အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

အာဏာသိမ်းပြီး သုံးနှစ်အလွန် လမ်းစပျောက်နေသည့် အာဆီယံငြိမ်းချမ်းရေး သဘောတူညီချက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 722

နွေနေ၊ နိရဉ္စရာ (ဘာသာပြန်ဆောင်းပါး) မေ ၁/ ၂၀၂၄

 

လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံပဋိပက္ခများကြောင့် လွန်ခဲ့သည့် သုံးနှစ်က မြန်မာစစ်ကောင်စီက သဘောတူညီထားခဲ့သည့် အာဆီယံ ငြိမ်းချမ်းရေးသဘောတူညီချက်မှာ လမ်းစပျောက်တော့မည့် အနေအထားသို့ ရောက်ရှိနေကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြလိုက်သည်။

 

မြန်မာစစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ခုနှစ်၊ အာဏာသိမ်းပြီး နှစ်လအကြာတွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့သို့ သွားရောက်ခဲ့ပြီး အခြားသော အာဆီယံ ခေါင်းဆောင်ကြီးများ​၏ ရှေ့မှောက်တွင် မြန်မာ့ငြိမ်းချမ်းရေးအတွက် အာဆီယံ​၏ ဘုံသဘောတူညီချက် (၅)ရပ်ကို အကောင်အထည်ဖော်ရန် သဘောတူ လက်မှတ်ထိုးခဲ့သည်။

 

 သို့သော် အဆိုပါ ဘုံသဘောတူညီချက် ငါးရပ်မှာ သုံးနှစ်ကြာလာသည်အထိ အကောင်အထည် ဖော်နိုင်ခြင်းမရှိဘဲ တစ်နေ့တခြားဆိုးရွားလာနေသည့် မြန်မာ့ပြည်တွင်း ပဋိပက္ခများကြောင့် အာဆီယံ​၏ ငြိမ်းချမ်းရေးသဘောတူညီချက်မှာ လမ်းစပျောက်တော့မည့် အနေအထားသို့ ရောက်ရှိနေပြီ ဟု ဆိုသည်။

 

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံငြိမ်းချမ်းရေးသဘောတူညီချက်အရ ပဋိပက္ခတွင်ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများအားလုံး အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်စဲပြီး တွေ့ဆုံဆွေးနွေးအဖြေရှာကြရန် ဖြစ်သော်လည်း မြန်မာစစ်ကောင်စီက လိုက်နာအကောင်အအထည်ဖော်ခြင်း မပြုခဲ့သည့်အတွက် အာဆီယံနိုင်ငံများက စစ်ကောင်စီအား ဘေးဖယ်ထားလိုက်ရပြီး ငြိမ်းချမ်းရေး သဘောတူညီချက် မှာလည်း ရှေ့မတိုး နောက်မဆုတ် ရပ်ဆိုင်းနေခဲ့သည်။

 

ဘုံသဘောတူညီချက်တွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ပြီး မြန်မာ့အရေးကြားဝင်စေ့စပ်ပေးရန် နှင့် လူသားချင်းစာနာမှု အထောက်အပံ့များ ပေးရန်ပါရှိသော်လည်း မျှော်လင့်ထားသလို အောင်မြင်မှု မရခဲ့ပေ။

 

လာအိုနိုင်ငံတွင် မကြာမီက ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာဘက်မှ ကိုယ်စားလှယ်တစ်ဦး သုံးနှစ်အတွင်း ပထမဦးဆုံးအကြိမ် တက်ရောက်လာခဲ့သည်။

 

(၂)နှစ်ကျော်ကြာ အေးစက်နေသော မြန်မာနှင့် အာဆီယံနိုင်ငံများ ဆက်ဆံရေးသည် ဝါရင့် လာအိုသံတမန် အလောင်ကီအို ကစ်တီခွန်​၏ အားထုတ်မှုကြောင့် တိုးတက်မှုအနည်းငယ် ရှိခဲ့သည်။

 

ကစ်တီခွန်သည် ပြီးခဲ့သည့် ဇန်နဝါရီလက မြန်မာနိုင်ငံသို့ သွားရောက်ပြီး စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သည်။ အာဆီယံအစည်းအဝေးများသို့ (နိုင်ငံရေးကိုယ်စားမပြုသော) မြန်မာကိုယ်စားလှယ် တက်ရောက်လာခြင်းနှင့်အတူ အာဆီယံနိုင်ငံများက ထောက်ခံပြီး ထိုင်းနိုင်ငံက ဦးဆောင်သည့် လူသားချင်းစာနာမှုဆိုက်ရာ အထောက်အပံ့အကူအညီများကို မတ်လကုန်တွင် ထိုင်း-မြန်မာနယ်စပ်၌ ပေးအပ်နိုင်ခဲ့သည်။

 

သို့သော် မြန်မာပဋိပက္ခတွင် အဓိကပါဝင်နေသည့် အဖွဲ့အစည်းများအကြား တင်းမာမှုများ ပိုမို ကြီးထွားလာနေပြီး တစ်ဖက်နှင့် တစ်ဖက် မစေ့စပ်စတမ်း ဝေးကွာလာနေသည်။

 

စစ်ကောင်စီကို အဓိက ဆန့်ကျင်တော်လှန်နေသည့် NUG အစိုးရမှာ လက်နက်ကိုင်လမ်းစဉ်ကို အခိုင်အမာဆုပ်ကိုင်ထားသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မြန်မာစစ်ကောင်စီကို ထိုးစစ်ကြီးတစ်ရပ်ဆင်နွှဲခဲ့ရာ စစ်ကောင်စီသည် စစ်စခန်းများနှင့် နယ်မြေအများအပြား လက်လွှတ် ဆုံးရှုံးခဲ့ရသည်။ စစ်ကောင်စီက အဆိုပါထိုးစစ်ကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းဖြင့် တုန့်ပြန်ခဲ့သည်။

 

အာဆီယံ​၏ လူသားချင်းစာနာမှုဆိုင်ရာ အထောက်ပံ့အကူအညီများနှင့် စပ်လျဉ်း၍ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသူများက သဘောတူလက်ခံခြင်းမရှိသည်ကို တွေ့ရသည်။

 

အဆိုပါ ထောက်ပံ့ကူညီမှုများကို စစ်ကောင်စီကတစ်ဆင့် မဟုတ်ဘဲ အရပ်ဖက်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားများထံမှ တဆင့်သာ ပေးအပ်သင့်သည်ဟု ဆိုသည်။

 

အခြားသော ဒေသဆိုင်ရာအဖွဲ့များလိုပင် အာဆီယံသည် တွေ့ဆုံဆွေးနွေးရေးအတွက် စေ့စပ် ပေးနိုင်စွမ်းမရှိသလို အဖွဲ့ဝင်နိုင်ငံများ​၏ နိုင်ငံတကာဩဇာလွှမ်းမိုးမှု မရှိခြင်းကလည်း အခြေအနေကို ပြောင်းလဲအောင် လုပ်ဆောင်နိုင်စွမ်းမရှိခဲ့ပေ။

 

မြန်မာနိုင်ငံသည် မိမိ​၏ ပြည်တွင်းရေး သဘောထားကွဲပြားမှု၊ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း မပြုသမျှ အာဆီယံ​၏ ဘုံသဘောတူညီချက်(၅)ရပ်မှာလည်း အကောင်အထည်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။

 

ref: Myanmar strife risks derailing stalled ASEAN peace agreement

 

 ပုံစာ- မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် ၂၀၂၁ခုနှစ်၊ဧပြီ ၂၄ ရက်က ဂျာကာတာတွင် ပြုလုပ်ခဲ့သော အာဆီယံခေါင်းဆောင်များ အရေးပေါ်အစည်းအဝေး။

ဆက်စပ် သတင်းများ