တရုတ်ကထိုင်ဝမ်ကို စစ်ခင်းဖို့ပြင်ဆင် နေပြီလား
ဂျွန်နသန်( နိုင်ငံတကာဆောင်းပါး)၊ နိရဉ္စရာ၊ အောက်တိုဘာ၁၅/ ၂၀၂၄
တရုတ်နိုင်ငံသည်ထိုင်ဝမ်အနီးတဝိုက်တွင် ၄င်း၏စစ်အင်အားကိုဖြန့်ကျက်ချထားပြီး အကြီးစား စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ကြောင်းတရုတ်စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။
တရုတ်၏ လုပ်ရပ်အပေါ် ထိုင်ဝမ်ကချက်ချင်းဆိုသလို ရှုတ်ချလိုက်ပြီး ၊ ဂျပန်ကလည်းခြေအနေကို ဂရုတစိုက်စောင့်ကြည့်နေကာ မည်သည့်တိုးတက်မှုကိုမဆိုတုံ့ပြန်ရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
အမေရိကန်ကလည်းတရုတ်၏စစ်ရေးလေ့ကျင့်မှုအပေါ် အလေးအနက်စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိုင်ဝမ်အမျိုးသားနေ့တွင်ပြောကြားခဲ့သည့် ထိုင်ဝမ် သမ္မတ၏ မိန့်ခွန်းအပေါ် တရုတ်က လက်တုန့် ပြန်ခြင်းဖြစ်ပြီး ထိုင်ဝမ်၏ ခွဲထွက်ရေး လုပ်ရပ်အတွက် ပြင်းထန်သော သတိပေးချက်ပင် ဖြစ်ကြောင်း တရုတ် က အောက်တိုဘာ(၁၄)ရက် တွင်သတင်းထုတ်ပြန်ခဲ့သည်။
"တရုတ်နိုင်ငံအနေဖြင့်ထိုင်ဝမ်ကို ကိုယ်စားပြုခွင့် မရှိပါဘူး"ဟု ထိုင်ဝမ်အမျိုးသားနေ့တွင် ထိုင်ဝမ်သမ္မတLai Ching-te ကပြောဆိုခဲ့သည်။
အောက်တိုဘာ(၁၀)ရက်က ထိုင်ဝမ်အမျိုးသားနေ့တွင်ပြောကြားခဲ့သည့်သမ္မတလိုင်၏ မိန့်ခွန်းအပေါ် တရုတ်က ဒေါသတကြီး တုန့်ပြန်ခဲ့ပြီးနောက်တရုတ်က ထိုင်ဝမ်အနီးတဝိုက်တွင် ယခုကဲ့သို့စစ်ဆင်ရေး တစ်ခုစတင်ခဲ့ခြင်းဖြစ်သည်။
တရုတ်၏ လုပ်ရပ်အပေါ် ထိုင်ဝမ်ကချက်ချင်းဆိုသလို ရှုတ်ချလိုက်ပြီး နောက်ထပ် စစ်ရေး ရန်စမှု မှန်သမျှ ကိုရှောင်ကြဉ်ဖို့ ထိုင်ဝမ်ကတရုတ်ကိုသတိပေးပြောဆိုလိုက်သည်။
ယခုနှစ်ဇန်နဝါရီလတွင် ရွေးကောက်တင်မြှောက်ခံရပြီး၊ မေလတွင် အာဏာရလာခဲ့သည့် သမ္မတလိုင်ကို ခွဲထွက်ရေးသမားဟု တရုတ်ကခေါ်ဝေါ်ခဲ့သည်။
ထိုင်ဝမ်ကိုတရုတ် ပိုင်နက်နယ်မြေအဖြစ်သတ်မှတ်ထားပြီး လိုင်နှင့် ၎င်း၏အစိုးရကိုတရုတ်ကလက်မခံဘဲပယ်ချထားခဲ့သည်။
"Joint Sword-2024B" စစ်ရေးလေ့ကျင့်မှုကိုထိုင်ဝမ်ရေလက်ကြား၊ မြောက်ပိုင်းနှင့် ၊ တောင်ပိုင်း၊ ထိုင်ဝမ် အရှေ့ဘက်ရှိ နယ်မြေများတွင် ပြုလုပ်နေကြောင်း တရုတ်စစ်တပ်၏ အရှေ့ပိုင်းဒေသဆိုင်ရာ ကွပ်ကဲရေးဌာနချုပ်ကပြောကြားခဲ့သည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုကိုထိုင်ဝမ်ရေလက်ကြားနှင့်ထိုင်ဝမ်ကျွန်း၏ မြောက်ဘက်၊ တောင်နှင့် အရှေ့ဘက်ရှိ ဒေသများတွင် ပြုလုပ်နေပြီတရုတ်စစ်တပ်၊ ရေတပ်၊ လေကြောင်းနှင့် ဒုံးကျည် တပ်ဖွဲ့များ ပါဝင်ပြီး လေယာဉ်တင်သင်္ဘောLiaoningသည်ကျွန်း၏ အရှေ့ဘက်တွင် တပ်စွဲ ထားကြောင်း တရုတ်စစ်တပ်ကပြောကြားခဲ့သည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်၏ ခွဲထွက်ရေး လုပ်ရပ်အတွက် ပြင်းထန်သောသတိပေးချက်လည်း ဖြစ်ကြောင်းနိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးကိုကာကွယ်ရန်အတွက် တရားဝင်ပြီး လိုအပ်သည့် လုပ်ဆောင်မှုတစ်ခု ဖြစ်ကြောင်း ” ဟု တရုတ်နှင့် အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင်စစ်ရေး လေ့ကျင့်မှုပြုလုပ်နေသည့် ထိုင်ဝမ်တစ်ဝိုက်ရှိ ဧရိယာကိုးခုကိုဖော်ပြထားသည့် မြေပုံအတိအကျကိုလည်း တရုတ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
မြေပုံပါဖော်ပြချက်အရစစ်ရေးလေ့ကျင့်မှုပြုလုပ်နေသည်နေရာများသည် ထိုင်ဝမ်းကျွန်း၏ အရှေ့ဘက်ကမ်းရိုးတန်းတွင်(၂)နေရာ ၊အနောက်ဘက်ကမ်းရိုးတန်းတွင် (၃)နေရာ၊ မြောက်ဘက်တွင် တစ်နေရာနှင့်တရုတ်ကမ်းရိုးတန်းဘေးရှိ ထိုင်ဝမ်ထိန်းချုပ်ထားသော ကျွန်းတစ်ဝိုက် (၃)နေရာ ဖြစ်သည်။
လေယာဉ်တင်သင်္ဘောLiaoning အပါအဝင်တရုတ်ရေတပ်မှစစ်သင်္ဘောများနှင့်လေယာဉ်များသည်ပင်လယ်-လေကြောင်း တိုက်ခိုက်ရေး၊ အသင့်အနေအထား ကင်းလှည့်မှု၊အဓိကဆိပ်ကမ်းများနှင့် နယ်မြေဧရိယာများကို တားဆီး ပိတ်ဆို့ခြင်း၊ ရေကြောင်းနှင့်မြေပြင်ပစ်မှတ်များကို ပစ်ခတ် ချေမှုန်းခြင်းနှင့် "ပူးပေါင်းဖမ်းဆီးခြင်း"တို့ကို အာရုံစိုက်ကာ " လမ်းကြောင်းမျိုးစုံမှ ထိုင်ဝမ်သို့ချဉ်းကပ်လုပ်ဆောင်လျက်ရှိနေသည်" ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော်လည်းတိုက်ရိုက်ပစ်ခတ်မှု လေ့ကျင့်မှု သို့မဟုတ် လေယာဥ် ပျံသန်းမှု နေရာများကိုမူထုတ်ပြန်ကြေညာခြင်းမရှိပေ။
၂၀၂၂ခုနှစ်က- အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ NancyPelosi သည်ထိုင်ဝမ်သို့ သွားရောက် လည်ပတ်ခဲ့သည့် အချိန်ကတရုတ်သည် ထိုင်ဝမ် ကျွန်းပေါ်ဖြတ်ပြီး ဒုံးကျည်များ ပစ်လွှတ်ခဲ့သည်။
မကြာသေးမီရက်များအတွင်းက ထိုင်ဝမ်အနေဖြင့်တရုတ်၏ နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးဆိုင်ရာခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်ရချိန်တွင်၊ ထိုင်ဝမ်သည် နောက်ပြန်ဆုတ်သွားမည် မဟုတ်ကြောင်း ထိုင်ဝမ်၏တရုတ်မူဝါဒချမှတ်ရေး ပြည်မကြီးရေးရာကောင်စီ၏ ထုတ်ပြန်ချက် တစ်ခုတွင်ဖော်ပြ ထားသည်။
ထိုင်ဝမ်ရေလက်ကြားတွင်ငြိမ်းချမ်းရေးထိန်းသိမ်းရန်အတွက် တရုတ်ကွန်မြူနစ်များနှင့် အတူတကွ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသမ္မတ လိုင်က အမျိုးသားနေ့ မိန့်ခွန်းတွင် ပြောဆိုထားပြီး ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည်ထိုင်ဝမ်ကျွန်း၏မြောက်နှင့်တောင်ဘက်ရှိ ထိုင်ဝမ်ဆိပ်ကမ်းများကို ပိတ်ဆို့ထားပြီးနိုင်ငံတကာသင်္ဘောလမ်းများအပြင် နိုင်ငံခြားတပ်ဖွဲ့များ ရောက်ရှိလာမှုကို ဟန့်တားနေသည်ဟု ယုံကြည်ရကြောင်း အမည်မဖော်လိုသူ ထိုင်ဝမ်လုံခြုံရေးအကြီးတန်းအရာရှိတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။
တရုတ်စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba ကတိုကျိုသည် အခြေအနေကို ဂရုတစိုက်စောင့်ကြည့်နေ ပြီး မည်သည့်တိုးတက်မှုကိုမဆိုတုံ့ပြန်ရန် ပြင်ဆင် သွားမည်ဖြစ်ကြောင်းအောက်တိုဘာ(၁၄)ရက်တွင်သတင်းထောက်များအားပြောကြားခဲ့သည်။
အမေရိကန်ကလည်းတရုတ်စစ်ရေးလေ့ကျင့်မှုအပေါ် "အလေးအနက်စိုးရိမ်မိသည်" ဟုပြောဆို ခဲ့သည်။
ဝါရှင်တန်သည်တရုတ်၏စစ်ရေးလေ့ကျင့်မှုအပေါ်အလေးအနက်စိုးရိမ်မိကြောင်း ၊ ရေလက်ကြား တစ်ဝိုက်တွင်တရုတ်လှုပ်ရှားမှုများကို ဆက်လက်စောင့်ကြည့်နေပြီး၊ မဟာမိတ်များနှင့်မိတ်ဖက်များနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်းအမေရိကန် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Matthew Miller ကပြောဆို ခဲ့သည်။
ကွန်မြူနစ်စနစ်ဖြင့်အုပ်ချုပ်သည့်တရုတ်နှင့်ထိုင်ဝမ် တို့သည် ၁၉၄၉ ခုနှစ် က ပြည်တွင်းစစ်ကြောင့် ခွဲထွက်ခဲ့ကြပြီးကတည်းကသီးခြားစီအုပ်ချုပ်ခဲ့ကြသည်။Reference/ Bangkok Post/Mainichi