အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ဆောင်းပါး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 513

ကျားသေ အာဆီယံ ကိုအသက်သွင်းဖို့ ထိုင်းရဲ့ ကြိုးထုတ်မှု အရာထင်ပါ့မလား"

 

ဂျွန်နသန်(ဆောင်းပါး)၊ နိရဉ္စရာ၊ ဧပြီ ၂၈/ ၂၀၂၄

 

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအိပ်မောကျနေတာ အတော်အတန်ကြာလာပါပြီ။ "အမယ်ဘုတ်ကယ် သူ့ချည်ငင်"ကို ဖြည်ဖို့ ကြိုးစားရင်း ကြာလာတော့လည်း လက်တွန့်လာဟန် တူပါတယ်။

 

သပွတ်အူလိုရှုပ်ထွေးနေတဲ့ မြန်မာ့အရေး ပဋိပက္ခကို ဖြေရှင်းဖို့ မသိကျိုးကျွန်ပြု ၊ ရေငုံ နှုတ်ဆိတ် မနေဖို့ အိပ်မောကျနေတဲ့အာဆီယံကို ထိုင်းက လှုပ်နှိုးလိုက်ပါတယ်။

 

"မြန်မာနိုင်ငံရဲ့ပဋိပက္ခကို ဖြေရှင်းရာမှာ အာဆီယံရဲ့ အခန်းကဏ္ဍ ပိုမိုကြီးမားဖို့လိုနေပါပြီ"ဆိုပြီးထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ယခုရက်ပိုင်းအတွင်းမှာ ထုတ်ပြောလိုက်တာ ဖြစ်ပါတယ်။

 

အာဆီယံဒေသတွင်း အင်းအားကြီးတစ်နိုင်ငံဖြစ်တဲ့ မြန်မာစစ်အစိုးရနဲ့ပနာသင့်တဲ့ထိုင်းက သူ့ရဲ့ အကျိုးစီးပွား ထိခိုက်လာတေ့မယ့်အရေးကြုံလာတော့ ကျားသေတစ်ကောင်လိုဖြစ်နေတဲ့ အာဆီယံ ကို အသက်ပြန်သွင်းရပါတော့တယ်။

 

"ပိုပြီး တက်ကြွတဲ့ အာဆီယံကို ကျွန်တော်တို့ မြင်ချင်ပါတယ်လို့ Balankura က ထပ်ပြောပါတယ်။

 

"ကျားသေ အာဆီယံကိုထိုင်းက ဘာလို့ အသက်သွင်းချင်ရတာလဲ"

 

လတ်တလောအခြေအနေအရ တစ်ခုသောအဖြေကရှင်းပါတယ်။ ကိုယ်ကျိုးစီးပွားပါဘဲ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကပါ။ ထိုင်းမြန်မာနယ်စပ်ကုန်သွယ်မှု အခရာကျတဲ့ မြန်မာနယ်စပ်အနီး မြ၀တီမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အဟုန်ပြင်းလာတဲ့ ပဋိပက္ခ တွေကြောင့်ထိုင်းလည်း ဒီအတိုင်းလက်ပိုက်ထိုင်ကြည့်နေလို့ မရတော့ပါဘူး။ တင့်တွေပါတဲ့ စစ်တပ်တွေချ၊ မြေပြင်အပြင် ဝေဟင်မှာလည်း ကင်းတွေပတ်ချရ၊ ထိုင်းဖက်ပြေး၀င်လာတဲ့ စစ်ရှောင်တွေအတွက် နေရာချရ။ ၀န်ကြီးချုပ်၊လည်းမနေသာတော့။ ဝန်ကြီး၊၀န်လေးတွေပါ အပါခေါ်ပြီး ဘန်ကောက်ကနေ မဲဆောက်၊ ထိုင်းနယ်စပ်မျဥ်းနားအထိ တက်သုတ်ရိုက်ပြီး ဆင်းလာကြည့်ရ၊ နေ့စဉ် ကန်ဒေါ်လာ ဘီလီယံ နီးပါး ကုန်သွယ်မှုပြုနေရတဲ့ နယ်စပ်ကုန်သွယ်ရေးလည်းပိတ်ထားရ။ ထိုင်းအစိုးရအတော်လေးဗျာများသွားခဲ့ပါတယ်။ ရက်ဆက်လာရင်ကိုယ်ကျိုးစီးပွားထိခိုက်လာမှုကကြီးမားလာမှာကိုထိုင်းကကြိုကာဖို့လိုလာပြီဆိုတာ ရိပ်စား မိလာပါတယ်။ ဒီပြသနာကို ကိုင်တွယ်နိုင်ဖို့ ဒေသတွင်းအဖွဲ့ဆီကိုလည်း ပြေးကပ်ဖို့ ကြိုးစားရပါတော့တယ်။

 

ဒါကြောင့်လည်းအိပ်မောကျနေတဲ့အာဆီယံကိုလှုပ်နှိုးပြီးအကူအညီတောင်းလိုက်တာပါဘဲ။ ဆိုရသော်"ကျားသေ လိုဖြစ် နေတဲ့ အာဆီယံကိုထိုင်းကအသက်သွင်းရတာလို့ဆိုလို့ရပါတယ်"

 

ဒါနဲ့မပြီးသေးပါဘူး။ အရင်နှစ်ကဥက္ကဌဖြစ်ခဲ့တဲ့ အင်ဒိုနီးရှား၊ယခုနှစ်ဥက္ကဌဖြစ်လာတဲ့ လာအို၊ လာမယ့်နှစ်ဥက္ကဌဖြစ်လာမယ့် မလေးရှား တို့ကိုလည်း အမှုတွဲလိုက်ပါသေးတယ်။ ၃ နိုင်ငံက ကမကထ လုပ်ပြီး မြန်မာ့ပဋိပက္ခကိုဖြေရှင်းဖို့ ဦးဆောင်ပေးပါ။ လိုအပ်ရင်အခြားသြဇာရှိတဲ့နိုင်ငံတွေလည်းထပ်ပါ၀င်အားဖြည့်ပေးပါဆိုပြီး ထိုင်း က အပူလိုက်ကပ်လို့နေတာတွေ့ရပါတယ်။ "မြန်မာ့အစ်ရှူးကို အာဆီယံ ဘာကြောင့် လက်တွန့်သွားရတာလဲ"ရှင်းပါတယ်။

 

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကြောင့်ပါ။ အာဆီယံက ဘုံ၅ချက် အပါအ၀င်၊ ဘာဘဲတောင်းဆိုဆို၊ ဘာလုပ်ပါ ဘာဘဲပြောပြော ၊ ဘာတစ်ခုမှ တုံ့ပြန်ပူးပေါင်းလုပ်ဆောင်တာမရှိ။ကြာလာတော့ အာဆီယံလည်း သိက္ခာထိပါးလာဟန်တူပါတယ်။ စစ်ကောင်စီကို နေရာမပေးဖို့ လုပ်ဆောင် လာပါတယ်။ ၂၀၂၁ ခုနှစ်မှာ မြန်မာစစ်ဗိုလ်ချုပ်တွေ သဘောတူညီထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အာဆီယံက အကောင်အထည်ဖော်ခဲ့သော်လည်း တစ်စိတ်တစ်ပိုင်းသာ အကောင်အထည် ဖော်နိုင်ခဲ့ခြင်းကြောင့် အစုအဖွဲ့အတွင်း အကွဲအပြဲများ၊ စိတ်ပျက်စရာများအချင်းအရာများ ဖြစ်ပေါ်စေခဲ့ပါတယ်။ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံသံတမန်တွေခန့်အပ်ခဲ့ပါတယ်။ ဒါပေမယ့် အရာမရောက်ခဲ့ပါဘူး။လက်ရှိအာဆီယံ ဥက္ကဋ္ဌ လာအိုလည်း ၎င်းရဲ့ အထူးသံတမန်ရဲ့ လုပ်ဆောင်ချက်များကို လူသိရှင်ကြား ထုတ်ဖော်ပြသနိုင်းခြင်း မရှိသေးတာတွေ့ရပါတယ်။

 

"ဆုတ်လည်းဆူး စားလည်းရူး"လို ဖြစ်နေတဲ့ မြန်မာ့အရေးကိုထိတွေ့ကိုင်တွယ်ဖို့ အာဆီယံ လက်ရွံ့လာနေတာလဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်းBalankura က " အခုအချိန်မှာ ပိုမိုအားကောင်းတဲ့ အာဆီယံကို ကျွန်တော်တို့မြင်ချင်ပါတယ်လို့ အာဆီယံကိုနှိုးဆော်နေရခြင်းဖြစ်တာတွေ့ရပါတယ်။


"မလုပ်ရဲတာဘာမှမရှိဘူး" ဆိုပြီး အာဘောင်အာရင်းသန်သန် ထအော်ခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဆီယံကိုလည်းသိပ်ပြီးအဖက်လုပ်တာမဟုတ်ပါဘူး။ အကျပ်အတည်းတွေ တင်းလာတဲ့အခါမှသာ တင်းအားတွေ ဖြေလျော့အောင် အာဆီယံ ကို မချိပြုံးပြုံးပြတာကိုသာတွေ့ရပါတယ်။


အာဆီယံဘုံ၅ချက်ကိုမြန်မာစစ်ကောင်စီက ပူးပေါင်းပါ၀င်မှုမရှိလို့ ဒဏ်ပေးတဲ့အနေနဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေ၊ Asean မိတ်ဖက် အစည်းအဝေး တွေကို မင်းအောင်လှိုင်အပါအ၀င် စစ်ကောင်စီ၀န်ကြီးတွေကို တက်ခွင့်မပေးပါဘူး။ နိုင်ငံရေးနယ်ပယ်ကမဟုတ်တဲ့ ညွှန်ချုပ်အဆင့်သာတက်ဖို့ခွင့်ပြုပေးခဲ့ပါတယ်။

 

ဒါကို "မတက်ဘူး" ဆိုပြီး စစ်ကောင်စီက စိတ်ဆိုးမန်ဆိုးနဲ့ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အကျပ်အတည်းတွေပိတ်မိလာနေတဲ့စစ်ကောင်စီက ဒီနှစ်မှာလေသံပျော့သွားခဲ့ပါတယ်။ ညွှန်ချုပ် အဆင့်ရှိသူတွေ အာဆီယံအစည်းအဝေးတွေကို ဒီနှစ်မှစပြီးပြန်တက်နေတာတွေ့ရပါတယ်။

 

ယခုရက်ပိုင်းမှာ ထူးထူခြားခြား မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ မြဝတီမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲအပါဝင် မြန်မာတဝှန်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အမြန်ဆုံးအဆုံးသတ်ဖို့၊ အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း ဆိုတဲ့ အာဆီယံ ထုတ်ပြန်ပြောဆိုနေတဲ့ အာဘော်အတိုင်းသာ ထွက်ရှိလာတာတွေ့ရပါတယ်။ မည်သို့ဆိုစေကာမူ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာ့ အခင်းအကျင်းကို အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံက  ပိုပြီး စိုးရိမ်ပူပန်မှု ဖြစ်စေပါတယ်။

 

ပဋိပက္ခတွေ ဆက်ဖြစ်နေရင်သူ့ အကျိုးစီးပွားတွေကိုလည်း ထိခိုက်လာမယ်ဆိုတာ ထိုင်းက ရိပ်စားမိဟန်တူပါတယ်။ စစ်အစိုးရနဲ့ ပုလင်းတူဗူးဆို့ နေလာခဲ့တဲ့ထိုင်းကလည်း အရေးကြုံလာတော့ အာဆီယံပြေးကပ်ရတော့တာ ဖြစ်ပါတယ်။

 

"အခုအချိန်မှာ ပိုမိုအားကောင်းတဲ့ အာဆီယံကို ကျွန်တော်တို့မြင်ချင်ပါတယ် အာဆီယံအနေနဲ့ အခုထက်ပိုပြီးတော့ မြန်မာ့အရေးကိုပိုမို လုပ်ဆောင်ဖို့ ဖို့လိုအပ်လာပါပြီ လို့ Nikorndej က အိပ်နေတဲ့ နိုးအောင် အာဆီယံလှုပ်နိုးလိုက်ချင်းဖြစ်ပါတယ်။

 

တနည်းဆိုရသော် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကျားသေတစ်ကောင်လိုပြုမူနေတဲ့အာဆီယံကို အသက်ပြန်၀င်အောင် လုပ်ဆောင်တာလို့ ဆိုရမှာ ဖြစ်ပါတယ်။

 

"တလိမ်နှစ်လိမ် လိမ်လို့ရှုပ်၊ အမယ်ဘုတ်ကယ်သူ့ချည်ခင်၊ ဘယ်သူထွင်မှ သည်ရှုပ်ထွေး၊ ရှင်းပါ့မယ်လေး" ဆိုတဲ့ မြန်မာ့ ကျေးလက် ကဗျာပါအတိုင်း ရှုပ်ထွေးပွေလီနေတဲ့ မြန်မာ့အရေးကို အာဆီယံဘ၊ UN ,အပါအ၀င် နိုင်ငံတကာကပါ ဖြေရှင်းလို့ အရာမထင်သေးတာ မြင်နေရပါတယ်။ ဒါကြောင့် "ကျားသေ အာဆီယံ ကို အသက်သွင်းဖို့ ထိုင်းရဲ့ ကြိုးထုတ်မှု အရာထင်ပါ့မလား" ဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ကြောင်းပါဗျား။

ဆက်စပ် သတင်းများ