တနင်္ဂနွေ၊ ဇူလိုင်လ ၁၄ရက်၊ ၂၀၂၄

ရုရှားက ဖမ်းဆီးထားသည့် ယူကရိန်း အကျဉ်းသားများအရေးကမ္ဘာက သိအောင် မိသားစု၀င်များက ဥရောပကိုဖြတ်ကာ ဆွစ်ဇာလန် ထိသွားရောက်တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

 ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၁၇/၂၀၂၄  (ဘာသာပြန်ဆောင်းပါး)

“ကျွန်မခင်ပွန်းကို ပြန်ရရှိဖို့အတွက် ​ အစွမ်းရှိသမျှ အကုန်လုပ်မယ်” ဟု ပြောဆို လာသူက အသက် ၃၄ နှစ်အရွယ်ရှိ Svitlana Bilous ဖြစ်သည်။

၄င်း သည် တက်ကြွ လှုပ်ရှားသူတစ်ဦးဖြစ်ပြီး ပျောက်ဆုံးနေ သည့် ယူကရိန်းစစ်သားတစ်ဦး၏ ဇနီးသည် တစ်ဦးလည်းဖြစ်သည်။

သူမသည် ယူကရိန်းအရှေ့ပိုင်း ခါခရစ်မြို့မှ ဥရောပကိုဖြတ်ကာ ယူကရိန်း စစ်သုံ့ပန်းဟောင်း Ilia Iliashenko နှင့် အတူ ဆွစ်ဇာလန်နိုင်ငံသို့ ရောက်ရှိလာသူဖြစ်သည်။

Iliashenko သည် ၂၀၂၂ ခုနှစ်က Mariupol တွင် ရုရှားတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသူဖြစ်သည်။

Bilous နှင့် Iliashenko တို့ သည် ရုရှားက ဖမ်းဆီးထားသည့် ယူကရိန်း အကျဉ်းသားများ အရေးအတွက် ထုတ်ဖော်ပြောဆိုရန် နှင့် အကူအညီတောင်းခံရန် ဥရောပကို ဖြတ်ကျော်ကာ ဆွစ်ဇာလန် ရှိ ထိပ်သီးအစည်းအဝေးတစ်ခုဆီ ရောက်ရှိနေခြင်းဖြစ်သည်။

Bilous သည် ရုရှားနှင့် ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ရန်နှင့် ရုရှားကဖမ်းဆီးထားသည့် သူမ၏ ခင်ပွန်းဖြစ်သူ ယူကရိန်းစစ်သား အကြောင်း ကမ္ဘာကိုပြောပြရန် နိုင်ငံတကာထိပ်သီးအစည်းအဝေး၏ ဘေးနားတွင််ရပ်နေခဲ့သည်။

“ကျွန်မခင်ပွန်းကို ပြန်ရဖို့အတွက် အစွမ်းရှိသမျှကျွန်မ အကုန်လုပ်ပေးရပါမယ်” ဟု ထိပ်သီးအစည်းအဝေးသို့ တာဝန်ရှိသူများ ရောက်ရှိလာစဉ်အတွင်း Bilous က ရိုက်တာသတင်းဌာသို့ သို့ အထက်ပါအတိုင်းထုတ်ဖော် ပြောကြားလိုက်သည်။

Bilous၏ခင်ပွန်းဖြစ်သူ ယူကရိန်းစစ်သား Anatoliy သည် ယမန်နှစ် ဧပြီလကတည်းက ပျောက်ဆုံးသွားခဲ့သည်။ ယင်းနောက် သူမ၏ခင်ပွန်း သည် အသက်ရှင်နေသေးကြောင်း ကြားသိရသော်လည်း သူနှင့် တိုက်ရိုက်အဆက်အသွယ်မရှိခဲ့ဟု သိရသည်။

အဆိုပါ ထိပ်သီးဆွေးနွေးပွဲ နှင့်ဆက်စပ် အခမ်းအနားများတွင် သူမသည် ဆိုင်းဘုတ်များ ဝှေ့ယမ်းကာ ကြွေးကြော်သံများအော်ဟစ်ပြီး စစ်မြေပြင်တွင် ပျောက်ဆုံးသွားသော(ယူကရိန်း) တပ်ဖွဲ့ဝင်များအကြောင်း ကမ္ဘာက သတိပြုမိစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

"သူတို့ ချစ်ရတဲ့သူတွေ အသတ်ခံလိုက်ရသလား၊ ရုရှားက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားသလား ဆိုတာကို လူအတော်တော်များများက မသိရှိကြပါဘူး"ဟု Bilous က ပြောဆိုသည်။

ဆွစ်ဇာလန်နိုင်ငံ၊ Lucerne အနီးရှိ Buergenstock ထိပ်သီးဆွေးနွေးပွဲ သိုတက်ရောက်ရန် ရုရှားကို ဖိတ်ကြားခြင်းမပြုခဲ့ပေ။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက မော်စကိုမှ စတင်ခဲ့သော ကျူးကျော်စစ်ပွဲကို အဆုံးသတ်ရန် ယူကရိန်းက ၎င်း၏ အစီအစဉ်ကို ထိုအစည်းအဝေးပွဲတွင် တင်ပြမည်ဖြစ်သည်။

မော်စကိုအနေဖြင့်စစ်သုံ့ပန်းများ၏ အခြေအနေများကို သတင်းပေးပို့ရန်၊ ၄င်းတို့အား ဖြစ်နိုင်သမျှ အမြန်ဆုံး နေအိမ်သို့ပြန်ပို့ရန် အတွက် ယာကရိန်းမိသားစု၀င်များသည် အခြားသော ကမ္ဘာ့အင်အားကြီးနိုင်ငံများက မော်စကိုအား ဖိအားပေးရန်တောင်းဆိုနေ ကြသည်။

ရုရှားသည် စစ်သုံ့ပန်းများဆိုင်ရာ ဂျီနီဗာ သဘောတူညီချက်များကို လေးစား လိုက်နာဖို့လိုကြောင်း သူမက ရိုက်တာသို့ထပ် လောင်း ပြောကြားသည်။

“စစ်သုံ့ပန်းများ ပြန်ပို့ခြင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကို ထိန်းသိမ်းရေးစခန်း အားလုံးထံသို့ ဝင်ခွင့်ရောက်ခွင့်ပေးခြင်း စတဲ့ တိကျတဲ့ လုပ်ဆောင်မှုတွေ ဆောင်ရွက်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ် ” ဟု သူမက ပြောကြားသည်။

ယူကရိန်းအရပ်သားများနှင့် စစ်သား ၈၀၀၀ ခန့်သည် ရုရှားလက်ထဲတွင် ရှိနေသည်ဟု ယူကရိန်း အရာရှိများက ဖေဖော်ဝါရီလအတွင်းကပြောကြားခဲ့သည်။

မိသားစုများနှင့် အဆက်အသွယ်ပြတ်သွားသည့် လူပေါင်း ၂၈,၀၀၀ (နှစ်ဖက်စလုံးမှ စစ်သားများနှင့် အရပ်သားများ) ၏ အခြေအနေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ( ICRC )က ရရှိရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။

“ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကို ရုရှားက ရပ်တန့်ပါ” ၊ “ရုရှားသည် ယူကရိန်းစစ်သုန့်ပန်းများကို ဖုံးကွယ်ထားသည်” ဟု Bilous နှင့် သူငယ်ချင်းများက ဆန္ဒပြရာ၌ ကိုင်ဆောင်ထားသော ဆိုင်းဘုတ်များတွင်အထက်ပါအတိုင်းရေးသားထားသည်။

ရုရှားသည် ယူကရိန်း စစ်သုံ့ပန်းများကို ညှဉ်းပန်းနှိပ်စက်ခြင်းအပါအဝင် ယူကရိန်းတွင် စစ်ရာဇ၀တ်မှုကျူးလွန်ခဲ့ခြင်းမရှိ ကြောင်း အကြိမ်ကြိမ်ငြင်းဆိုလျက်ရှိသည်။

Buergenstock မှ ပြန်လည် ရောက်ရှိလာသူ ယူကရိန်းစစ်သုံ့ပန်းဟောင်း Illia သည် လည်း ယူကရိန်းလူ့အဖွဲ့အစည်းမှစီစဉ်ကျင်းပသောဆက်စပ်အစည်း အဝေးတစ်ခုတွင် မိန့်ခွန်းပြောကြားခဲ့သည်။

ယူကရိန်းနယ်ခြားစောင့်တပ်မှ တပ်ကြပ်ကြီး Illia သည် ၎င်း၏ဇာတိမြို့ Mariupol တွင် တိုက်ပွဲများအတွင်း ဖမ်းဆီးခံခဲ့ရပြီး စခန်းသုံးခုတွင် ထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။ ထိန်းသိမ်းခံပြီး ၁၀လ အကြာတွင် ၄င်းသည်အကျဉ်းသားလဲလှယ်မှုအစီအစဥ်ဖြင့် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

"ရုရှားမှာ အကျဥ်းကျခံရစဥ်အတွင်းမှရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ၊ အဆက်မပြတ် ခံစားခဲ့ရပါ တယ်” ဟု ဖမ်းဆီးခံထားရစဉ် ရိုက်နှက်ခံရပြီး၊ မီးရှို့လည်း ခံခဲ့ရသည်ဟု  Illia က ပြောဆိုသည်။

ယခု ထိပ်သီးစည်းဝေးပွဲသည် ၄င်း၏ ရဲဘော်၊ရဲဖက်(ဖမ်းဆီးခံယူကရိန်းစစ်သားများ) များ၏ အခြေအနေ အရပ်ရပ်ကို တိုးတက်လာလိမ့် မည်ဟု မျှော်လင့်ကြောင်း ၊ မကြာမီ၎င်း၏ရဲဘော်များ နှင့် ထပ်မံတွေ့ဆုံနိုင်ရန် မျှော်လင့်ထားကြောင်း Illia က ပြောဆိုခဲ့သည်။

ထိပ်သီးညီလာခံအပြီးတွင် ယူကရိန်း မိသားစု၀င် များသည် ICRC မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် ဂျီနီဗာသို့ ဆက်လက်သွားရောက်မည်ဖြစ်သည်။

“ကျွန်မခင်ပွန်း ခုချိန်ထိ အသက်ရှင်နေသေးတယ် ဆိုတဲ့ အယူအဆကို ကျွန်မ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတယ်. အဲဒါကို ဆက်ပြီး ဆုပ်ကိုင်ထားဦးမှာ ဖြစ်ပါတယ်။ အကယ်လို့ ကျမက သူ့ဆီကို မက်ဆေ့ချ်တစ်ခုပို့နိုင်ရင် ကျွန်မသူ့ကို သူ့ကိုချစ် တယ်ဆိုတာ ရိုးရိုးရှင်းရှင်းလေးပါဘဲ ”ဟု Bilousကပြောဆိုခဲ့သည်။

(ဇွန်၁၆ရက်နေ့တွင် The Financial Express က ဖော်ပြထားသည့် Ukrainian families cross Europe to plead for prisoners held by Russia သတင်းဆောင်းပါး ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!