တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

မြန်မာ့အရေး ဇာတ်ခုံအလယ်က ဘက်ပြောင်းစစ်ဘုရင် စောချစ်သူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 8.9k

( လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုမျိုးစုံလုပ်ကိုင်နေသည့် ရွှေကုက္ကိုမှ တစ်နှစ်လျှင် ဒေါ်လာ သန်း ၁၉၀ အထိ KNA ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဝင်ငွေရရှိနေဟုဆို )

နွေနေ 

နိရဉ္စရာ၊ ဧပြီ ၂၆/၂၀၂၄ ( နိုင်ငံတကာ ဘာသာပြန်ဆောင်းပါး)

လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း အပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုမျိုးစုံ လုပ်ကိုင်နေသည့် မြဝတီမြို့နယ်၊ ရွှေကုက္ကိုဒေသမှ တစ်နှစ်လျှင် ဒေါ်လာ သန်း ၁၉၀ အထိဘက်ပြောင်း စစ်ဘုရင် KNA ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဝင်ငွေ ရရှိနေသည်ဟု ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြလိုက်သည်။ 

ရိုက်တာသတင်းဌာနက ရေးသားသည့် အဆိုပါသတင်းကို Turncoat Warlord at center of Myanmar drama ဟု ခေါင်းစဉ်ပေးထားပြီး မကြာမီက ဖြစ်ပေါ်ခဲ့သည့် မြဝတီတိုက်ပွဲအလှည့်အပြောင်းတွင် ကေအန်အေစစ်ဘုရင် ဗိုလ်မှူးကြီးစောချစ်သူက အဓိကဇာတ်ကောင်အဖြစ် ပါဝင်နေပုံကို ဖော်ပြထားသည်။ 

တစ်နှစ်လျှင် ၁ ဘီလျံကျော် ကုန်သွယ်ရေးပမာဏရှိသည့် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို ပြီးခဲ့သည့်အပတ်က ကေအန်အယ်လ်အေနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ထိန်းချုပ်ရန်ကြိုးစားခဲ့သော်လည်းယခုအခါ ဘက်ပြောင်း စစ်ဘုရင် စောချစ်သူကို သစ္စာခံသည့် လက်နက်အဖွဲ့များက မြို့ထဲလမ်းများပေါ်တွင်ကင်းလှည့်နေသည်ဟု ဆိုသည်။ 

မြဝတီမြို့အား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုမှာ ဗိုလ်မှူးကြီး စောချစ်သူ၊ သူ​၏ လက်နက်ကိုင်အဖွဲ့၊ကြီးကျယ်သော စီးပွားရေးလုပ်ငန်းနှင့် မဟာဗျူဟာအရ အရေးပါသော နေရာတစ်ခု​၏ အရေးပါပုံကိုမီးမောင်းထိုးပြနေသည်။ 

ဗိုလ်မှူးကြီးစောချစ်သူ​၏ KNA လက်နက်ကိုင်အုပ်စုမှာ ထိုင်းနိုင်ငံ၊ တပ်ခရိုင်တစ်ဖက်ကမ်းတစ်လျှောက်ကိုကာလရှည်ကြာစွာ လွှမ်းမိုးထားပြီး အဆိုပါဒေသမှာ မကြာမီက စစ်ကောင်စီတော်လှန်ရေးအုပ်စုများနှင့်တိုက်ပွဲကြီးများဖြစ်ပွားရာ နေရာဖြစ်ခဲ့သည်။ 

စောချစ်သူအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂၊ နိုဝင်ဘာတွင် "ထူးချွန်ပြောင်မြောက် စွမ်းဆောင်ရည်ဆု" ပေးအပ်ခဲ့သည်ကိုကြည့်ခြင်းဖြင့် သူနှင့် မြန်မာစစ်တပ်ကြား ဆက်ဆံရေးကောင်းမွန်ပုံကို မြင်တွေ့နိုင်သည်။ 

ဗြိတိန်နိုင်ငံသည် စောချစ်သူအား မကြာမီက လူကုန်ကူးမှုကဲ့သို့ အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုနှင့် တရုတ်ရာဇဝတ်ဂိုဏ်းသားများ ဦးဆောင်သည့် နယ်စပ်အွန်လိုင်းငွေကြေးလိမ်လည်မှုစင်တာများ ဖွင့်လှစ်ထားမှုအတွက် ပိတ်ဆို့အရေးယူခဲ့သည်။ 

ပြီးခဲ့သည့် ဧပြီလအစောပိုင်းကစ၍ KNU ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များက မြဝတီဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး ရာပေါင်းများစွာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွါထွက်ပြေးခဲ့ရသည်။ 

စောချစ်သူ ဦးဆောင်သော KNA သည် ယခင်က နယ်ခြားစောင့်တပ်(BGF) အဖြစ် စစ်ကောင်စီကို သစ္စာခံခဲ့သော်လည်း မကြာသေးမီက စစ်ကောင်စီထံမှ လစာနှင့် ရိက္ခာ လက်ခံယူတော့မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။ 

" ကျွန်တော်တို့ ကရင်အချင်းချင်း မတိုက်ချင်ပါဘူး" ဟု ပြီးခဲ့သည့် ဇန်နဝါရီက စောချစ်သူ ပြောကြားခဲ့သည်။ 

စောချစ်သူ​၏ KNA မှာ ခန့်မှန်းအင်အား ၈၀၀၀ခန့်ရှိပြီး စစ်ကောင်စီတပ်များက စောချစ်သူတပ်များ​၏အကူအညီအထောက်ပံ့မရတော့သည့်အတွက် မြဝတီကို ပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပေ။

မြန်မာစစ်ကောင်စီအဖို့ မြဝတီကို လက်လွှတ်ဆုံးရှုံးရခြင်းမှာ တော်လှန်ရေးတပ်ဖွဲ့များအား အရှုံးကြီးရှုံးနေသော ပြည်တွင်းစစ်ပွဲတွင် ထပ်မံဆုံးရှုံးလိုက်ရသည့် ရှုံးနိမ့်မှုတစ်ခုဖြစ်သည်။ 

အဆိုပါအခြေအနေတွင် စစ်ကောင်စီအပေါ် လုံးလုံးလျားလျား သစ္စာမခံတော့သည်လည်းမဟုတ်၊တော်လှန်ရေးမဟာမိတ်များနှင့် ပူးပေါင်းသည်လည်းမဟုတ်သော စောချစ်သူ​၏ KNA အခန်းကဏ္ဍမှာရှေ့တန်းရောက်လာသည်။ 

စစ်ကောင်စီက မြဝတီအား ပြန်လည်ထိန်းချုပ်ခဲ့ရာတွင် စောချစ်သူ​၏ KNA လက်နက်ကိုင်အဖွဲ့များ​၏အကူအညီများ ပါဝင်ခဲ့သည်ဟု ကေအန်ယူဗဟို ပြောရေးဆိုခွင့်ရ ပဒိုစောတာနီးက ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။ 

အခြားသော သတင်းရင်းမြစ်တစ်ခု​၏ အဆိုအရ စောချစ်သူသည် သူ​၏ အကျိုးစီးပွားအတွက် မြန်မာစစ်ကောင်စီ တပ်မှူးများနှင့် ပြန်လည်ပူးပေါင်းသွားသည်ဟု ဆိုသည်။ အကယ်၍ ပူးပေါင်းခြင်းမပြုလျှင် သူ​၏စီးပွားရေးလုပ်ငန်းများ ဗုံးကြဲတိုက်ခိုက်ခံရမည်ဖြစ်သည်။ 

ပြီးခဲ့သည့် ကြာသပတေးနေ့က စောချစ်သူ​၏ ကေအန်အေ တပ်ဖွဲ့ဝင်အချို့သည် လူဦးရေ၂၀၀၀၀၀ ခန့်နေထိုင်သည့် မြဝတီမြို့တွင်းသို့ ကားမောင်းဝင်ရောက်ခဲ့သည်ဟု မြို့ခံနှစ်ဦးက ရိုက်တာကို ပြောကြားခဲ့သည်။ 

" မြို့ကတော့ ပုံမှန်အတိုင်းပါပဲ" " အစိုးရရုံးတွေလည်း ဖွင့်ပါတယ်"ဟုမြို့ခံတစ်ဦးက ပြောသည်။ 

စောချစ်သူ​၏လက်နက်ကိုင်အုပ်စုသည် ၂၀၁၀ ခုနှစ်တွင် ကေအန်ယူမှ ခွဲထွက်ခဲ့ပြီး မြန်မာစစ်တပ်နှင့်ပူးပေါင်းကာ ကေအန်ယူ နှင့် သူ​၏ လက်နက်ကိုင်တပ်ဖွဲ့ ကေအန်အယ်လ်အေ ကို ပြန်တိုက်ခဲ့သည်။ 

၂၀၁၇ ခုနှစ်တွင် စစ်ဘုရင် စောချစ်သူသည် ထိုင်း-မြန်မာနယ်စပ်တွင် အထူးစီးပွားရေးဇုန် အမည်ဖြင့် ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့သည်။ 

အဆိုပါစီမံကိန်းသည် တရုတ်လူမျိုးရာဇဝတ်ဂိုဏ်းသားများက ထောက်ပံ့ထားသော နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် လောင်းကစားလုပ်ငန်းများ​၏ ဗဟိုဌာနတစ်ခုဖြစ်လာပြီး တစ်နှစ်လျှင် ဝင်ငွေ ဒေါ်လာသန်း ၁၉၀ ခန့် ရှိသည်ဟု သိရသည်။ 

လောင်းကစားမှု တရားဝင်ခွင့်ပြုထားခြင်းမရှိသော တရုတ်နိုင်ငံမှ အွန်လိုင်းလောင်းကစားလုပ်ကိုင်သူများသည် တရုတ်လောင်းကစားသမားများကို ပစ်မှတ်ထား၍ မကြာမီနှစ်များက မြန်မာအပါအဝင် အရှေ့တောင်အာရှတွင် လွှမ်းမိုးလာခဲ့သည်။ 

စောချစ်သူ​၏ ရွှေကုက္ကိုသည် ဆယ်စုနှစ်တစ်ခုအတွင်း မြစ်ကမ်းပါး တောရိုင်းမြေတစ်ခုအဖြစ်မှ ထပ်နိမ့်၊ထပ်မြင့် လူနေအဆောက်အအုံများအဖြစ်ပြောင်းလဲသွားသည်ကို ဂြိုလ်တုဓါတ်ပုံများတွင် မြင်တွေ့ရသည်။ 

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စောချစ်သူအား လူပုဂ္ဂိုလ်တစ်ဦးချင်း လူကုန်ကူးမှု တွင် ပါဝင်ပြီး ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုဖြင့် ဗြိတိန်နိုင်ငံက ပိတ်ဆို့ အရေးယူခဲ့သည်။ 

​ပြီးခဲ့သည့်လများအတွင်းက တရုတ်အာဏာပိုင်များသည် မြန်မာနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း စင်တာများကို နှိမ်နင်းခဲ့ရာ အချို့သော တရုတ်ရာဇဝတ်ဂိုဏ်းများသည် ထိုင်း-မြန်မာနယ်စပ်ရှိ စောချစ်သူထိန်းချုပ်ထားသော ဒေသသို့ ရွှေ့ပြောင်းလာခဲ့ကြသည်စုUSIP က ဆိုသည်။ 

" တရုတ်နယ်စပ်က အွန်လိုင်းငွေလိမ်စင်တာတွေ ပိတ်သွားပြီးကတည်းက ထိုင်းနယ်စပ်တလျှောက်မှာတရုတ်ရာဇဝတ်ဂိုဏ်းအဖွဲ့တွေက ဦးဆောင်ပြီး ထူထောင်ပေးထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းစင်တာတွေသိသိသာသာများပြားလာတာကို မြင်တွေ့ရတယ်" ဟု USIP ​၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

" စောချစ်သူဟာ ရွှေကုက္ကိုရဲ့ လုံခြုံရေး၊ ဆက်သွယ်ရေး နဲ့ လျှပ်စစ် စတဲ့ အဓိကဝန်ဆောင်မှုတွေကို အာမခံချက်ပေးရင်း သူ့ရဲ့ ရာဇဝတ်မှုအင်ပါယာ ခိုင်မာရေးအပေါ်မှာပဲ အာရုံစိုက်နေတာဖြစ်တယ်"

ref:  Turncoat Warlord at center of Myanmar drama , Bangkok Post.



ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!