စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

-


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 173

ခေတ်သစ် တစ်ခုဆီသို့ ခြေလှမ်းသစ် စတင် ပြီလား "သီရိလင်္ကာ "

ဂျွန်နသန်၊ နိရဉ္စရာ(နိုင်ငံတကာရေးရာသုံးသပ်ချက်ဆောင်းပါး) စက်တင်ဘာ ၂၈/၂၀၂၄

"သီရိလင်္ကာသည် ယခုအခါ ခေတ်သစ်တစ်ခုသို့ ရောက်ရှိလာပြီဖြစ်သည်”

သီရိလင်္ကာနိုင်ငံနှင့် ပတ်သက်ပြီး အဆိုပါ မှတ်ချက်စကားကို ထုတ်ပြောလိုက်သူကား တရုတ်သံ အမတ်ကြီးပင်ဖြစ်သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်ကပြုလုပ်ခဲ့သည့်သီလင်္ကာနိုင်ငံ၏ သမ္မတ ရွေးကောက်ပွဲ ပြီးဆုံးသွားခဲ့ ပြီးမကြာမီရက်ပိုင်းအတွင်း တရုတ်သံအမတ်ကြီးကအထက် ပါအတိုင်း မှတ်ချက်စကား ပြောဆို လိုက်ခြင်းပင် ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် လက်ဝဲယိမ်းနိုင်ငံရေးသမားဖြစ်သူကအနိုင်ရရှိသွားခဲ့သည်။ လက်ဝဲယိမ်း သူက အနိုင်ရရှိသွားခဲ့ခြင်းသည် သီလင်္ကာနိုင်ငံ၏ သမိုင်းတွင် ပထမဆုံးအကြိမ် အဖြစ် မှတ်တမ်း ၀င်သွားခဲ့သည်။

ရွေးကောက်ပွဲအပြီး ရက်ပိုင်းအကြာတွင်"သီရိလင်္ကာပြည်သူများသည် ယခုအခါ ခေတ်သစ်တစ်ခုသို့ ရောက်ရှိလာပြီး ၎င်းတို့၏ သမိုင်းစာမျက်နှာသစ်ကို ရေးသားနေကြပြီဖြစ်သည်" ဟု စက်တင်ဘာ (၂၆) ရက်က ပြုလုပ်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း (၇၅)နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲ၌ တရုတ်သံအမတ်ကြီး Qi Zhenhong မှ အထက်ပါ အတိုင်းမှတ်ချက်စကားပြောဆိုခဲ့ခြင်း ဖြစ်သည်။

၄င်းမှတ်ချက်ပြုပြောကြားခဲ့သို သီရိလင်္ကာသည် အမှန်တကယ် ခေတ်သစ်တစ်ခုဆီသို့ ရောက်ရှိ လာပြီလား။ သီရိလင်္ကာသည် သမိုင်းစာမျက်နှာသစ်ကို အမှန်တကယ် ရေးသားနေကြပြီလား ဆိုသည့် အပေါ် သတ္တုချကြည့်ဖို့လိုသည်။

"သမ္မတရွေးကောက်ပွဲ အကြောင်းတစေ့တစောင်း"

သီရိလင်္ကာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲ ကိုစက်တင်ဘာ(၂၁)ရက် (စနေနေ့) ကပြုလုပ်ခဲ့သည်။ ရွေးကောက်ပွဲတွင်လက်ရှိသမ္မတ Wickremesinghe ၊လက်ဝဲယိမ်းပါတီဖြစ်သည့် National People's Power ရဲ့ခေါင်းဆောင် Anura Kumara Dissanayake ၊ နှင့် အတိုက်အခံပါတီဖြစ်သည့် United People's Power (Samagi Jana Balawegaya- SJB)၏ ခေါင်းဆောင် Sajith Premadasa တို့ အကြား သုံးပွင့်ဆိုင် အပြိုင်ကြဲကာယှဉ်ပြိုင်ခဲ့ကြသည်။ ပထမအကြိမ်မဲရေတွက်မှုတွင် Dissanayake က မဲ (၄၂.၃၁) ရာခိုင်နှုန်းဖြင့် အသာရခဲ့ပြီးPremadasa က (၃၂.၇၆)ရာခိုင်နှုန်းဖြင့် ဒုတိယ နေရာမှ အနိုင်ရခဲ့သည်။ လက်ရှိသမ္မတ Wickremesinghe သည် မဲအရေအတွက်(၁၇.၂၇) ရာခိုင်နှုန်း ဖြင့် တတိယ နေရာသာ ရရှိခဲ့သည်။

သို့ရာတွင်မည်သည့်ကိုယ်စားလှယ်လောင်းတစ်ဦးမှ မဲစုစုပေါင်း၏ (၅၀) ရာခိုင်နှုန်းကျော်ပြီး အနိုင်ရရှိခဲ့ခြင်း မရှိသောကြောင့်၊ သီလင်္ကာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲသမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် ဒုတိယအကြိမ်မဲ ပေးမှု ကို နောက်တစ်နေ့ ဖြစ်သည့် စက်တင်ဘာ(၂၂)ရက်တွင် ထပ်မံ ကျင်းပခဲ့ရပြန် သည်။ 

လက်ဝဲယိမ်းပါတီ National People's Power ရဲ့ခေါင်းဆောင် Anura Kumara Dissanayake သည် မဲအရေအတွက် စုစုပေါင်း (၅.၇၄)သန်းရရှိခဲ့သည်။ မဲအများစုရရှိရမည့်(၅၀) ရာခိုင်နှုန်း ကို ကျော်လွန်သွားကာ၊ (၅၅.၈၉)ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည်။ ၄င်း၏ ပြိုင်ဘက် Premadasa သည် မဲစုစုပေါင်း (၄.၅၃) သန်းသာရရှိခဲ့သည်။

ယခုကျင်းပပြီးစီးခဲ့သည့် သမ္မတရွေးကောက်ပွဲသည် သီလင်္ကာနိုင်ငံ၏ သမိုင်းတလျှောက် တွင် အဆိုးရွားဆုံးစီးပွားရေး အကြပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည့် ၂၀၂၂ ခုနှစ်ကဖြစ်ပွားခဲ့ရသည့် လူထုဆန္ဒပြပွဲနှင့် သမ္မတ Gotabaya Rajapaksa ကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်းတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲလည်း ဖြစ်သည်။ရွေးကောက်ပွဲကို မဲပေးခွင့်ရှိသူ (၁၇ ) သန်း ရှိရာတွင်( ၇၅) ရာခိုင်နှုန်းက လာရောက်ပေးမဲခဲ့ကြသည်။

"စီးပွားရေးပျက်ကပ်၊ နိုင်ငံရေး လှိုင်းဂရက်နှင့် ဖရိုဖရဲ နိုင်ငံ"

သီရိလင်္ကာစီးပွားရေးအကျပ်အတည်း သည် ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံ၏ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းလည်းဖြစ်သည်။ မကြုံစဖူး ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်း ၊ အရန်နိုင်ငံခြားငွေများ ကုန်ဆုံးလုနီးပါးဖြစ်ခဲ့ရခြင်း ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ ပြတ်လပ်မှုနှင့် အခြေခံ ကုန်ပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်မှုများဖြစ်ခဲ့ရသည်။  COVID-19 ကပ်ရောဂါတို့၏ အကျိုးသက်ရောက်မှုများကြောင့်လည်း စီးပွားရေး အကျပ်အတည်းစတင်ခဲ့သည်ဟု ဆိုနိုင်သည်။ မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများနှင့် လောင်စာဆီ တင်သွင်းခြင်း၏ ကုန်ကျစရိတ်များကို ကာမိစေရန်အတွက် များပြားလှသော အကြွေးပမာဏကိုဆောင်ရွက်ပေးခဲ့ရသည်။ ရလဒ်အနေဖြင့် သီရိလင်္ကာ၏ နိုင်ငံခြားငွေ အရန်ငွေများသည် သိသိသာသာဆုတ်ယုတ်မှုကိုကြုံတွေ့ခဲ့ရပြီး အမေရိကန်ဒေါ်လာ (၂.၆၉) ဘီလီယံအထိအကြွေးတင်ခဲ့ရသည်။ စီးပွားရေးကျပ်တည်းမှုများနောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် ၂၀၂၂ ခုနှစ် တွင် သီရိလင်္ကာနိုင်ငံတစ်၀န်းဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ဆန္ဒပြသူများ၏ အဓိက တောင်းဆိုချက်မှာ သမ္မတ Gotabaya Rajapaksa နှင့် အဓိကတာဝန်ရှိသူများ နုတ်ထွက်ရန်ဖြစ်သည်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဆန္ဒပြသူများသည် ကိုလံဘိုရှိ သမ္မတအိမ်တော်ကို သိမ်းပိုက်ခဲ့သည်။ Gotabaya Rajapaksa သည်လည်း ထွက်ပြေးသွားခဲ့ရသည်။ ဝန်ကြီးချုပ် Ranil Wickremesinghe က လည်း နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

တစ်ပတ်ခန့်အကြာ ဇူလိုင် (၂၀)ရက်တွင် ပါလီမန်မှ Wickremesinghe အား သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စီးပွားရေးအခြေအနေများ တိုးတက်လာမှုကြောင့် ဆန္ဒပြပွဲများလည်း ငြိမ်သက် သွားခဲ့ရသည်။ ၂၀၂၂ ခုနှစ်သီရိလင်္ကာစီးပွားရေး ပြိုလဲခဲ့ပြီးသည့် နောက်ပိုင်းတွင် မက်စ်ဝါဒီ နိုင်ငံရေးသမားတဦးဖြစ်သည့် Dissanayaka ကို လူကြိုက်များ ထောက်ခံအားပေး လာကြတာပါ။ အသက် ၅၅နှစ်ရှိသူ Dissanayake သည် အလုပ်သမား လူတန်းစားဘက်က ရပ်တည်သူဟု လူသိများထင်ရှားလာခဲ့သည် ။၄င်း သည် Janatha Vimukthi Peramuna (JVP) နှင့် National People's Power (NPP) ပါတီ၏ လက်ရှိခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

"သီရိလင်္ကာ၏ ပထမဆုံးလက်ဝဲယိမ်း သမ္မတ ၏ ကြုံးဝါးသံ"

Anura Kumara Dissanayake သည် သီလင်္ကာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲ တွင်အနိုင်ရရှိခဲ့သူ ဖြစ်ကြောင်းရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ (၂၂)ရက်ကကြေညာခဲ့သည်။

နောက်တစ်နေ့ဖြစ်သည့် စက်တင်ဘာလ ၂၃ ရက်နေ့တွင် သီလင်္ကာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သူလက်ဝဲယိမ်း Anura Kumara Dissanayaka သည် သီရိလင်္ကာနိုင်ငံ ၏ ဒသမ မြောက် သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

“ဒီနိုင်ငံကြီးကို ကျနော်တို့ ပြောင်းလဲပစ်နိုင်တယ်၊ တည်ငြိမ်တဲ့အစိုးရတစ်ရပ် ကိုတည်ဆောက်ပြီး ရှေ့ဆက်ပြီးခရီးဆက် နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်" ဟုသီရိလင်္ကာနိုင်ငံ၏ ပထမဆုံးသော လက်ဝဲယိမ်း သမ္မတ တစ်ဦး ဖြစ်လာသည့် Anura Kumara Dissanayaka က နိုင်ငံရှိ  ပြည်သူများကို ကတိက၀တ်ပြု ပြော ဆိုလိုက်သည်။ ဆင်းရဲ မွဲတေမှုများ၊ အဂတိ လိုက်စားမှုများကိုလည်း တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ကတိက၀တ်ပြုခဲ့သည်။

"ခေတ်သစ် တစ်ခုဆီစတင် ပြီလား"

Dissanayake ကပါလီမန်ကို ဖျက်သိမ်းခဲ့ပြီး ပါလီမန်ရွေးကောက်ပွဲများကို နိုဝင်ဘာ (၁၄ )ရက်တွင် ကျင်းပမည်ဟုဆိုသည်။ စီးပွားရေးပြိုလဲခဲ့ပြီးနလန်ထူရန်အားယူနေသည့်အချိန်တွင် သီရိလင်္ကာ လက်ဝဲယိမ်း သမ္မတ တစ်ဦး၏ ခြေလှမ်းသစ် များကို ဒေသတွင်းကလည်းစောင့်ကြည့် နေကြသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF မှကလည်း သမ္မတဖြစ်လာသည့် Dissanayake ကို ချီးကျူး ဂုဏ်ပြုလိုက် ပြီး သီရိလင်္ကာ၏အနာဂတ် စီးပွားရေးပြန်လည်ထူထောင်ရေးအစီအစဉ် များကို ဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီဟု လက်ကမ်းကြို ဆိုလိုက်သည်။ဆိုရရင်IMF သည် နလန်ထူရန် အားယူနေသည့်သီရိလင်္ကာ ၏စီးပွားရေးကို ကျားကန် ထောက်မပေးမည်ဟု လေသံ ပစ်လိုက်ခြင်းလည်း ဖြစ်သည်။ " သီရိလင်္ကာသည် ယခုအခါ ခေတ်သစ်တစ်ခုသို့ ရောက်ရှိလာပြီ ဖြစ်သည်" ဟု တရုတ်သံအမတ်ကြီး Qi Zhenhong မှတ်ချက်ပြုပြောဆိုခဲ့သလို Dissanayake အနေဖြင့်သီရိလင်္ကာနိုင်ငံကို ခေတ်သစ်တစ်ခုဆီ သို့ ရောက်အောင် တွန်းပို့နိုင်မည်လားဆိုသည်ကို စောင့်ကြည့်ရမှာဖြစ်ကြောင်းပါ။ (ကိုးကား/နိုင်ငံတကာသတင်းများ)

 

ဆက်စပ် သတင်းများ

"ကာလုံ ကို လွန်သော်"
  • Web Master
  • ၂၉ ဇူလိုင် ၂၀၂၄
"ကာလုံ ကို လွန်သော်"