စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

"ဖရိုဖရဲ တိုင်းပြည် ၊ စစ်ကောင်စီနဲ့ မင်းအောင်လှိုင် ပြိုလဲရန်လက်တစ်ကမ်းအလို"


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 12.6k

By ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၂/ ၂၀၂၄( Narinjara Special Article)

ယခုရက်ပိုင်းအတွင်းမှာ " မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဖရိုဖရဲ ဖြစ်နေပြီ၊စစ်ကောင်စီဟာ နယ်မြေအများအပြားကို လက်လွတ်ဆုံးရှုံးနေရပြီ၊အုပ်ချုပ်နိုင်စွမ်းလဲမရှိတော့ဘူး၊ တစ်နှစ်အတွင်းမှာ တင်စစ်အစိုးရ ပြိုလဲကျတော့မယ်" ဆိုတဲ့  သုံးသပ်ပြောဆိုကြတဲ့အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လို့လာခဲ့ပါတယ်။

"မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ထိန်းမနိုင်သိမ်းမရအောင်  ဖရိုဖရဲ ဖြစ်နေပြီ" လို့ လူသိရှင်ကြား ပြောဆို လာသူကတော့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ ပါ။

မြန်မာနိုင်ငံအထူးအကြံပေးကောင်စီ (SAC-M) မှ  မစ္စရန်ဟီးလီ က"စစ်ကောင်စီဟာ နယ်မြေ အများအပြားကို လက်လွတ် ဆုံးရှုံးနေရပြီး  အုပ်ချုပ်နိုင်စွမ်းမရှိတော့ပါဘူး " လို့ ထုတ်ဖော် ပြောကြား လာပါတယ်။

"တော်လှန်ရေးတပ်ဖွဲ့၀င် တွေဟာ တစ်နှစ်အတွင်းမှာ စစ်အစိုးရကို အနိုင်ယူပြီး အောင်ပွဲခံလိမ့်မယ်" လို့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ပေါလ်ဂရင်းနင်း  ကဟောကိန်းထုတ်လိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ၊  မြန်မာနိုင်ငံ အထူးအကြံပေး ကောင်စီ (SAC-M) မှ  မစ္စရန်ဟီးလီ နဲ့  မြန်မာ့နိုင်ငံရေးသုံးသပ်သူ ပေါလ်ဂရင်းနင်း တို့ရဲ့ပြောဆိုချက်တွေဟာ မြန်မာပြည်ရဲ့ လက်ရှိ ပကတိ အခြေအနေ အမှန် တွေကို ကမ္ဘာသိအောင်ထုတ်ဖော်လှစ်ဟပြလိုက်တာ ဖြစ်ပါတယ် ။

" စစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက တနေတခြားပိုဆိုးလာနေတယ်၊ နေရာအနှံ့ တိုက်ပွဲတွေ ကလည်း ဆက်လက်ဖြစ်ပွားနေတယ်။မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုပိုပြီး ကြပ်တည်း လာနေပြီ၊ ထိန်းမနိုင်သိမ်းမရအောင်ဖရိုဖရဲ ဆက်ဖြစ်နေပြီ "လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas Greenfield က ပြောလိုက်တာပါ။

သူမရဲ့ ပြောကြားချက်ဟာ တနည်းဆိုရသော် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ  "ဖရိုဖရဲ ဖြစ် နေ ပြီ "  လို့ ကုလစင်မြင့်ထက်ကနေ တစ်ကမ္ဘာလုံးသိအောင် မောင်းခတ် ကြေညာ လိုက်တာဘဲဖြစ်ပါတယ်။
============

မြန်မာနိုင်ငံမှာဘာတွေ ဖရိုဖရဲဖြစ်နေတာလဲ ?

၁။ နိုင်ငံရေး၊ စစ်ရေးနဲ့ နေပြည်တော် ဖရိုဖရဲ

 

မြန်မာနိုင်ငံရဲ့ မြို့တော်နေပြည်တော်မှာရှိ တဲ့ စစ်တပ်ထိပ်ပိုင်း အလွှာများ အကြားမှာ စစ်တပ်ရဲ့ ဆုံးရှုံးမှု တွေက တိုးပွားလာခြင်းနဲ့ စိတ်ပျက်ဖွယ်ရာများ တိုးပွားလာခြင်းတွေ က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရှေ့ရေးအနာဂတ်ဟာ  မသေချာ မရေရာမှုများ ရှိနေပါတယ်လို့ Crisis Group က ထောက်ပြပြော ဆိုထားတာတွေ့ရပါတယ်။

စစ်အာဏာသိမ်းမှုအလွန် နေပြည်တော်ကို သရုပ်ဖော်ကြည့်တဲ့အခါမှာ နေပြည်တော်ပလ္လင်ရဲ့ အဆင်တန်ဆာ လေးရပ် လို့ ဆိုနိုင်တဲ့  နိုင်ငံတော် (state)၊အုပ်စိုးပုံစနစ် (regime)၊ အင်စတီကျူးရှင်းတွေ (institutions) ၊ခေါင်းဆောင်မှု (leadership)စတာတွေဟာ အနှစ်အသားမဲ့ ‘အတွင်းလှိုက်စား’ (hollowed-out) ခံနေရပါပြီ လို့ ISP-Myanmar ကဆိုပါတယ်။

နေပြည်တော်ပလ္လင်ကို ကျားကန်ပေးထားတဲ့ ထောက်တိုင်သုံးခုဖြစ်တဲ့ အယူဝါဒရေးရာ၊ နိုင်ငံရေး ဘောဂဗေဒနဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ ပထဝီနိုင်ငံရေး ဟာလည်း သံချေးတက် သက်တမ်းကုန် ပြုန်းတီး လာပြီး ယွင်းစား (corrosion) လာနေပါပြီ။ စစ်အာ ဏာရှင်ကို တွန်းလှန်အံတုနေတဲ့ လူထုရဲ့ နိုင်ငံရေးလေထု၊ ဝန်းကျင်ကလည်း အပြင်းထန်ဆုံး ‘မုန်တိုင်းထန်’ (stormy political climate) တဲ့ အခြေအနေမျိုး ဖြစ်ပါတယ် လို့ ISP-Myanmar က သုံးသပ်ပြထားတာ တွေ့ရပါတယ်။

"အခု နောက်ဆုံး ခြောက်သွေ့ရာသီကာလအတွင်းမှာ  တော်လှန်ရေးတပ်ဖွဲ့ တွေရဲ့  မကြုံစဖူး စစ်မြေပြင်မှာ ပြတ်ပြတ်သားသား အောင်မြင်မှုများရရှိလို့နေပါတယ်။ ဒါဟာ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ၄င်းရဲ့ ဗိုလ်ချုပ်များဟာ စစ်ပွဲတွေမှာ  တော်လှန်ရေးတပ်ဖွဲ့ တွေ အပေါ်မှာ အနိုင်ယူနိုင်ခြင်းမရှိတော့ တာတွေ့ရပါတယ်"လို့ Paul Greening ကပြောဆိုပါတယ်။

"စစ်ကောင်စီရဲ့ အမာခံ တိုက်ခိုက်ရေးအင်အား သုံးပုံနှစ်ပုံခန့် ကို ယိုယွင်းပြုန်းတီးအောင် လုပ်ဆောင်နိုင်ခဲ့တယ်"လို့ (NUG) က ထုတ်ပြန်ထားတာတွေ့ရ ပါတယ်။

"စစ်ကောင်စီဘက်က တိုက်ခိုက်ရေးအင်အားတွေ ယိုယွင်းပြုန်းတီးလာတာကြောင့် စစ်အခြေအနေ ဖန်တီး နိုင်မှုဟာ တော်လှန်ရေးအင်အားစုတွေဘက်ကို အပြည့်အ၀ရောက်နေပြီ" လို့လည်း NUG ကာကွယ်ရေးဝန်ကြီး ဌာနက ပြောဆိုပါတယ်။

"မြန်မာနိုင်ငံရဲ့  လူဦးရေ ၆၇ ရာခိုင်နှုန်း နေထိုင်တဲ့ နိုင်ငံ့ နယ်မြေ  ၈၆ ရာခိုင် နှုန်းသော မြို့နယ် နယ်နမိတ် များကို စစ်ကောင်စီ ဟာ နယ်မြေအများအပြားကို ဆုံးရှုံးနေရပြီး အုပ်ချုပ်နိုင်စွမ်းမရှိတော့ပါ" လို့ မစ္စရန်ဟီးလီ က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးကနေအစပြုလိုက်တဲ့အဟုန်ဟာ ခုထိကူးစက်လောင်ကျွမ်းနေဆဲပါ။ တော်လှန်ရေး အင်အားစုများမှ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်းဟာလဲ အခုဆိုရင် မြို့ပေါင်း ၅၈ မြို့နယ်ထိ ရှိလာနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကစပြီး မြန်မာနိုင်ငံတစ်ဝန်းက မြို့ပေါင်း ၅၈ မြို့ကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားနိုင်ပြီလို့ မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ BNI-Myanmar Peace Monitor ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားတာတွေ့ရ ပါတယ်။

ဆန့်ကျင်ဘက်အမြင်များရှိနေလင့်ကစား  လာမည့်မုတ်သုံရာသီတစ်လျှောက်လုံး တော်လှန်ရေး တပ်ဖွဲ့၀င် တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဦးမယ်လို့  Paul Greening က ဆိုပါတယ် ။ အဲ့ဒီအချိန်မှာ စစ်တပ်က လေကြောင်းကနေ ပြင်းထန်တဲ့  ဗုံးကြဲတိုက်ခိုက်မှု
တွေလုပ်ဆောင်လာလိမ့်မယ်ဆိုပြီးသူကသတိပေးပြောဆိုထားပါသေး တယ်။

"ဒီနှစ် ငါးလတာကာလအတွင်းမှာ မြန်မာစစ်အစိုးရဟာ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု (၁၀၀၀) နီးပါး ပြုလုပ်ခဲ့ပါတယ်။ တစ်ရက်မှာ ပျမ်းမျှ တိုက်ခိုက်မှု ခြောက်ကြိမ်ထိရှိခဲ့ပါတယ်။ လေကြောင်း တိုက်ခိုက်မှု ငါးခုအနက် တစ်ခုမှာ ရခိုင်ပြည်နယ်ကို ပစ်မှတ်ထားတယ်။  သုံးပုံတစ်ပုံဟာ အရပ်သားတွေကို  ပစ်ခတ်တိုက်ခိုက်တာဖြစ် တယ်"လို့ သံအမတ်ကြီး လင်ဒါ ကဆိုပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးကတည်းက ၃နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း
၁၁၀၃ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၉၅၄ ဦး၊ တော်လှန်ရေးအဖွဲ့မှ ၂၈၉ ဦး သေဆုံးခဲ့တယ်လို့ BNI ကဆိုပါတယ်။

"အဆိုပါလေကြောင်းတိုက်ခိုက်မှုများဟာ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို ပျက်စီးစေခဲ့တယ်။ လူနေ အိမ်များနဲ့စာသင် ကျောင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုအဆောက်အအုံများနဲ့ ဘာသာရေး အဆောက်အအုံများ၊ ဝတ်ပြုရာနေရာများကို ဖျက်ဆီးခဲ့တယ်"လို့ သံအမတ်ကြီးလင်ဒါကဆိုပါတယ်။

နိုင်ငံတစ်ဝန်းမှာ ၁၀၂၇ စစ်ဆင်ရေးမစတင်ခင် အချိန်ထိတိုက်ပွဲပေါင်း အကြိမ် (၆၈၀) ဖြစ်ခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးချိန် ငါးလအတွင်းမှာ တိုက်ပွဲပေါင်း (၈၇၈) ကြိမ်ထိ ဖြစ်ခဲ့ ပါတယ်။ ဒီအချက်ကိုကြည့်ရင် စစ်ရေးအရှိန် မြင့်တက်လာနေတာဖြစ်တယ်လို့BNI က ဖော်ပြထားချက် အရသိရပါတယ်။ 

၂။ လူမှု စီးပွား ဖရိုဖရဲ

နိုင်ငံရေး၊ စစ်ရေး ဖရိုဖရဲ ကြုံတွေ့နေရတဲ့ စစ်ကောင်စီဟာ နောက်ထပ်ဖရိုဖရဲနိုင်လှတဲ့ အခြင်းအရာတစ်ခုရှိပါသေးတယ်။ဒါကတော့ စီးပွားရေး ဖရိုဖရဲ ဖြစ်မှုပါ။

အာဏာသိမ်းပြီးကတည်းက စီးပွားရေး မပိုင်နိုင်တဲ့စစ်ကောင်စီဟာ (၃)နှစ်တာကာလအတွင်းမှာ ကသောင်းကနင်း နိုင်လှပါတယ်။ ပဲ့နင်းဦးထောင်၊ ဦးနင်းပဲ့ ထောင်နဲ့ မျက်မမြင်ပုဏ္ဏား ၆ ယောက်လို ခုထိ စီးပွားရေးကို စမ်းတဝါးဝါးနဲ့ ဆက်စမ်းနေတုံးပါ။

နယ်စပ်ဂိတ်တွေ လက်လွတ်ဆုံးရှုံးထားရ၊ ဆန်ရှင်ထိထားရ၊ အက်ဖ်ဒီအိုင် ကလည်း၀င်မလာ၊ လိုကယ်လ်ဘစ်ဇနက်တွေကလည်းအလုပ်မဖြစ်၊  ဘဏ်စနစ် ကလည်းမခိုင်မာ၊ ဒေါ်လာစျေးတက်၊ ရွှေစျေးတက် အခြေခံစားကုန်တွေစျေးတက် နဲ့ မြန်မာ့စီးပွားရေး စျေးကွက်ဟာ လည်း ဖရိုဖရဲ ဖြစ်လို့ နေပါတယ်။

အခုရက်ပိုင်းအတွင်းမှာ ဒေါ်လာစျေး က ကျပ် ၅၀၀၀ နားထိချဥ်းကပ်လာ၊ ရွှေစျေးကလည်း ၅၈ သိန်းနားရောက်လာ တဲ့အထိ မြန်မာ့စီးပွားရေးက ကမောက်ကမ ဖြစ်လို့နေပါတယ်။

အဖမ်းပြပြီးဒေါ်လာစျေးနဲ့ရွှေစျေးကို ပြန်ထိန်းချုပ်ဖို့ကြိုးစားတဲ့ စစ်ကောင်စီ ရဲ့ဟန်ရေးပြမှုက လက်တွေ့မှာ ထိရောက်မှုမရှိပါဘူး။ ဒေါ်လာစျေးနဲ့ရွှေစျေး အပေါ်အခြေပြုထားတဲ့ မြန်မာ့ စီးပွားရေးဟာ ဒေါ်လာစျေးတက်ရွှေစျေးတက်တာနဲ့ မဆီမဆိုင် ကန်စွန်းရွက်၊ ကြက်ဥ ကအစ စျေးလိုက်တက်နေပါတော့တယ်။

အာဆီယံ (တီမောလ်အပါအ၀င်) ၁၁ နိုင်ငံမှာ  လုပ်ခအနိမ့်ဆုံး ၁၁ အဆင့်မှာရှိနေတဲ့ မြန်မာလုပ်သား တွေရဲ့ အခြေအနေ ဟာ တနေ့တခြား ပရုပ်လုံး လို လုံးပါးပါးလာနေတာတွေ့ရပါတယ်။

ဒုံးကျည်လိုအဟုန်နဲ့ဆက်တက်နေတဲ့ကုန်စျေးနှုန်းကို အခြေခံလူတန်းစားတွေ အမီလိုက်နိုင်စွမ်း မရှိတာတွေ့ရပါတယ်။ ကုန်စျေးနှုန်းကတက်၊ ၀င်ငွေကတက်မလာတဲ့အတွက် မြန်မာနိုင်ငံမှာ လူလတ်တန်းစားပျောက်ကွယ်သွားပြီလို့ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုကဆိုပါတယ်။

အခုလိုစီးပွားရေး ဖရိုဖရဲ ဖြစ်လို့လာနေတာကိုစီးပွားရေးပြန်ဦးမော့လာပါပြီလို့မင်းအောင်လှိုင်က ဆင်သေကိုဆိတ်သားရေနဲ့ဖုံးဖို့ကြိုးစားခဲ့တာလဲတွေ့ရပါ တယ်။

" NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ စီမံခန့်ခွဲမှု အားနည်းချက်တွေ ကြောင့် ကျဆင်းခဲ့ရပါတယ်။ဒါပေမယ့်  ၂၀၂၁-၂၀၂၂-၂၀၂၃ တောက်လျှောက် စီးပွားရေး ပြန်လည် ဦးမော့လာခဲ့ပါတယ်" လို့ မင်းအောင်လှိုင်က ရုရှား ITAR-TASS Media နဲ့မတ်လအတွင်းက တွေ့ဆုံခဲ့စဉ်မှာပြောဆိုလိုက်တာဖြစ်ပါတယ်။ န၀တခေတ် ပြန်၀န် စကား ပြန်ငှားသုံးရရင်ဒါဟာ မိုးလုံးပြည့်မုသာဝါဒ ပါလို့ဆိုရမှာပါ။ တချိန်တည်းဆိုသလို အစိုးရ အဆက်ဆက် အခစားမပျက်ခဲ့တဲ့ အက်ဖ်ဒီအိုင် နဲ့   စီးပွားရေး က၀ိပညာရှင် ဦးအောင်နိုင်ဦး  ကိုလည်း မင်းအောင်လှိုင်က မကြာသေးမီကပဲ ဖြုတ်ထုတ်လမ်း ကိုဆောင်ကျဥ်းပေး လိုက်တာတွေ့ရပါတယ်။

စစ်သားအရင်းအမြစ်ပြုန်းတီးလာနေတဲ့အတွက် လူငယ်တွေနဲ့ အစားထိုးဖို့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်မှာလူငယ်တွေ ဟာ ပြည်ပနိုင်ငံများဆီ ရတဲ့နည်းလမ်းနဲ့ သုတ်ခြေ သင် ရပါတော့တယ်။ NLD လက်ထက်က ဘရိန်းဂိမ်း ကနေစစ်ကောင်စီလက်ထက်ရောက်မှ
ဘရိန်းဒရိန်း တွေဖြစ်ပြီး ပြည်ပနိုင်ငံတွေဆီ လူငယ်တွေရဲ့ဦးနှောက် တွေ ပိုလို့ ယို စီးသွားခဲ့ရပါတယ်။

စစ်မှုထမ်းဥပဒေ နောက်ပိုင်း စစ်တပ်ကလည်း စစ်စရိတ်ပိုသုံးလာရ တဲ့အတွက် ငွေကြေးသစ်တွေ ရိုက်ထုတ်သုံးစွဲလာရလို့ ကျပ်ငွေ တန်ဖိုးတွေထိုးကျလာ တယ်လို့သိရပါ တယ်။

စစ်တပ်က ကာကွယ်ရေးအသုံးစရိတ် ၂၀၂၃ - ၂၀၂၄ အတွက် ကျပ်ဘီလီယံ ၅,၆၀၀ ကျော်အထိ သုံးစွဲခဲ့ တယ် လို့ သိရပါတယ်။ဒါပေမယ့် ၂၀၂၄ - ၂၀၂၅ အတွက် ဘယ်လောက်အသုံးပြုမယ်ဆိုတာ ထုတ်ပြန် ကြေညာတာမတွေ့ရသေးပါဘူး။ ယမန်နှစ် ဘဏ္ဍာနှစ်ထက်တော့ အခုနှစ်မှာ ပိုများမယ်လို့ ခန့်မှန်းတွက်ဆလို့ရနိုင်ပါတယ်။

စစ်တပ်မှာလည်း ဒေါ်လာခမ်း ခြောက်မှုတွေပိုကြုံလာရပါတယ်။အခုဆိုရင် ဒေါ်လာ ခမ်းခြောက် လာတာကြောင့် နိုင်ငံတကာနဲ့ ကုန်သွယ်ရေးမှာ ဒေါ်လာနဲ့ ပေးချေနိုင်ခြင်း မရှိတော့တဲ့ အတွက်  ကုန်ပစ္စည်းချင်း ဖလှယ်ယူရတဲ့ ခေတ်မမီတော့တဲ့ ဘာတာစနစ် ကို ပြန်ကျင့်သုံးကြဖို့ လုပ်ငန်းရှင်တွေကို ဆော်သြ ရတဲ့အထိကိုအခြေအနေကဆိုးရွားလို့လာနေပါပြီ။

ဒါဟာ မြန်မာ့ လူမှု စီးပွား ဖရိုဖရဲ ဖြစ်နေတဲ့ပကတိအခြေအနေတွေပါ။

၃။ ဖရိုဖရဲ ထွက်ပေါက်

စစ်ကောင်စီဟာ   သူတို့သက်ဆိုးရှည်ရေး အတွက် ရုရှား၊တရုတ်နဲ့အိန္ဒိယ တို့ရဲ့အားနဲ့ အသက်ဆက်လို့ နေပါတယ်။  ဒါကြောင့်လည်း စစ်ကောင်စီက သူတို့အကြိုက်တွေ့မယ့် မက်လုံး တွေ ခင်းပေးလို့ နေပါတယ်။အိန္ဒိယ ကို ကုလားတန်၊ ရုရှား ကို ထား၀ယ်ရေနက်ဆိပ်ကမ်း ၊ တရုတ်ကို မြစ်ဆုံ စတဲ့ မက်လုံး တွေပေးထားတာတွေ့ရပါတယ်။ အခြားတစ်ဖက်မှာလည်း အကြပ်အတည်းတွေ ပိတ်မိလာရင်၊ နိုင်ငံတကာဖိအားများလာရင် အာဆီယံကို ပြေး ဖားရ  ၊ ဒေါ်အောင်ဆန်းစုကြည် ကို ဓားစာခံ လုပ်ပြီး နိုင်ငံတကာကို သတင်းထုတ်ပြန်ပြရ၊ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ထုတ်ပြောရ၊ အကျဥ်းသားတွေ လွှတ်ပြရ၊ ဘုရားဖူးပြ၊ သံဃာတော်တွေကိုရှစ်ခိုးပြ နဲ့ ကြံရာမရ နည်းလမ်းဟောင်းတွေနဲ့ ထွက်ပေါက် ရှာလို့နေတာတွေ့ရပါတယ်။

ဒါပေမယ့် နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးမှာပါဘက်ပေါင်းစုံ က ဖရိုဖရဲ ဖြစ်လာ နေတဲ့ စစ်ကောင်စီဟာ ခုထိ လေသံမလျှော့သေးဘဲ၊ အာဏာကိုအငမ်းမရဖက်တွယ်ထားနေဆဲပါ။ဆိုရရင် နိုင်ငံရေး (စစ်ရေး) ၊ စီးပွားရေးအစစမှာ ယိုယွင်းလာနေတဲ့ စစ်ကောင်စီရဲ့သက်တမ်းဟာ မီးစာကုန် ခမ်းခြောက်စ ပြုလာ နေပြီလို့ ဆိုရမှာပါ။ဒါဟာ ကျရှုံးနိုင်ငံ(Failed State) တစ်ခုမှာ တွေ့မြင်ရတဲ့ ကြန်အင်လက္ခဏာ တွေပါ။

၄။ နိဂုံးချုပ်သုံးသပ်ချက် 


"စစ်တပ်က အာဏာသိမ်းပြီးနောက် အနည်းဆုံး လူပေါင်း ၄၇,၀၀၀ သေဆုံးခဲ့ ရတယ်။ အာဏာ သိမ်းပြီးနောက် အိုးမဲ့အိမ်မဲ့ ဦးရေ တဟုန် ထိုးမြင့်တက်လာခဲ့တယ်။ အခုအခါ ပြည်တွင်း အိုးမဲ့အိမ်မဲ့ ဦးရေ သုံးသန်းကျော် ရှိလာပါပြီ။   မြန်မာနိုင်ငံမှာရှိတဲ့ လူသုံးဦးမှာဆိုရင် တစ်ဦးဟာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိနေပါတယ်။ စားနပ်ရိက္ခာ မလုံလောက်မှုများနှင့်လည်း ရင်ဆိုင်နေရပါတယ် "ဆိုပြီး သံအမတ်ကြီးလင်ဒါက လုံခြုံရေးကောင်စီအစည်းအဝေးခန်းမထဲကနေ
နိုင်ငံတကာသိအောင် မောင်းခတ်လိုက်တာဖြစ်ပါတယ်။

အခုဆိုရင်မြန်မာနိုင်ငံရဲ့ အခြေအနေဟာထိန်းမနိုင်သိမ်းမရအောင် ဖရိုဖရဲ ဆက်လက် ဖြစ်ပေါ် နေပါတယ်လို့ သံအမတ်ကြီး ကဆက်လက်ပြောဆိုသွားခဲ့ပါတယ်။

NUG,PDF နဲ့ EAO များဟာ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေး မြို့များ အပါအဝင် ဧရာဝတီမြစ်ဝှမ်းကို ဝိုင်းပတ် သိမ်းပိုက်လိမ့်မယ်။ တစ်နှစ်အတွင်း စစ်အစိုးရ၏ အုပ်ချုပ်မှုကို  ချုပ်ငြိမ်းသွားစေမည့် အနေအထားမှာ ရှိနေပါတယ်။ နောက်ဆုံးမှာ စစ်တပ်ကို အလဲထိုးအနိုင်ယူသွားလိမ့်မယ်လို့ အရပ်ဘက် အဖွဲ့အစည်းများမှာ အထူးအတိုင်ပင်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ် နိုင်ငံရေး လေ့လာ သုံးသပ်သူ တစ်ဦးလည်းဖြစ်တဲ့Paul Greening က သုံးသပ်ပြေ ဆိုပါတယ်။

ဒါကြောင့်လည်းမင်းအောင်လှိုင်က ၂၄ နာရီ စစ်ဆင်ရေးအတွက် အမြဲ အသင့်ရှိရမယ့် စစ်ရေး အခြေအနေကို  မကြာသေးမီရက်ပိုင်းကစိုးရိမ်ကြီးစွာနဲ့  ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။

စစ်ကောင်စီရဲ့ လက်အောက်မှာရှိတဲ့ တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်အားလုံးကို ၂၄ နာရီ စစ်ဆင်ရေးအတွက် အမြဲ အသင့်ရှိရမည့် တန်းပြည့် စစ်မှုထမ်းများအဖြစ် သတ်မှတ်လိုက်တဲ့ အမိန့်ထုတ်ပြန်လိုက်တယ်လို့ ခေတ်သစ်သတင်းက ဖော်ပြထားတာ တွေ့ရပါတယ်။ဒါဟာတပ်မတော်အတွက် အရေးပေါ် အခြေအနေ တစ်ရပ်လို့ သတ်မှတ်ခြင်းလည်းဖြစ်တယ်လို့ဆိုပါတယ်။

အချုပ်ဆိုရရင် မြန်မာပြည်ရဲ့ ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေမှာ NUG,PDF နှင့် EAO များက ဒီနှစ်အတွင်းမှာ မင်း အောင်လှိုင်နဲ့သူ့ရဲ့ စစ်တပ်ကိုအလဲထိုးပြီး အောင်ပွဲခံသွားမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်းပါ။

 

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၂ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး