သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

ဗျိုင်းဖြူရွာ(သို့မဟုတ်) ဆတ်ရိုးကျ၏ ငရဲတမျှနေ့ရက်များ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

ကံ့ကော်နီနီ - ရေးသားသည်

 

မေလအကုန်လောက်ဆိုရင် ဗျိုင်းဖြူရွာအဝင် ရေကန်ကြီးနဲ့ အနီးတဝိုက်မြင်ကွင်းတွေကို တိုက်ခန်းဝရန်တာပေါ်က အငြိမ်သားငေးကြည့်နေရတာ အရသာတမျိုးပဲ။

 

ရေကန်က အတော်ကျယ်ဝန်းကြီးမားတယ်။ ကန်ဘောင်တဖက်ကနေ အခြားတစ်ဖက်ဆီကို တစ်အော်တစ်ခေါ်လောက်ထိ ကျယ်ဝန်းပါတယ်။ မိုးဖွဲဖွဲကြားမှာ ကန်ဘောင်နဲ့ အနီးဝန်းကျင် စားကျက်မြေတွေပေါ် တရုန်းရုန်းနဲ့ ကျွဲနွားအုပ်တွေ၊ ရေကန်ထဲ ကွန်လာပစ်တဲ့ အပေါ်ပိုင်း ဗလာကျင်းနဲ့ရွာသားတွေ ၊ ရေလာကူးကြတဲ့ ကိုယ်လုံးတီးကလေးငယ်တွေရဲ့ လှုပ်ရှားမှုမှန်သမျှကို အပေါ်စီးကနေလှမ်းမြင်ရလေ့ရှိတယ်

 

တစ်နွေလုံးအပူရှိန်ကြောင့် ရေကန်ကြီးရဲ့မြေသားတွေဟာ ဧရာမပင့်ကူအိမ်ကြီးသဖွယ် အက်ကွဲခြောက်ကပ်နေခဲ့တယ်။ မိုးကလေး ခပ်စပ်စပ်ရွာလိုက်ပြီဆိုရင်တော့ အက်ကွဲ အကျည်းတန်နေတဲ့ မြေသားတွေဟာ အရာရာ ပြန်လည်သစ်လွင်လာသလိုရှိတယ်။

 

အဲဒီမြေသားအရောင်သစ်တွေကတဆင့် လွင့်ပျံလာတဲ့ မြေသင်းနံ့တွေကို ကိုယ်ထိုင်ကြည့်နေတဲ့ ဝရန်တာပေါ်ကနေတောင် ရှုရှိုက်ရမိနေသလိုပါပဲ။ ဆေးလိပ်တစ်လိပ်မီးညှိရင်းဖြစ်ဖြစ်၊ စာအုပ် တစ်အုပ်လျှောက်လှန်နေရင်းဖြစ်ဖြစ် တိုက်ခန်းဝရန်တာကျဥ်းကျဥ်းလေးမှာ ကိုယ်ထွက်ထိုင်လေ့ ရှိတယ်။ ဝရန်တာပေါ်ကနေ ဗျိုင်းဖြူရေကန်ကြီးရဲ့ နေကျဲကျဲတောက်ပူနေတဲ့ နွေနေ့လယ်ခင်း၊ မိုးဖွဲဖွဲရွာနေတဲ့ မနက်ခင်းတွေနဲ့ ရေခိုးရေငွေ့ခပ်မှိုင်းမှိုင်းအုပ်ဆိုင်းနေတဲ့ ဆောင်းညနေရီတို့ကို ကိုယ်ဟာ ကြည့်မြင်ခံစားခဲ့ရတယ်။

 

 တစ်နှစ်ပတ်လုံးနီးပါး ဒီမြင်ကွင်းကို မြင်တွေ့နေရပေမယ့် ကိုယ့်အဖို့ရိုးအီမသွားတာလည်းဖြစ်မယ်။ အိမ်ကိုလွမ်းတဲ့အခါလည်း ဝရန်တာကိုခဏတဖြုတ်ထွက်ပြီး ရေကန်ကြီးဘက်ကို ကြည့်တယ်။ အလုပ်ကြောင့် စိတ်ဖိစီးပြီး နွမ်းနယ်သလိုရှိလာရင်လည်း ရေကန်ကြီးဘက်ငေးကြည့်နေလိုက်တာပါပဲ။

 

 တိုက်ခန်းဒုတိယအထပ်က လှမ်းကြည့်လိုက်ရင် ဗျိုင်းဖြူရွာအစပ်မှာရှိတဲ့ သွပ်မိုးအိမ်တလုံး စနှစ်လုံးစနဲ့ တဲအိမ်သာသာရှိမယ့် ခပ်ကုပ်ကုပ်အိမ်ကလေးတွေကိုသာမြင်ရပါတယ်။

 

ရွာတစ်ခုလုံးကိုတော့ အပင်တွေနဲ့ဖုံးအုပ်ထားပြီး သဲကွဲစွာမမြင်ရတော့ပါဘူး။ ဒီရပ်ကွက်ကို ဆတ်ရိုးကျရပ်ကွက်လို့ခေါ်ပြီး စစ်တွေဒေသခံအများစုကတော့ ဗျိုင်းဖြူရွာလို့ခေါ်ပါတယ်။ ဗျိုင်းဖြူရွာနဲ့အနီးစပ်ဆုံးမှာ ရွှေပြည်သာကျေးရွာ၊ရွှေပြည်သာတိုက်တန်း၊ ကျေးတောပိုက်ဆိပ်တို့ ရှိကြပါတယ်။

 

 ၂၀၂၂ မှာ ကိုယ်ဟာ ဗျိုင်းဖြူရွာရှေ့ ရွှေပြည်သာတိုက်တန်းမှာ တစ်နှစ်နီးပါးနေခဲ့ပါတယ်။ ဒီမတိုင်ခင် ဗျိုင်းဖြူရွာထဲကို ကိုယ်ရောက်ခဲ့ရတဲ့အချိန်ကာလတခုကိုသတိတရဖြစ်မိပြန်တယ်။အရပ်သားတပိုင်း အာဏာရှင်တစ်ပိုင်းအစိုးရ NLD လက်ထက် ၂၀၂၀ အစောပိုင်းမှာ ဗျိုင်းဖြူရွာ(ခေါ်)ဆတ်ရိုးကျကို သတင်းယူဖို့သွားခဲ့ရပါတယ်။ ကျွန်တော်တို့တိုက်က သတင်းထောက်တစ်ယောက်ရယ်။ကျွန်တော်ရယ်။

 

ဆတ်ရိုးကျတံတားကြီးကိုဖြတ်ပြီး ဗျိုင်းဖြူရွာကို ဆိုင်ကယ်တစ်စီးနဲ့သွားခဲ့ကြတယ်။ အဲဒီအချိန်က နွေခေါင်ခေါင်ဖြစ်တဲ့အပြင် မြို့ရှောင်လမ်းဟာအခုလို ကွန်ကရစ်လမ်းလည်းမဟုတ်သေးဘူး။

 

ကျောက်ခင်းတဝက်မြေလမ်းမို့ ဖုန်အလိပ်လိပ်တွေကြား ဖြတ်မောင်းပြီးသွားရပါတယ်။ ရွာအဝင်လမ်းကလေးရဲ့ လက်ယာဘက်မှာ ဗျိုင်းဖြူရေကန်ကြီး ထီးထီးတည်ရှိနေတယ်။ ကန်ဘောင်ပေါ်မှာ လည်ပတ်အနီနဲ့ရဲတပ်ဖွဲ့ဝင်တွေကင်းပုန်းဝပ်နေရာယူထားကြတာကို ဖြတ်ခနဲ စူးစမ်းကြည့်တော့ တွေ့ခဲ့ရတယ်။ရွာအဝင် ကျောက်ခင်းလမ်းဟာ ကျဥ်းမြောင်းပေမယ့် အတော်ရှည်လျားပါတယ်။

 

လမ်းခင်းကျောက်လုံးကြီးတချို့ကမညီမညာငေါထွက်နေတယ်။ ကျွန်တော့်နဲ့အတူလာတဲ့ သတင်းထောက်ကတော့ အပေါ်ထပ် Press အင်္ကျီတစ်လုံးဝတ်လာတယ်။ ကိုယ်တို့ဟာ ဝန်ပိုသိပ်မရှိအောင် ကင်မရာအိတ်တစ်လုံးထဲ ကင်မရာနှစ်လုံးကို ကျပ်ညှပ်ထည့်ယူလာခဲ့ကြတယ်။

 

အဲဒီနေ့ဟာ ဗျိုင်းဖြူရွာကို ရာနဲ့ချီတဲ့ ရဲနဲ့စစ်သားတွေ ကားတန်းတွေနဲ့ အင်အားအလုံးအရင်း စီးနင်းဝင်ရောက်ပြီး အိမ်တွေကို မွှေနှောက်စစ်ဆေးနေတဲ့နေ့ပါပဲ။ ရွာရဲ့ကောင်းကင်ပြင်မှာလည်း စစ်တပ်ရဲ့ ထောက် လှမ်းရေး ဒရုန်းအနည်းဆုံးလေးငါးခုလောက်လွှတ်ထားပါတယ်။

 

ကျွန်တော်တို့လိုက်သွားတဲ့အချိန်မှာ ရွာထဲမှာသူတို့(စစ်သား/ရဲ)တွေ ရောက်နေကြပါပြီ။ ကျွန်တော်တို့ရွာထဲကို တိတ်တဆိတ်ချဥ်းကပ်ပြီး လက်ဘက်ရည်ဆိုင်တစ်ဆိုင်ထဲ ဝင်ထိုင်ကြတယ်။ ဆိုင်နဲ့ သိပ်မလှမ်းမကမ်းမှာရှိတဲ့ ဆတ်ရိုးကျရပ်ကွက်အုပ်ချုပ်ရေးရုံးရှေ့လမ်းတစ်လျှောက်မှာ ရဲကား အနည်းဆုံး ၁၅ စီးဝန်းကျင်(ဒီ့ထက်ပိုနိုင်ပါသေးတယ်) ရပ်ထားတယ်။ ရာနဲ့ချီတဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ တချို့ကကားပေါ်ကဆင်းပြီး ရွာထဲနေအိမ်တွေကိုမွှေနှောက်ဖို့ တန်းစီအသင့်ပြင်ထားကြပါပြီ။

 

 ကျွန်တော်တို့လည်း လက်ဘက်ရည်ဆိုင်မှာခေတ္တထိုင်ပြီး ရွာသားတွေဆီကအခြေအနေကို စနည်းနာကြပါတယ်။ အဲဒီနောက်မှာတော့ သူတို့ရဲတပ်ဖွဲ့ဝင်တွေဟာ ရွာထဲရှိသမျှနေအိမ်တလုံးမကျန် မွှေနှောက်ရှာဖွေကြပါတယ်။ ကျွန်တော်တို့နှစ်ယောက်လည်း ရဲတပ်ဖွဲ့ကို ဦးဆောင်လာတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးကို ရပ်ထားတဲ့ယာဥ်တန်းတွေနားမှာ စကားသွားပြောပါတယ်။

 

ဘာကြောင့်အခုလိုအင်အားအလုံးအရင်းနဲ့ လာရောက်စစ်ဆေးတာလဲဘာညာမေးကြတယ်။ ကျွန်တော်တို့လိုချင်တဲ့ အင်တာဗျူးမရကြပါဘူး။ သိချင်ရင် ပြည်နယ်ရဲမှူးကိုမေးမှရမယ်လို့ အပိတ်ငြင်းလွှတ်ပါတယ်။

 

ကျွန်တော့်လုပ်ဖော်ကိုင်ဖက်သတင်းထောက်က ရဲတပ်ဖွဲ့ဝင်တွေကိုဓာတ်ပုံရိုက်မယ်လုပ်တော့လည်း ရိုက်ထားတဲ့ပုံကိုပြန်ဖျက်ခိုင်းပါတယ်။ကျွန်တော်တို့အတွက် သတင်းဓာတ်ပုံကလည်း မရလို့မဖြစ်ပါဘူး။ သတင်းဖြစ်တဲ့မြေပြင်ကိုရောက်လာပြီးမှ သတင်းဓာတ်ပုံမပါသွားရင်မဖြစ်ဘူး

 

 ဒီတော့နှစ်ယောက်သားတိုင်ပင်ကြတယ်။ လက်ဘက်ရည်ဆိုင်လောက်ကဆိုရင် ကျွန်တော်တို့မှာပါလာတဲ့ကင်မရာတွေနဲ့ Zoom ဆွဲပြီးရိုက်ရင်ဓာတ်ပုံရနိုင်တယ်။

 

အဲဒီလိုနဲ့ဓာတ်ပုံအမှုကိစ္စအဆင်ပြေသွားပါတယ်။ သူတို့(ရဲတွေ)ဆီက သတင်းအင်တာဗျူးရဖို့ ကြိုးစားပေမယ့် မရတော့ ရွာသားတွေဆီက သတင်းယူကြရပါတယ်။

 

ဒီလိုနဲ့အင်တာဗျူးဖြေပေးနိုင်မယ့်ရွာသားတွေတစ်အိမ်ဝင်တစ်အိမ်ထွက်လိုက်ရှာကြရင်း ဗျိုင်းဖြူရွာကိုအတော်လေးစုံသွားပါတယ်။ အခုအချိန်ထိမှတ်မိနေတာက ဗျိုင်းဖြူရွာအထဲမှာ ဗမာစကားပြောနိုင်တဲ့သူအတော်ရှားတယ်ဆိုတာပါ။ တချို့ကကျွန်တော်တို့မေတ္တာရပ်ခံချက်အရ ဗမာစကားလုပ်ပြောရပေမယ့် မိမိဘာသာစကားမဟုတ်တော့ လိုရင်းကို မရောက်နိုင်သလို ဖြစ်နေတာမျိုးတွေပါ။ဘာသာစကားအပေါ်အာရုံစိုက်နေရတော့ ပြောချင်တဲ့အကြောင်းအရာအပေါ် အားစိုက်နိုင်မှုလျော့နည်းသွားတာမျိုးပါ။

 

သူတို့အတွက်ရော ကျွန်တော်တို့အတွက်ပါအင်တာဗျူးတခုကအတော်လေးပင်ပန်းကြရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဗျိုင်းဖြူရွာထဲကို ကိုယ်ဟာတကြိမ်တခါမျှ ထပ်မရောက်ဖြစ်တော့ပါဘူး။ ၂၀၂၂ မှာ အလုပ်ကိစ္စနဲ့ ရွှေပြည်သာတိုက်တန်းက အခန်းတစ်ခန်းမှာ ထပ်နေဖို့ကြုံလာပါတယ်။

 

အဲဒီမှာနေခဲ့တဲ့တစ်နှစ်ပတ်လုံး ဝရန်တာကနေ ဗျိုင်းဖြူရွာနဲ့ ရေကန်ကြီးတို့ကို နေ့စဥ်တွေ့မြင်ခဲ့ရတယ်။ ကျွန်တော့်နေ့ရက်တွေထဲမှာ အမြင်အာရုံအားဖြင့် ဗျိုင်းဖြူရွာဟာ ရင်းနှီးကျွမ်းဝင်ပြီးသား မိတ်ဆွေရင်းချာတယောက်လိုဖြစ်ခဲ့ရတယ်။ လွမ်းစရာဗျိုင်းဖြူရွာကလေး။

 

အခုရက်ပိုင်း မြို့တော်စစ်တွေနဲ့ တစ်ဘက်တစ်ကမ်းလေးမှာတင်ရှိတဲ့ ဗျိုင်းဖြူရွာရဲ့ သွေးမြေကျမှုနဲ့ ငရဲတမျှ အော်ကြွေးငိုဟစ်သံတွေဟာ စစ်ကောင်စီထိန်းချုပ်နယ်မြေထဲရှိကျန်ရှိနေတဲ့ ပြည်သူတွေအတွက် ပြင်းထန်စူးရှတဲ့ အချက်ပေးခေါင်းလောင်းသံတွေ ဖြစ်လာခဲ့ပြီ။

 

AA ရဲ့ ဇွန်လ လေးရက်နောက်ဆုံးထုတ်ပြန်ချက်အရ ဗျိုင်းဖြူရွာသား (၇၆) ယောက်အထိ သတ်ဖြတ်ခံထားရတယ်လို့ ဆိုတယ်။ တွေးကြည့်ဖို့တောင် ခံနိုင်ရည်မရှိလောက်တဲ့အင်မတန်မှ ထိတ်လန့်ရွံ့ကြောက်ဖွယ်ရာ အစု လိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စစ်ကောင်စီနဲ့ သူ့ရဲ့ ဩဇာခံအဖွဲ့အစည်း၊ လက်နက်ကိုင်အုပ်စုတွေက ထင်ထင်ရှားရှားကြီးကျူးလွန်လိုက်တာပါ။

 

အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီးမှ သတ်ဖြတ်တယ်။ ယောကျာ်းသားတွေကို အင်္ကျီတွေအကုန်ချွတ် ကိုယ်လုံးတီး နေပူစာလှန်းတယ်။ အစာရေစာမကျွေး၊ ရေမတိုက်ဘဲထားတယ်။ စိတ်ကြိုက်ရိုက်နှက် နှိပ်စက်ပြီးတော့မှအစုလိုက်အပြုံလိုက်ပစ်သတ်တာတွေလုပ်တယ်။

 

နောက်ထပ် ရာနဲ့ချီတဲ့အမျိုးသားတွေကို တပ်ထဲဖမ်းဆီးသွားပြီး အစဖျောက်ပစ်လိုက်တယ်။ ရွာထဲရှိသမျှ အရွယ်လေးပါးမရွေး ထောင်နဲ့ချီတဲ့ရွာသားတွေကိုရွာကမောင်းထုတ်ပြီး မြို့ထဲပိတ်လှောင် ဓားစာခံအဖြစ်ပြန်ပေးဆွဲတယ်။

 

ဒီစစ်ရာဇဝတ်မှုကို စစ်ကောင်စီနဲ့အပေါင်းအပါတွေက လူမဆန်စွာကျူးလွန်ခဲ့တယ်။ ဗျိုင်းဖြူရွာ အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုမှာ စစ်ကောင်စီ စစ်တွေ အခြေစိုက် ဒကစမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ တပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းအချို့မှ ထုတ်နုတ် အင်အားများ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီ အကြမ်းဖက်သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များ အစရှိသော အင်အား (၁၇၀) ကျော်ပါဝင်တယ်လို့ AA ကဆိုတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဗျိုင်းဖြူရွာမှာ အစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုမကျူးလွန်ခဲ့ဘူးလို့ ဇွန်လ ၄ ရက်မှာပြောင်ငြင်းထားပါတယ်။

 

ALP တပ်ဖွဲ့ဝင်တချို့ပါဝင်ကျူးလွန်တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့လည်း စောမြရာဇာလင်းဦးဆောင်တဲ့ ALP ကရခိုင်မီဒီယာတချို့ကနေ ငြင်းဆိုထားတာတွေ့ရတယ်။

 

ဗျိုင်းဖြူရွာထဲက မောင်းထုတ်ခံရပြီး အသက်ရှင်လျက်စစ်တွေမြို့ထဲရောကအရှိလာတဲ့မျက်မြင် သက်သေရွာသားတွေကတော့ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုမှာ စစ်ကောင်စီတပ်နဲ့အတူး ALP တပ်ဖွဲ့ပူးပေါင်းပါဝင်တယ်လို့ ပြောဆိုကြပါတယ်။

 

အာရက္ခတပ်တော်ဘက်ကတော့ ဗျိုင်းဖြူရွာဖြစ်စဥ်မှာ အမိန့်ပေးညွှန်ကြားသူတွေ၊ ညွှန်ကြားချက်ကို အကောင်အထည်ဖော်သူတွေ၊ ပါဝင်ကျူးလွန်သူမှန်သမျှကို ပြင်းထန်စွာ လက်စားချေတုံ့ ပြန်သွားမယ်လို့ အတိအလင်းကြေညာထားတယ်။ သို့ပေမယ့် ဗျိုင်းဖြူရွာသူရွာသားတွေအတွက် တရားမျှတမှုရဖို့ အချိန်ကာလအားဖြင့်ဘယ်လောက်ကြာဦးမယ်ဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်သေးတဲ့အနေအထားပါပဲ။

 

စစ်ပွဲအတွင်းလိုက်နာရမယ့်ကျင့်ဝတ်တွေ၊ လူသားချင်းစာနာထောက်ထားမှုတွေဟာ ဗျိုင်းဖြူရွာနဲ့ မသက်ဆိုင်လေသလား။ ဝမ်းနည်းခံပြင်းလို့ကျရတဲ့ ပြည်သူတွေရဲ့မျက်ရည်တွေသာ ဗျိုင်းဖြူရွာအတွက် လူသားချင်းစာနာမှုတခုအဖြစ် ရရှိလေသလား။

 

ကိုယ်နဲ့ ရင်းနှီးခဲ့တဲ့ ဗျိုင်းဖြူရွာရေကန်ကြီးကတော့ ငရဲတမျှအော်ကြွေးငိုဟစ်သံတွေကို သူ့ရဲ့ကြေးမုံ ရေမျက်နှာပြင်မှာ သိမ်းဆည်းထားပါလိမ့်မယ်။ အဲဒီသိမ်းဆည်းထားတဲ့ ငိုယိုအော်ဟစ်သံတွေဟာ နွေရောက်တိုင်း ခမ်းခြောက်သွားတဲ့ရေကန်ကြီးရဲ့ မြေပက်ကြားအက်တွေအဖြစ်နဲ့ ပြန်လည် ရုပ်လုံးကြွလာပါလိမ့်မယ်။ ရေကန်ကြီးခမ်းခြောက်သွားပေမယ့် အထောင်အသောင်းသော သွေးမျက်ရည်တို့ကတော့စိုစွတ်နေပါလိမ့်ဦးမယ်။ ။

ဆက်စပ် သတင်းများ

-
  • Web Master
  • ၀၁ စက်တင်ဘာ ၂၀၂၄
-
ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၂ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး