တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

-


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 183

"အရှေ့အလယ်ပိုင်းက ပါဝါနှစ်နိုင်ငံရဲ့ ထိပ်တိုက်အတွေ့ စစ်ပွဲကြီးတစ်ခုဆီဦးတည်ပြီလား"

ဂျေတီ (နိုင်ငံတကာ စစ်ရေးသုံးသပ်ချက် ဆောင်းပါး) နိရဉ္စရာ၊ အောက်တိုဘာ ၅/၂၀၂၄

"အီရန်ဟာ မဟာအမှားကြီးတစ်ခုကိုကျူးလွန်ခဲ့ပြီ၊ အဲဒီလုပ်ရပ်အတွက် ပြန်လည်ပေးဆပ်ရမယ်" အထက်ပါသတိပေး စကားကိုပြောဆိုလိုက်သူက အစ္စရေး၀န်ကြီးချုပ်နေသန်ရာဟုပင်ဖြစ်သည်။

အောက်တိုဘာ(၁)ရက်ကအီရန်သည် ပဲ့ထိန်းဒုံးကျည်ပေါင်း(၁၈၀)ထက်မနည်းဖြင့် အစ္စရေးတို့အား ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"အီရန်တို့အနေဖြင့်ပြန်လည်ပေးဆပ်ရမည်"ဟု အဆိုပါတိုက်ခိုက်မှုများအပြီး ချက်ခြင်းဆိုသလိုပင် အစ္စရေး၀န်ကြီးချုပ်၏ သတိပေး ပြောဆိုချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

၄င်း၏သတိပေး ပြောဆိုချက်ကြောင့် "အီရန်နှင့် အစ္စရေး စစ်ပွဲကြီးတစ်ခုဆီဦးတည်ပြီလား။ အစ္စရေးနှင့် အီရန်တို့သည် စစ်ပွဲ အတွင်း ချဥ်းနင်း၀င်ရောက်လာကြပြီလား။ ဘာကြောင့် အီရန်နှင့်အစ္စရေးတို့ ပဋိပက္ခ အတွင်းသက်ဆင်းခဲ့ကြရသနည်း။ ဒေသတွင်းစစ်ပွဲ ကို ရှောင်ရှားနိုင်ကြမည်လား ။ သို့တည်းမဟုတ်။ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်မည်လား။ အစ္စရေးနှင့် အီရန်တို့၏နောက်လာမည့် အကျိုးဆက်က ဘာတွေ ဖြစ်လာမည်လဲ" ဆိုသည့်မေးခွန်းများစွာ ထွက်ပေါ်လာခဲ့သည်။

"အီရန်ကအစ္စရေးကိုဘာကြောင့်တိုက်ခိုက်ရသလဲ" အီရန်နှင့် မဟာမိတ်ဖွဲ့ထားသည့် လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်အများအပြားကို အစ္စရေးတို့က သတ်ဖြတ်ခဲ့မှုအတွက် လက်တုံ့ပြန်သည့် အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုအီရန်ကအကြောင်းပြသည်။

အစ္စရေးတို့သည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက လက်ဘနွန်တစ်ဝန်း ရှိဟစ်ဇ်ဘိုလာတို့၏ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သည်။ စက်တင်ဘာ (၂၇) ရက်က တိုက်ခိုက်မှုများအတွင်း ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန် နာစရယ်လာ ကို အစ္စရေးတို့ကသတ်ဖြတ်သုတ်သင်ခဲ့သည်။

စက်တင်ဘာ (၂၈) ရက် ကလည်း ဟစ်ဇ်ဘိုလာ အကြီးတန်းအရာရှိ Nabil Kaouk ကို ထပ်မံသတ်ဖြတ်ခဲ့သည်။ ၄င်းအပြင်အီရန်တော်လှန်ရေးအစောင့်တပ်၏ လက်ထောက်တပ်မှူးဖြစ်သူ Abbas Nilforoushan လည်းသေဆုံးခဲ့ရသည်။ ဟဇ်ဘိုလာ၏ ထိပ်တန်း နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များကို ပစ်မှတ်ထားသည့် အစ္စရေးတို့၏ ကြီးမားသောတိုက်ခိုက်မှုများသည် အထွတ် အထိပ်သို့ရောက်ရှိခဲ့သည်။

ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန် နာစရယ်လာ သတ်ဖြတ်ခံရအပြီးတွင်ပုန်းအောင်းနေသည့် အီရန်၏ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီအား အီရန်နိုင်ငံအတွင်းရှိ လုံခြုံသောနေရာသို့ ရွှေ့ပြောင်းခဲ့ပြီးနောက်အောက်တိုဘာ(၂)ရက်တွင် အများမြင်ကွင်းသို့ပြန်လည်ထွက်ရှိလာခဲ့သည်။

အစ္စရေးတို့က လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာခေါင်းဆောင်ကို သတ်ဖြတ်ခံခဲ့ရမှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့်ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းအီရန်နိုင်ငံ၏ခေါင်းဆောင်ဖြစ်သူ အယာတိုလာ အလီခါမေနီကအစ္စရေးကို တိုက်ခိုက်မှုများပြုလုပ်အပြီး ပထမဆုံး လူသိရှင်ကြား ထုတ်ဖော် ပြောဆို ခဲ့သည်။

Tel Aviv ဧရိယာရှိအစ္စရေးတို့၏ စစ်အခြေစိုက်စခန်း( ၃)ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန်က ပြောကြားခဲ့သည်။

အီရန်သမ္မတ Masoud Pezeshkian က ယခုကဲ့သို့ တိုက်ခိုက်ရမှုသည် “အီရန်၏အကျိုးစီးပွားနှင့် နိုင်ငံသားများကို ခုခံကာကွယ်ခြင်းသာဖြစ်သည်” ဟု ပြောကြားခဲ့သည်။

အီရန်တို့၏ ဒုံးကျည် အများစုကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ထိခိုက်သေဆုံးမှုလည်း မရှိခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောဆိုခဲ့သည်။ "အစ္စရေး၏ တုန့်ပြန်မှု" အီရန်တို့ကဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့မှုအပေါ် အစ္စရေးတို့ကလည်းပြန်လည်လက်တုန့်ပြန်မည်ဟု မဆိုင်းမတွထုတ်ဖော်ပြောဆိုခဲ့သည်။

အီရန်၏နျူကလီးယားရှိရာနေရာများ၊ ရေနံစက်ရုံများကို အစ္စရေးတို့ က လက်တုံ့ပြန်တိုက်ခိုက်မည်ဟုသတင်းများထွက်ပေါ်လာခဲ့သည်။ အီရန်၏ ဓာတ်ငွေ့ သို့မဟုတ် ရေနံတူးစင်များကဲ့သို့သော မဟာဗျူဟာကျသည့် အခြေခံအဆောက်အအုံများ၊ အီရန်၏နျူကလီးယားနေရာများကိုအစ္စရေးတို့က တိုက်ရိုက်ပစ်မှတ်ထားပြီးလက် တုံ့ပြန်တိုက်ခိုက်နိုင်သည်ဟု အစ္စရေးအရာရှိများက အောက်တိုဘာ (၂)ရက် တွင် ပြောကြားခဲ့သည်။

အစ္စရေးတို့အနေဖြင့် ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်မှုများနှင့် အီရန်၏ လေကြောင်းရန် ကာကွယ်ရေးစနစ်များကိုလည်း လက်တုန့်ပြန်တိုက်ခိုက်နိုင်ခြေရှိသည်ဟုAxios ဖော်ပြခဲ့သည်။

"စစ်သွေးကြွတို့၏ ကန့်လန့်ကာနောက်ကွယ်က အီရန်" အီရန်သည် အစ္စရေးနိုင်ငံ၏ တည်ရှိနေမှုကို အသိအမှတ်မပြုဘဲ အစ္စရေးကို တိုက်ခိုက်ရန်အတွက် လက်ဘနွန်တွင် ဟစ်ဇ်ဘိုလာကဲ့သို့သော လက်နက်ကိုင်တပ်ဖွဲ့များကို နှစ်ပေါင်းများစွာ ကို ကျောထောက်နောက်ခံ အဖြစ် ရပ်တည်ခဲ့သည့်နိုင်ငံဖြစ်သည်။

အီရန်သည် ၊ လက်ရှိအစ္စရေးနှင့် တိုက်ခိုက်နေသည့် စစ်သွေးကြွအုပ်စုများဖြစ်သည့် ဂါဇာရှိ ဟားမတ်စ်များ၊ လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာနှင့် ယီမင်ရှိ ဟူသီသူပုန်များ၊ ဆီးရီးယားနှင့် အီရတ်ရှိ အခြားသောအဖွဲ့များ စသည့်များစွာသော စစ်သွေးကြွအုပ်စုများကို ကျောထောက်နောက်ခံပြုနေသည်မှာနှစ်ရည်လများ ကြာညောင်းခဲ့ပြီဖြစ်သည်။

အီရန်တော်လှန်ရေးအစောင့်တပ် အပါအ၀င် အဆိုပါအဖွဲ့အများအပြားကို ကနေဒါ၊ အမေရိကန်နှင့် အခြားမဟာမိတ်များက အကြမ်းဖက်အဖွဲ့များအဖြစ်သတ်မှတ်ထားကြကြသည်။ အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေးတို့၏တည်ရှိနေမှုကို အဆိုပါအဖွဲ့ အားလုံးက ဆန့်ကျင်ထားကြသည်။

၂၀၂၃ ခုနှစ် ၊ အောက်တိုဘာ(၇) ရက်တွင် ဟားမတ်စ်တို့က အစ္စရေးကိုတိုက်ခိုက်ခဲ့မှု ၊ ပင်လယ်နီရှိ သင်္ဘောများကို ဟူသီတို့က တိုက်ခိုက်ခဲ့မှုများကို အီရန်က ထောက်ခံအားပေးခဲ့သည်။ "အီရန်၊ အစ္စရေး ထိပ်တိုက်အတွေ့များ" ယခုနှစ် ဧပြီလအတွင်းက ဆီးရီးယားနိုင်ငံ ဒမတ်စကတ်ရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးတို့ ကတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း IRGC ၏ ထိပ်တန်းတပ်မှူး ဖြစ်သူဗိုလ်ချုပ် Mohammad Reza Zahedi နှင့် ၎င်း၏လက်ထောက်များအပါအဝင် လူတစ်ဒါဇင်ကျော် သေဆုံးခဲ့ရသည်။ ၄င်းတိုက်ခိုက်မှုကိုလက်တုန့်ပြန်သည့်အနေဖြင့် အစ္စရေးနိုင်ငံအပေါ် အီရန်၏ ပထမဆုံး တိုက်ရိုက်တိုက်ခိုက်မှုကို ဖြစ်ပေါ်စေခဲ့သည်။

အီရန်၏ တိုက်ခိုက်မှုများကိုအစ္စရေးက ကြားဖြတ်ဟန့်တားခြင်း သို့မဟုတ် ပစ်မှတ်များသို့ မထိရောက်အောင် တားဆီးနိုင်ခဲ့သည်။

သို့ရာတွင်အဆိုပါတိုက်ခိုက်မှုအတွင်း အစ္စရေးတွင် ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ကျည်ဆန်ထိမှန်ကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အခြား အရပ်သားများစွာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

အစ္စရေးတို့ကလည်း ဇူလိုင်လတွင် အီရန်နိုင်ငံ တီဟီရန်မြို့လယ်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ ဟားမတ်စ်တို့ ၏နိုင်ငံရေးခေါင်းဆောင် ဖြစ်သူ Ismail Haniyeh သေဆုံးခဲ့ရသည်။ ပြီးခဲ့သည့်ရက်ပိုင်းက အီရန်တို့၏ အစ္စရေးနိုင်ငံအပေါ် ဒုံးကျည်များစွာဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့မှုသည် ဧပြီလ အတွင်းကအစ္စရေးကိုတိုက်ခိုက်ခဲ့သည်ထက် ပိုမိုအဆင့်မြင့်သော ပဲ့ထိန်းဒုံးကျည်များ ပါဝင်ခဲ့ကြောင်း ပင်တဂွန်က ပြောကြားခဲ့သည်။

ကနဦး အစီရင်ခံစာများအရ အစ္စရေးသည် အမေရိကန်နှင့် အခြားသောမိတ်ဖက်အဖွဲ့အစည်းများ၏ တက်ကြွစွာ ပံ့ပိုးကူညီ မှုများဖြင့် အီရန်၏ တိုက်ခိုက်မှုကို ထိရောက်စွာ ချေမှုန်းနိုင်ခဲ့သည်ဟုဆိုသည်။

"အရှေ့အလယ်ပိုင်း က ပါဝါနှစ်နိုင်ငံ" အစ္စရေးသည် နျူကလီးယားလက်နက်ပိုင်ဆိုင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားသော်လည်း ခိုင်မာတိကျသောအထောက်အထားမရှိသည့်အပြင် ၎င်းတို့၏တည်ရှိမှုကို အသိအမှတ်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်းလည်းမရှိသေးပေ။

အီရန်၏လေတပ်သည် ခေတ်မမီတော့သော လေယာဉ်များဖြင့် အားနည်းနေပြီး အစ္စရေးကို တိုက်ခိုက်ရန်အတွက် အဓိကနည်းလမ်းနှစ်ခုအဖြစ် ၎င်း၏ ဒုံးကျည်အစီအစဉ်နှင့် ဒေသတွင်း ကျောထောက်နောက်ခံပြုအဖွဲ့ များကို ချထားခဲ့ခြင်းတို့ဖြစ်သည်။

ဝါရှင်တန်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် လက်နက်ထိန်းချုပ်ရေးအဖွဲ့က အီရန်၏ ပဲ့ထိန်းဒုံးကျည်များသည် အကွာအဝေး ကီလိုမီတာ ၁၀၀၀ အထိ ပစ်ခတ်နိုင် ပြီး၊ တည်ဆောက်ဆဲ အခြားဒုံးကျည်များသည် ကီလိုမီတာ ၂၅၀၀ အကွာအဝေးအထိ ပစ်မှတ်သို့ ရောက်ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

၄င်းတို့တွင် အဆိုပါ တာဝေးပစ် ဒုံးကျည်များလက်၀ယ် ရှိနေပြီဟု အီရန် နိုင်ငံပိုင် မီဒီယာကလည်း ဖော်ပြသည်။ အဆိုပါ ဒုံးကျည်များသည် သမားရိုးကျ ဖောက်ခွဲရေးပစ္စည်းများ သို့မဟုတ် ဇီဝ ၊ ဓာတု သို့မဟုတ် နျူကလီးယား ဒုံးကျည်များ ပါဝင်သော ထိပ်ဖူးများကိုသယ်ဆောင် နိုင်ပြီး ဒုံးကျည်အမျိုးအစားပေါ် မူတည်၍ အကွာအဝေးနှင့် အမြန်နှုန်းကိုတွက်ချက်ပစ်လွှတ်နိုင်သည်။

အမေရိကန် အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၏ အဆိုအရ အီရန်သည် အရှေ့အလယ်ပိုင်းဒေသ တွင် ပဲ့ထိန်းဒုံးကျည် အရေအတွက် အများဆုံးပိုင်ဆိုင်ထားသည့်နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ ယခုအခါ အရှေ့အလယ်ပိုင်းဒေသတွင်းရှိ လက်နက်အင်အားအတောင့်တင်းဆုံး၊ လက်နက်အင်အားကြီး နိုင်ငံနှစ်ခုသည် စစ်ပွဲအတွင်းသို့ တိုက်ရိုက်ပါ၀င်လာခဲ့ကြသည်။ ထို့ကြောင့်လည်း အစ္စရေးနိုင်ငံအပေါ် အီရန်၏တိုက်ခိုက်မှုသည် အရှေ့အလယ်ပိုင်းတွင် ပိုမိုကျယ်ပြန့်သောစစ်ပွဲတစ်ခုဖြစ်လာမည်ကို စိုးရိမ်ပူပန်မှုများ ထပ်မံပေါ်ပေါက်လာခဲ့သည်။

"အီရန်၏ တိုက်ခိုက်မှု အကျိုးဆက် ဘာတွေဖြစ်လာမလဲ" တိုက်ခိုက်မှု ၏ အကျိုးဆက် အနေဖြင့် အစ္စရေးတို့က အီရန်အပေါ် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်လာမည်ကိုအစ္စရေး၏ မဟာမိတ်ကြီး အမေရိကန် အနေဖြင့်လည်းစိုးရိမ်မှုများကြီးထွားလာခဲ့သည်။ ထို့ကြောင့်လည်း အမေရိကန်က အစ္စရေးတို့အနေဖြင့် အီရန်၏ နျူကလီးယားရှိရာ နေရာများကို မတိုက်ခိုက်ဖို့ သတိပေးခဲ့ရသည်။

အီရန်၏ပဲ့ထိန်းဒုံးကျည်များဖြင့်တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက အီရန်၏ နျူကလီးယားစက်ရုံများကို တိုက်ခိုက်လာမည် ကို ဆန့်ကျင်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က အောက်တိုဘာ(၂)ရက်က ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်သည်။

အစ္စရေးတို့တွင်လက်တုန့် ပြန်ပိုင်ခွင့် ရှိသော်လည်း ချင့်ချင့်ချိန်ချိန် လုပ်ဆောင်သင့်သည်ဟုဘိုင်ဒင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခုအချိန်ကာလတွင် ဘိုင်ဒန်၏ အစိုးရသည် အရှေ့အလယ်ပိုင်းဒေသ တွင် ပိုမိုကျယ်ပြန့်သောစစ်ပွဲဖြစ်ပွားလာမည်ကို ရှောင်ရှားရန်အတွက် အသည်းအသန်ကြိုးစားနေရသည်။

အီရန်က အစ္စရေးသို့ ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်တိုက်ခိုက်ခဲ့မှုပြုလုပ်ခဲ့ခြင်းကြောင့် အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို တားဆီးရန် လအတန်ကြာ အမေရိကန် ၏ ကြိုးပမ်းအားထုတ်မှုများသည် အမေရိကန်တို့အတွက် အခက်ခဲဆုံး စမ်းသပ်ခံရမှု တစ်ခု ဖြစ်လာခဲ့ သည်။

"အစ္စရေးအပေါ် အီရန် က ဒုံးကျည်ဖြင့်ပစ်ခတ် တိုက်ခိုက်မှုသည် လုံးဝလက်ခံနိုင်စရာမရှိကြောင်းနှင့် ကမ္ဘာတစ်ဝှမ်းလုံးက အီရန်ကို ရှုတ်ချသင့်ကြောင်း" အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် သတင်းထောက်များအား ပြောကြားခဲ့သည်။

"အစ္စရေးတို့ကသာမဟုတ်ပါဘူး။ အမေရိကန်တို့ကလည်း အလွန်ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို ကြုံတွေ့ရလိမ့်မယ်ဆိုတာကို အီရန်တို့အနေနဲ့ မျှော်လင့်ထားသင့်တယ်။ ပြီးတော့ အီရန်ကလည်း ဒါကို သိမှာပါ ” ဟု အကြမ်းဖက်မှု တန်ပြန်ရေး ကျွမ်းကျင်သူနှင့် လက်ဘနွန်နှင့် ဆီးရီးယားတို့အတွက် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ဒါရိုက်တာဟောင်းဖြစ်သူ Hagar Chemali က အီရန်ကိုသတိပေး ပြောကြားခဲ့သည်။

အစ္စရေးကို တိုက်ခိုက်ခဲ့ မှုနှင့်ပတ်သက်ပြီးအမေရိကန်အနေဖြင့်၀င်ရောက်စွက်ဖက်ခြင်းမပြုလုပ်ဖို့အီရန်က လည်း အမေရိကန်ကို တဖန်သတိပေးတုန့်ပြန်ခဲ့သည်။ "အစ္စရေးကို တိုက်ခိုက်ခဲ့ ပြီးနောက် အီရန်ကို ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ရန်" အီရန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Araqchi က အမေရိကန်ကို သတိပေးပြောကြားခဲ့သည်။

"အီရန် နှင့် အစ္စရေး ပဋိပက္ခ ၊ နိဂုံးချုပ် ကြမည်လား " အရှေ့အလယ်ပိုင်း ပဋိပက္ခ များမြင့်တက်လာပြီး၊ ပိုမိုကျယ်ပြန့်လာမှုအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်  က ရှုတ်ချခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကိုလည်း၄င်းက ထပ်လောင်း တောင်းဆိုခဲ့သည်။ " ဒါကို အခု ရပ်တန့်ရပါ မယ်” ​​ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က တိုက်တွန်းပြောဆို ခဲ့သည်။

အစ္စရေးအပေါ် ၎င်းတို့၏တိုက်ခိုက်မှုကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်းအီရန်ကလည်း ပြောကြားခဲ့သည်။ "အစ္စရေးအစိုးရက နောက်ထပ် လက်တုံ့ပြန်ရန် ထပ်မံပြောဆို ခြင်း မပြုလုပ်ပါက မိမိတို့၏ လုပ်ရပ်(တိုက်ခိုက်မှုများ)ကို နိဂုံးချုပ်ပါမည်" ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး Araqchi က လူမှုကွန်ရက် X တွင် အောက်တိုဘာ(၂)ရက်က ပြောကြားခဲ့သည်။

အချုပ်ဆိုရရင် "တိုက်ခိုက်မှုတွေကိုရပ်တန့်ရပါမယ်” ​​ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က တိုက်တွန်းခဲ့သည့်အတိုင်း အီရန်နှင့်အစ္စရေးတို့၏တိုက်ခိုက်မှုများရပ်တန့်သွားမည်လား။ အမေရိကန်က နျူကလီးယားရှိရာနေရာများကို တိုက်ခိုက်မှုတွေမလုပ်ဖို့အစ္စရေးကိုသတိပေးခဲ့သည့်အတိုင်းအစ္စရေးကနားထောင်မည်လား၊အစ္စရေးက လက်တုံ့ပြန်ရန် ပြောဆိုတာတွေ ထပ်မလုပ်ပါက နိဂုံးချုပ်ပါမည်" ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးပြောဆိုခဲ့သလို နိဂုံးချုပ်အဆုံးသတ်သွားမည်လား။ သို့တည်းမဟုတ် နိုင်ငံတကာကစိုးရိမ်မှုများမြင့်တက်လာနေသည့်အရှေ့အလယ်ပိုင်းပဋိပက္ခ ဆက်လက်မြင့်တက်လာမည်လား။အီရန်၊အစ္စရေးစစ်ပွဲကြီးတစ်ခုဆီဦးတည်လာမည်လားဆိုသည်ကိုမူစောင့်ကြည့်ရမှာဖြစ်ကြောင်းပါ။

Source/နိုင်ငံတကာသတင်းများ

ဆက်စပ် သတင်းများ

နိုင်ဂျာက အာဏာသိမ်းပွဲ..။
  • Web Master
  • ၃၀ ဇူလိုင် ၂၀၂၃
နိုင်ဂျာက အာဏာသိမ်းပွဲ..။
ရန်သူကို မိတ်ဆွေလုပ်ခြင်း….
  • Web Master
  • ၂၃ ဇူလိုင် ၂၀၂၃
ရန်သူကို မိတ်ဆွေလုပ်ခြင်း….
ဆူဒန်က အာဏာလုပွဲ...။
  • Web Master
  • ၂၀ ဧပြီ ၂၀၂၃
ဆူဒန်က အာဏာလုပွဲ...။