပြင်အသီးသီးမှာရဲဝံ့သတ္တိအပြည့်နဲ့  ဆက်လက်တိုက်ပွဲဝင်နေကြတဲ့  တပ်မှူး၊ တပ်သား၊ တပ်ဖွဲ့ဝင်အားလုံးနဲ့ ULAအဖွဲ့ဝင် ရဲဘော်ရဲဘက်တွေ၊

၃။ အဖက်ဖက်က တတ်နိုင်သမျှ တွဲလက်ကူညီပေးနေကြတဲ့ မဟာမိတ်ညီနောင်တွေ၊ဆက်စပ် မဟာမိတ်ရဲဘော်ရဲဘက်တွေ

၄။ အာရက္ခပြည်သားမဟုတ်ပေမယ့်  မိမိတို့ တော်လှန်ရေးကိုလေးစားချစ်ခင်စေတနာထားပြီး ဝန်းရန်ကူညီပံ့ပိုးပေးနေကြတဲ့  ဆေးပညာရှင်တွေနဲ့  အခြားပညာရှင်အသီးသီးတွေ

၅။ စစ်ပွဲရဲ့ ဒဏ်ကိုကြံ့ကြံ့ခံပြီး မရှိ ရှိတာနဲ့  ပံ့ပိုးကူညီပြီးတော့ တသားတည်းရပ်တည်ပေးနေကြတဲ့ အာရက္ခမိဖပြည်သူတွေနဲ့ ရောက်တဲ့နေရာက နိုင်တဲ့ တာဝန်ကိုကျေပွန်စွာထမ်းဆောင် ပေးနေကြတဲ့  အဝေးရောက်အာရက္ခအမျိုးအနွယ်တွေ  အားလုံးကို အထူးကျေးဇူးတင် ဂုဏ်ပြု။  ဆက်လက်ပြီးကေ စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ချီတက်သွားကြမယ်။

(ဂ) စစ်မြေ ပြင်အောင်မြင်မှုတွေကြောင့် စိတ်ကြီးဝင်ပြီး  ရန်သူကို လျှော့တွက်တာမျိုး၊ အလုပ်တာဝန်ပေါ့လျော့လာတာမျိုးတွေ မဖြစ်ဖို့လို........

တိုက်ပွဲဝင်စစ်တွေနဲ့ ULA ရဲဘော်ရဲဘက်တွေအနေနဲ့ လက်ရှိ ရရှိထားတဲ့ အောင်မြင်မှုတွေ အတွက်သင့်တင့်လျောက်ပတ်စွာ ဂုဏ်ယူရန်လို။ စစ်မြေပြင်အောင်မြင်မှုတွေကြောင့်စိတ်ကြီးဝင်ပြီးတော့  ရန်သူကို လျှော့တွက်စွာမျိုး၊ အလုပ်တာဝန်ပေါ့လျော့သွားတာမျိုးတွေမဖြစ်ဖို့လို။

(ဃ) အရက်သေစာ သောက်စားမူးယစ်ပြီး  စစ်စည်းကမ်းပျက်ခြင်း၊ ပြည်သူလူထုနဲ့  ဆက်ဆံရေးဆိုင်ရာပြဿနာတွေ မပေါ်ပေါက်အောင် အထူးဂရုစိုက် စီမံအုပ်ချုပ်လုပ်ကိုင်သွားဖို့လို.....

စစ်စည်းကမ်းတွေကိုအတိအကျလိုက်နာရန်လို။  ပြည်သူ့ဆက်ဆံရေး /လူမျိုးစုများဆိုင်ရာမူဝါဒတွေ  စစ်သည်တွေ လိုက်နာရမယ့် ကျင့်ဝတ် လုပ်ဆောင်ရမယ့် တာဝန်တွေ ကိုမတိမ်းစောင်း မပျက်ကွက်စေရန်လို။

သက်ဆိုင်ရာ အမိန့်ပေး ကွပ်ကဲနေတဲ့  တပ်မှူးအဆင့်ဆင့်နဲ့  မြေပြင်တပ်မှူးတွေ အနေနဲ့  မိမိ လက်အောက်မှာတိုက်ပွဲဝင်နေတဲ့  ရဲဘော်တွေကိုစည်းစနစ်ကျကျ စီမံအုပ်ချုပ်ဖို့၊ စစ်သည်တွေ  အရက်သေစာ သောက်စားမူးယစ်ပြီးတော့ စစ်စည်းကမ်းပျက်ခြင်းအုပ်ချုပ်မှုဆိုင်ရာပြဿနာတွေ ၊ ပြည်သူလူထုနဲ့ ဆက်ဆံတဲ့ အချိန်တိမှာဆက်ဆံရေးဆိုင်ရာပြဿနာတွေ မပေါ်ပေါက်အောင် အထူး ဂရုစိုက် စီမံအုပ်ချုပ်လုပ်ကိုင်သွားဖို့ အရေးကြီးပါတယ်။

တော်လှန်ရေးကာလစစ်ပွဲတွေကြားမှာအခက်ခဲပေါင်းများစွာနဲ့  ဆင်းရဲဒုက္ခရောက်နေကြတဲ့  ပြည်သူလူထုကို အကောင်းဆုံး ကူညီကာကွယ်ပေးဖို့နဲ့ ဘယ်လို အခက်အခဲကိုမဆို တာဝန်သိစိတ်နဲ့  လိုလိုလားလား ကူညီဖြေရှင်း ပေးသွားကြဖို့။  ပြည်သူတွေနဲ့ ယဉ်ကျေးပြေလည်စွာ ပြောဆိုဆက်ဆံဖို့အလေးထားမှာကြားလိုတယ်။  စစ်သည်တွေ အနေနဲ့ တိုက်ပွဲတွေမှာ ပင်ပန်းညောင်းညာခြင်း၊ စိတ်ဖိစီးခြင်းတွေကိုအကြောင်းပြချက်ပေးပြီးတော့  အရက်သေစာမူးယစ် သောက်စားပြီး  ပြည်သူတွေနဲ့ ပြဿနာတက်တာတို့၊ လက်နက်အားကိုးနဲ့  ရိုင်းစိုင်းစွာပြုမူတဲ့ အဖြစ်မျိုးတွေကိုမဖြစ်ရအောင် တပ်မှူးအဆင့်ဆင့်က အရည်အချင်းရှိရှိနဲ့  ဂရုတစိုက် အထူးကြပ်မတ် စီမံအုပ်ချုပ်တတ်ဖို့လို။

(င)အမျိုးသမီးတွေနဲ့ ကလေးငယ်တို့ရဲ့  စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးကိုကူညီနိုင်ရန်နဲ့ လူငယ်အင်အားစုတွေ၊  NGO၊  CBOs/CSOs ၊ စေတနာရှင်တွေနဲ့ လက်တွဲ ပူးပေါင်း ဆောင်ရွက်ကြဖို့လို……..

အိုးအိမ်တွေကိုစွန့်ခွာပြီး  စစ်ဘေးရှောင်လာကြတဲ့  ပြည်သူတွေရဲ့ လုံခြုံရေး၊စားဝတ်နေရေးနဲ့ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တို့ရဲ့  စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးတွေ ကို ကူညီနိုင်ဖို့အတွက်ဒေသအလိုက်ဖွဲ့စည်းပြီးတော့  တာဝန်ပေးထားတဲ့  ပုဂ္ဂိုလ်တွေက ပိုလို့စနစ်ကျအောင် ဂရုတစိုက်နဲ့  ဝိုင်းဝန်းလုပ်ဆောင်ပေးရန်လိုအပ်။ ဒေသတွင်းမှာ ရှိနေကြတဲ့ လူငယ်အင်အားစုတွေ၊NGO အဖွဲ့ အစည်းတွေ ၊CBOs/CSOs အဖွဲ့တွေ ၊စေတနာရှင် တွေနဲ့  အားလုံးလက်တွဲပြီးတော့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ချစ်ခင်လေးစားစွာနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ လမ်းညွှန်မှာကြားလို။

(စ) စစ်ကောင်စီ တစ်ခါမှ မကြုံဖူးတဲ့ အထွေထွေအကျပ်အတည်းတွေနဲ့  တပြိုင်နက်တည်း ရင်ဆိုင်နေရ၊ သို့သော် စစ်လက်နက်အင်အား၊ ရေတပ်၊ လေတပ်နဲ့  ပြည်သူတွေကို  အကြမ်းဖက် သတ်ဖြတ်ပြီး  အာဏာကို ဆက်လက် ဖက်တွယ်ထား......

အကြမ်းဖက်စစ်ကောင်စီဟာ  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းကစပြီး  ဗမာ လူမျိုးတွေရဲ့  ပြင်းထန်တဲ့  ဆန့်ကျင်မှု၊ လက်နက်ကိုင်တော်လှန်မှုတွေနဲ့  ပြည်ထောင်စုတစ်ဝန်းလုံးရှိ  တိုင်းရင်းသားပေါင်းစုံတိုရဲ့  တပြိုင်နက်တည်း ဆန့်ကျင်မှုတွေကို ရင်ဆိုင်နေရ။ နိုင်ငံရေး၊စစ်ရေး၊သံတမန်ရေး၊  စီးပွားရေး  အကျပ်အတည်းတွေ၊ တပ်တွင်းမညီညွတ်မှု၊ ထိပ်ပိုင်း ခေါင်းဆောင်တွေ အချင်းချင်းအကြားမယုံကြည်မှုတွေ အပြင် မြန်မာစစ်တပ်စတင်ဖွဲ့စည်းစကနေ ဒီနေ့အထိ  တခါလည်း မကြုံဖူးတဲ့  အထွေထွေအကျပ်အတည်းတွေကို  တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရ။သို့သော် သူတို့ရဲ့  အားသာချက်က စစ်လက်နက်အင်အား၊ ရေတပ်၊လေတပ်နဲ့ အကျိုးစီးပွားချင်းဆက်စပ်နေတဲ့  တချို့သော အိမ်နားချင်းနိုင်ငံတွေရဲ့  ကူညီပံ့ပိုးမှုတွေနဲ့ ဆက်လက်ပြီး ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်ပြီး  အာဏာကို ဆက်လက် ဖက်တွယ်ထားနေ။

(ဆ) အကြမ်းဖက်နည်းလမ်းတွေအပါအဝင်  လူမဆန်ယုတ်ညံ့တဲ့  နည်းလမ်းပေါင်းစုံနဲ့  အလုံးစုံပျက်သုဉ်းရေးအတွက် စစ်ကောင်စီ လုပ်ဆောင်နေ....

ငါတို့ရဲ့  ရက္ခိုင်ပြည်စစ်မြေပြင်မှာ  အာရက္ခတပ်တော်နဲ့ စစ်တပ်အချင်းချင်း မယှဉ်နိုင်တဲ့ အနအထားမှာအကြမ်းဖက်နည်းလမ်းတွေ အပါအဝင် လူမဆန်ယုတ်ညံ့တဲ့  နည်းလမ်းပေါင်းစုံနဲ့ ထောင့်ပေါင်းစုံက စစ်မျက်နှာဖွင့်ပြီးရင်  အလုံးစုံပျက်သုဉ်းရေးအတွက်တိုက်ခိုက်လို့ရှိနေ။

၁။ ရက္ခိုင်ပြည်သူတွေ  အထွေထွေအကျပ်အတည်းနဲ့  အငတ်ဘေးဆိုက်အောင် ကုန်း၊ ရေ၊လေပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်းတွေ အားလုံးကို ဖြတ်တောက်ပိတ်ဆို့ထားခြင်း၊

၂။ အခြေခံလူထုအဆောက်အအုံတွေဖြစ်တဲ့  ကျောင်း၊ ဆေးရုံ၊ သာသနိက အဆောက်အအုံ၊လမ်းတံတား၊လူနေရပ်ကွက်၊ဈေးတွေကိုရည်ရွယ်ချက်ရှိရှိ  အမြောက်ကြီးတွေ ဒုံးကျည်တွေနဲ့  ဗြောင်ကျကျ အကြမ်းဖက်တိုက်ခိုက်ခြင်း၊အပြစ်မဲ့အရပ်သားပြည်သူတွေ ကို ဥပဒေမဲ့ဖမ်းဆီး သတ်ဖြတ်ခြင်း၊

၃။ ဈေးတွေ ဈေးဆိုင်တွေ ကိုမီးတိုက် (ရှို့) ဖျက်ဆီးပြီးအရပ်သားပိုင်နေအိမ်တွေ ကိုဖောက်ထွင်းခိုးယူ လုယက်ခြင်း၊ သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုကြီးတွေနဲ့  လူသားမျိုးနွယ်ကို ပြစ်မှုကျူးလွန်ခြင်းတွေကိုတမင်တကာရည်ရွယ်ချက်ရှိရှိ လူမျိုးရေး အမုန်းတရားတွေနဲ့  ကျူးလွန်နေခြင်း၊

၄။ ရက္ခိုင်လူထုကို အများအပြားသေကြေ ပျက်စီးလိုတဲ့  ယုတ်ညံ့တဲ့  ရည်ရွယ်ချက်တွေနဲ့  စစ်တွေ၊ ကျောက်ဖြူတို့လို  အဓိကကျတဲ့  မြို့တွေမှာ ပြည်သူတွေကို အတင်းအဓမ္မ ပိတ်လှောင်ပြီးတော့  အာရက္ခတပ်တော်ကို စစ်မြူခေါ်သွင်းကာ  အများပြည်သူနေထိုင်တဲ့  မြို့ရွာလူထုတွေကြားမှာ စစ်တလင်း ဖန်တီးရေးအတွက်ပရိယာယ်အမျိုးမျိုးနဲ့  လုပ်ဆောင်လာနေတာတွေကို တွေ့မြင်နေ၇ခြင်း၊

၅။ စစ်ကောင်စီတပ်တွေ  တိုက်ပွဲတွေမှာရှုံးနိမ့်ပြီးတော့  သူတို့ ထိန်းချုပ်မှုအောက်မှာမရှိတော့တဲ့ မြို့ရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေ ၊ဗုံးကြဲဖျက်ဆီးသတ်ဖြတ်မှုတွေကိုဆက်တိုက် ကျူးလွန်ခြင်း၊

၆။ အာရက္ခဒေသအတွင်း လူမျိုးရေး ၊ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပေါ်လာဖို့အတွက် ARSA ၊ ARA တို့နဲ့ ဒေသခံအစွန်းရောက်စစ်သွေးကြွတွေကိုစစ်သင်တန်းပေး၊ လက်နက်တပ်ဆင်ပြီးတော့  ပြဿနာတွေကို ပိုလို့ရှုပ်ထွေးအောင် ရည်ရွယ်ချက်ရှိရှိနဲ့  ဖန်တီးပြီးရှိနေခြင်း၊

(ဇ)လူမျိုးရေးခွဲခြားပြီး ရက္ခိုင်လူမျိုးတွေကို  ကန့်သတ်ချုပ်ချယ်ခြင်း၊ ဥပဒေမဲ့ဖမ်းဆီး ချုပ်နှောင်ခြင်း၊အာဏာပြငွေညှစ်ခြင်းနဲ့ သတ်ဖြတ်ဖျောက်ဖျက်ခြင်းတွေကို  လုပ်ဆောင်လာနေ......

ဖက်ဆစ်စစ်ကောင်စီဟာ  ရက္ခိုင်ဒေသကို “လူမကျန်ကေနီ  မြီကျန်ကေကျီ"ဆိုတဲ့ အလုံးစုံပျက်သုဉ်းရေး မူဝါဒကိုချမှတ်ပြီးကေ လုပ်ဆောင်နေ။ရက္ခိုင်ပြည်တွင်းမှာသာမက ရက္ခိုင်ပြည် ပြင်ပရန်ကုန်၊ မန္တလေး တခြားဒေသတွေပါ၁၁/ မှတ်ပုံတင်ကိုင်ထားတဲ့ ရက္ခိုင် လူမျိုးတွေကိုလူမျိုးရေး ခွဲခြားပြီးတော့ ကန့်သတ်ချုပ်ချယ်ခြင်း၊ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ခြင်း၊ အာဏာပြငွေညှစ်ခြင်းနဲ့  သတ်ဖြတ်ဖျောက်ဖျက်ခြင်းတွေကိုပါ  လုပ်ဆောင်လာနေ။

ငါတို့ အာရက္ခတပ်တော်ဟာ  ခုလို မဖွယ်မရာ မတရားမှုတွေကို လုံး၀သည်းခံမှာ မဟုတ်။လက်တုံ့ပြန် ဆောင်ရွက်သွားမယ်။စစ်ရေးအရပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်သလို  စစ်ရာဇဝတ်ကောင်တွေကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့  ဖမ်းဆီးအရေးယူပြီးတော့  နစ်နာဆုံးရှုံးခံရတဲ့  ပြည်သူတွေ အတွက် တရားမျှတမှုတိရရှိ အောင်ပြတ်ပြတ်သားသားလုပ်ဆောင်သွားမှာဖြစ်။

(ဈ) လေကြောင်းရန်၊ မြေမြှုပ်မိုင်းအသိပညာ ဖြန့်ဖြူးမျှဝေ၊ ပြည်သူတွေလိုအပ်ချက်နဲ့ စိုက်ပျိုးရေးအတွက်ကြိုးစားလုပ်ဆောင်ရန်လို......... 

အာရက္ခတပ်တော် ရဲဘော်ရဲဘက်တွေ အနေနဲ့ ငါတို့ ပြည်သူတွေကိုစစ်ကောင်စီရဲ့  အကြမ်းဖက် တိုက်ခိုက်မှုတွေက  အကောင်းဆုံး ကာကွယ်ပေးသွားမှာဖြစ်တယ်။  လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့အသိပညာပေးတာတွေ၊  ကြိုတင်ပြင်ဆင်မှု အစီစဉ်တွေကိုလည်း ဆောင်ရွက်လို့ရှိနေ ။ဒေသတွင်း မြေမြှုပ်မိုင်းအန္တရာယ် ကာကွယ်ရေး၊ အသိတရားတွေကိုလည်းအခြေခံ လူထုကြားမှာဖြန့်ဖြူးမျှပေးဝေလို့ ရှိနေ။ မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ငန်းတွေလည်းကြိုးစား လုပ်ဆောင်လို့ရှိနေ။ ULA တာဝန်ရှိ ရဲဘော်ရဲဘက်အဆင့်ဆင့်အနေနဲ့  ပြည်သူတွေရဲ့  ရိက္ခာ၊ ဆေးဝါး၊ ဆက်သွယ်ရေး ၊ လောင်စာဆီ လိုအပ်ချက်ပြဿနာတွေ ကို အရင်ဆုံး ဖြေရှင်းပေူ နိုင်ရေးနဲ့  အခု လာမယ့် မိုးရာသီဆန်စပါးစိုက်ပျိုးရေး အတွက် အရေးတကြီးလိုအပ်နေတဲ့  စိုက်ပျိုးရေးဆိုင်ရာသွင်းအားစုတွေ ရနိုင်ရေး အတွက် ကြိုးစားလုပ်ဆောင်လို့ရှိနေ။

(ည)စစ်တွေ၊ ကျောက်ဖြူတို့လို ရန်သူထိန်းချုပ်နယ်မြေမှာ  ပိတ်မိနေတဲ့ ပြည်သူတွေ  လွတ်မြောက်နယ်တွေမှာ  လာရောက်နေထိုင်ကြဖို့ အကြံပြု.........

စစ်တွေ၊ ကျောက်ဖြူတို့လို  ရန်သူထိန်းချုပ်နယ်မြေမှာ  ပိတ်မိနေတဲ့ ပြည်သူတွေ အနေနဲ့ အဆင်ပြေရင်  ပြေသလို  နည်းလမ်းအမျိုးမျိုးနဲ့  မကြာခင် အချိန်တခုအတွင်းမှာ လွတ်မြောက်နယ်မြတွေမှာလာရောက်နေထိုင်ကြဖို့  အကြံပြုလို။ အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်စရာတွေကိုပြင်ဆင်၇မယ်။

(ဋ) မြို့ပြတွေကို  စနစ်တကျစီမံဖို့ အုပ်ချုပ်ဖို့  လူ့အရင်းအမြစ်တွေကို ဖိတ်ခေါ်......

အာရက္ခတပ်တော်၏ စစ်မြေပြင်အောင်မြင်မှုတွေနဲ့ အတူ မြို့ရွာတွေကိုပါသိမ်းပိုက်ရရှိလာတဲ့အတွက် တာဝန်တွေက  ပိုလို့ကြီးလာ။ မြို့ပြတွေကို စနစ်တကျစီမံဖို့ အုပ်ချုပ်ရေး လုပ်ငန်းတွေ၊ ပြည်သူ့ဝန်ဆောင်မှု အစိုးရ ယန္တရားဌာနတွေ  ကောင်းမွန်စွာ လည်ပတ်လာနိုင်ဖို့အတွက် လူ့အရင်းအမြစ်တွေ လိုအပ်နေ။ ကဏ္ဍအလိုက် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိတဲ့  လူငယ်လူရွယ်တွေနဲ့ ပညာရှင်တွေရဲ့  စွမ်းရည်တွေကို လိုအပ်တဲ့ အပြင် အရင်အစိုးရလက်ထက်က အရင်အစိုးရဆီမှာ ဝန်ထမ်းလုပ်ခဲ့တဲ့ တတ်သိကျွမ်းကျင် ပညာရှင်တွေ၊  အရာရှိ  ဝန်ထမ်းတွေ အနေနဲ့  ULA အစိုးရဆီမှာ တာဝန်ထမ်းဆောင်လိုရင် အရင် လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားခဲ့တဲ့  အကျင့်ဆိုးတွေကို ယခင်က ရှိခဲ့တဲ့  အကျင့်ဆိုးတွေကို အရင်ဆုံးအခွံခွာချပြီးတော့  ULA အစိုးရက ချမှတ် ထားတဲ့ မူဝါဒ စည်းကမ်းကျင့်ဝတ်တွေနဲ့ အညီ  လာရောက်ပူးပေါင်းတာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်။အစိုးရ လုပ်ငန်းတွေ လည်ပတ်ဖို့ အရင်းအမြစ်တွေ  မလုံမလောက်နဲ့ စတင်ခါစမှာ အဆင်မပြေမှုအခက်အခဲတွေရှိနိုင်ကြောင်း  ကြိုတင်လို့ အသိပေးထားလို။

(ဌ) အာရက္ခပြည်သား လူမျိုးစုအသီးသီးရဲ့ တန်းတူရည်တူ ဂုဏ်ရည်တူ လွတ်လပ်မှု အခွင့်အရေးနဲ့  တာဝန်တွေကို တရားမျှတစွာနဲ့ ဖော်ဆောင်သွားမည်......

ရက္ခိတလမ်းစဉ်ကို အကောင်အထည်ဖော်ရာမှာ အာရက္ခပြည်သား လူမျိုးစုအသီးသီးရဲ့ တန်းတူရည်တူဂုဏ်ရည်တူ လွတ်လပ်မှု အခွင့်အရေးနဲ့ တာဝန်တွေကို တရားမျှတစွာနဲ့ ဖော်ဆောင်သွားမယ်။ဥပဒေနဲ့ အညီ အပြည့်အ၀အာမခံချက်ပေးသွားမှာဖြစ်တယ် ။

အာရက္ခဒေသတွင်း လူမျိုးစုအသီးသီး သဟဇာတရှိရှိ  ချစ်ခင်သင့်မြတ် အေးချမ်းစွာနဲ့  ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့လို။လူအခွင့်အရေးတန်ဖိုးတွေနဲ့အညီ အရှိတရားတွေကိုသဘောထားကြီးစွာ အသိအမှတ်ပြုလက်ခံပြီးတော့  အခြားတစ်ဖက်မှာလည်း ရိုးသားမှန်ကန်စွာနဲ့ အမှန်တရားကိုလက်ခံပြောဆို ကျင့်သုံးဖို့ လိုပါမယ်။မဖွယ်မရာ မရိုးမသားရည်ရွယ်ချက်တွေနဲ့ စိတ်ကူးယဉ်သမိုင်းသစ်တွေ ဖန်တီးခြင်းဟာ ငါတို့ အလွန်တရာမြတ်နိုးတန်ဖိုးထားဂုဏ်ယူရတဲ့ အာရက္ခအဖိုးအဖီးတို့ရဲ့  သမိုင်းဆိုင်ရာ မှန်ကန်မှုတွေကို စော်ကား စိန်ခေါ်ခြင်း၊အနာဂတ်ကို ခြိမ်းခြောက်ခြင်းတွေ ကို ဖြစ်ပေါ်စေတဲ့အတွက် လက်ရှိ ပြဿနာတွေ ကိုပြေလည်အောင် ဖြေရှင်းရန်အတွက်အမှားကိုအမှန်၊  အမှန်ကိုအမှား" လက်တစ်လုံးခြားဝါဒဖြန့်ချိမှုတွေ၊မျက်နှာပြောင်တိုက်စော်ကားစိန်ခေါ်မှုတွေ ၊တာဝန်မယူဘဲ အခွင့်အရေးကို တစ်ဖက်သတ် တောင်းဆိုနေမှုတွေကိုထိန်းသိမ်းရပ်တန့်ရန်လို။

ငါတို့ဟာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့  အမှန်တရားတွေ ကိုလိုလားပြီး ချစ်ခြင်းမေတ္တာ၊ရဲရင့်မှု သဘောထားကြီးမှု၊ အခြေခံတန်ဖိုးတွေနဲ့ ငါတို့  အာရက္ခပြည်သူလူထုနဲ့  သမိုင်းရဲ့ တောင်းဆိုချက်အ၇ ဆက်လက်ပြီးတိုက်ပွဲဝင်တည်ဆောက်သွားမှာ ဖြစ်တယ်ဆိုတာကို အတိအလင်း ပြောထားလိုပါတယ်။

(ဍ) ဗမာအပါအဝင် မြန်မာပြည်သူတို့ရဲ့  အကောင်းဆုံးမိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားမည်......

မြန်မာပြည်ထောင်စုနဲ့ ပတ်သက်လို့ ဗမာအပါအဝင်ဘ၀တူတိုင်းရင်းသားညီနောင်တို့ရဲ့  နိုင်ငံရေး  လိုလားချက် မျှော်မှန်းချက်တွေကိုလေးစားထောက်ခံပြီး မြန်မာပြည်သူတို့ရဲ့  အကောင်းဆုံး မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားမှာဖြစ်တယ်။

(ဎ) အာရက္ခတို့ ဇာတိမြေကို လုံး၀လွတ်မြောက်အောင် လုပ်နိုင်မှ ငါတို့ဘ၀တွေလုံခြုံမည်....

ငါတို့ အခုတိုက်နေတဲ့  တိုက်ပွဲတွေဟာ  ငါတို့ အားလုံးရဲ့  သမိုင်းနဲ့  အနာဂတ်ကံတရား အလှည့်အပြောင်း တစ်ခုလုံးကို အဆုံးအဖြတ်ပေးမယ့်  တိုက်ပွဲတွေ ဖြစ်တယ်။ ဒီတော်လှန်ရေးကြီးကိုအပြတ်အသတ် အောင်ပွဲခံပြီးတော့အာရက္ခတိုရဲ့ ဇာတိမြေကိုလုံး၀လွတ်မြောက်အောင် လုပ်နိုင်မှ ငါတို့ရဲ့ ဘ၀တွေလုံခြုံမယ်။ဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးတော့  မတရားမှုတွေက အဆုံးသတ်စေမှာဖြစ်တယ်။

ကိုယ်အမျိုးသားကံကြမ္မာကို ကိုယ်တိုင်ဖန်တီး ပုံဖော်နိုင်ရေးနဲ့  အနာဂတ်ကမ္ဘာ့သမိုင်းမှာ အာရက္ခ ပြည်သားတွေ  ဂုဏ်သိက္ခာရှိရှိ  လူမှန်နေရာမှန် ရှင်သန်ရပ်တည်နိုင်ကြဖို့  အချိန်အခါသင့် ဒီရေ အသင့်၊ လေအသင့်အောင်ပွဲ မျှော်လင့်ချက်ရောင်နီသစ်တွေနဲ့ အတူ ကိစ္စလက်ကျန်တွေကိုအပြတ်ဖြတ် စာရင်းဆက်ရှင်းလိုက်ကြရအောင်  ရဲဘော်တို့ .. . (ဟူးရား)။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.