ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

စစ်အာဏာရှင် မင်းအောင်လှိုင် ရဲ့ အာဏာပါဝါ ယုတ်လျော့ကျဆင်းလာပြီလား၊ သူ့ရဲ့ ဦးဆောင်မှု နောက်ဆက်တွဲ ဘာတွေထပ်ဖြစ်လာမလဲ"


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

စစ်အာဏာရှင် မင်းအောင်လှိုင် ရဲ့ အာဏာပါဝါ ယုတ်လျော့ကျဆင်းလာပြီလား၊ သူ့ရဲ့ ဦးဆောင်မှု နောက်ဆက်တွဲ ဘာတွေထပ်ဖြစ်လာမလဲ"

(သို့မဟုတ်)

"မင်းအောင်လှိုင်ဘာလဲ၊ဘယ်လဲ".....

 

ဂျွန်နသန်( ဘာသာပြန်ဆောင်းပါး) နိရဉ္စရာ၊ ဧပြီ ၁၂/၂၀၂၄

 

 စစ်ပွဲတွေမှာ ရှက်ဖွယ်ကောင်းတဲ့ ရှုံးနိမ်မှုတွေ ဆက်တိုက်ကြုံတွေ့နေရတဲ့ အချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် "ဘယ်လောက်ကြာကြာ အသက်ဆက်ရှင်ရပ်တည်နိုင်မလဲ" ဆိုတဲ့ မေးခွန်းတွေက ထွက်ပေါ် လို့နေပါတယ်။

 

မကြာသေးမီရက်များက စစ်ကောင်စီ တပ်ဖွဲ့၀င်တွေဟာ မြဝတီနားက တိုက်ပွဲမှာ လက်နက်ချ အညံ့ ခံလိုက်ပါတယ်။ အဲဒီ နောက်မှာ ထိုင်းနဲ့အဓိကနယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်တဲ့ မြဝတီမှာ မြန်မာ စစ်အစိုးရအနေနဲ့ ထိန်းချုပ်နိုင်မှုတွေ ဆုံးရှုံးလုနီးပါးအခြေအနေကို ရောက်ရှိလို့သွားပါတယ်။

 

(ယခုဆောင်းပါးဘာသာပြန်ရေးသားနေ ချိန်တွင် ထိုဒေသကို ကရင်လက်နက်ကိုင်အဖွဲ့အစည်းများက ထိန်းချုပ်ထားလိုက်ပြီဖြစ်သည်။ စာရေးသူ ) စစ်ကောင်စီဟာ နိုင်ငံရဲ့အနောက်ဘက်ရှိ ရခိုင်ဒေသများ အပြင်၊ တရုတ်နဲ့ အိန္ဒိယ နယ်စပ်တစ်လျှောက်ရှိတဲ့ အရေးပါတဲ့နယ်မြေတွေကို ဆုံးရှုံးထားရပါတယ်။ ဒါကြောင့် ဒီတစ်ခါ(မြ၀တီ) ရှုံးနိမ့်မှုဟာ စစ်အာဏာရှင်တွေရဲ့ ဆက်တိုက်ရှုံးနိမ့်မှုတွေထဲက နောက်ထပ် ရှုံးနိမ့်မှုတစ်ခု ထပ်တိုးလာခဲ့တာပါ။

 

ဒီရှုံးနိမ့်မှုတွေဟာ စစ်အစိုးရအတွက် ဗျူဟာမြောက် ထိုးနှက်ခံရမှု သက်သက်မျှသာမဟုတ်ပါဘူး။ စစ်ဗိုလ်ချုပ်များအတွက် ဂုဏ်သိက္ခာပိုင်းထိခိုက်သလို အရှက်ရစရာလည်းဖြစ်ပါတယ်။

 

အခုလိုစစ်ကောင်စီရဲ့  ရှုံးပွဲဆက်နေမှုတွေအပေါ်  ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကတော့ ၀မ်းသာအားရ ဖြစ်နေကြတာကို တွေ့ရပါတယ်။

 

စစ်ဘက်ဆိုင်ရာ အရာရှိများကြားမှာတော့ စစ်ကောင်စီရဲ့ ရှုံးပွဲဆက်နေမှုတွေအပေါ် အမျက် ဒေါသတွေ ထွက်နေကြပါတယ်။

 

ဒါကြောင့် လည်း "စစ်ခေါင်းဆောင် မင်းအောင်လှိုင် မည်မျှကြာအောင် ရှင်သန်နိုင်မလဲ" ဆိုတဲ့ မေးခွန်း တွေထွက်ပေါ်လို့နေပါတယ်။”

 

“ မြန်မာစစ်တပ်ကို ဘယ်သူတွေ တိုက်ခိုက်နေတာလဲ၊ဘာကြောင့်လဲ”

 

လွန်ခဲ့သည့် သုံးနှစ်က ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံထားရဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရကို ဖြုတ်ချပြီးစစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းမှုကို ပြည်လူထုတွေက ဒေါသထွက်ခဲ့ကြပြီးလမ်းမပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြပါတယ်။

 

ဒါကို စစ်တပ်က ရက်စက် ကြမ်းကြုတ်စွာနဲ့ တုံ့ပြန် ဖြိုခွင်းခဲ့ပါတယ်။ စစ်အာဏာရှင်အုပ်ချုပ်မှုကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက်  အရပ်သားအများအပြားဟာ ရရာလက်နက်တွေကို ဆွဲကိုင်ခဲ့ကြပါတယ်။

 

သူတို့မှာအများအားဖြင့် လက်နက် အနည်းငယ်မျှသာ ရှိခဲ့ကြပါတယ်။ ပြီးနောက်မှာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ အတူ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ အဖွဲ့ အချိုကတော့ သူတို့ထက် ဝါရင့်ပြီး အတွေ့အကြုံပိုရှိတဲ့ ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်နဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထံကနေ ပံ့ပိုးကူညီမှုတွေ ရရှိခဲ့ကြပါတယ်။

 

ဒီအဖွဲ့တွေက သဘောထား တူညီပြီးတိကျတဲ့ ပန်းတိုင်တွေ ရှိကြပါတယ်။ ဒီအဖွဲတွေက နိုင်ငံ အနှံ့အပြားမှာရှိတဲ့ စစ်တပ်တွေကို တိုက်ခိုက်နေလို့ စစ်တပ်က အထိနာနေပြီး စစ်ဗိုလ်ချုပ်တွေကို ဗျာများစေပါတယ်။

 

မကြာသေးမီက စစ်မှုထမ်း ဥပေဒပြဌာန်းလိုက်တာက တပ်မတော်မှာ လူအင်အား ဘယ်လောက်ထိ ချို့တဲ့နေပြီလဲ ဆိုတာကို လက္ခဏာတစ်ရပ်လည်းဖြစ်ပါတယ်။ ဒါဟာလူငယ်တွေ ကို စစ်တပ်ထိန်းချုပ် နယ်မြေများကနေ လွတ်ရာဆီ ထွက်ပြေးစေတဲ့ မူဝါဒလည်းဖြစ်ခဲ့ပါတယ်။

 

 “စစ်တပ်က အာဏာချုပ်ကိုင်မှု ဆုံးရှုံးနေပြီလား”

 

 စစ်တပ်ဟာ အရေးကြီးတဲ့ နယ်စပ်ဒေသ အများအပြားကို ထိန်းချုပ်မှုနိုင်မှု ဆုံးရှုံးခဲ့ရပါတယ်။ မကြာမီကာလမှာလည်း စစ်တပ်အနေနဲ့ ထို နယ်မြေများကို ပြန်လည်ရရှိရန်လည်း မဖြစ်နိုင်ကြောင်း သိသာ ပေါ်လွင်နေပါတယ် ။ ဒါပေမယ့် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်စတဲ့ မြို့ကြီးတွေ အပါအဝင် နိုင်ငံရဲ့ အလယ်ဗဟို ဒေသတွေကိုတော့ စစ်တပ်က ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်ဟာ နေ့စဉ်နဲ့အမျှ အရှုံးနဲ့ အရှက်တကွဲ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

 

 "ရှင်းပါတယ်၊ဒါဟာ အင်စတီကျူးရှင်းရဲ့ အလယ် ဗဟိုမှာ ဘယ်လောက်လှိုက်စား နေပြီဆိုတာသိသာ ထင်ရှားပါတယ်။ လောလောဆယ်မှာတော့ ဒီအင်စတီကျူးရှင်း (စစ်တပ်)က လဲပြိုကျမှာတော့ မဟုတ်ဘူး။ ဒါဟာ ကဘူးလ်ရဲ့ ကျဆုံးခန်း မဟုတ်ပါဘူး”လို့ ကမ္ဘာတဝှမ်းပဋိပက္ခများကို ခွဲခြမ်း စိတ်ဖြာမှုပြုနေတဲ့ အကျိုးအမြတ်မယူတဲ့ Crisis Group ရဲ့ မြန်မာအကြံပေး Richard Horsey လို့ သုံးသပ်ပါတယ်။

 

ဒါပေမယ့်လည်း နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့်အရာတွေကတော့ စစ်မြေပြင်မှာ စစ်တပ်က ဘယ်အတိုင်းအတာထိ ရှုံးနိမ့်နေမယ်ဆိုတဲ့ ကိစ္စမျှသာမဟုတ်တော့ဘဲ စစ်တပ်အဖွဲ့အစည်းအတွင်းမှာ စိတ်ပိုင်းဆိုင်ရာ ဘယ်လောက်ထိ ရိုက်ခတ်နေပြီလဲ။ မြို့တော်နေပြည်တော်မှာလည်း နိုင်ငံရေးအရ ထိခိုက်မှု ဘယ်လောက်ရှိနေပြီလဲ။  စစ်အစိုးရကို (တပ်တွင်းက) တစ်မျိုးတစ်ဖုံ ပုန်ကန်တာ ဒါမှမဟုတ် (စစ်ဦးစီးချုပ်) မင်းအောင်လှိုင်ရဲ့ ခေါင်းဆောင်မှုကို ပုန်ကန်တာလည်းဖြစ်လာနိုင်တယ်” လို့ Richard က ဆိုပါတယ်။

 

စစ်တပ်အတွင်း ခေါင်းဆောင်မှု ပြောင်းလဲဖို့အတွက်အတွက်လည်းတိကျရေရာတဲ့ ပရိုတိုကော မရှိသလို မင်းအောင်လှိုင်နေရာ အစားဝင်လာမယ့် ဘယ်ခေါင်းဆောင်သစ်မဆို အကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းလာရရင် မင်းအောင်လှိုင်ထက် ပိုရက်စက်နိုင်ပါတယ်။ မြန်မာစစ်ခေါင်းဆောင်ရဲ့ နေရာကို ဆက်ခံသူဟာ လေကြောင်း တိုက်ခိုက်မှုတွေ ၊ နေအိမ်တွေနဲ့ ပြည်သူတွေကို မီးရှို့ သတ်ဖြတ်မှုတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ အကြိမ်ကြိမ် စွပ်စွဲခံထားရသူ မင်းအောင်လှိုင်ထက်ပင် ပိုမိုပြီး ရက်စက်ကြမ်းကြုတ်လာနိုင်ပါလိမ့်မယ်။

 

“ဒေသတွင်းနိုင်ငံတွေ က ဘယ်လိုတုံ့ပြန်လဲ”

 

ဒေသတွင်း အစုအဖွဲ့ဖြစ်တဲ့ အာဆီယံကတော့ မြန်မာ့ အကျပ်အတည်း ဖြေရှင်းရာမှာ သူ့ရဲ့ စွမ်းဆောင်မှုက အရာမထင်ခဲ့ပါဘူး။ ခုချိန်မှာ မြန်မာစစ်အစိုးရက အားနည်းနေတာကြောင့် မြန်မာနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေပြုလုပ်ဖို့  အချိန်ကောင်းဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ရိုက်တာ ကိုခုရက်ပိုင်းလောက်ကမှ ပြောကြားခဲ့ပါတယ်။

 

ဒါပေမယ့် စစ်ရာဇဝတ်မှုတွေနဲ့  စွပ်စွဲခံထားရတဲ့ ပြည်သူတွေ ရွံ့ရှာနေတဲ့ စစ်ဗိုလ်ချုပ်များ နဲ့ စေ့စပ် ညှိနှိုင်းမယ့် အလားအလာက နည်းပါးနေပါတယ်။  စစ်အစိုးရကို ဆန့်ကျင်ရန် ထူထောင်ထားတဲ့ NUG အစိုးရဟာ “စစ်တပ်က နိုင်ငံရေးကနေ စွန့်ခွာသွားဖို့နဲ့ လက်နက်ချဖို့ ဆန္ဒရှိမှသာ တွေ့ဆုံဆွေးနွေးမယ့်  လမ်းကြောင်းကို ဖွင့်ထားတယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။

 

“ ဒါကြောင့် လက်ရှိ စစ်တပ်ခေါင်းဆောင်တွေနဲ့ စတင်ပြီး တွေ့ဆုံဆွေးနွေးမှုအတွက် အစပြုလို့ မရနိုင်ပါဘူး ” လို့ Melbourne မှာရှိတဲ့ La Trobe Asia မှ တွဲဖက်သုတေသနလုပ်ဖော်ကိုင်ဖက် Hunter Marston က ပြောပါတယ်။

 

တရုတ်ဟာ မြန်မာကို လွှမ်းမိုးနိုင်ခြေ အရှိဆုံးနိုင်ငံလို့ သတ်မှတ်ခံထားရပါတယ်။ ဒါပေမယ့် ကန့်သတ်ချက်တွေ ရှိနေပြီး တရုတ်နဲ့မြန်မာ စစ်တပ်ကြား ဆက်ဆံရေးကလည်း ရှုပ်ထွေးလို့ နေပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည် အစိုးရနဲ့ နွေးထွေးတဲ့ ဆက်ဆံရေး ထူထောင်ခဲ့တဲ့ တရုတ်ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုများရှိလာတဲ့ အချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို မကျေမနပ်ဖြစ်နေပါတယ်။ မနှစ်မြို့ပါဘူး။ အာဏာသိမ်းလိုက်မှုရဲ့အကျိုးဆက်ဟာ နိုင်ငံပရမ်းပတာ၊ ဖရိုဖရဲနဲ့ မတည်ငြိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ  တိုးပွားလာနေမှုကိုလည်း တရုတ်က စိတ်ပျက်နေပါတယ်။

 

တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး အကျိုးအမြတ်တွေ များများရနေတဲ့ အွင်လိုင်းငွေလိမ်မှုလို ရာဇ၀တ်မှုလုပ်ရပ်တွေကို မြန်မာ စစ်တပ်က ရပ်တန့်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒီကိစ္စနှင့် ပတ်သက်လို့ ဒေါသအမျက်ရှနေတဲ့ တရုတ်ဟာ ရှမ်းမြောက်မှာ စစ်တပ်ကို ထိုးစစ်ဆင်ဖို့ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေကို တိတ်တဆိတ် ခွင့်ပြုချက်ပေးခဲ့တာက သိသာထင်ရှားလို့နေပါတယ်။

 

ရှမ်းမြောက်မှာ မြန်မာစစ်တပ်အတွက် ကြီးကြီးမားမား ရှုံးနိမ့်မှုကို ဖြစ်စေခဲ့ပါတယ်။ အဲသလို ရှုံးနိမ့်မှုတွေ ဖြစ်လာတော့မှဘဲ အပစ်အခတ်ရပ်စဲရေးကိုတရုတ်က ကြားဝင်ဖျန်ဖြေပေးခဲ့ပါတယ်။ တရုတ် နိုင်ငံဟာ မြန်မာနိုင်ငံရှိတဲ့ သက်ဆိုင်သူအားလုံးနဲ့ ဆက်ဆံရေးကို ထူထောင်းထားတာ ကြာခဲ့ပြီလို့  Marston က ဆိုတယ်။


"တရုတ်က သူ့ရဲ့နယ်စပ်မှာ အနောက်ဘက် ယိမ်းတဲ့ လစ်ဘရယ်ဒီမိုကရေစီမျိုး ရှိနေမှာ မလိုလာဘူး" ပြောဆိုပြီး ဆောင်းပါးကို အဆုံးသတ်ထားပါတယ်။ 

 

 (ဧပြီ ၁၀ ရက်တွင် The Guardian သတင်းစာကြီးတွင်ဖော်ပြထားသည့် "Myanmar: is the junta’s grip on power weakening and what next for its leadership? ကို ဆီလျော်အောင်ပြန်ဆိုသည်)

ဆက်စပ် သတင်းများ