အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

-


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

“ မပြီးဆုံးနိုင်သေးသည့် ဆင်ခေါင်းတံငါရွာ၏ ကျိန်စာ”

အေးမြတ်ခိုင်၊လူထက်နိုင်ရေးသည်။

နိရဉ္စရာ၊ ဩဂုတ် ၁၇/ ၂၀၂၄ (ဆောင်းပါး)

ပင်လယ်ပြင်မှ လှမ်းကြည်လိုက်ရင် ဆင်တစ်ကောင်၏ ဦးခေါင်းနှင့် တူသောကြောင့် သည်ရွာကို  ဆင်ခေါင်းရွာဟု အမည် တွင်ခဲ့သည်ဟု ကိုနိုင်ဝင်း ကြားဖူးသည်။

မိဘဘိုးဘွားများ၏ မွေးရပ်မြေ ကမ်းခြေရွာ။ဒီရွာမှာမွေး ဒီရွာမှာကြီးပြီး မိဘရိုးရာ ငါးဖမ်းလုပ်ငန်းဖြင့် ကိုနိုင်ဝင်းအသက်မွေးခဲ့သည်။ ရွာကိုချစ်သည်ခင်တွယ်သည်။ လက်ထပ်ထားသည့် ဇနီးသည်လည်း ဆင်ခေါင်းရွာသူ။ မွေးလာသည့် သမီးလေးသည်လည်း ဆင်ခေါင်းရွာသူသာဖြစ်သည်။ ဆင်ခေါင်းရွာ ကမ်းခြေရှိသဲဖြူဖြူများ၊ကြည်လင်နေသော ရေပြင်၊အုံးပင်စိမ်းစိမ်းများသည် ကိုနိုင်ဝင်းအတွက် အလွန်ကြည်နူး စရာဖြစ်ခဲ့သည်။စိတ်ကို ငြိမ်းအေးပီတိဖျာစေသည်။ နိုင်ငံကျော်စီးပွားရေးသမားများမှ ဆင်ခေါင်းကမ်းခြေရှိ မြေကွက်များ ကိုဈေးကြီး ပေးဝယ်ယူနေကြခြင်းအတွက် ကိုနိုင်ဝင်း ဂုဏ်ယူနေမိသည်။

ဆင်ခေါင်းကျေးရွာသည် ငါးဖမ်းလုပ်ငန်းကို အဓိကထား လုပ်ကိုင်နေသော ရွာတစ်ရွာဖြစ်ပြီး ဆင်ခေါင်းရွာမှ မော်ဖျားအပိုင်းတွင် ရက္ခိုင်ပြည် မြောက်ပိုင်းမှ ရက္ခိုင်အများအပြား လာရောက် ရွေ့ပြောင်းအခြေချနေထိုင်ကာ ရေလုပ်ငန်းလုပ်ကိုင်နေသော ရွာတစ်ရွာလည်းဖြစ်ပြီး လူဦးရေ ၁ သောင်းကျော်ရှိသည်။

ဘဝကို အေးချမ်းစွာဖြတ်သန်း နေရင်းမထင်မှတ်ထားပဲ စစ်ပွဲဆိုသောအသံကို ကိုနိုင်ဝင်းတို့ ဆင်ခေါင်းရွာသားများ ကြား လာရသည်။ ဗုံးကြဲသံများ၊ လက်နက်ကြီး ပစ်ခတ်သံများ၊ စစ်ပွဲမှ ထွက်ပြေးရသောပုံရိပ်များအား ကိုနိုင်ဝင်းသည်ရုပ်ရှင်များ ထဲတွင် သာကြည့်ဖူးသည်။

ကိုနိုင်ဝင်းတသက် အသက်၃၅ နှစ်အချိန်ထိ သံတွဲမြို့တွင်ဂျက်တိုက် လေယာဉ်များ၊Y12 လေယာဉ်များ ဖြင့် ဗုံးကြဲခြင်း။ လက်နက်ကြီးများ ပစ်ခတ်ခြင်းကို လက်တွေမကြုံဖူးပေ။သို့သော် မထင်မှတ်သော အဖြစ်အပျက်၊ မကြုံဖူး သောအခြေ အနေကို ကြုံရဖို့ ဖြစ်လာခဲ့ပြီ။ရုပ်ရှင်များ ဗွီဒီယိုများမှ စစ်ပွဲ၏ ပုံရိပ်များကိုလက်တွေ့ တစ်ကယ်မြင်တွေ့လာခဲ့ရပြီ။ ရခိုင်ပြည်မြောက်ပိုင်းတွင် စစ်ပွဲများ ဖြစ်နေပြီး ကိုနိုင်ဝင်းတို့ရခိုင်ပြည် တောင်ပိုင်းသံတွဲမြို့ ကိုပါစစ်ပွဲသည် ကျယ်ပြန်ကူးစက်လာခဲ့ပြီဖြစ်သည်။

စစ်ကောင်စီ ခလရ(၅၅) နှင့် အာရက္ခတပ်တော် တိုသည် သံတွဲမြိုနယ်၊ ရေစင်ကျေးရွာ(ရီစင်)နှင့် ဂွေ့ချောင်းကျေးရွာကြားတွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၃) ရက်၊ နံနက်(၆) နာရီ (၁၀) မိနစ်တွင် စတင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ ရခိုင်တောင်ပိုင်းသံတွဲ မြိုတွင် တိုက်ပွဲစတင်ခဲ့ကြောင်း အာရက္ခတပ်တော်မှ ဇူလိုင် ၇ ရက်ကထုတ်ပြန်ပြောဆိုထားသည်။

လျှပ်တပြတ် ရောက်ရှိလာသည့် စစ်ပွဲသည် အတွေ့အကြုံမရှိသော သံတွဲဒေသခံများအား တုန်လှုပ် ခြောက်ခြားခက်ခဲစေခဲ့သည်။ သွေးပျက်ကာ အသက်ဘေးလွတ်ရာသို့ ဖရိုဖရဲ ထွက်ပြေးကြရသည်။ သေဆုံးကြသည်။ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။သို့သော် မေလ ကုန်အထိ ကိုနိုင်ဝင်းတို့၏ ဆင်ခေါင်းရွာကလေးက တော့ပုံမှန်အခြေအနေသာရှိသေးသည်။ စစ်ပွဲမလာ ရောက်သေး။

သို့သော် ဆင်ခေါင်းရွာကို တုန်လှုပ်ခြောက်ရှားစရာနေ့ တနေ့ရောက်လာခဲ့သည်။ ထိုနေ့သည်ကား ဆင်ခေါင်းသားတို့ အတွက်မေ့ရတော့မည်မဟုတ်ပေ။ ဇွန် ၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်။ထိုအချိန်သည် ကိုနိုင်ဝင်းတို့ဆင်ခေါင်သူဆင်ခေါင်းသားများ ကမ္ဘာပျက်ချိန်။ တိုက်ပွဲဖြစ်ပွားခြင်းအလျည်းမရှိပဲ အပြစ်မယ့် ရွာသားများကို စစ်ကောင်စီမှ ရက်စက်စွာဗုံးကြဲချခဲ့ပြီ။

“ အုံး ဆိုတဲ့အသံကြီး ကြားလိုက်ရပြီး၊ဆင်ခေါင်းမော်ဖျားတစ်ခုလုံး လူတွေလဲကြသွားတာ သွေးပျက်စရာပါ နားတွေအူပြီးကျွန်တော်ထပြီးသွားလို့မရတော့ဘူး။ ခြေထောက်မှာလည်း သွေးတွေနဲ့လူတွေလဲကျနေတာကိုမှုံဝါးဝါးမြင်ရတယ်၊နောက်မှတဖြည်းဖြည်းမတပ်ရပ်ပြီးပြေးမိပြေးရာပြေးခဲ့တယ်” ဟုကိုနိုင်ဝင်းကပြောပြသည်။

ထိုနေ့က ဆင်ခေါင်းကျေးရွာမော်ဖျားပိုင်းသို့ စစ်ကောင်စီဗုံးကြဲခဲ့ခြင်းကြောင့် ကိုနိုင်ဝင်းဒဏ်ရာ တချို့ ရရှိခဲ့ပြီး ဇနီးနှင့်သမီးလေးမှာတော့ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

သို့သော်ကိုနိုင်ဝင်းတို့မိသားစုသည် ထိုနေ့ညနေပိုင်းတွင် ရွာသားများနှင့်အတူ ချစ်သော ဆင်ခေါင်း ရွာကလေးကို စွန့်ခွာထွက်ပြေးခဲ့ရသည်။ကမန်းကန်းဖြင့်ပစ္စည်းတစ်ချို့ကို ယူဆောင်ကာ အူယားဖားယားထွက်ပြေးခဲ့ရခြင်းဖြစ်သည်။

ကိုနိုင်ဝင်း၏ ဝမ်းဗိုက်နှင့်ခြေထောက်က ဗုံးစထိမှန်သော ဒဏ်ရာများကို ဆေးရုံတက်ခွင့်မရပဲ ရွှေလှေကျေးရွာက ကျန်းမာရေးဝန်ထမ်းတစ်ဦး အကူအညီဖြင့်ကုသခဲ့ရ သည်။စစ်ကောင်စီက သံတွဲမြို့သို့သွားရောက်သောလမ်းများ အားပိတ်ထား ခဲ့သောကြောင့်ဆေးရုံသို့ မရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

“မိဘနဲ့မောင်နှမတွေဘယ်ရောက်သွား မှန်းမသိ သေမှန်းမသိပျောက်မှန်းမသိ၊တကွဲတပြားနဲ့ အင်တာနက်တွေ၊ ဖုန်းလိုင်းတွေ မမိတော့ တစ်လကြာမှအဆက်အသွယ်ရတယ် တောင်ကုတ်ကို ရောက်နေတာတဲ့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတော့ ပြန်ဆုံဖို့မလွယ်တော့ဘူး”ဟု ကိုနိုင်ဝင်း၏ ဇနီးကဆိုသည်။

တိုက်ပွဲမဖြစ်ပွားသည့် သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာကို ဇွန် ၄ ရက်နှင့်  ၅ ရက်နေ့များတွင် စစ်ကောင်စီမှ  လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ရေတပ်သင်္ဘောများမှ လက်နက်ကြီးများ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် လူပေါင်း ၆၀ ကျော်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ပထမဦးဆုံး ၁၁ နာရီမှာ ဗုံးကြဲတယ်။ စုစုပေါင်း  ၄၀ လောက် သေတာတွေ့တယ်။ အလောင်း မကောက်ပဲ ကျန်သေး တယ်။ ဂျက်ဖိုက်တာနဲ့ ၄ကြိမ်ပစ်တယ်။ နောက်ဆေးခန်းသွားပြီးမှ သေတာတွေ ရှိတယ်။  အလောင်း မကောက်နိုင်တာ တွေရှိခဲ့တယ်” ဟုစစ်ကောင်စီ ဗုံကြဲခြင်းကိုလက်တွေ့ကြုံခဲ့ရသူ ဦးဇင်းတပါးကဆိုသည်။

မွန်းလွဲ ၂နာရီလောက်မှာစစ်ကောင်စီက တစ်ကြိမ်လာကြဲခဲ့ပြီး ဆင်ခေါင်းမော်ဖျားပိုင်းတွင်လူသေ အလောင်း ၂၀ လောက် ကောက်ရသည်ဟုသူကပြောသည်။

ဆင်ခေါင်းကျေးရွာ မော်ဖျားပိုင်းတွင် စစ်ကောင်စီဗုံးကြဲခြင်းကြောင့် ကမ္ဘာပျက်သလိုဖြစ်ခဲ့ပြီး နေအိမ်များ။ ငါးပုဇွန်အရောင်အဝယ်ဒိုင်များ၊ ဈေးဆိုင်။ စားသောက်ဆိုင်များတစ်ခု မကျန် ပျက်စီးသွားခဲ့သည်။

“အိမ်တွေအခြေအနေကတော့ ဓနိကာတွေလည်းပါတော့ အကုန်ပျက်စီး သွားတယ်။ မော်ဖျားပိုင်းမှာ အဲ့ဒါတွေက အကုန်လုံးအပျက်အစီးတွေ ဖုံးနေတာဆိုတော့ အလောင်းတွေကို ဘယ်သူမှ မရှာနိုင် သေးဘူး။ လူငယ်အဖွဲ့အစည်းတွေ ကလည်းပြေးနေရတော့ မရှာနိုင်သေးဘူး။ ကျေးရွာက အကောင်လေးတွေကို အကူအညီတောင်းထားတာရှိတယ်” ဟု လက်တွေ့ကြုံခဲ့ရသူတစ်ဦး မှပြောသည်။

ဆင်ခေါင်းရွာ အားစစ်ကောင်စီမှဗုံးကြဲခဲ့ပြီးနောက်သေဆုံးသွားသူများ၏ အလောင်းတချို့ကို မြေမြုပ်သဂြိုလ်နေချိန်တွင်လည်းစစ်ကောင်စီမှ  ဗုံးထပ်မံကြဲချနေသေးသည့်အတွက် တချို့ကို သာမြေမြုပ်နိုင်ခဲ့ပြီး တချို့ကို မြေမြုပ်နိုင်ပဲ ဒီအတိုင်းပစ်ထားခဲ့ရကြောင်းဒေသခံများကဆိုသည်။

လူတယောက်၏ နောက်ဆုံးကျန်ရစ်ခဲ့သော ရုပ်ခန္ဓာကိုပင် ကောင်းမွန်စွာမမြုပ်နှံနိုင်ခြင်းက ရွာသားများကို ရင်နင့်စေပြီး သေဆုံးသူများအတွက် ကိုယ်ချင်စာမှုဖြင့် မည်သူကမှတာဝန်ယူခြင်း ၊တုန့်ပြန်ခြင်းမရှိခဲ့ခြင်းသည် သေဆုံးသူများ၏ မိသားစုများအတွက်နာကျည်း စေခဲ့ပြီဖြစ်သည်။

ဆင်ခေါင်းကျေးရွာသားများ၏ ကံကြမ္မာသည် ဆင်ခေါင်းကျေးရွာမှထွက်ပြေးခြင်းဖြင့် မအေးချမ်းနိုင်၊ မပြီးဆုံး နိုင်သေးပေ။ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသကဲ့သို့ ကံကြမ္မာဆိုးများက လိုက်ပါနေသည်မှာ ဒေသခံရွာသားများအတွက် စိတ်ပိုင်းဆိုင်ရာပိုမိုထိခိုက်စေသည်။

မိမိကျေးရွာတွင် စစ်ကောင်စီဗုံးကြဲ၍ တခြားကျေးရွာသို့စစ်ဘေးတိမ်းရှောင်နေစဉ်ထိုနေရာတွင်ထပ်မံ ဗုံးထိမှန်သေဆုံးဒဏ်ရာရရှိခဲ့ခြင်း သည် စိတ်ပိုင်းဆိုင်ရာတွင် ထိခိုက်မှုကြီးမားခဲ့ကြကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

ဆင်ခေါင်ကျေးရွာမှ တိမ်းရှောင်ပြီးရွှေလှေကျေးရွာတွင် အိမ်ငှားနေထိုင်နေသော မိသားစု ၂ စု၏ နေထိုင်သည့် အိမ်ပေါ်သို့ ဇူလိုင်လ ၅ ရက်နေ့က စစ်ကောင်စီလက်နက်ကျရောက်ပေါက်ကွဲခဲ့၍ ဓာဏ်ရာပြင်းထန်ပြီး သေဆုံးမှုတချို့ရှိနေခဲ့သေးသည်။

“ သူတို့က ကျွန်တော်တို့ရွာကိုစစ်ရှောင်လာတာ ယောကျ်ားတွေက ငါးဖမ်းဖို့ ဆင်ခေါင်းရွာဘက် ခဏပြန်တာ၊အမျိုးသမီးတွေပဲရှိတဲ့ အချိန် ဗုံးသုံးလုံးကြဲတာမှာသူတို့အိမ် ကျတော့ ကလေးက အငယ်လေးနဲ့အမျိုးသမီး  ခြေထောက်ထိတာဖြတ် ရမယ်၊ ခေါင်းလည်းထိတယ် စကား မပြောနိုင်တော့ဘူး” ဟု ဆင်ခေါင်းကျေးရွာ စစ်ဘေးရှောင်များကို ကူညီနေသူ လူမှုရေးသမားတစ်ဦးမှ ပြောသည်။

ထို့အပြင် နောက်ထပ်မိသားစုတစ်ခုသည်လည်း ဆင်ခေါင်းကျေးရွာတွင် ဗုံးကြဲ၍ ထွက်ပြေးလာပြီး ဒဏ်ရာများ မကောင်းသေးသောကြောင့် ဆေးကုသမှုခံယူနေကာ ရွှေလှေကျေးရွာတွင် အိမ်ငှားနေထိုင်စဉ် နေအိမ်ဗုံးထိကာသေဆုံးခဲ့ကြောင်းသိရသည်။

“ရွှေလှေမှာအိမ်ငှားနေတာ ဗုံးကြဲလို့ အိမ်ကိုထိတာ ကလေးပဲ ကျန်ခဲ့တယ်။ မိသားစု ၃ ယောက်လုံး သေသွားတယ်။ဘယ်လောက်ဆိုးတဲ့ ကံကြမ္မာတွေလဲဆိုတာ တွေးကြည့်ပေါ့ဗျာ” ဟု ဆင်ခေါင်း ကျေးရွာ စစ်ဘေးရှောင်များကို ကူညီနေသူ လူမှုရေးသမားတစ်ဦးမှ ပြောသည်။

ထိုသို့ စစ်ကောင်စီဗုံးကြဲ၍ တခြားကျေးရွာသို့စစ်ဘေးတိမ်းရှောင်နေစဉ်ထိုနေရာတွင်ထပ်မံ ဗုံးထိမှန်သေဆုံးဒဏ်ရာရရှိခဲ့ခြင်းကိုခံစားခဲ့ရသူတို့၏မိသားစုများသည်စကားမပြောဆိုခြင်း။အစားအစာမစားခြင်း အသွားအလာမရှိပဲ အမြဲထိုင်လျက်ရှိက တွေးတော ငေးမောနေကြလေ့ရှိကြောင်း ကူညီနေသူများကဆိုသည်။

ဆင်ခေါင်းကျေးရွာမှတိမ်းရှောင်လာသူတို့သည် ယခုအချိန် ၂ လနီးပါး အထိအိမ်မပြန်နိုင်သေးပဲ အနီအနားရှိ ကျေးရွာဘုန်းတော်ကြီးကျောင်းများ၊ဆွေမျိုးသားချင်းနေအိမ်များတွင် ခက်ခဲစွာဘဝကို ဖြတ်သန်း နေရကာ တချို့ကျေးရွာများရှိအိမ်များကို ငှာရမ်းနေထိုင်နေရခြင်းများရှိပြီး တချို့မိသားစုများကား လူမစုံနိုင်တော့သကဲ့သို့ ဆုံရန်လည်းခက်ခဲကာ တကွဲတပြားဖြစ်နေဆဲဖြစ် ကြောင်းသိရသည်။

အဆိုပါ လူဦးရေသည် ဆင်ခေါင်းကျေးရွာတွင်မရှိတော့ပဲ တခြားကျေးရွာများတွင် စစ်ရှောင်နေရခြင်းဖြစ်ပြီ စားဝတ်‌နေရေးခက်ခဲလျက်ရှိကာ စိတ်ပိုင်းဆိုင်ရာများပါထိခိုက်လျက်ရှိ ကြောင်းစစ်ရှောင်ကူညီသူများ ထံမှသိရသည်။

ဆင်ခေါင်းကျေးရွာသားများ၏ ဘဝတွင် စိတ်ပိုင်ဆိုင်ရာထိခိုက်မှုရှိသကဲ့သို့ စီးပွားရေးလုပ်ပြီးရပ် တည်ရန် လည်းစစ်ပွဲကြောင့်  ခက်ခဲသွားပြီ ဖြစ်သည်။မိမိနေအိမ်များ ဆိုင်များလည်း ဖောက်ထွင်းခံရပြီး ဆုံးရှုံးသွားပြီဖြစ်သည်။

လယ်ယာများပျက်စီးကာ ကျွဲနွားများသေဆုံးခဲ့ပြီး ငါးဖမ်းလှေများ ငါးပုဇွန်ဒိုင်များလည်းမရှိတော့။ ရွာသားများသည်လည်းတကွဲတပြား မိသားစုများလည်း မဆုံနိုင်၊မစုံလင်နိုင်တော့၊ သူတပါးကျေးရွာများတွင် စစ်ရှောင်များအဖြစ် အကူအညီများကိုသာ မျှော်လင့် နေရသောဘဝများအဖြစ်ဖြတ်သန်းရတော့သည်။

ထိုသို့လူအများအပြားအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ၂ လနီးပါးကြာလာသည်အထိ မည်သည့် အဖွဲ့အစည်းကမှ တာဝန်ယူအားပေးစကားမပြောဆိုသကဲ့သို့ နိုင်ငံတကာမှလည်း ကူညီမှုများမရပေ။ ကိုယ်ဒေသမှာပင် စိတ်အားကုစားပြီး စားနပ်ရိက္ခာကို တောင်းရမ်းစားကြရသည်။

ထိုသို့ သေဆုံးအောင် ပြုလုပ်ခဲ့သည့်စစ်ကောင်စီတပ်ကိုလည်း မည်သူတစ်ဦး၊မည်သည့် နိုင်ငံတနိုင်ငံက မှအရေးယူရန်မတောင်းဆို ခဲ့ပေ။ ထိုသို့ဖြင့်ပင် ဆင်ခေါင်းကျေးရွာသားများ ဘဝ ပျက်သေဆုံးမှုသည် ကြာလာသည်နှင့်အမျှတကယ့်ဖြစ်ရပ်မှတဖြည်းဖြည်း  ပုံပြင်တစ်ခုကဲ့သို့ မထင်မရှား ကွယ်ပျောက် သွားခဲ့မည်သာ ဖြစ်သည်။ လူများက မေ့ပျောက်နိုင်သော်လည်း သားသမီးများ မိဘများ မိသားစုများကို ဆုံးရှုံးခဲ့ရသော ဆင်ခေါင်းရွာသားများမှာတော့ မမေ့နိုင်ပါ။ မေ့ပျောက်နိုင်ရန် ခဲယမ်းသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသည့်  ငါးလနီးပါးအတွင်း အရပ်သား ၁၇၉ ဦး သေဆုံးခဲ့ကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဧပြီလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ စာရင်းသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်အထိ အရေအတွက် ဖြစ်ပြီး သေဆုံးမှုများသည် စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဖမ်းဆီးခံရစဉ် သေဆုံးမှုများလည်း ပါဝင်ကြောင်းသိရသည်။

သေဆုံးသူများအပြင် ထိခိုက်ဒဏ်ရာရသူ ၄၆၈ ဦးရှိခဲ့ပြီး၊ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်ရသည့် စစ်ဘေးဒုက္ခသည် အရေအတွက်သည် သုံးသိန်းခွဲကျော် (၃၅၈,၂၀၀) အထိရှိလာပြီ ဖြစ်ကြောင်း HDCO မှထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်ထဲတွင်ပါဝင်သောကိုနိုင်ဝင်းနှင့်မိသားစုသည်လည်း သူ့တို့ချစ်သော ဆင်ခေါင်းကျေးရွာတွင်ပြန်လည် နေထိုင်အ ခြေချရန်အိပ်မက် သည် ဖြစ်လာနိုင်ရန် မသေချာတော့ပေ။

မိသားစုများမစုံလင် ရွာသားများမစုံလင် စီပွားရေးလည်း မတည်မြဲ တော့ ဆင်ခေါင်းရွာကတော့ အပျက်အစီးများ၊ မျက်ရည်များ၊ စွန့်ပစ်အလောင်းများဖြင့် ရွာသားများကို နေစဉ် စောင့်မျှော်လျက် ရှိနေသည်။ တချိန်က စည်ကားခဲ့သော ဆင်ခေါင်းရွာကား တစပြင်ကဲ့သို့ အထီးကျန်နေဆဲ။

(ပြီး)

 

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၃၁ ဇူလိုင် ၂၀၂၄
အင်တာဗျူး