တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ဆောင်းပါး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

အာရက္ခပြည် သားတရားစီရင်ခန်း

ရီရီလှိုင် (ကစ္ဆပမြီ)

မဟော်သဓာဇာတ်တော်ထဲက သားတရားစီရင်ခန်း ဆိုတဲ့  ဇာတ်တော်တစ်ပုဒ်ကို လူတိုင်း ကြားဖူး ကြမှာပါ။ ဇာတ်တော်ထဲက အသားစားကြူးတဲ့ ဘီလူးမတစ်ယောက်ဟာ သူ့ကိုယ်သူ မိခင်တစ်ဦး အဖြစ် အယောင်ဆောင်ဖန်ဆင်းပြီးတော့ ရပ်ရွာထဲက ကလေးငယ် တစ်ယောက်ကို ခိုးယူခဲ့တယ်။ မိခင်ဖြစ်သူက ချက်ချင်းသိသွားပြီးတော့ ဘီလူးမခိုးယူထားတဲ့ သူ့သားလေးကို ပြန်ပေးဖို့ ငိုယိုပြီး တောင်းဆိုရှာတယ်။ ဒါပေမဲ့ ဘီလူးမက သူခိုးယူထားတဲ့ ကလေးငယ်ကို သူ့သားပါဆိုပြီး ငြင်းတယ်။ ဒီလိုငြင်းခုန်ကြရင်းနဲ့  နောက်ဆုံးမှာတော့ ဘယ်သူက မိခင် အစစ်အမှန်ဖြစ်သလဲ ဆိုတာကို အဆုံးအဖြတ် ခံယူဖို့ မဟော်သဓာသုခမိန်ဆီကို ရောက်သွားကြပါတယ်။ မဟော်သဓာသုခမိန်က မိခင် အစစ်အမှန်ကို သိနိုင်အောင် စီရင်ချက်တစ်ခုကို စီရင်ပေးတယ်။

 

အဲဒီစီရင်ချက်အရကလေးငယ်ကို အလယ်မှာထားပြီးတော့ ဘီလူးမနဲ့ သားသည် မိခင်တို့က တစ်ဖက် တစ်ချက်စီကနေ လွန်ဆွဲသလို အနိုင်ဆွဲယူကြရမှာ ဖြစ်တယ်။ ကလေးငယ်ကို ဆွဲယူလို့ ရရှိသွားသူဟာ မိခင်အစစ်ဖြစ်တယ်လို့ မဟော်သဓာသုခမိန်က အမိန့် ချထားပေးလိုက်တယ်။

 

ပြိုင်ပွဲစတာနဲ့ ဘီလူးမဟာ အနိုင်ရချင်တဲ့စိတ်နဲ့ ကလးငယ်ကို ကြမ်းတမ်းစွာ အားကုန်ဆွဲယူလိုက်တယ်။ တစ်ယောက်တစ်ဖက်ဆွဲငင်နေကြတဲ့ကြားထဲမှာ နာကျင်စွာ ငိုယိုနေတဲ့ ကလေးရဲ့အသံကို ဘီလူးမ ဂရုမစိုက်ပါဘူး။ ဘီလူးမရဲ့စိတ်ထဲမှာ ဘယ်သူသေသေ။ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ကသာ မင်းမူနေတယ်။

 

အခြားတစ်ဖက်က မိခင်ဖြစ်သူကတော့ နာကျင်စွာ ငိုယိုနေတဲ့ ရင်သွေးငယ်ရဲ့ အသံဟာ သူ့နှလုံး သည်းပွတ်ကို မီးပြင်းပြင်း မြှိုက်နေသလို ခံစားနေရပါတယ်။ ဒါကြောင့်ပဲ သူ့သားငယ်လေးကို ဘီလူးမနဲ့အပြိုင် ဆက်လက်မဆွဲငင်တော့ဘဲ အလျှော့ပေးလိုက်ပါတော့တယ်။

 

မိခင်ဆိုတာ ဝမ်းနဲ့လွယ်ပြီးမွေးထားရတဲ့ ရင်သွေးအပေါ်မှာ နာကျင်တာတွေ၊ အတိဒုက္ခ ရောက် တာတွေကို မလိုလားကြပါဘူး။ ဒီအတွက်ကြောင့်ပဲ သားတရားစီရင်ရေး လွန်ဆွဲပွဲရဲ့၀င်ခြင်း၊ ရှုံးခြင်းဟာ မိခင်အတွက် အဓိက မဟုတ်ခဲ့ပါဘူး။  သားသမီးနာကျင်မှာကို မလိုလားတဲ့ ချစ်ခြင်း မေတ္တာကြောင့် အားသွန်ခွန်စိုက် ဆွဲနိုင်ပေမဲ့ မဆွဲတော့ဘဲ အလျှော့ပေးခဲ့တာ ဖြစ်ပါတယ်။ မဟော်သဓာ သုခမိန်ဟာ အဲဒီအချက်တွေကို ထောက်ပြပြီးတော့ လွန်ဆွဲပွဲရှုံးနိမ့်ခဲသူ မိခင်လက်ထဲ ကလေးငယ်ကို ပြန်လည် ထည့်ပေးနိုင်ခဲ့ပါတယ်။

 

ဒီဇာတ်တော်ကလေးကို စာရေးသူ ငယ်စဉ် ရှစ်တန်းကျောင်းသူ ဘဝက သင်ခဲ့ရတာ ခုထိမှတ်မိ နေတုန်းပါပဲ။


ဒီအချိန်မှာတော့ အာရက္ခပြည်ရဲ့  ၂၁ ရာစု သားတရား စီရင်ခန်းကို မြင်နေရချိန် ဖြစ်နေတာမို့ ဇာတ်တော်လေးကို ပိုပြီး အမှတ်တရဖြစ်စေတာ အမှန်ပါပဲ။

 

ဟုတ်ပါတယ်။ အခုချိန်ဟာ စာရေးသူတို့ရဲ့ အာရက္ခပြည်တော်ထဲမှာ အာရက္ခတပ်တော် (AA) နဲ့ မြန်မာစစ်တပ်(စကစ) တို့ သားတရား စီရင်ခန်းကို ဆင်နွှဲနေချိန် သို့မဟုတ် အာရက္ခလူမျိုးတို့ရဲ့ ဘိုးစဉ်ဘောင်ဆက် ထီးနန်းစိုက်ပိုင်ဆိုင်ခဲ့ကြရာ ရင်နှစ်သည်းချာ ရတနာမြေကို ပိုင်ဆိုင်ဖို့ အကြိတ်အနယ် ကြိုးစားနေကြချိန်ဖြစ်ပါတယ်။ ဒီနေရာမှာတော့ ဘယ်သူဟာ မဟော်သဓာ ဇာတ်တော်ထဲက ဘီလူးမလို အနိုင်ရရင်ပြီးရော၊ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်နဲ့ ယှဉ်ပြိုင်နေသလဲ။  ဘယ်သူကေတာ့ ငါ့သွေးသားရင်း၊ ငါ့ဆွေမျိုးသားချင်းဆိုတဲ့ သနားငဲ့ညှာမှု၊ စာနာ ထောက်ထားမှုနဲ့ သစ္စာမေတ္တာတရားကို အခြေခံပြီး ယှဉ်ပြိုင်နေသလဲဆိုတာကို အတော်ကလေးပဲ ကွဲကွဲပြားပြားမြင်တွေ့နေကြရပါတယ်။

 

အာရက္ခမြေပေါ်က သားတရားစီရင်ခန်းအကြောင်းကို မပြောသေးခင် အာရက္ခပြည်ရဲ့ ပိုင်ရှင်အမှန်ဟာ ဘယ်သူလဲ၊ ရခိုင်ဆိုတာ ဘယ်လို လူမျိုးတွေလဲ ဆိုတာကိုသိရဖို့ ရခိုင်သမိုင်းအကျဉ်းလေးကို အရင်ဆုံး ကြည့်ကြည့်ကြရအောင်ပါ။

 

ရခိုင်လူမျိုးတို့ဟာ သမိုင်းမစတင်မီခေတ်ကတည်းက ဒီမြေဒီရေကို အခြေပြုပြီးတော့ နှစ်ပေါင်း ထောင်နဲ့ချီပြီးနေထိုင်လာခဲ့ကြပါတယ်။ သမိုင်းမတင်မီခေတ်က ဝါသုဒေဝနဲ့ ဗလဒေဝတို့ ညီအစ်ကို နှစ်ပါး ထူထောင်ခဲ့ကြတဲ့ ဗြဟ္မဏ မင်းဆက်စိုးစံခဲ့ရာ ရှေးဦး ဝေသာလီ ခေတ်တစ်ခေတ် ရခိုင်မှာ ထွန်းကားခဲ့ပါတယ်။ ဒီမတိုင်မီကတော့ ရမ္မာဝတီရမ်းဗြဲ (ရမ်းမြို့)နဲ့ ဒွါရာဝတီတို့ ရှိခဲ့တယ်လို့ ပါးစပ်ရာဇဝင်ကဆိုပါတယ်။

 

BC ၃၃၂၅ မှာတော့ မာရယုမင်းဟာ ဓညဝတီပြည်ကို တည်ထောင်ပြီး စိုးစံပါတယ်။ အဲဒီကစလို့ ရခိုင်သမိုင်းမှာ ဓညဝတီခေတ် ၃ခတ် (BC 3325 ကနေ AD-326 အထိ)၊ ဝေသာလီ ကျောက်လှီကားခေတ် (AD-326 မြ AD-818 ထိ)၊လေးမြို့ခေတ်( AD-818 မြ AD- 1430 ထိ)၊ မြောက်ဦးခေတ်သုံး ခေတ်(AD- 1430 မြ AD- 1785 ထိ) ခေတ်တွေ ထွန်းကားခဲ့ပါတယ်။ ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်ထီးကိုယ့်နန်းနဲ့ အချူပ်အခြာအာဏာပိုင် ရခိုင်ဘုရင့်နိုင်ငံတော်ကို ဂုဏ်သိက္ခာရှိရှိနဲ့ ရခိုင်တို့ ပိုင်ဆိုင်ခဲ့ကြပါတယ်။

 

ရခိုင်တို့ရဲ့နာက်ဆုံးမင်းဆက်ဖြစ်တဲ့ ရမ်းဗြဲမြို့စားကနေ ရခိုင်ဘုရင် ဖြစ်လာတဲ့  မဟာသမ္မတရာဇာ မင်းလက်ထက်တော်မှာတော့ ရခိုင်ဘုရင့်နိုင်ငံတော်ဟာ သဘာဝဘေးအန္တရာယ်တွေ၊ မဂိုတို့ရဲ့ အင်အားကြီးထွားလာမှုတွေအပါအဝင် နန်းတွင်းအားပြိုင် ပုန်ကန်မှုတွေကိုပါကြုံခဲ့ရပြီး ဘေးကျပ်နံကျပ်အခြေအနေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျွန်သပေါက်လောက်ကောင် ငသံဒေရဲ့ ပင့်ဖိတ်မှုနဲ့ အတူ အမရပူရဘုရင် ဘိုးတော်မောင်ဝိုင်းဟာ ရခိုင်ကို စစ်မျက်နှာ အများအပြားဖွင့်ပြီး စစ်ချီသိမ်းပိုက်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ BC ၃၃၂၅ ခုနှစ်ကနေ မျိုးစဉ်မခြား အုပ်ချုပ်မင်းမူလာခဲ့ကြတဲ့ အချုပ်အခြာပိုင် ရခိုင်ဘုရင့် နိုင်ငံတော်ကြီးဟာ ၁၇၈၅၊ ဇန္နဝါရီ ၁ ရက်နေ့မှာ အမရပူရလက်အောက်ကို ကျရောက် သွားခဲ့ရပါတော့တယ်။

 

စစ်နိုင်သူ အကုန်စားတမ်းဆိုတဲ့ ဘိုးတော်မောင်ဝိုင်းရဲ့ အမရပူရ ပဒေသရာဇ်စနစ် အုပ်ချုပ်မှု အောက်မှာနှစ်ပေါင်း ၄၀ ကျော်မျှလောက်ထိ ရခိုင်တို့ ခါးသီး နေထိုင်ခဲ့ရသေးတယ်။ ဒီကြားထဲမှာ ရခိုင်ပြည်ကို ပြန်ရရေးအတွက် အမရပူရကို တော်လှန်သူ ဗိုလ်ချင်းပျံတို့လို ပုဂ္ဂိုလ်မျိုးတွေ ပေါ်ထွန်းခဲ့ပေမဲ့ အားမတန် မာန်လျော့လို့ နိဌိတန်သွားခဲ့ရပါတယ်။ အမရပူရမြို့တော်ဝန်လက်အောက်က ရခိုင်ပြည်ကြီးကတော့ ငိုကြွေးသံများနဲ့ သွေးသံရဲရဲ အသက်ဆက်ခဲ့ကြရပါတယ်။

 

ဒီကြားထဲမှာပဲ အနောက်ဘက်တစ်လွှားမှာ အင်အားတောင့်တင်းလာတဲ့ အင်္ဂလိပ်တို့နဲ့ ဗမာဘုရင်တို့ စစ်မက်ဖြစ်ပွားပြီး ဗမာဘုရင် စစ်ရှုံးခဲ့ပါတယ်။ ၁၈၂၄ ခုနှစ် ဖဖော်ဝါရီ ၁၆ မှာ  အမရပူရနဲ့ အင်္ဂလိပ်တို့ စစ်ပြေငြိမ်းရေးအတွက် ရန္တပိုစာချူပ်ကိုချုပ်ဆိုပြီးစာချုပ်အရ အမရပူရဟာ သူသိမ်းပိုက်ထားတဲ့ရခိုင်ဒေသကို အင်္ဂလိပ်တို့လက်ထဲ စစ်လျော်ကြေးအဖြစ် ပေးလိုက်ရပါတယ်။

 

ဒီလိုနဲ့ ရခိုင်တို့ဟာ ဗမာပဒေသရာဇ်စနစ်အောက်ကနေ အင်္ဂလိပ်တွေရဲ့ ကိုလိုနီစနစ် အောက်ကို သက်ဆင်းသွားခဲ့ရပါတယ်။ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးမရမီအချိန်အထိ ရခိုင်ပြည်ဟာ အင်္ဂလိပ်တို့ရဲ့ ကိုလိုနီစနစ်နဲ့ ဂျပန်တို့ရဲ့ ဖက်ဆစ်စနစ်အောက်မှာ အလှည့်ကျ ကျင်လည် ခဲ့ရပြန်ပါတယ်။

 

ရခိုင်တို့ဟာ အင်္ဂလိပ်နဲ့ ဂျပန်တိုင်းတပါးသားတွေကို တော်လှန် နေကြချိန်မှာ မြန်မာ တစ်နိုင်ငံလုံး တိုင်းရင်းသားတွေနဲ့အတူ ဆိုးတူကောင်းဖက် ညီကိုမောင်နှမ စိတ်နဲ့ ပါဝင်ခဲ့ကြတယ်။

 

အင်္ဂလိပ်တို့လက်အောက်ကလွတ်လပ်ရေးကို တိုင်းရင်းသား လူမျိုးပေါင်းစုံ အတူတကွ ရယူပြီးရင် ကိုယ့်ကံကြမ္မာကိုယ် အပြည့်အဝ ဖန်တီးနိုင်တဲ့ လူမျိုးအဖြစ် ဆက်လက် ရပ်တည်နိုင်လိမ့်မယ်လို့ ရခိုင်တို့မျှော်လင့် ခဲ့ကြတယ်။ ဒါပေမဲ့ ၁၉၄၈ ခုနှစ်၊ ဇန္နဝါရီ ၄ ရက်နေ့မှာ လွတ်လပ်ရေးရပြီးနောက် ရခိုင်တို့ဟာ မြန်မာစစ်ဖိနပ်အောက်ကို တစ်စစနဲ့ ပြန်လည် ဆင်းသက်သွားခဲ့ရ ပြန်ပါတယ်။ ရခိုင် လူမျိုးတို့ရဲ့ ဘဝဟာ လူမျိုးကြီးဝါဒကြီးစိုးတဲ့ နိုင်ငံရေးစနစ်အမျိုးမျိုးအောက်မှာ နင်းပြားသံသရာ ဆက်လက်လည်နေခဲ့ရပါတယ်။

 

ဗဟိုချုပ်ကိုင်မှုကြီးစိုးတဲ့ ပြည်ထောင်စုထဲမှာ ရေမြေသဘာဝသယံဇာတ ပေါကြွယ်ဝပါလျက်နဲ့ အဆင်းရဲဆုံး ပြည်နယ်တစ်ခုအဖြစ်သာ ရခိုင်လူမျိုးတို့ တစစ ရုပ်လုံးပေါ် ကျဆင်းလာခဲ့ရပါတယ်။ စကားတစ်ခွန်းကအစ လွတ်လပ်စွာ ဖွင့်ဟခွင့်မရှိတဲ့ ဘဝတွေနဲ့ ၁၉၄၈ ကနေ ၂၀၁၀ အထိ ကျင်လည် ခဲ့ရပါတယ်။ ဒီအချိန်တွေကိုတော့ အာရက္ခပြည်ရဲ့ စစ်ဖိနပ်အောက်က နင်းပြားခေတ်လို့

ကင်ပွန်း တပ်ရလိမ့်မယ် ထင်ပါတယ်။

 

၂၀၁၀ ခုနှစ်တွေမှာတော့ မြန်မာနိုင်ငံရဲ့  နိင်ငံရေးစနစ်ဟာ အပြောင်းအလဲ တစ်ခုဆီကို ဦးတည် လာခဲ့ပါတယ်။ စစ်တပ် တိုက်ရိုက်အုပ်စိုးတဲ့ စနစ်နဲ့ ရွေးကောက်ခံ ဒီမိုကရေစီအစိုးရစနစ်သို့ စတင်လျှောက်လှမ်းလာခဲ့ပါတယ်။ ဒီခေတ်ဟာ ၂၀၁၂ကန ၂၀၂၀ နှစ်ကုန်အထိ ဆယ်နှစ်တာ တည်တံ့ခဲ့တယ်လို့ ဆိုရမှာပါ။ ဒီစနစ်အသွင်ပြောင်းတဲ့ကာလကိုတော့ ရခိုင်ပြည်မှာ ပါတီခေတ်လို့ ကင်ပွန်း တပ်ရမယ် ထင်ပါတယ်။ လွှတ်တော်ထဲကနေ မိမိတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို တောင်းဆိုနိုင်ဖို့ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနဲ့ ရခိုင်အမျိုးသားပါတီက ရခိုင်တစ်ပြည် နယ်လုံးမှာ ရွေးကောက်ခံပြီးတော့ အမတ်ဦးရေအများစုကို တစ်ကြိမ်စီ အနိုင် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ရခိုင်လူမျိုးတို့ရဲ့ အခြေအနေက ဘာတစ်ခုမှ ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။

 

၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အသေအလဲဆုပ်ကိုင်ထားတဲ့ စစ်အုပ်စု ကျောထောက် နောက်ခံပြု ဦးသိန်းစိန်အစိုးရလက်ထက်၂၀၁၀-၂၀၁၄ မှာရော လူညီရင် ခိုးစားဆောင်ပုဒ်လို ကျင့်သုံးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဏာရှင်တစ်ပိုင်းအရပ်သားဒီမိုကရေစီအစိုးရလက်အောက်မှာပါ ရခိုင်တို့ရဲ့ ရွေးကောက်ခံအမတ်တွေဟာ ချည်ပြီးတုပ်ပြီး မလှုပ်နိုင်တဲ့ အခြေအနေမျိုးနဲ့ ကြုံခဲ့ရပါတယ်။ အနီနဲ့ အစိမ်း အားပြိုင်ကြတဲ့ လွှတ်တော်ထဲမှာ ရခိုင်အပါအဝင် တိုင်းရင်းသားအမတ်တွေက ဝင်ရောက် ထိုင်ပေးရုံအဆင့်ထက်ပိုပြီး ဘာမှ လုပ်ပိုင်ခွင့် မရခဲ့ကြပါဘူး။ အဆိုပြုချက် တစ်ခု တင်လိုက်တိုင်း မဲအများစုနဲ့ အပယ်ခံခဲ့ရတဲ့ဒါ်အောင်ဆန်းစုကြည်ရဲ့ အာဏာရှင် ဆန်ဆန် ဒီမိုကရေစီအစိုးရလက်ထက်မှာတော့ အခွင့်အာဏာပေး ဖဲ့ထုတ်စည်းရုံးမှုတွေကြောင့်  ANP ပါတီကြီး ဟာ အစိပ်စိပ်အမွှာမွှာ ပြိုကွဲသွားတဲ့အထိကို ဖြစ်သွားခဲ့ရပါတယ်။

 

ဒီအခြေအနေဟာ မဲဆန္ဒရှင်ရခိုင်ပြည်သူတွေအတွက် လွှတ်တော်နိုင်ငံရေးကို အတော်ပဲ စိတ်ကုန်ခမ်းသွားခဲ့ရတဲ့ အခြေအနေတွေပဲဖြစ်ပါတယ်။ ကျားကြောက်လို့ ဆင်ကြီးကို အားကိုးခါမှ ဆင်ကြီးကျားထက်ဆိုးတဲ့အဖြစ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေပါပဲ။

 

ဒီလိုအချိန်မျိုးမှာပဲ အချိန်ကိုက်ဆိုသလို ရခိုင်ပြည်ထဲမှာ ခေတ်တစ်ခေတ် ပြောင်းလဲလာခဲ့ပါတယ်။ အဲဒီခတ်ကိုတော့ AA ခေတ်လို့ ကင်ပွန်းတပ်ရမှာပါ။ လွှတ်တော်နိုင်ငံရေးအလုပ်မဖြစ်တာတွေကို မျက်ဝါးထင်ထင် တွေမြင်လာရတဲ့ ရခိုင်ပညာတတ်လူငယ်အများစုဟာ ရခိုင်ပြည်ထဲကို စိမ့်ဝင်နေပြီ ဖြစ်တဲ့ အာရက္ခတပ်တော် AA ကို အားကိုးလာခဲ့ကြတယ်။

 

အာရက္ခတပ်တော်ရဲ့ဆာင်ပုဒ်တစ်ခုဖြစ်တဲ့ အာရကန်အိပ်မက် Arakan Dream 2020 ဟာ ရခိုင် လူငယ်လူရွယ်တွေရဲ့ အိပ်မက် တံခါးကို ပြင်းပြင်းပြပြ တီးခါက်လာခဲ့ပါတယ်။

 

အာရက္ခတပ်တော် AA ဟာခတ်စနစ်အရွေ့အလျားကို တိတိကျကျ သိရှိနားလည်ထားတယ်လို့ ဆိုရမွာပါ။ ကျောက်ဖြူမှာကျင်းပခဲ့တဲ့ ရခိုင်အမျိူးသားညီလာခံကိုတက်ရောက်ခွင့်ရခဲ့တဲ့ AA ဟာ ရခိုင်ပြည်ထဲကလူငယ်တွေအတွက် သူတို့ပေးချင်တဲ့ မက်ဆေ့တွေကို အပြည့်အဝပးသွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လူထုစည်းရုံးရေးလုပ်ငန်းစဉ်တွေမှာ ဆိုရှယ်မီဒီယာတွေရဲ့အားသာချက်ကို ရယူပြီး ရခိုင်လူထုရဲ့ အသည်းစိုင်ကို မိမိရရသိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

တကယ်တော့ အာရက္ခတပ်တော် AA ဟာ မြန်မာ့နိင်ငံတိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ ပီဘိကလေးတစ်ယောက်ပမာ သက်တမ်းနုနယ်ခဲ့ပါတယ်။ ဆယ်စုနှစ်နှစ်ခုခန့်သာ သက်တမ်းရှိသေးတဲ့ AA ကို ကချင်ပြည်လိုင်ဇာမှာ လူဒါဇင်လောက်နဲ့ ဖွဲ့စည်းခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုတောင်းလှတဲ့ အချိန်အတွင်းမှာပဲ AA ဟာ ရခိုင်ပြည်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး စစ်အာဏာပိုင်တွေကို ခြိမ်းခြောက်နိုင်တဲ့ ရခိုင် အမျိုးသားတပ်တစ်ခုအဖြစ် ပုံပေါ်လာခဲ့ပါတယ်။ AA ဟာ ရခိုင်နယ်စပ် တစ်လျှောက်နဲ့ ပလက်ဝ ဒေသမှာ တိုက်ပွဲတွေဖော်ဆောင်ပြီး ရခိုင်လူငယ်တွေရဲ့ အမျိုးသားရေး စိတ်ကို အကြိမ်ကြိမ်တပ်လှန့်ခဲ့ပါတယ်။ ဒါ့အပြင် သတိပေး စာတစ်စောင်နဲ့ ပြောင်လက်နေတဲ့ ရွှေရောင်ကျည်ဆန် တစ်တောင့် ပေးပို့သတိပေးတတ်တဲ့ AA ရဲ့ လုပ်ရပ်တွေဟာ ဟောလိဝုဒ်အက်ရှင်ဇာတ်ကွက်တစ်ခုလိုပဲ ရခိုင်လူငယ်တွေကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒီလိုနဲ့ပဲ AA ဟာ ရခိုင်ဒေသမှာ ရခိုင်လူငယ်များစွာနဲ့ အင်အားဖြည့်တင်းနိုင်ခဲ့ပါတယ်။

 

AA ဟာ ရခိုင်ပြည်ထဲခြေကုပ်ယူဖို့ကြိုးစားရင်း အင်အားကိုပါ တစ်ပါတည်း တည်ဆောက် ခဲ့ပုံရပါတယ်။ တစ်ပြိုင်တည်းမှာပဲ နိုင်ငံရေးစာပွဲဝိုင်းထဲ ဝင်ဆန့်ဖို့ အစောပိုင်းကာလတွေမှာ အပြင်းအထန်ကြိုးစားခဲ့တာတွ့ရပါတယ်။

 

ဦးသိန်းသိန်အစိုးရလက်ထက် NCA လက်မှတ် ရေးထိုးရေး အပါအဝင် ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ၂၁ ပင်လုံအစည်းအဝေးတွေကို တက်ရောက်ခွင့် ရဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ AA ရဲ့ နိုင်ငံရေးစားပွဲဝိုင်း ဝင်ဆန့်ရေးအိပ်မက်ဟာ သက်တမ်းနုနယ်သေးတယ်။ AA ရခိုင်ပြည်ထဲမှာ ရှိကြောင်း အသိမှတ်မပြုနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အကြိမ်ကြိမ် ငြင်းပယ်ခံလာခဲ့ရပါတယ်။ ဒီလိုငြင်းပယ်မှုရဲ့နောက်မှာတော့ ရခိုင်ပြည်နယ်ထဲမှာ ကြီးမားတဲ့ တိုက်ပွဲတွေ ဖြစ်ပေါ်လာခဲ့ပြီး တိုက်ပွဲဧရိယာဟာလည်း တစ်စစ ကျယ်ပြန့်လာခဲ့ပါတော့တယ်။

 

ရခိုင်ပြည်တွင်းက တိုက်ပွဲတွေဟာ လွှတ်တော်နိုင်ငံရေး အလုပ်မဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ပိုပြီးပြင်းထန်လာခဲ့ပါတယ်။ အရပ်သား ဒီမိုကရေစီအစိုးရဟာ ရခိုင်တိုက်ပွဲတွေကို ရပ်တံ့ သွားအောင်မလုပ်ပေးခဲ့တဲ့အပြင် ဒီမိုကရေစီအစိုးရနဲ့ ဒီမိုကရေစီ စနစ်ကို သေနတ်ကိုင်ပြီး ခြိမ်းခြောက်တယ် ဆိုတဲ့အကြောင်းပြချက်နဲ့ AA ကိုနှိမ်နှင်းရေးမှာလယာဉ်သုံးခွင့်အထိ ခွင့်ပြု ပေးခဲ့ပါတယ်။ ဒီလို အာရက္ခတပ်တော်အပေါ် အဖက်ဖက်က မတူမတန်သလိုဆက်ဆံရတာတွေ၊ လွှတ်တော်ထဲမှာ ရခိုင်အမတ်တွေ အလုပ်မဖြစ်ခဲ့တာတွေဟာ AA ထဲကို ရခိုင်လူငယ်တွေ ပိုဝင် ရောက်သွားအောင် တွန်းပို့ခဲ့သလို ဖြစ်ခဲ့ပြီး AA ဟာ ​နေ့ချင်းညချင်း ဆိုသလို အင်အား ကြီးထွား လာခဲ့ပါတယ်။ ၂၀၂၀ နှစ်ကုန်ခါနီးကာလတွေမှာတော့ AA နဲ့ စစ်တပ်ကို  အပြင်းအထန် ထိုးစစ်ဆင် ပါတော့တယ်။

 

စစ်တပ်ဟာ AA နဲ့တိုက်ပွဲဖြစ်တိုင်းမှာ ဖြတ်လေးဖြတ် စနစ်ကို ကျင့်သုံးတာတွေ၊ ပြည်သူကို အကြောက်တရားကြီးစိုးအောင်လုပ်တာတွေ၊ ​လေကြာင်းတွေ၊ ရေကြောင်းတွေ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ရပ်ရွာတွေကို ပစ်ခတ်ချေမှုန်းတာတွေကို ပြုလုပ်လေ့ ရှိပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်ရဲ့ စစ်ရှိန်မြင့်မားနေချိန်မှာလည်း စစ်တပ်ဟာ အထက်ကနည်းမျိုးစုံကို အသုံးပြုခဲ့ပါတယ်။ အဲဒီတုန်းက စစ်တပ်အလုပ်အဖြစ်ခဲ့ဆုံး ဗျူဟာက ဖြတ်လေးဖြတ်ဖြစ်ခဲ့ပုံရပါတယ်။ AA ပြောခွင့်ရ ခိုင်သုခက စစ်တပ်ဟာ ပြည်သူတွေစားဝတ်နေရေးအခက်ခဲဖြစ်အောင် ဖြတ်လေးဖြတ်စနစ်ကိုကျင့်သုံးပြီး AA နဲ့အပစ်ရပ်ဖို့ အကျပ်ကိုင်ခဲ့တယ်လို့ ပြောဆိုထားတဲ့ အင်တာဗျူးက ဒီအခြေအနေကို ညွှန်းဆိုပြနေပါတယ်။

 

နိုင်ငံရေးအရ လွှတ်တော်ကိုပါအားကိုးမရခဲ့တဲ့အခြေအနေမှာ AA ဟာ ပြည်သူလူထုရဲ့ စားဝတ်နေရေး အခက်အခဲကိုငဲ့ကွက်ပြီး ဂျပန်ကာကာဆာဝါရဲ့ စေ့စပ်မှုနဲ့ စစ်ပွဲကို အပစ်ရပ်ပေးခဲ့ရပါတယ်။ ဒီတစ်ကြိမ် AA ရဲ့ အပစ်ရပ်စဲမှုဟာ သားတရားစီရင်ခန်းထဲကလို ဘီလူးမလက်ထဲရောက်နေတဲ့ သားငယ်ကို ငဲ့ကွက်ခဲ့ရတာလို့ ယူဆရမှာပါ။

 

AA နဲ့ စစ်တပ်တို့ အပစ်ရပ်ပြီး သိပ်မကြာမီ ၂၀၂၀ ရွးကောက်ပွဲမဲစာရင်းတွေ ထွက်လာပြီး နောက်မှာတော့ စစ်တပ်ဟာ အာဏာရပါတီ NLD ကိုဖြုတ်ချပြီး တစ်နိုင်ငံလုံးကို အာဏာ သိမ်းခဲ့ပါတယ်။ ဒီအခြေအနေကတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောခဲ့သလို "ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အမိန့်ကို မနာခံတဲ့ စစ်မြင်းရထားပေါ် တက်စီး နေတယ်" ဆိုတဲ့ အတိုင်းဖြစ်လာခဲ့တာပါပဲ။ ဘာပဲဖြစ်ဖြစ် အာဏာသိမ်းမှု ဖြစ်စဉ်ဟာ တစ်နိုင်ငံလုံးကို ကြီးမားစွာ သက်ရောက်ခဲ့ပေမဲ့ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ရခိုင်ပြည်ထဲမှာတော့ AA က လူထုအုံကြွမှုကို အတတ်နိုင်ဆုံး ထိန်းထားနိုင်တာကို တွေ့ရပါတယ်။

 

ဒီကာလအတွင်းမှာတော့ AA ဟာ စစ်ရေးနဲ့ ဒေသန္တရတရားစီရင်ရေးကို ဟန်ချက်ညီညီ ကစားနေခဲ့ပုံ ပေါ်ပါတယ်။ "ခင်ဗျားတို့မှာ အင်အားရှိလာပြီဆိုရင်တော့ ခင်ဗျားနေမကောင်းဖြစ်ချိန်မှာ ဆန်ပြုတ်ကို ကိုယ်တိုင်ပြုတ်ပြီး လာတိုက်ကြလိမ့်မယ်"လို့ AA စစ်ဦးစီးချုပ်ပြောခဲ့သလိုပဲ AA ဟာ အပစ် ရပ် ကာလအတွင်းမှာအင်အားကို အပြည့်အဝရရှိအောင် တည်ဆောက်နေခဲ့ပုံရပါတယ်။

 

AA စစ်ဦးစီးချုပ်ပြောခဲ့တဲ့စကားဟာ စစ်ဝါဒမှာ အမှန်တရားတစ်ခုဖြစ်ပါတယ်။ UWSA အကြီးအကဲ ဆေးရုံ တက်ရချိန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဆန်ပြုတ် ခွံကျွေးနေတဲ့ပုံက လူမှု ကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပြီး ဒါဟာ စစ်ဘုရင်ဝါဒထဲက Might is Right အင်အားရှိသူ မှန်တယ်ဆိုတာကို ပြသနေသလိုဖြစ်ခဲ့ပါတယ်။

 

ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးမစတင်မီအချိန်အထိ ရခိုင်ပြည်နယ်ဟာ မြန်မာ့အာဏာသိမ်းမှုနဲ့ မသက်ဆိုင်သလို ဖြစ်နေခဲ့ပါသေးတယ်။ ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး  သိပ်မကြာခင် အောက်တိုဘာ ၁၃ ရက်နေ့မှာ AA ဟာ ရခိုင်ပြည်ထဲ အတိအလင်း စစ်ရာဇသံပေးပြီးတော့ တိုက်ပွဲ စတင် ဖော်ဆောင်လာခဲ့ပါတယ်။

 

ဒီတစ်ကြိမ်တိုက်ပွဲဖော်ဆောင်မှုဟာ ရှမ်းမြောက်မှာလိုပဲ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လိမ့်မယ်လို့ ရိပ်စားမိပုံရတဲ့ စကစဟာ ရခိုင်တစ်ပြည်လုံးရဲ့ ကုန်းလမ်းရေလမ်းဆက်သွယ်ရေးတွေကို ချက်ချင်း ပိတ်ဆို့ ဖြတ်တောက်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် စစ်တပ်ရဲ့ ဖြတ်လေး ဖြတ်ဗျူဟာကို AA က ပြန်လည်ပိတ်ဆို့ရေးဗျူဟာနဲ့ စစ်ဆင်လာခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်ထဲက မြို့သိမ်းတိုက်ပွဲ ပြင်းထန်ခဲ့ရာနေရာတွေမှာတော့ အရပ်သား ပြည်သူ ရာပေါင်း များစွာဟာ ထုံးစံအတိုင်း သေကြေ ထိခိုက် ဒဏ်ရာရခဲ့ကြရပါတယ်။

 

မြို့သိမ်းတိုက်ပွဲတွေထဲက ပေါက်တော၊ ရမ်းဗြဲနဲ့ လက်ရှိ စစ်ရေးတင်းမာနေဆဲ ဖြစ်တဲ့ သံတွဲနဲ့ ငပလီ မြို့တွေမှာ ဒေသခံရာနဲ့ချီပြီးသေကြေဒဏ်ရာရရှိခဲ့သလို မြို့တွေဟာလည်း လေကြောင်း တိုက်ခိုက်မှု တွေကြားမှာ မြို့ပျက်တစ်ခုလို ဖြစ်သွားခဲ့ရပါတယ်။ ဒါ့အပြင် စစ်ဖြစ်ပွားခြင်းမရှိပေမဲ့ AAရဲ့ ပိတ်ဆို့ခြင်း ခံထားရတဲ့ စစ်တွေမြို့နယ်ထဲက ဗျိုင်းဖြူရွာကိစ္စ၊ သံတွဲဆင်ခေါင်းကိစ္စတို့ဟာ တကယ့်ကို ကြောက်မက်ဖွယ် စစ်ရဲ့အနိဌာရုံတွေ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေထဲကပဲ AA ဟာ တိုက်ပွဲတွင်း ပိတ်မိနေတဲ့ အရပ်သားတွေနဲ့ လူသား ဒိုင်းအဖြစ် ဖမ်းစီးခံထားရသူတွေကို ကြိမ်ဖန်များစွာ ကယ်ထုတ်ခဲ့ကြောင်း ထုတ်ပြန်တာကိုတွ့ရပါတယ်။ ဒီအချင်းအရာတွေကိုကြည့်ရင် AA နဲ့ စစ်တပ်ရဲ့ ရခိုင်ပြည်သူတွေ အပေါ်ထားတဲ့ စိတ်ထားတွေကို ပြတ်သားစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။

 

လက်ရှိမှာ စစ်ရေးကာလရှည်ကြာလာတာနဲ့အမျှ ရခိုင်ပြည်ရဲ့ အခြေအနေဟာ အဖက်ဖက်က  ချွတ်ခြုံကျလာပါတယ်။ စားသောက်ကုန်နဲ့ ဆေးဝါးသယ်ယူခွင့်တွေကို စကစက ထိန်းချုပ်ထားတဲ့ အတွက် ရခိုင်ပြည်ထဲမှာ ဆေးဝါးပြတ်လပ်မှုအကြီးကျယ် ဖြစ်ပေါ်နေတဲ့အပြင် အခြေခံ စားသောက်ကုန် ပြတ်လပ်မှုနဲ့ စျေးမြင့်မားမှုတွေကို ဆက်တိုက်ကြုံတွေ့လာနေရပါတယ်။

 

ရခိုင်ပြည်မြောက်ပိုင်းနဲ့ ပလက်ဝဒေသကိုခြေကုပ်ယူပြီး စတင်လှုပ်ရှားခဲ့တဲ့ AA ရဲ့ စစ်ရေး အောင်မြင်မှုဟာ အခုဆိုရင် ချင်းပြည်နယ် ပလက်ဝအပါအဝင် ရခိုင်ပြည်တွင်းက မြို့ ဆယ်မြို့ကို သိမ်းပိုက်နိုင်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသားရေးအားကောင်းတဲ့ ရခိုင် မြောက်ပိုင်းကို သာမကဘဲ တောင်ပိုင်းမြို့နယ်တွေမှာလည်း ထိုးစစ် ရှိန်မြင့်တက်လျက်ရှိနေပါတယ်။ AA ရဲ့ ထုတ်ပြန်ချက် အရ ရခိုင်တစ်ပြည်လုံးကိုစစ်တပ်ကင်းစင်အောင်လုပ်မယ်လို့ ဆိုထားတာမို့ လက်ကျန်မြို့တွေမှာ ဘယ်တော့ဖြစ်လာမလဲဆိုတာကို အဲဒီမြို့က ပြည်သူတွေ စိုးရိမ် ပူပန် နေကြရပါတယ်။

 

နိုင်ငံရေးလေ့လာသူတွေက AA ဟာ မြို့တိုင်းကို သိမ်းယူနိုင်တဲ့ အခြေအနေမှာရှိနေပေမဲ့ လူထု  နစ်နာမယ့် အသေအပျောက်အပျက်အစီးအနည်းဆုံး နည်းလမ်းကို ရွေးချယ်ရတာမို့ တိုက်ပွဲ ဟာ ကြာသင့်တာထက် ပိုကြာလာခဲ့တယ်လို့ သုံးသပ်နေကြပါတယ်။

 

ဒီအခြေအနေထဲမှာတော့ အာရက္ခပြည် သားတရားစီရင်ခန်းထဲက ဘီလူးမဟာ ဘီလူးမရုပ်လုံး  ပိုမို ပီပြင်လာသလို သားရင်းမိခင်ဖခင်တို့ရဲ့ အသွင်သရုပ်သကန်ဟာလည်း ပိုမို ပီပြင်လာနေပါတယ်။

 

ရီရီလှိုင် (ကစ္ဆပမြီ)

ဆက်စပ် သတင်းများ

-
  • Web Master
  • ၀၁ စက်တင်ဘာ ၂၀၂၄
-
ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၂ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး