ပင်လယ်ပြာကို လွမ်းနေတဲ့ တံငါတွေ
ကံ့ကော်နီနီ
- ရေးသည်။
"ဒီပင်လယ်မှာ ကိုယ့်မိဘတွေလည်း ရှာဖွေစားသောက်ခဲ့ကြတယ်။ ကျွန်တော်တို့ လက်ထက် မှာလည်း
မိသားစုစားဝတ်နေရေးဖြေရှင်းနိုင်ခဲ့တယ်။ သားသမီးတွေကို ပညာသင် ပေးနိုင်ခဲ့တယ်။
ကျွန်တော်တို့ ပင်လယ်ကို ချစ်တယ်။ သံယောဇဥ်ရှိတယ်။ အခုဖြစ်နေတဲ့ အခြေအနေကတော့ ဝမ်းနည်းမိရုံပဲရှိတော့တယ်။"
နှစ်ပေါင်းလေးဆယ်...။ ဦးသန်းလှိုင်ရဲ့ ဘဝသက်တမ်း လေးပုံသုံးပုံဟာ ဘင်္ဂလားပင်လယ်ရဲ့
ပြာလဲ့နေတဲ့ ရေမျက်နှာပြင်ပေါ်မှာ ကုန်ဆုံးခဲ့ရတယ်ဆိုရင်
မထူးဆန်းပါဘူး။ လှိုင်းကြက်ခွပ်တွေထဲ
မြုပ်ချည်ပေါ်ချည်လူးလွန့်နေတဲ့
ပေါင်းမိုးတပ် လှေငယ်တစ်စင်း ထဲမှာပေါ့လေ။ "ချောင်းရိုး မြောင်းရိုး
တိမ်ချင်တိမ်" ဆိုတဲ့စကားလိုပါပဲ။ ဦးသန်းလှိုင် လက်ထက်မှာလည်း
မိဘမျိုးရိုး၊ ထုံးတမ်းဓလေ့၊ လူနေမှုဘဝနဲ့ အသက်မွေးဝမ်း
ကျောင်းအလုပ်တွေကအစ ဘာတစ်ခုမှ တိမ်ကောပြောင်းလဲသွားတာမျိုးမရှိခဲ့ပါဘူး။
တံငါသည်မိဘတွေရဲ့
တစ်ခုတည်းသော လုပ်ငန်းအမွေကို
လိုချင်လို့ဖြစ်စေ၊ မလိုချင်ဘဲဖြစ်စေ ဦးသန်းလှိုင် ဆက်ခံခဲ့ရတယ်။ ၁၀ နှစ်ကျော်အရွယ်ကပဲ
ဖခင်တံငါသည်ကြီးရဲ့ ကမ်းဆွဲပိုက်လှေ အဖွဲ့နဲ့အတူ လက်တို လက်တောင်းအကူညီပေးဖို့
ပင်လယ်ကိုစတင်ထိတွေ့ခဲ့ရတယ်။ ဆားငွေ့ ပါတဲ့လေကို အဆုတ်ထဲပြည့်ဖောင်းကားသွားအောင်
ရှူရှိုက်ခဲ့ရတယ်။ နေဒဏ်၊ မိုးဒဏ်၊
လှိုင်းဒဏ်၊ လေဒဏ် စတဲ့သဘာဝတရားရဲ့ မညှာမတာ
လက်ဆောင်တွေကြောင့် ကြေးနီရောင် အသားအရေ
ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် သူငယ်စဥ်ကပဲ
တရင်းတနှီးသိကျွမ်းခဲ့ရတဲ့
ပင်လယ်ပြာကို ဦးသန်းလှိုင် ချစ်ခင်တွယ်တာမိပါရဲ့။
"အသက် ဆယ့်ငါးနှစ်သားကပဲ ငါးရှာတဲ့အလုပ်လုပ်လာတာ။
ကမ်းဆွဲပိုက်ပေါ့။ အဲဒီတုန်းကတော့ ဟွန်ဒါစက်တပ်လှေတွေ
မရှိသေးဘူး။ လှေတွေကို လက်လှော်လှော်ရတယ်။ မုန်တိုင်းမိတဲ့အခါမိတယ်"လို့
ဦးသန်းလှိုင်က သူ့ငယ်စဉ်ဘဝ ပင်လယ်အတွေ့အကြုံတွေကို
တအောက်တမေ့ပြောပြပါတယ်။
နွေ၊
မိုး၊ ဆောင်း ဥတုအလီလီပြောင်းရွှေ့သွားခဲ့တယ်။ ဘင်္ဂလားပင်လယ် ရေမျက်နှာပြင် ပေါ်မှာလည်း
မုန်တိုင်းတွေအကြိမ်ကြိမ်။ လှိုင်းတွေ၊
လေနီကြမ်းတွေအကြိမ်ကြိမ်။ ဘယ်ရွေ့ ဘယ်မျှ
ဘယ်သူမှ မရေတွက်နိုင်တော့။
လူပျိုပေါက်အရွယ်ရောက်လာတော့
မိသားစုတာဝန်ကိုခွဲဝေယူဖို့အလှည့်ကျလာတယ်။ ဒီလိုနဲ့ ဦးသန်းလှိုင်တယောက်
တံငါသည်ပေါက်စဘဝကနေ တံငါသည်ကြီးလုံးလုံးလျားလျား ဖြစ်လာခဲ့တာ
အခုလက်ရှိ အသက် ၅၅ နှစ်အရွယ်၊ သားသမီးလေးယောက်ဖခင်ဖြစ်တဲ့ အထိပါပဲ။
နှစ်ပေါင်းလေးဆယ်အချိန်ကာလ။
မာန်အောင်ကျွန်းပေါ်က
အနည်းဆုံးကျေးရွာအုပ်စု ၂၁ ခုဟာ ပင်လယ်ကို အမှီပြု အသက်မွေး ဝမ်းကျောင်းတဲ့
ရေလုပ်သားကျေးရွာတွေဖြစ်ပါတယ်။ အဲဒီအထဲမှာ တံငါသည်ကြီး ဦးသန်းလှိုင်ရဲ့ ဇာတိချက်မြှုပ်ရာ မိမ္မကြွယ်ကျေးရွာကိုလည်း ချန်လှပ်ထားခဲ့ဖို့မဖြစ်နိုင်ပါဘူး။
"မာန်အောင်ကျွန်းမှာ ရေလုပ်သားကျေးရွာတွေချည်းပဲ။
ကျွန်တော်တို့ရွာမှာဆိုရင် လယ်လုပ်တဲ့ ရွာသားအနည်းစုကလွဲရင်
အားလုံးငါးဖမ်းလုပ်ငန်းတွေနဲ့ အသက်မွေးကြတယ်" လို့ ဦးသန်းလှိုင်က ပြောပြပါတယ်။
တံငါသည်
ဦးသန်းလှိုင်ဟာ အသက် ၂၀ အရွယ်မှာ တစ်ရွာတည်းနေ အပျိုချော ဒေါ်မသိန်းနဲ့ အကြောင်း
ပါပြီး ချစ်မေတ္တာစလယ်ဝင်အိုးတည်ခဲ့ပါတယ်။ သူချစ်ရတဲ့ ပင်လယ်ပြင်ဟာ
သူတို့ရဲ့စလယ်ဝင်အိုးကို ဆန်မပြတ်ဖြည့်ပေးရုံမက ငွေစကြေးစကလေးတွေလည်း အပိုစုဆောင်း နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း သားသမီးတွေ
ထွန်းကားလာတဲ့ အခါမှာလည်း သားသမီးတွေရဲ့ ပညာသင်စရိတ်ကို သူချစ်ရတဲ့
ပင်လယ်ပြင်ကြီးက ဖြည့်တင်းခဲ့ပါတယ်။
လက်ရှိတံငါသည်
ဦးသန်းလှိုင်ဟာ အသက် ၅၅ နှစ်အရွယ်ရှိခဲ့ပါပြီ။ သားသမီး ၄ ယောက် ထွန်းကားခဲ့ပြီး
သူတို့တွေအားလုံးကို အထက်တန်းပညာပြီးဆုံးတဲ့အထိ တံငါသည် လုပ်ငန်းနဲ့ပဲ
ထောက်ပံ့သင်ကြားပေးနိုင်ခဲ့တယ်လို့ ဦးသန်းလှိုင်က ဂုဏ်ယူစွာပြောပါတယ်။
ရခိုင်စစ်ပွဲစတဲ့
ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလမှာ အကြမ်း ဖက်စစ်ကောင်စီဟာ ရခိုင်တံငါတွေနဲ့
ဘင်္ဂလားပင်လယ်ပြင်ကို လက်နက်အာဏာအားကိုးနဲ့ စည်းအတန်တန် ခတ်ကာ ခွဲခြား ပစ်လိုက်ပါတော့တယ်။ မြစ်နဲ့ ပင်လယ်တွေကို ရေကြောင်းသွားလာခွင့် ပိတ်ပင်တဲ့
ဒေသန္တရအမိန့်တွေ ထုတ်ခဲ့တယ်။
ငါးဖမ်းလုပ်ငန်းတွေလည်း ပင်လယ်ပြင်ကို
လုံးဝထွက်ခွင့်မပေးတော့ပါဘူး။
ပထဝီအနေအထားအရ
စိုက်ပျိုးရေးပြီးရင် ရေလုပ်ငန်းနဲ့ အဓိက အသက်မွေးကြတဲ့ ရခိုင်ဒေသမှာ
စစ်ကောင်စီရဲ့ဒေသန္တရအမိန့်တွေဟာ
ရခိုင်ပြည်သူတရပ်လုံးရဲ့
စားနပ် ရိက္ခာ ဖူလုံရေးကို တိုက်ရိုက်ထိုးနှက်ထားတာပါ။
ရခိုင်တံငါသည်တွေ၊ ရေလုပ်သားတွေ အဖို့မှာတော့ သူတို့နဲ့ထိတွေ့ခွင့်မရတော့တဲ့
လှိုင်းခေါင်းဖြူတွေကို ကြေကွဲ ဝမ်းနည်းစွာ ကြည့်နေရရုံပဲ ရှိပါတော့တယ်။
"မြစ်ကိုသွားလာခွင့်ပိတ်ပင်ထားတော့
ကျွန်တော်တို့ဟာ စားဝတ်နေရေးအခက်အခဲတွေ၊ အများကြီး အများကြီးရှိနေတယ်။
တခြားကျန်းမာရေးကိစ္စအခက်အခဲတွေလည်း အများကြီး ရှိနေပါတယ်။
အခုလို စစ်တပ်က လက်နက်အာဏာအားကိုးနဲ့
မတရားလုပ်ထားတော့
အတော်လေး
ဒုက္ခရောက်နေကြရပြီ"
လို့ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းက
သက်လတ်ပိုင်း အရွယ်ရေလုပ်သားတစ်ယောက်က
နာကြည်းခံပြင်းစွာပြောပါတယ်။
မဒေးကျွန်းဟာ
တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအစပြုရာ
ကျွန်းတစ်ခုဖြစ်ပြီး ကျွန်းရဲ့ လူဦးရေ သုံးပုံနှစ်ပုံလောက်က ရေလုပ်ငန်းနဲ့အသက်
မွေးဝမ်းကျောင်းပြုကြတာပါ။ မိမိဒေသက ထွက်တဲ့
သယံဇာတနဲ့ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီရရှိနေတဲ့ တရုတ်စီမံကိန်းတွေ ရှိပေမယ့်
ကျွန်းနေလူထုတွေမှာတော့ ဖွတ်ကျောပြာစုဘဝနဲ့ ချွတ်ခြုံကျနေကြရတယ်လို့
ဆိုပါတယ်။ တနပ်စာထမင်းစားရရေး နဖူးကချွေး
ခြေမ,ကျတဲ့အထိ ရုန်းကန် နေရတာတွေကလည်း လွန်ခဲ့တဲ့နှစ်ပရိစ္ဆေဒတွေကနဲ့
အခုလက်ရှိအချိန်ထိ ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိဘူးလို့
ဒေသခံတွေက ပြောဆိုကြပါတယ်။
စစ်ကောင်စီက
ဒေသခံတွေကို ရေကြောင်းသွားလာခွင့်၊
ငါးဖမ်းခွင့်တွေ
ပိတ်ထားပေမယ့် သံဇစ်မြစ်ကြောင်းရဲ့
ရေနေသားငါးသယံဇာတတွေအတွက်
အန္တရာယ်ကြီးလွန်းတဲ့ တရုတ်ရေနံတင်သင်္ဘောကြီးတွေကတော့ ရက်ပိုင်းခြားတစ်ကြိမ်စီ
ပုံမှန်ဝင်ထွက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ဒေသန္တရအမိန့်တွေထုတ်ပြီး
ရေကြောင်းသွားလာခွင့်ပိတ်ပင်တာ၊ ရေကြောင်း သွားလာတဲ့ဒေသခံတွေနဲ့
ငါးဖမ်းစက်လှေတွေကိုဖမ်းဆီးတာ၊ နေဗီစစ်သင်္ဘောတွေနဲ့ စောင့်ကြပ်ပြီး
လိုက်လံပစ်ခတ်တာတွေအထိပြုလုပ်နေတာပါ။
အထူးသဖြင့် စစ်ကောင်စီထိန်းချုပ်ထားဆဲ မာန်အောင်၊
ကျောက်ဖြူ၊ တောင်ကုတ်၊ ဂွမြို့နယ် တွေမှာ
ဒေသခံရေလုပ်ငန်းတွေ အားလုံးရပ်တန့်ကုန်ကြပါတယ်။ ထောင်သောင်းချီတဲ့ ရေလုပ်ငန်းကို အမှီပြုအသက်မွေးသူမိသားစုတွေဟာ
စားဝတ်နေရေးကျပ်တည်းကာ ငတ်ပြတ်တဲ့ အနေအထားထိရောက်နေကြရပါတယ်။
သံတွဲမှာဆိုရင် တိုက်ပွဲမဖြစ်ခင်ကာလကပဲ ရေလုပ်
သားမိသားစုတွေ ငတ်ပြတ်မှု ကြုံနေရတာကို နိရဥ္စရာသတင်းဌာနက
ကိုယ်တိုင်မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပါတယ်။ တနပ်စာဆန် ရရှိဖို့အတွက်
ရေလုပ်သားမိသားစုတချို့ အလှူခံထွက်နေတာ၊ ရိတ်သိမ်းပြီး စပါးခင်းတွေမှာ
ကျန်နေခဲ့တဲ့ စပါးနှံတွေကို ကောက်သင်း
ကောက်နေကြတာတွေကို
ဝမ်းနည်းဖွယ်မြင်တွေ့ခဲ့ရပါတယ်။
စစ်ကောင်စီထိန်းချုပ်ရာမြို့တွေနဲ့ကွာခြားချက်တစ်ခုကတော့ အာရက္ခတတပ်တော်သိမ်းပိုက်ပြီးတဲ့မြို့နယ်တွေမှာဆိုရင် မြစ်ပြင်ကျယ်တွေမှာ
ရေလုပ်ငန်းတွေလွတ်လပ်စွာ ငါးဖမ်းရှာဖွေခွင့် ရနေကြတာပါ။ လွတ်လပ်မှုရဲ့အနှစ်သာရလို့
ပြောရမှာလည်းဖြစ်ပါတယ်။ သို့ပေမယ့်
သားငါးတင်ပို့နိုင်မယ့်
ဈေးကွက်မရှိဘဲ ပြည်တွင်းဈေးကွက်မှာပဲ
စားနပ်ရိက္ခာ ဖူလုံရေး အတွက်ဖြည့်တင်းနေရတာပါ။
လွတ်မြောက်နယ်မြေတွေကို
ပစ်မှတ်ထားပိတ်ဆို့ခံထားရတဲ့အခြေအနေကြောင့် ရခိုင်ပြည်တွင်းမှာ ကုန်ဈေးနှုန်းဟာ
အဆမတန်ကြီးမြင့်နေဆဲဖြစ်ပါတယ်။ အထူးသဖြင့်
ရေလုပ်ငန်းတွေမှာလည်း စက်သုံးဆီဈေးနှုန်းကြီးမြင့်မှု၊
သားငါးဈေးကွက်နည်းပါးမှုတို့ကြောင့် ထင်သလောက်အကျိုးအမြတ်မရှိဖြစ်နေကြတာလို့
ဆိုပါတယ်။
စစ်ကောင်စီထိန်းချုပ်မှုအောက်က
ဒေသန္တရအမိန့်ထုတ်ခံထားရတဲ့ ဦးသန်းလှိုင်တို့လို တစ်ပိုင်တစ်နိုင်ရေလုပ်သားမိသားစုတွေဆိုရင်
ပိုမိုကျပ်တည်းခက်ခဲနေကြရပါတယ်။
"ပင်လယ်မထွက်ရတော့
စားဝတ်နေရေးအဆင်မပြေဘူး။ သူတို့အမိန့်ထုတ်ထားတဲ့ ကြားကနေလည်း
ခိုးမထွက်ရဲဘူး" လို့ ဦးသန်းလှိုင်က ပြောပါတယ်။
လက်ရှိမှာတော့
ပင်လယ်နားမှာနေတဲ့ ဦးသန်းလှိုင်တစ်ယောက်
သူထိတွေ့ခွင့်မရတော့တဲ့ ပင်လယ်ကို လွမ်းနေရတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ဆွေးမြေ့ရီဝေနေတဲ့
မျက်လုံးတွေထဲမှာလည်း လှပတဲ့သန္တာကျောက်တန်းတွေ၊
လှိုင်းခေါင်းဖြူတွေ၊ မုန်တိုင်းလေနီကြမ်းတွေ၊ အနှစ်လေးဆယ် ပင်လယ်အတွေ့အကြုံတွေကို
ပြန်ပြောင်းအမှတ်ရနေပုံပေါ်ပါတယ်။ တရံမလပ် ဘင်္ဂလား ပင်လယ်ရေမျက်နှာပြင်ကိုဖြတ်သန်းပြီး
မိမ္မကြွယ်ရွာကမ်းခြေကို တိုက်ခိုက်လာတဲ့
ဆားငွေ့ထုံသင်းတဲ့ လေကိုရှူရှိုက်နေရရုံကလွဲရင် ငယ်ချစ်ဦးပင်လယ်ပြာဟာ သူနဲ့ဘာမှ မသက်ဆိုင်တော့သလို....။