သဥ္ဇာနွယ်နှင့်အိမ်စိုးဖြူရေးသားသည်
ရခိုင်တွင်တကျော့ပြန်တိုက်ပွဲပြန်လည်စတင်ဖြစ်ပွားခဲ့ပြီးနောက် ၇ခိုင်က ကျောင်းသူ/ကျောင်းသားများ၏ ပညာရေးမှာ တစထက်တစ အလှမ်းဝေးလာခဲ့သည်။
ပညာရေးတပိုင်းတစဖြစ်နေသည့်အပြင်ရခိုင်ဒေသတွင် ဖုန်းလိုင်း၊အင်တာနက်လိုင်းများပါ ဖြတ်တောက်ခံထားရသဖြင့် Onlineမှသင်ကြားသည့်ပညာရေးစနစ်ကိုလည်း လက်လှမ်း မမှီနိုင်ဖြစ်နေကြရပြီး အနာဂတ်လမ်းပျောက်နေရသည်ဟုစစ်တွေတက္ကသိုလ်တွင် နောက်ဆုံးနှစ်အဖြစ် ပညာသင်ယူနေသည့် စစ်ဘေးရှောင်ကျောင်းသူမဖြူဖြူက ပြောသည်။
“ဒီနှစ်ကျောင်းပြီးလို့ဘွဲ့ရရင် လုပ်ငန်းခွင်တွေဝင်နိုင်ပြီလို့တွေးထားတာ။ ဒါပေမယ့် အခုကမျှော်လင့်ချက်တွေကင်းမဲ့နေသလိုခံစားရတယ်။ ဘာလို့လဲဆိုတော့စစ်တွေမြို့ကြီးတောင် လက်နက်ကြီးကျည်ကျလို့ လူ့အသက်တွေဆုံးရှုံးခဲ့ရတယ်။အစိုးရကကျောင်းဖွင့်ပေးရင်တောင် အသက်အန္တရာယ်အတွက်လုံခြုံမှုဘာတစ်ခုမှပေးတာ မဟုတ်ဘူး။ နောက်တခုက အင်တာနက်၊ ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတဲ့အတွက်Online ပညာရေးကိုလည်းလက်လှမ်းမမှီနိုင်ဘူး။ အနာဂတ် ပညာရေးက ပျောက်ဆုံးနေပါတယ်” ဟုပြောသည်။
တော်လှန်ရေးကာလဘယ်လောက်အထိကြာရှည်မည်မှန်း မသိသေးသည့်အပြင် အသက်ကြီးသွားပြီးပညာရေးတွင် အားနည်းသွားမည်ကိုလည်း ကြောက်မိသည်ဟု သူမက ပြောသည်။
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာမသိမ်းခင်က တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုနှစ်စဉ်ဝင်ရောက်ဖြေဆိုသူ ကိုးသိန်းနီးပါးရှိခဲ့ရာမှစစ်အာဏာသိမ်းပြီး နိုင်ငံတစ်ဝန်းတွင် တိုက်ပွဲများ ဖြစ်ပွားလာတာကြောင့်ကျောင်းသားအများအပြား ကျောင်းမတက်နိုင်ကြဘဲ ပညာရေးနှင့် အလှမ်းဝေးနေကြရသည်။
ရခိုင်မှာ အာရက္ခတပ်တော်နှင့်စစ်ကောင်စီတပ်တို့အကြား မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေချိန်တွင်စစ်ကောင်စီသည် လေကြောင်းကို အဓိကအသုံးပြု၍ တိုက်ခိုက်လာပြီး စာသင်ကျောင်းများကိုပါဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်လာသည်။
ယင်းကြောင့်သားသမီးကိုပညာတတ်ဖြစ်စေချင်သည့် ရည်မှန်းချက်လည်း ပျောက်ဆုံးနေသည်ဟုစစ်တွေမြို့မှ စစ်ဘေးရှောင်ကျောင်သားတစ်ဦး၏ မိခင်ဒေါ်ချိုက ပြောသည်။
“ကျမမှာ သားလေး၂ ယောက်ရှိတယ်။ ၂ ယောက်လုံးက ပညာသင်ယူနေကြတဲ့ ကျောင်းသားတွေပါ။ အခုလက်ရှိကတော့အသက်လုထွက်ပြေးနေကြရလို့ ကလေးတွေကို ကျောင်းမထားနိုင်ဘူး။ ဗုံးသံကျည်ဆံတွေကြားမှာစာသင်ကျောင်းတွေလည်း မဖွင့်ဘူး။ စစ်ကောင်စီက စာသင်ကျောင်းတွေကိုလည်းဗုံးလာကြဲတာတွေရှိတယ်။ ဒီနှစ်အထဲတိုက်ပွဲမှာဆိုရင် စစ်ကောင်စီကလက်နက်ပစ်လို့ကျောင်းသူ/ကျောင်းသားတချို့ သေဆုံးခဲ့ရတာတွေရှိနေတယ်။” ဟုပြောသည်။
သို့သော်လည်းတိုက်ပွဲများ ပြင်းထန်နေသည့်ရခိုင်တွင် စစ်ဒဏ်ကို နှစ်ရှည် အကြာကြီး ခံစားနေရသည့်အတွက် ပညာရေးထက်အသက်ရှင်ကျန်ရစ်နေရန်က ပိုအရေးကြီးနေရကြောင်း ဆက်ရှင်းပြသည်
၇ခိုင်ဒေသသည်၂၀၁၈/၂၀၁၉ ခုနှစ်ကတည်းက စစ်ဘေးဒဏ်ကို စတင်ခံစားလာရသည့် ပြည်နယ်တစ်ခုဖြစ်သည်။အထူးသဖြင့် ဝေးလံခေါင်ဖျားသည့် ကျေးရွာများက ကျောင်းသူ/ကျောင်းသားများ၏ ပညာရေးမှာလည်း ယခင်ကတည်းက လက်လှမ်းမမှီနိုင်သဖြင့်ပညာရေး အခွင့်အလမ်းတွေအများကြီးဆုံးရှုံးနေခဲ့၇သည်။
“၂၀၁၈ကနေစပြီးတော့ရခိုင်အနောက်ဖက်ဒေသမှာ စစ်ရေးဖော်ဆောင်လာခဲ့တဲ့အတွက် ဆင်းရဲမွဲတေတဲ့ကလေးတွေဟာ စစ်ဒဏ်ကိုစပြီးခံလာရတယ်။ ပထမဆုံး ရခိုင်မှာ စစ်ဘေးမရှိတုန်းကလည်းဝေးလံခေါင်ဖျားတဲ့ရွာတွေက ကလေးတွေက ပညာရေးကိုလိုက်စားမှုမရှိခဲ့ကြဘူး။ နောက်ထပ် တိုက်ပွဲတွေကြောင့် ပညာရေးဟာ သူတို့အတွက်တန်ဖိုးမဲ့လာတယ်” ဟုအာရက္ခတပ်တော်နှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။
ရခိုင်ပြည်၏တိုက်ပွဲဧရိယာမှာတဖြည်းဖြည်းနဲ့မြို့ပေါ်လောကကို ရောက်လာသည့် အတွက်စစ်နယ်မြေကကျယ်ပြန့်လာသည့်အတွက် မြို့ပေါ်မှ ကျောင်းသားများ၏ပညာရေးဟာလည်း ဖရိုဖရဲဖြစ်လာသလို ပညာရေးဝန်ထမ်းများမှာလည်း စစ်ဘေးရှောင်အဖြစ်သို့ရောက်သွားကြလေသည်။
စစ်ရေးအခြေအနေကြောင့် ကွဲပြားနေကြသည့်ပညာရေးဝန်ထမ်း ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသူ/ ကျောင်းသားများအတွက်ကျောင်းပြန်လည်ဖွင့်ပေးမည်ဆိုပါကလည်း တော်လှန်ရေးကာလမပြီးဆုံးသေသည့် အတွက်ပညာရေးစတင်ဖို့ ခြေလှမ်းဝေးနေသေးဟု အာရက္ခတပ်တော်နှင့်နီးစပ်သူများက ပြောသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အနေဖြင့်လည်းရခိုင်ပြည်အတွင်း အာရက္ခတပ်တော်ထိန်းချုပ်ထားသည့်နေရာမှာပင် အသက်အန္တရာယ်လုံခြုံမှုမပေးနိုင်သေးသည့် အတွက် စာသင်ကျောင်းများပြန်ဖွင့်ရန် အခက်အခဲဖြစ်နေကြသည်ဟု ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သည် သတင်းစာ ရှင်းလင်းပွဲတွင်သတင်းထောက်တစ်ဦး၏မေးမြန်းမှုကိုဖြေကြားသွားခဲ့သည်။
“ဒီနေ့ဒီအချိန်မှာမြန်မာနိုင်ငံအနေနဲ့ကျောင်းတွေဖွင့်နေတာတွေ၊ စစ်ကောင်စီ ထိန်းချုပ်နယ်မြေမှာ ဖွင့်နေကြတာတွေတွေ့ရတယ်။ကျနော်တို့အုပ်ချုပ်ထားတဲ့နေရာတွေမှာလည်း ပညာသင်ရဖို့ အသက်အရွယ်ရှိတဲ့ လူငယ်တွေကိုစာသင်ခန်းတွေကို သွားစေချင်တဲ့ဆန္ဒကတော့ကျနော်တို့ ULA/AA အနေနဲ့အပြည့်အ၀ရှိပါတယ်။ အလားတူပဲ မိဘတိုင်းမှာလည်း ဒီဆန္ဒက ရှိကြမှာပဲ။လက်ရှိရခိုင်ပြည်အနေအထားနဲ့ စစ်ဖြစ်နေတဲ့နေရာအားလုံးဟာလုံခြုံမှုမရှိတဲ့အတွက်ကြောင့် အခုကာလမှာ ပညာရေးထက်အသက်အန္တရာယ်က ပိုလို့အရေးကြီးပါတယ်။ အသက်လောက် အရေးကြီးတာ ဘာမှမရှိပါဘူး”ဟု ပြောသည်။
အာရက္ခတပ်တော်အနေဖြင့် ပြည်သူလူထု၏ပညာရေးကိုတန်ဖိုးထားသော်လည်း စစ်ကောင်စီသည ယခုအချိန်တွင် မြန်မာတနိုင်လုံးကိုပတ်ပြီး ဗုံးကြဲခြင်း၊ လေကြောင်းမှ လက်နက်ကြီးများပစ်တာခြင်း၊ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကို အများအပြားသုံးလာပြီးပစ်ခတ်တိုက်ခိုက်မှုများလုပ်နေသည့်အတွက် နေ့စဥ်နှင့်အမျှ အရပ်သားသေဆုံးမှုတွေတိုးလာနေကြောင်း ဦးခိုင်သုခက ဆက်လက် ပြောဆိုထားသည်။
“ အဲ့ဒါဟာရခိုင်ပြည်တခုထဲမှာ မဟုတ်ဘဲနဲ့မြန်မာနိုင်ငံ တခြားနေရာတွေမှာလည်း ရှိပါတယ်။အာမခံချက်မရှိတဲ့အနေအထားနဲ့ လုံခြုံမှုမရှိတဲ့ အနေအထားဆိုတော့ ကျနော်တို့အနေနဲ့ပြည်သူလူထု၏ အသက်အန္တရာယ်ကိုပိုပြီး စိုးရိမ်ရတဲ့အတွက်ကြောင့် ကျောင်းဖွင့်ဖို့ကိစ္စတွေကိုဦးစားပေးအဆင့်မှာ ထားဖို့ဆိုတာက လက်ရှိအခြေအနေအရ အခက်ခဲရှိပါတယ်”ဟု ပြောသည်။
၇ခိုင်တွင် ပြီးခဲ့သည့်နှစ်နိုဝင်ဘာ ၁၃ ရက်မှ ဇွန်လ ၈ ရက်နေ့အထိ စစ်ကောင်စီ၏လေကြောင်း တိုက်ခိုက်မှုကြောင့်အရပ်သား ၃၁၉ ဦးသေဆုံးကာ လူနေအိမ်အပါအဝင် အဆောက်အဦပေါင်း ၈၅၀၀ကျော်ပျက်စီးခဲ့ရသည်ဟု သတင်းစာရှင်းလင်းပွဲမှာ ဦးခိုင်သုခကပြောခဲ့သည်။
ယင်းအထဲတွင်စာသင်ကျောင်း (၁၉)ကျောင်း၊ ဆေးရုံ (၉)ဆောင်၊သာသနိကအဆောက်အအုံ ၆၁ ဆောင်နှင့် တံတား ၃၁ စင်းပျက်စီးခဲ့၇သည်ဟုလည်းဆိုသည်။
တိုက်ပွဲကာလ(၆) လကျော်အတွင်းတွင်စာသင်ကျောင်း အများအပြား ပျက်စီးခဲ့ရပြီး ကျောင်းများတွင် ရှိသည့် စာရွက်စာတမ်းများမှာလည်းစစ်ကောင်စီ၏ လက်နက်ကြောင့် မီးလောင်ပြာကျခဲ့ရသည်။ရခိုင်မှကျောင်းသူ၊ ကျောင်းသားများ စာပေပညာသင်ကြားဖို့အတွက်ခက်ခဲမှုမြောက်မြားစွာရင်ဆိုင်နေကြသည်။
“မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေတဲ့အချိန်မှာလူတိုင်းလူတိုင်းက ဘာကိုကြောက်နေရလဲ ဆိုတော့ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်သံတွေကိုကြောက်နေရတယ်။ လက်နက်ကျည်တွေကြောင့် သေတဲ့လူတွေက များလာတယ်။ အိမ်တွေ၊ ကျောင်းတွေသာသနိကအဆောက်အဦတွေပြိုပျက်စီးတယ်။ အဲ့ဒီအချိန်မှာ ဘယ်သားသမီးမှမီးခွက်ထွန်းပြီး စာကျက်လို့မရတော့ဘူး။ လေယာဥ်သံကြားရင်ပြေးတော့။စာကိုကျက်နေမယ့်အစား အသက်ကို လုနေရတယ်။အဲ့ဒီလို စစ်ရဲ့အနိဋ္ဌာရုံကိုခံလာ၇တဲ့ကျောင်းသူ/ ကျောင်းသားတွေက ပညာရေးကို အရေးမစိုက်နိုင်တဲ့အခါတိုက်ပွဲမရှိတော့တဲ့ ငြိမ်းသွားပြီလို့သတ်မှတ်ထားတဲ့မြို့နယ်တွေကစစ်ဘေးရှောင်ရောက်နေကြတဲ့ နယ်ဝေးတွေက ကျောင်းသူ/ကျောင်းသားတွေက ရွာကိုပြန်မယ်လို့ ကြည့်လိုက်ပြန်တော့လည်း နေအိမ်တွေကလက်နက်ကြီးကျည်တွေကြောင့် ပျက်စီးသွားကြပြီ။ ကိုယ်တက်နေတဲ့ စာသင်ကျောင်းတွေမှာတောင်စာရွက်စာတမ်းတွေမရှိတော့ဘူး။ ဒါကြောင့် စာပေပညာသင်ကြားဖို့အတွက်ခက်ခဲမှုတွေမြောက်မြားစွာရင်ဆိုင်လာရတယ်” ဟု မြောက်ဦးမြို့နယ်တွင် စစ်ဘေးရှောင်နေသည့်အလယ်တန်းပြကျောင်းဆရာတစ်ဦးကပြောသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရခိုင်ပြည်အတွင်းမှ ဝင်ရောက်ဖြေဆိုခဲ့သူ၄၁,၇၅ရဦးရှိပြီး ၁၉,၇၂၉ဦးအောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ ၄၇ ဒသမ ၂၅ရာခိုင်နှုန်းရှိကြောင်းပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းအရ သိ၇သည်။
၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ၇ခိုင်က စနစ်ဟောင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသား/သူစုစုပေါင်း ၁၆,၉၂၈ဦးရှိခဲ့ပြီး အောင်မြင်သူ ၉,၉၆၄ ဦးရှိခဲ့ကာအောင်ချက်ရာခိုင်နှုန်း ၅၈ ဒဿမ ၈၆ ရာခိုင်နှုန်း ရှိခဲ့သည်။
၂၀၂၃-၂၀၂၄ခုပညာသင်နှစ်တွင် ရခိုင်တပြည်လုံးမှ စာမေးပွဲဝင်ရောက်ဖြေဆိုမည့် စာရင်း ၁၈၂၀၆ ဦးအထိဖြေဆိုခွင့် လျှောက်ထားခဲ့ပြီး ဝင်ရောက်ဖြေဆိုသူမှာ ၈၅၃၄ဦးအထိသာရှိပြီး၁၀၀၅၉ ဦးထိပျက်ကွက်ခဲ့သည်ဟု မတ် ၁၂ ရက်နေ့ စစ်ကောင်စီပိုင်မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။
ယခုနှစ် ၂၀၂၄ ခုနှစ်တွင်စစ်ရေး အခြေအနေကြောင့် စာစစ်ဌာန ၆၉ ခုတွင်သာ စစ်ဆေးနိုင်ခဲ့ပြီး လာရောက်ဖြေဆိုသူနည်းပါးသဖြင့်အောင်မြင်သူဦးရေ ၅၀ ရာခိုင်နှုန်းအောက် ကျဆင်းခဲ့ရသည်။ရခိုင်ပြည်တွင် စစ်ရေးအခြေနေကြောင့် စနစ်သစ်ပညာရေး၏ ပထမဆုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုနိုင်မည့်အခွင့်အရေးနည်းပါးခဲ့၇ခြင်းလည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၃-၂၀၂၄ပညာသင်ကာလတွင် စနစ်သစ် ၁၂ တန်း ပညာရေးစနစ်၏ ပထမဆုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ဇွန်လ ၁၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီးအောင်မြင်မှု ရာခိုင်နှုန်း ၅၇ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်းစစ်ကောင်စီက ထုတ်ပြန်ထားသည်။
လက်ရှိတွင်စစ်ကောင်စီသည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းများဖွင့်လှစ်ထားသော်လည်း ရခိုင်ပြည်အပါအဝင်ချင်း၊ ကချင်၊ ရှမ်း၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းများရှိ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများတွင်စာသင်ကျောင်းအများအပြား ပိတ်ထားရဆဲဖြစ်ကြောင်း သိရသည်။
၇ခိုင်တွင်အခြေခံပညာစာသင်ကျောင်းပေါင်း ၃၀၀၀ ကျော်ရှိပြီး လက်ရှိ တိုက်ပွဲများကြောင့်စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ဘူးသီးတောင်၊ မောင်တော၊ မအီ၊ ရမ်းဗြဲဘက်တို့မှ ကျောင်းများလည်းထောင်နှင့်ချီပိတ်ထားကြောင်း သိရသည်။
ရခိုင်တွင်လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲများသည်လည်း ဘယ်တော့ပြီးဆုံးမည်မသိ။ ရခိုင်ပြည်တွင်း ပေါက်တော၊ ရမ်းဗြဲ၊ မြေပုံ၊ကျောက်တော်၊မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ၇သေ့တောင်နှင့် ဘူးသီးတောင်မြို့နှင့်ချင်းပြည်နယ်အတွင်းမှ ပလက်၀မြို့တို့ကို AA က စစ်ကောင်စီလက်ထဲမှသိမ်းပိုက်ရရှိထားပြီဖြစ်သည်။ လက်ရှိတွင် မောင်တော၊ သံတွဲနှင့်အမ်းမြို့များတွင် စစ်ကောင်စီနှင့် AA နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည်။ ကျန်သည့် စစ်တွေ၊တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်နှင့် ဂွမြို့တို့ကိုလည်းထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု AA က ဆိုထားသည်။
တိုက်ပွဲကာလကြာမြင့်လာသည်နှင့်အမျှအပြစ်မဲ့မြေစာပင်များဖြစ်ရသည့် ပြည်သူများ အတိဒုက္ခ အကြီးအကျယ်ရောက်ကြရသည်။ယင်းအထဲတွင် နိုင်ငံ့သားကောင်းရတနာများဖြစ်လာမည့် ကျောင်းသားလူငယ်များလည်းပါဝင်သည်။ သူတို့၏ပညာရေးလမ်းခရီးသည်လည်း ယခုအနေအထားတွင်ဖြောင့်စင်းခြင်းမရှိ။ လမ်းပျောက်နေသည်ဟု ဆို၇မည်ပင်။