ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

(သတင်းဆောင်းပါး)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 4.3k

ကြိုင်လင်းဟိန်း၊ နိရဉ္စရာ၊ ဩဂုတ် ၅/၂၀၂၄ (သတင်းဆောင်းပါး)

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မြန်မာ့အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)နှင့် မဟာမိတ်တပ်ဖွဲ့များက ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်တွင် အလုံးစုံတိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု ထုတ်ပြန်ကြေညာသည်။

မြန်မာ့စစ်တပ်သမိုင်းတွင် အစဉ်အလာကြီးမားခဲ့သော လားရှိုးမြို့အခြေစိုက်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းသည် စစ်ကောင်စီအတွက် အလွန်ကြီးမာသည့် ဆုံးရှုံးမှုကြီး တစ်ခုဖြစ်သလို စစ်ကောင်စီကျဆုံးရန် နိဒါန်းလည်းဖြစ်နိုင်ပေသည်။

အင်အားကြီးထွားလာခဲ့သည့် ဗမာပြည်ကွန်မြုနစ်ပါတီ (ဗကပ)များကို ရင်ဆိုင်ရန် အတွက် ၁၉၇၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သည် MNDAA နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များလက်အောက်သို့ ကျရောက်သွားခဲ့ရသည်သာမက ရမခ တိုင်းမှူး ဗိုလ်ချုပ် စိုးတင့် အပါအဝင်စစ်ဘက်ဆိုင်ရာ အရာရှိကြီးများလည်း ဖမ်းဆီးခံခဲ့ကြရသည်။

လက်ရှိ စစ်ကောင်စီသည် အရှေ့မြောက်တိုင်းအား လက်လွှတ်ဆုံးရှုံးလိုက်ရသလို ရခိုင်ပြည် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)သည်လည်း  အာရက္ခတပ်တော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် လက်လွတ်ဆုံးရှုံးရမည့် အခြေအနေနှင့်ရင်ဆိုင်နေရသည်။

ရခိုင့်စစ်မြေပြင်တွင် အာရက္ခတပ်တော်၏ ပြောင်မြောက်လှသည့် ထိုးစစ်ကို အလူးအလဲခံနေရသည့် စစ်ကောင်စီသည်  ကျန်ရှိနေသေးသည့်တပ်စခန်းများနှင့် မြို့များအပါအဝင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မကျဆုံးစေရန် ကြည်း၊ရေ၊ လေ အင်အားများဖြင့် (ပြည်ပစစ်ပွဲတစ်ခုပမာ) အကြီးအကျယ် ခုခံကာကွယ်နေရသည်။

အာရက္ခတပ်တော်သည် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား ဝိုင်းရံထားသော ဗျူဟာကုန်းနှင့် စစ်စခန်းများကို သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်းဌာနချုပ် အနီးထိ တစတစ ချဉ်းကပ်လာပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေသည်။

ရခိုင် လက်ရှိစစ်မြေပြင်တွင် အောင်ပွဲ တစ်ကြိမ်တစ်ခါမှ မရရှိဖူးသည့်အပြင် တပ်စခန်းများပါ ဆုံးရှုံးမှုများလာသည့် စစ်ကောင်စီတပ်သည် အေအေထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် စစ်ပြေးများ၊ လက်နက်ချ အညံ့ခံသူများဖြင့် ဖရိုဖရဲဖြစ်လာနေသည်ကို ရခိုင်စစ်မြေတွင် တွေ့ရှိလာရသည်။

စစ်ကောင်စီတပ်အတွင်း ယခုလို အခြေအနေ ဖြစ်ပေါ်နေချိန်တွင် အရှေ့မြောက်တိုင်း ကျဆုံး သွားခြင်းသည် ဗူးလေးရာ ဖရုံဆင့်ဆိုသလို မြန်မာစစ်တပ် အတွက် အကြီးအကျယ် အကျပ်ရိုက်မှုကို ဖြစ်စေသည်သာမက နဂိုကပင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ယိုယွင်း ပျက်စီးနေသော စစ်ကောင်စီတပ် အတွင်း အကြီးအကျယ် ဂယက်ရိုက်ခတ်နိုင်သည်ဟု ရခိုင် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောဆိုသည်။

“ ဒါက သေချာပါတယ်။ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်အတွင်း အကြီးအကျယ် ဂယက် ရိုက်ခတ်နိုင်ပါတယ်။ နဂိုကတည်းက တပ်ပြေးတွေ အရမ်းများနေတဲ့ အမ်း နပခအတွင်းကိုလည်း ဂယက်အထူးရိုက်ခတ်နိုင်ပါတယ်။ တိုင်းဌာနချုပ်တစ်ခု ကျဆုံးသွားတာဟာ ကျန်စစ်တိုင်းတွေ အတွက်ပါ အကြီးအကျယ် စိတ်ဓာတ်ရေးရာအရ ထိခိုက်မှုဖြစ်စေမှာဖြစ်ပါတယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနေနဲ့လည်း ဒီနေ့လား၊ မနက်ဖြန်လားဆိုတာမျိုး စဉ်းစားမှုတွေ သူတို့မှာ ရှိနေကြတယ်လို့ သုံးသပ်လို့ ရပါတယ်။ သူတို့ကိုယ်တိုင်ကလည်း သိပါတယ်။ လက်ရှိမှာ အေအေရဲ့  ထိုးစစ်ကို အပြင်းအထန် ခုခံကာကွယ်နေရတာကိုး”ဟု ပြောသည်။  

လက်ရှိ မြန်မာ စစ်ကောင်စီတပ်တွင် စစ်သားများမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာကအစ ယိုယွင်း ပျက်စီးလာနေပြီဖြစ်ပြီး စစ်တိုက်လိုစိတ် ကင်းမဲ့နေကာ တိုက်ပွဲတိုင်းတွင် အလံဖြူထောင် အရှုံးပေး အညံ့ခံမှုများလာနေသဖြင့် အာရက္ခတပ်တော်၏ ထိုးစစ်ဆင်မှုအောက်တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သည် အနှေးနှင့်အမြန်ဆိုသလို ကျဆုံးသွားနိုင်သည်ဟု  ဦးဖေသန်းက ဆက်လက် ပြောဆိုသည်။

“ အဓိကတော့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) တွေ ကျသွားရင်တော့ တိုင်းဌာနချုပ်၊ စစ်ဌာနချုပ်တွေက တိုက်ခိုက်ခံလာရတယ်။ စစ်ရေးအရ အရေးပါတဲ့ စကခ ဌာချုပ်တွေ ကျသွားတဲ့ အချိန်မှာ သူတို့အနေနဲ့ မလုံခြုံတော့ဘူး။ သူတို့ကို ကွပ်ကဲမဲ့၊ ဗျူဟာဆွဲမဲ့ လူပုဂ္ဂိုလ်တွေတချို့ကလည်း မနေတော့ဘူး။ တချို့ကလည်း ထွက်ပြေးသွားတဲ့ အနေအထားမျိုးရှိတယ်လို့ သိရတယ်။ အထက် အရာရှိကြီးတွေကအစ တပ်ကို စွန့်ခွာမှုရှိနေတော့  ခြုံပြောရရင်တော့ စစ်တပ် (စကစ)က စိတ်ဓာတ်အားဖြင့် အကြီးအကျယ် ကျဆုံးနေတယ်။ အောင်စိတ်မရှိတော့ဘူး။ တိုက်ရင်ရှုံးမယ် ဆိုတာ သူတို့ အလိုလိုသိနေတယ်” ဟုဆိုသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို  ရခိုင်ပြည်၊ စစ်တွေမြို့တွင် ၁၉၇၂ ခုနှစ်တွင် စတင်ဖွင့်လှစ် အခြေစိုက်ခဲ့သည်။ သို့သော်လည်း  တိုင်းတစ်ပါးနှင့် စစ်ဖြစ်လာပါက စစ်တွေမြို့သည် စစ်ရေးအရ နောက်ကျော လုံခြုံမှုမရှိဟုဆိုကာ အမ်းမြို့သို့ ၂၀၀၀ ခုနှစ်တွင် ပြောင်းရွှေ့ အခြေစိုက်ခဲ့သည်။  လက်ရှိတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လည်း စစ်ရေးအရ ခြိမ်းခြောက်ခံနေရပြီဖြစ်ကာ အာရက္ခတပ်တော်၏ ချေမှုန်း တိုက်ခိုက်ခြင်းကို အချိန်မရွေးခံရနိုင်သည့် အနေအထားသို့ ရောက်ရှိနေသည်။

ရခိုင်ပြည်နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် စစ်ရေးအရ အလွန်အရေးပါသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)  ၃ ခုရှိရာတွင် ဘူးသီးတောင် အခြေစိုက် စကခ(၁၅) နှင့် ကျောက်တော် အခြေစိုက် စကခ(၉) တို့ကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်ထားပြီး ဖြစ်သည်။

လက်ရှိတစ်ခုတည်းသော ကျန်ရှိနေသေးသည့် တောင်ကုတ် အခြေစိုက် စကခ (၅) မှာလည်း အေအေ၏ ဝိုင်းဝန်းပိတ်ဆို့မှု အောက်တွင် မလူးသာမလွန့်သာ ပိတ်မိနေပြီဖြစ်သည်။

အာရက္ခတပ်တော်၏ ပြောင်မြောက်လှသည့်ထိုးစစ်များဖြင့် တိုက်ခိုက် သိမ်းပိုက်မှုများကြောင့် မကြာခင်အချိန်တစ်ခုတွင် ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်နိုင်မည်ဖြစ်သည်ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပြောဆိုသည်။

“ရခိုင့်စစ်ရေးအခြေအနေကတော့ ယေဘုယျအားဖြင့်ပြောရရင် ကောင်းပါတယ်။ အမ်း အနောက်ပိုင်းတိုင်းလည်း ကျသွားနိုင်ပါတယ်။ မကြာခင် စစ်တွေနဲ့ ကျောက်ဖြူကိုပါ စစ်ဆင်ရေး လုပ်မယ်လို့ ကြေညာထားတဲ့အခါကျတော့ လုပ်ငန်းတွေကို ဆက်ပြီး အကောင်အထည် ဖော်လိုက်မယ်ဆိုရင် မကြာခင်လပိုင်း အတွင်းမှာ ရခိုင်တစ်ပြည်လုံး လွတ်မြောက်ရေးကတော့ မကြာခင် လပိုင်းအတွင်းဖြစ်လိမ့်မယ်”ဟု သုံးသပ်ပြောဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီအတွက် အစဉ်လာကြီးမားသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ခြင်းသည် စစ်ရေးတွင် ဘာမဆို ဖြစ်နိုင်သည်ကို သက်သေပြနေခြင်းကြောင်း၊  ယခုလို တော်လှန်ရေးအင်အားစုများအနေဖြင့် စိတ်ဓာတ်ရေးအရ မြင့်မားနေချိန်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကျဆုံးခြင်းသည် စစ်ကောင်စီ ကျဆုံးခြင်းအတွက်  နိဒါန်းလည်း ဖြစ်နိုင်သလို နိဂုံးလည်း ဖြစ်သွားနိုင်ကြောင်း ရခိုင်လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြတ်ထွန်းက သုံးသပ်ပြောဆိုသည်။

“ အခု တစ်နိုင်ငံလုံးကို ကြည့်ရရင် လူထု ထောက်ခံမှုရော၊ တော်လှန်ရေး အင်အားစုများဘက်က စိတ်ဓာတ်ရေချိန် အလွန်မြင့်မားနေတာကိုတွေ့ရတယ်။ ဒါကြောင့် ရှေ့မှာလည်း တပ်ရင်းတွေ တစ်ခုပြီး တစ်ခု ကျဆုံးသွားနိုင်သလို လက်ရှိ စစ်ကောင်စီလည်း မကျဆုံးသွားနိုင်ဘူးလို့ ဘယ်သူမှ ပြောလို့ မရဘူး။ တော်လှန်ရေး အင်အားစုတွေဘက်က ခုလို စည်းလုံးမှုနဲ့ ဟန်ချက်ညီညီ ဘက်ပေါင်းစုံက တိုက်ခိုက်ရင်တော့ အခြေအနေက အကောင်းဘက်ကို ပိုပြီးရောက်လာနိုင်တယ်။ လက်ရှိ အခြေအနေမှာ တစ်တိုင်းပြည်လုံးက စစ်ကောင်စီကို မလိုလားသလို  ပြည်သူများအကြားမှာလည်း စစ်ကောင်စီအပေါ် ယုံကြည်မှု အလွန်ကျဆင်းသွားခဲ့တာကို မြင်တွေ့နေရတယ်”  ဟု ပြောဆိုသည်။

နိုင်ငံတော်အာဏာကို သိမ်းပြီးချိန်ကတည်းက အရေးပေါ်ကာလဟုဆိုကာ ၆ လ တစ်ကြိမ်စီ အကြောဆေးသွင်းနေရသော စစ်ကောင်စီသည် ၃ နှစ်ကျော် ကာလအထိ နိုင်ငံတော်အား တည်ငြိမ်အောင် မထိန်းချုပ်နိုင်သည့်အပြင် ပြည်သူလူထုများမှာလည်း ဆင်းရဲတွင်း နက်သထက် နက်လာခဲ့သဖြင့် တိုင်းပြည်အတွင်း မကျေနပ်မှုများလည်း အလွန် မြင့်မားလျက် ရှိနေပေသည်။

ဆက်စပ် သတင်းများ