“စွမ်"....ကနဲ ကဘားကြော်သံ၊ “ဘုရင်မ၊ ဆေးပေါင်းနဲ့ ၅၀၀ ဖိုး”လို့ ကွမ်းယာမှာသံ၊ “ကားဂိတ်-မင်းဂံ....ကားဂိတ်-မင်းဂံ” လို့ သုံးဘီးသမားရဲ့ ခရီးသည်ခေါ်သံ၊ဆိုင်ကယ်သံ၊ ကားသံ၊ ဟွန်းသံ တညံညံနဲ့တချိန်ကစည်ကား ဆူညံနေခဲ့တဲ့ ရခိုင်ပြည်မြို့တော် စစ်တွေဟာ အခုအချိန်မှာတော့တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။
အရင်ကလိုစကားပြောအော်ဟစ်သံတွေနဲ့မစည်ကားတော့သလို အများအားဖြင့်တော့ ကျေးငှက်လေးတွေရဲ့အသံတွေနဲ့ ကျီးကန်းအာသံတွေကိုပဲ ကြားနေရပါတယ်။
မြို့သူမြို့သားတွေအနားယူ အပန်းဖြေလို့ရတဲ့ရှုခင်းသာလမ်းတလျှောက်ကို ခြံစည်းရိုးကာရံလိုက်တာဟာလည်း မြို့သူမြို့သားတွေရဲ့စိတ်ကိုချုပ်ထိန်းလိုက်သလို ဖြစ်ခဲ့ပါတယ်။
အရင်ကဈေးရောင်းဈေးဝယ်လူတွေ တရုန်းရုန်းနဲ့စည်ကားနေတဲ့ စစ်တွေမြို့မဈေးမှာလည်း ဆိုင်ခန်းတွေအကုန်လုံး သော့ပိတ်ထားတာကိုတွေ့ရပါတယ်။
မနက်ပိုင်းမှာဟင်းသီးဟင်းရွက်နဲ့ အသား၊ငါး၊ ငါးခြောက်ရောင်းသူ ဆယ်ဂဏန်းလောက်ပဲ ရှိတော့တဲ့ဒီဈေးမှာ ဈေးဝယ်သူတွေကိုလည်းလက်ချိုးရေလို့ရတဲ့ အခြေအနေရှိလာပါတယ်။
မြို့လယ်လမ်းမကြီးပေါ်က ဆိုင်ခန်းတွေနဲ့ အိမ်တချို့ကတော့ တံခါးပိတ်၊ သော့ပိတ် ထားကြတာကိုကြေကွဲစွာမြင်တွေ့နေရပါတယ်။
ရပ်ကွက်တချို့မှာဆိုလူတစ်ယောက်စ၊ နှစ်ယောက်စလောက်ပဲတွေ့ရပေမဲ့ တချို့ အခြေခံလက်လုပ်လက်စားတွေပေါတဲ့ ရပ်ကွက်တွေမှာတော့ ဆော့ကစားနေတဲ့ကလေးငယ်တွေ၊ အလုပ်အကိုင်မရှိလို့ တွေဝေငေးမော ထိုင်နေကြတဲ့သူတွေ၊ ခရီးသည်တွေကို စောင့်မျှော်နေတဲ့ လမ်းဆုံလမ်းခွက ဆိုက်ကားဆရာတွေ၊ မုန့်ရောင်းနေတဲ့သူတွေနဲ့ စားဝတ်နေရေးအတွက် ပုံစံမျိုးစုံနဲ့ရုန်းကန်နေရတဲ့သူတွေကိုတွေ့နေရပါတယ်။
စစ်တွေမြို့ကလူအများစုဟာ တိုက်ပွဲဖြစ်ပွားလာမှာကိုစိုးရိမ်လို့ အိုးအိမ်တွေကို စွန့်ခွာပြီးရန်ကုန်နဲ့ တခြားမြို့တွေကို ထွက်ပြေးတိမ်းရှောင်သွားကြပါတယ်။ ဒီလို တိမ်းရှောင်သွားကြတာကြောင့်လူမနေတဲ့ တချို့အိမ်တွေဟာ ဖြိုဖျက်ခံထားကြရပြီးတချို့အိမ်တွေကတော့ အိမ်ထဲက ပစ္စည်းတွေ ဖောက်ထွင်းခံထားကြရပါတယ်။
စစ်တွေမြို့မှာတိုက်ပွဲဖြစ်ပွားလာမယ်လို့ဆိုပေမဲ့ စစ်တွေမြို့ကို မစွန့်ခွာဘဲနေထိုင်နေကြသူတွေလည်း ထောင်နဲ့ချီရှိနေပါသေးတယ်။ အဲလိုနေထိုင်တဲ့သူတွေ ထဲမှာ မအေးအေးလွင်လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။
မီးခိုးမှိုင်းတွေကပ်နေတဲ့ မီးဖိုချောင်မှာလက်တစ်ဆုပ်စာပဲ ကျန်တော့တဲ့ ဆန်စေ့လေးတွေကို ကြည့်ပြီး မအေးအေးလွင်တစ်ယောက် လက်မှိုင်ချတွေဝေနေမိပါတယ်။
မအေးအေးလွင်တို့မီးဖိုချောင်မှာ အရင်ကသူ့ယောက်ကျား ကိုအထွန်းချေရဲ့ ပန်းရန်လုပ်အားနဲ့ ဆန်၊ ဆီ၊ ဆားမပြတ်လပ်အောင်ဝယ်ဖြည့်နိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မိသားစု ၄ ယောက်စာ ထမင်းတစ်နပ်စားဖို့အတွက်ဆန်လက်ဆုပ်စာပဲ ကျန်နေတော့တာပါ။
ကိုယ်တိုင်အစိမ်း၊ အဖြူဝတ်ပြီး ကျောပိုးအိတ်လွယ်၊ကျောင်းသွားဖို့ လာပြောတဲ့ သားငယ်လေးနှစ်ယောက်ကို ပိုက်ဆံမရှိလို့ မုန့်ဖိုးမပေးနိုင်ဘဲထမင်းစားကျောင်းဆင်းချိန်မှ ထမင်းလာစားဖို့ရင်နင့်စွာနဲ့ ပြောခဲ့ရတယ်လို့ မအေးအေးလွင်က ပြောပါတယ်။
“သူ့တို့အဖေက မနက်ကတည်းက ထမင်းဖိုး ပိုက်ဆံရှာထွက်သွားတာ။ အခုတောင်ချက်ဖို့ ဆန်က ကုန်နေတယ်။ ဒါကြောင့်သားလေးတွေကိုမုန့်ဖိုးလည်း မပေးလိုက်ရဘူး။ သူတို့ကို မနက်ကတည်းက ဘာမှမကျွေးရသေးပေမဲ့လည်းစိတ်မကောင်းရုံမှတပါး ဘာမှ မတတ်နိုင်ဘူး”လို့သူမက ပြောပါတယ်။
မအေးအေးလွင်တို့မိသားစုဟာ ရခိုင်ပြည်မြို့တော်စစ်တွေမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ နေထိုင်ပြီး ယောကျာ်းဖြစ်သူကတော့ ပန်းရန်အလုပ်ကိုလုပ်ကိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၂၃ခုနှစ်မကုန်ခင်လောက်အထိတော့ကိုအထွန်းချေဟာ ပန်းရန်လုပ်အားခ တစ်ရက်ကို ငွေ ၁၅၀၀၀ ဝင်ငွေရှိခဲ့သူပါ။ ဒါပေမဲ့လက်ရှိမှာတော့ သူဟာ တစ်နေ့မှာ ဝင်ငွေ၆၀၀၀ရဖို့တောင် အတော်လေးရုန်းကန်နေရပုံကို မအေးအေးလွင်က အခုလိုဖွင့်ဟလာပါတယ်။
“ပေါက်တောဘက်မှာ တိုက်ပွဲစဖြစ်ကတည်းက ပန်းရန်အလုပ်တွေကို ရပ်လိုက်ကြတာ။အိမ်ဆောက်မယ့်သူတွေလည်း စစ်ဖြစ်လာမှာကို စိုးပြီးတော့ရပ်လိုက်ကြတာပေါ့။ အခုက စစ်တွေမှာ ဈေးလည်းပိတ်၊ ကုမ္ပဏီတွေလည်းပိတ်၊ အိမ်ကိုပိတ်ပြီးပြေးတဲ့သူတွေလည်း ပြေးသွားကြတော့ ဘာအလုပ်မှမရှိတော့ဘူး။ အစတုန်းကတော့ ရှိတာလေးတွေနဲ့ ချွေတာပြီး စားခဲ့ကြတယ်။ အခု ပန်းရန်လည်းမရှိ၊ဘာအလုပ်မှလည်း မရှိတော့ ဆွေမျိုးတွေဆီက ဆန်ချေးပြီးစားကြတယ်။ ပြီးတော့ လမ်းဘေးတွေ၊ ဘုန်းကြီးကျောင်းတွေထဲက ဟင်းရွက်တွေခူးပြီး စားကြတယ်။ တစ်ခါတလေဟင်းရွက်များများရရင် ဈေးမှာ သွားရောင်းတယ်။အဲလို စားသောက်နေကြရတယ်” လို့ပြောပါတယ်။
၇ခိုင်မှာပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၁၃ ရက်နေ့ကနေ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA)တို့အကြား တကျော့ပြန်တိုက်ပွဲ ပြန်ပြီးဖြစ်ပွားလာခဲ့ပါတယ်။ AA က၇ခိုင်က မြို့ကြီး ၉ မြို့နဲ့ချင်းပြည်နယ်က ပလက်၀မြို့ကိုပါ သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေစဖြစ်ခဲ့တဲ့နေ့ကနေ စပြီးတော့စစ်ကောင်စီဟာ ရခိုင်တစ်ပြည်လုံးက ကုန်းလမ်းနဲ့ ရေလမ်းတွေကို ပိတ်ပင်ပြီး ကုန်စည်စီးဆင်းမှုကိုဖြတ်တောက်ခဲ့ပါတယ်။ ဒါကြောင့် ရခိုင်တစ်ပြည်လုံးမှာစားသောက်ကုန်ဈေးနှုန်းတွေနဲ့ ဆေးဝါးဈေးနှုန်းတွေပါ အဆမတန် မြင့်တက်လာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဖြတ်တောက်မှုဒဏ်ကို အဓိက ခံနေရတာက ဘာမှ အပြစ်မရှိတဲ့ရခိုင်ပြည်သူတွေဘဲဖြစ်ပါတယ်။
စစ်တွေမြို့နဲ့အနီးဆုံးမှာရှိတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေကို AA ကသိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့ကိုလည်း AA က တိုက်ခိုက်မယ်လို့ထုတ်ပြန်ထားတဲ့အတွက် မြို့နေပြည်သူအများစုဟာ ဘေးလွတ်နိုင်မယ့် အာရက္ခတပ်တော်ထိန်းချုပ်ရာ ဒေသတွေနဲ့ ရန်ကုန်မြို့ကို အခုနှစ်ဖေဖော်ဝါရီလလောက်ကနေစပြီး တိမ်းရှောင်ခဲ့ကြရတာပါ။
တစ်ဘက်မှာလည်း စီးပွားရေးယန္တရားပျက်ပြားနေတဲ့မြို့တော်စစ်တွေမှာ မြို့ကိုစွန့်ခွာဖို့ ငွေကြေးအဆင်မပြေတဲ့အခြေခံ လက်လုပ်လက်စားပြည်သူတွေကပဲ အိုးအိမ်တွေ မစွန့်ခွာနိုင်ဘဲမထူးဇတ်ခင်းပြီး ကျန်နေခဲ့ကြရပါတယ်။
စစ်တွေမြို့ကနေတခြားမြို့ကို ပြေးဖို့ငွေကြေးမတတ်နိုင်တဲ့အပြင် လက်ရှိမြို့မှာ မိသားစုတွေနဲ့အတူ အေးအတူပူအမျှ ကြုံရာကျပန်းလုပ်ကိုင်ရင်းအခက်အခဲတွေကို ခါးစည်းခံနေရတယ်လို့အရင်ကလစာငွေ ၂၂၀၀၀၀ နဲ့ ကုမ္ပဏီဝန်ထမ်းလုပ်ခဲ့တဲ့ ကိုကျော်ကျော် (အမည်လွှဲ)က ပြောပါတယ်။
“ယောကျာ်းတွေ ဘာအလုပ်မှ မရှိကြတော့ဘူး။ ဈေးတစ်ခုကိုပဲမှီခိုနေကြတာ။ ပြင်ပ အလုပ်ဆို ဘာတစ်ခုမှ မရှိတော့ဘူး။တစ်ယောက်ဆီက တစ်ယောက် ယူရောင်းကြတယ်။ ဗမာပြည်က မှာရောင်းကြတယ်။ ဆိုက္ကားသမားတွေတောင်ဈေးကို ပစ္စည်းပို့၊ အိမ်ကိုပြန်ပို့ဒီလောက်ပဲ အလုပ်ဖြစ်ကြတော့တယ်။ ကုမ္ပဏီတွေ စစ်တွေမှာ တစ်ခုမှ မရှိတော့ဘူး။ရန်ကုန်ရောက်သွားကြပြီ။ လုပ်ချင်ရင် ဗမာပြည်ကို လာလုပ်လို့ သူတို့ခေါ်တယ်”လို့ ပြောပါတယ်။
ဒီလိုအလုပ်အကိုင်ရှားပါးပြီး စစ်ရေးအရခြိမ်းခြောက်ခံထားတဲ့ စစ်တွေမြို့က တချို့တွေမှာတော့ နေအိမ်မှာ မိသားစုဝင်တွေထဲက ကျန်းမာရေးမကောင်းလို့အိပ်ရာထဲလဲနေရတဲ့ လူနာတွေလည်း ရှိနေပါတယ်။အဲဒီလူနာတွေကြောင့် တခြားမြို့ကို မတိမ်းရှောင်နိုင်ဘဲ စစ်တွေမြို့မှာပဲကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ မလုံခြုံမှုဒဏ်တွေကို ခံစားပြီးနေနေ၇တယ်လို့ လေဖြန်းနေတဲ့အဘွားဖြစ်သူကို ပြုစုနေတဲ့ မခိုင်မာဝေက ဆိုပါတယ်။
“အိမ်နားက လူတွေတော့ ပြေးသွားကြပြီ။ ကျမတို့အစုမှာ ၈ အိမ်၊ ၉ အိမ်လောက်တော့ကျန်သေးတယ်။ အဘွားက လေဖြန်းထားတော့စကားလည်းမပြောနိုင်ဘူး။အလေး၊ အပေါ့ကအစ အကူရှိမှ အဆင်ပြေတယ်။ ရန်ကုန်ကို သွားဖို့ကလည်း နေမကောင်းတဲ့သူနဲ့သူများအိမ် ကပ်နေဖို့ကလည်း အဆင်ပြေဘူးလေ။ ဒါကြောင့်သားအမိတတွေ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာပဲ နေလိုက်တော့မယ် ဆုံးဖြတ်ထားတယ်။ ဖြစ်လာရင်တော့တစ်ခုစီစဥ်ရမှာပေါ့နော်” လို့ဆိုပါတယ်။
စစ်တွေမြို့မှာတော့ရန်ကုန်နဲ့ မန္တလေးကိုသွားလို့ရတဲ့ လေကြောင်းလိုင်းတစ်ခုတည်းကိုပဲ စစ်ကောင်စီက ဖွင့်ပေးထားပါတယ်။ မြို့နေပြည်သူတွေကိုရခိုင်က တခြားမြို့နယ်တွေဆီ သွားလာလို့မရအောင်စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ပင်ထားတဲ့အပြင် စစ်တွေမြို့ပတ်ပတ်လည်မှာလည်းမြေမြှုပ်မိုင်းတွေ ထောင်ထားပါတယ်။
သြဂုတ်လ၂၉ ရက်က မေးမြန်းထားသော ဈေးနှုန်းတွေအ၇ စစ်တွေ-ရန်ကုန် လေယာဥ် လက်မှတ်တစ်စောင်ကိုငွေကျပ် ၄၁၆၀၀၀ ကနေ ငွေကျပ် ၆၃၀၀၀၀ အထိ ရှိနေပြီးစစ်တွေ-မန္တလေး လေယာဥ်လက်မှတ် တစ်စောင်ကိုတော့ ငွေကျပ် ၃၅၀၀၀၀ အထိရှိနေပါတယ်။ တစ်ရက်လုပ်စာတစ်ရက်စားနေတဲ့ လက်လုပ်လက်စားတွေအတွက်ရန်ကုန်မြို့ကိုပြေးဖို့ဆိုတာ စိတ်ကူးထဲတောင် ထည့်မကူးရဲတဲ့ အခြေအနေလို့ မခိုင်မာဝေက ပြောပါတယ်။
စစ်တွေမြို့အနားကဗျိုင်းဖြူရွာ၊ အောင်တိုင်၊ပလ္လင်ပြင်၊ အုန်းရေဖော်၊ ကျက်တောပြင်နဲ့ ရေချမ်းပြင်ကျေးရွာတို့အပြင်တခြားကျေးရွာတချို့က ပြည်သူတွေကို စစ်ကောင်စီက ရွာကနေနှင်ထုတ်ပြီး စစ်တွေမြို့ထဲကဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်တွေအဖြစ်နဲ့နေထိုင်ခိုင်းထားပါတယ်။
ဒီလိုကျေးရွာတွေကို နှင်ထုတ်တဲ့အထဲမှာဗျိုင်းဖြူရွာဖြစ်စဥ်ကတော့ အဆိုးဝါးဆုံးနဲ့ ရင်နာရဆုံးဖြစ်ပါတယ်။ရုပ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုအပြင်စိတ်ပိုင်းဆိုင်ရာကိုပါကြီးကြီးမားမား ထိခိုက်စေခဲ့တာလည်းဖြစ်ပါတယ်။
ဗျိုင်းဖြူရွာကိုပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရွာသား ၇၆ ယောက်ကိုသတ်ဖြတ်ခဲ့တာပါ။
ဒါ့အပြင်အမျိုးသမီး ၃ ယောက်ကို အဓမ္မပြုကျင့်ခဲ့ပြီးရွာသား အယောက် ၂၀၀ ကျော်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ ရွာထဲက အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့သက်ကြီးတွေကိုတော့ မြို့ထဲက ဘုန်းတော်ကြီးကျောင်း၆ ကျောင်းကို စစ်ကောင်စီက ပို့ပြီးတဲ့နောက် ရွာကိုပါ မီးရှို့ခဲ့ကြပါတယ်။
ဒီဖြစ်စဉ်တွေကြောင့် စစ်တွေမြို့နေပြည်သူတွေဟာပိုပြီးထိတ်လန့်ခဲ့ကြရပြီး အသက်အိုးအိမ်စည်းစိမ် မလုံခြုံမှုတွေကို ခံစားခဲ့ကြရတယ်လို့မြို့ခံတွေက ပြောပါတယ်။
မြို့နေပြည်သူတွေရန်ကုန်ကို မပြေးနိုင်လို့ အာရက္ခတပ်တော်ထိန်းချုပ်ရာနယ်မြေတွေကို အသက်စွန့်ပြီး ပြေးကြပေမဲ့မြေမြှုပ်မိုင်းနင်းမိတာ၊ သေနတ်နဲ့လှမ်းပစ်ခံရတာ၊စစ်ကောင်စီဆီမှာ ဖမ်းဆီးခံရပြီး ငွေညှစ်ခံရတာတွေနဲ့ ကြုံတွေ့နေကြရဆဲပါ။
စစ်တွေကိုများမကြာခင်မှာပဲ အာရက္ခတပ်တော်(AA) က တိုက်ခိုက်လာနိုင်တယ်လို့စစ်ရေးလေ့လာသူတချို့က သုံးသပ်နေကြပါတယ်။စစ်တွေမြို့ကနေ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်တွေကိုစစ်ကောင်စီက လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေလည်း ရှိနေပါတယ်။ဒါပေမဲ့ စိုးရိမ်မှုတွေမရှိတော့သလို စစ်တွေမြို့မှာတိုက်ပွဲဖြစ်မယ်ဆိုရင်လည်းမကြောက်တော့ဘဲ သေချင်သေ၊ ရှင်ချင်ရှင်လို့ပဲသဘောထားတော့တယ်လို့စစ်တွေမြို့ခံတစ်ယောက်က ဖွင့်ဟပါတယ်။
“လက်နက်ကြီးတွေပစ်လည်း မစိုးရိမ်ကြတော့ဘူး။ စစ်တွေမြို့သူ၊ မြို့သားတွေကအကြောက်တရားတွေ မရှိတော့ဘူး။ပစ်ရင်လည်း ကိုယ့်ဟာကိုယ်ပဲ လှုပ်လှုပ်ရှားရှား၊ ဈေးတွေမှာ ရောင်းချနေကြတယ်။ အဲဒီလိုကြောက်စိတ်လည်း သိပ်မရှိတော့ဘူး။ စစ်ဖြစ်ရင်လည်း ဖြစ်တော့။ အကြောက်တရားတွေက ရခိုင်သားမှာမရှိတော့ဘူး။ ဒီတိုက်ပွဲဟာ ပြီးဆုံး၊ကိုယ်သေရင်သေ၊ ကျန်လူကျန်၊ အဲလိုပဲ ထားကြတယ်၊ စိတ်မှာလေ” လို့ ဆိုပါတယ်။
ခုလို သေမထူး နေမထူးလို့ စိတ်ပိုင်းဖြတ်ပြီး နေထိုင်သူတွေရှိပေမယ့်အများစုကတော့ စစ်ပွဲတွေဖြစ်လာမှာကို စိုးရိမ်ထိန်လန့်နေကြပါတယ်။ စစ်ရဲ့ ဆိုးကျိုးကလူအသက်တွေရော၊ စည်းစိမ်ဥစ္စာပစ္စည်းတွေရော အတိုင်းအတာမရှိ ပျက်စီးဆုံးရှုံးနိုင်တဲ့အတွက်အများစုကတော့ စစ်ဖြစ်မှာကိုတွေးပြီး ပူပန်နေကြတာပါ။
ဒီလိုပျက်စီးဆုံးရှုံးမှုတွေအပြင် အစားအစာရှားပါတဲ့အတွက်အငတ်ဘေးတွေလည်း ကြုံတွေ့ရနိုင်တာကြောင့် ခိုးဆိုးလုယက်မှုတွေလည်း ထူပြောလာနိုင်ပါတယ်။
လက်ရှိစစ်တွေမြို့မှာဆိုရင်လည်း အလုပ်အကိုင်မရှိလို့စားဝတ်နေရေး ကျပ်တည်းနေကြတဲ့အတွက်ပြည်သူတချို့ဟာ မြို့ကိုစွန့်ခွာသွားကြသူတချို့ရဲ့ အိမ်တွေကို ဖြိုဖျက်ပြီးထင်းဆစ် ရောင်းစားတာတွေနဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူတာတွေ လုပ်နေကြပါတယ်။
“ကျမတို့ အိမ်မှာ ဘာမှ မကျန်တော့ပါဘူး။ခေါင်မိုးသွပ်ပြားတွေကအစ အားလုံး ခွာပြီးယူသွားကြပါတယ်။ အိမ်အပေါ်ထပ်မှာကာထားတဲ့ အထပ်သားတွေရောမရှိတော့ပါဘူး။ ဒါကို စစ်တွေမှာရှိတဲ့အသိတစ်ယောက်ကို သွားကြည့်ခိုင်းလို့သိတာပါ။ အိမ်လည်း မိုးစိုပြီးတော့ စုတ်ပြတ်သတ်သွားပြီ။အိမ်ထဲမှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေလည်းမွှေနှောက်ခံထားရတယ်။သုံးလို့ရတဲ့ ပစ္စည်းတွေ အကုန်ပါသွားပြီ။ သုံးမရတဲ့ဟာတွေတော့ ကျန်ခဲ့တယ်” လို့ နေအိမ်ဖောက်ထွင်းဖြိုဖျက်ခံထားရတဲ့ စက်ရုံစုရပ်ကွက်ကအမျိုးသမီးက ပြောပါတယ်။
လူနေကျဲသွားတဲ့ ရပ်ကွက်တချို့မှာဆိုရင် သူခိုးတွေအိမ်လာဖောက်ထွင်းမှာနဲ့ ရန်ပြုခံရမှာကို စိုးရိမ်ကြောင့်ကြနေကြရသလိုစစ်ကောင်စီက ဧည့်စာရင်း လာစစ်မှာကိုပါစိုးရိမ်မှုတွေနဲ့ညမအိပ်နိုင်ဘဲ ပူပန်နေရတယ်လို့ ပြောကြပါတယ်။
“ပုံမှန် ဧည့်စာရင်းလာစစ်ရင်က ကိစ္စမရှိဘူး။ အခုကမှတ်ပုံတင်လည်းရှိတယ်။ အိမ်ထောင်စုပါ ရှိတဲ့သူတွေကို ဖမ်းချင်လည်း ဖမ်းသွားတယ်။ ပြီးတော့ငွေညှစ်တယ်။ လာရင် အိမ်တွေကို မွှေနှောက်တယ်။အိမ်သားတွေကို အောက်ဆင်းခိုင်းတယ်။ ယောကျာ်းလေးတွေဆို အင်္ကျီချွတ်ခိုင်းတယ်။ခြေသလုံးတွေလှန်ကြည့်တယ်။ မှင်ထိုးထားလားကြည့်တယ်။ ဒီလိုအမျိုးမျိုးလုပ်ကြတော့ညရောက်လာလို့ အသံတစ်ခုခုကြားရင်တောင်ဧည့်စာရင်း လာစစ်တာလားဆိုပြီးရင်တွေတုန်နေရတယ်။ ကိုယ့်မှာလည်း တူတွေ၊ သားတွေရှိတော့လေ"လို့ မြို့ပေါ်ရပ်ကွက်တစ်ခုက အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
စစ်တွေမြို့မှာစစ်ကောင်စီနဲ့ ရဲပူးပေါင်းအဖွဲ့တွေကညအချိန်ရောက်ရင် စစ်ကား၊ ရဲကားကိုယ်စီနဲ့ ရပ်ကွက်တွေထဲဝင်ရောက်ပြီး ပြည်သူတွေကို ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးတာတွေလည်း ခုရက်ပိုင်းအတွင်းများပြားလာနေပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ ၁၅ ရက်နေ့က ဆိုရင်မင်းဂံရပ်ကွက်က အမျိုးသမီးတွေအပါအဝင် လူပေါင်း ၁၅၀ ကျော်ကို ဖမ်းဆီးခဲ့တာ၊ ဇူလိုင်လ ၁၆ ရက်နေ့ကလည်းမင်းဂံရပ်ကွက်က လူပေါင်း ၁၀၀ လောက်ဖမ်းဆီးတာနဲ့ရွှေပြားရပ်ကွက်၊ လမ်းမတော်တောင်ရပ်ကွက်၊ စက်ရုံစုရပ်ကွက်၊ဓည၀တီရပ်ကွက်နဲ့ တခြားမြို့ပေါ်ရပ်ကွက်တွေက နေအိမ်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ရွှေပြည်သာကျေးရွာ၊ မင်းဒြားချိတ်ကျေးရွာ အစရှိတဲ့ရပ်ကွက်တွေနဲ့ ကျေးရွာတွေက ရာနဲ့ချီတဲ့ပြည်သူတွေကို ဇူလိုင်ကနေ အခုလ သြဂုတ်လအတွင်းမှာ စစ်ကောင်စီကဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဖမ်းဆီးခံခဲ့၇တဲ့သူတွေအထဲမှာ အသက်မပြည့်သေးတဲ့ ကျောင်းသားလူငယ်တွေ၊ အမျိုးသမီးတွေနဲ့စစ်ကောင်စီဝန်ထမ်းတွေလည်း ပါဝင်ခဲ့ပါတယ်။
စစ်ကောင်စီဟာဖမ်းဆီးခဲ့တဲ့သူတွေထဲက တချို့ကိုငွေကျပ် ၅ သိန်းကနေ ၁၅ သိန်းအထိတောင်းပြီး ပြန်လွှတ်ပေးခဲ့ပေမဲ့ တချို့ကိုတော့ မှောင်ရိပ်ခိုမှု၊ မတရား အသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုခဲ့ပါတယ်။ဒါပေမဲ့ အဲဒီအထဲက တချို့ကတော့ အခုအချိန်အထိ သတင်းအစအနမရဘဲမိသားစုနဲ့ အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိပါတယ်။
လက်ရှိမှာစစ်ကောင်စီက စစ်တွေမြို့ကို AA ဝင်တိုက်လာမှာကိုစိုးရိမ်ပြီး စစ်ရေးအရ ကြိုတင်ပြင်ဆင်တာတွေလည်း ပြုလုပ်နေပါတယ်။
စစ်တွေမြို့ရှုခင်းသာလမ်း အာရီယာန် စားသောက်ဆိုင်နားကနေစစ်တွေဟိုတယ် ကမ်းခြေတလျှောက်ကို စစ်ကောင်စီက သံဆူးကြိုးကာရံထားပါတယ်။ ဒါ့အပြင်စစ်တွေ ဒကစ ဌာနချုပ်နဲ့ စစ်တပ်ဧရိယာတွေ၊ အမှတ်(၂) ရဲစခန်း၊ ရဲတပ်ရင်း (၁၂)၊ကွန်ပျူတာ တက္ကသိုလ်၊ စစ်တွေကမ်းနားလမ်းအနားကရေတပ်နဲ့ တက္ကသိုလ် နောက်ဘက်ကရဲတပ်ရင်း (၃၆) စတဲ့ နေရာတွေမှာ ဘန်ကာတွေကို အခိုင်အမာတည်ဆောက်နေပါတယ်။ နောက်ပြီး စစ်တွေလေဆိပ် နောက်ဘက်မှာလည်းကာကင်းစခန်း အများအပြားကို တည်ဆောက်ထားပါတယ်။
စစ်တွေမြို့မှာနေထိုင်တဲ့ ပြည်သူတွေကတော့မြို့ပတ်လည်မှာ မြေမြှုပ်မိုင်းထောင်ထားလို့ တခြားမြို့တွေကို ပြေးလို့မသာတဲ့အခြေအနေ၊ ရန်ကုန်မြို့ကို ပြေးဖို့ဆိုတာကလည်းလေယာဥ်လက်မှတ်ဈေး ခေါင်ခိုက်အောင်မြင့်တက်နေတဲ့အခြေအနေကြောင့် ကိုယ့်အိမ်ကိုယ်ယာမှာပဲ စစ်ကောင်စီရဲ့အဖမ်းအဆီးတွေအကြား မလုံခြုံမှုတွေနဲ့အလုပ်အကိုင်မရှိ စားဝတ်နေရေးခက်ခဲမှုတွေကိုပါ ခါးစည်းရင်ဆိုင်နေရပါတယ်။
မြို့သူမြို့သားတွေဟာ“ပြေးစရာလည်း မြေမရှိ၊ စားစရာလည်း ငွေမရှိ” ဆိုသလိုပါပဲ။ မြို့ဟာ စစ်ပွဲနဲ့တစ်ရက်ထက် တစ်ရက်နီးကပ်လာနေပြီလို့စစ်တွေမြို့သားတွေက ခံစားမိလာပြီး အဲဒီခံစားချက်ကလည်းပိုပြီးထင်ရှားပီပြင်လာနေပါတယ်။ စစ်ပွဲ ရောက်လာမယ့်နေကိုစိုးရိမ်စိတ်တွေ၊ စားဝတ်နေရေးခက်ခဲမှုတွေ၊ မွန်းကျပ်မှုတွေနဲ့နားစွင့်နေကြရပါတယ်။ မြို့သူမြို့သားတွေ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ၊ စစ်ပွဲရောက်လာရင်ကောဘယ်လို အခြေအနေတွေနဲ့ ကြုံတွေ့လာနိုင်မလဲ၊မြို့ထဲပိတ်မိကျန်နေသူတွေ စစ်ပွဲထဲကနေ အသက်ရှင်လျက် ရုန်းထွက်လွတ်မြောက်နိုင်ပါ့မလားဆိုတဲ့မေးခွန်းတွေကလည်း ရှိနေပြန်ပါတယ်.............။
နှင်းနွယ်နီ