သဉ္ဇာနွယ် (ဆောင်းပါး) နိရဉ္စရာ၊ အောက်တိုဘာ ၁၈/ ၂၀၂၄
ရခိုင်ပြည်ဖက်သို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး၏အဓိကအရေးပါသည့် ပြည်မနှင့် ဆက်သွယ်ထားသော ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီကပိတ်ထားသည်မှာ ယခု အောက်တိုဘာလဆိုလျှင်၁၁ လပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။
စစ်ဘေးအန္တရာယ်များအကြားကုန်စည်စီးဆင်းမှုဖြတ်တောက်ခြင်းကိုခံရသည့် ရခိုင်ပြည်သူများသည်စားနပ်ရိက္ခာအပြင် ကျန်းမာရေးကဏ္ဍတွင်လည်း အခက်အခဲ အမျိုးမျိုးနှင့်ရင်ဆိုင်ဖြတ်သန်းနေကြ၇သည်။
ဆေးဝါးရှားပါးပြတ်လပ်မှု၊ဆေးဝါးဈေးနှုန်း အဆမတန်မြင့်မားမှု၊ကုသရန် ဆေးရုံဆေးခန်းနှင့် ကျန်းမာရေးဝန်ထမ်းများ မရှိမှုစသည် တို့ကြောင့်ဒေသခံရခိုင်လူထုအကြား ကျန်းမာရေး စောင့်ရှောက်မှုမရဘဲထိခိုက်နစ်နာမှုများစွာ ရှိနေရသည်။
ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုမရသူများထဲတွင် ပုဏ္ဏားကျွန်းမြို့ပေါ်မှနေ၍မြောက်ဦးမြို့နယ်ထဲသို့မိသားစုနှင့်အတူ စစ်ဘေးရှောင်လာ၇သည့်အသက် ၄၀ ကျော်အရွယ် ဒေါ်ဖြူလှလည်း တစ်ဦးအပါအဝင်ဖြစ်သည်။
သူမသည်စစ်ဘေးရှောင်နေရင်း နွေရာသီအတွင်းက ရုတ်တရက် သားလျှော(သန္ဓေပျက်) သွားသည့်အတွက် နီးစပ်ရာဆေးရုံတစ်ခုတွင်အရေးပေါ်တက်ရောက်ကုသမှုခံယူခဲ့ရသည်ဟု ပြောပြသည်။
"ကျမရုတ်တရက် ကိုယ်ပေါ်ကသွေးဆင်းလာတယ်။ မူးဝေပြီးတစ်ကိုယ်လုံးပြာနှမ်းသွားတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ဆေးရုံငယ်လေးတစ်ခုကိုရောက်နေပြီ"ဟုပြောသည်။
ဆေးဝါးကိရိယာမစုံလင်သော်လည်း သူမ၏သားအိမ်ကို အရေးပေါ်ခြစ်လိုက်ရသည်ဟုဆိုသည်။ ဆေးရုံသို့အရောက်မြန်လိုက်၍သာအသက်မသေခဲ့ခြင်းဖြစ်သည်ဟုလည်း သူမကဆက်ပြောသည်။
"နောက်ထပ် ငါးမိနစ်လောက်သာ နောက်ကျရင် ကျမသေပြီလို့ပြောတယ်။ခွဲစိတ်ခန်း မရှိဘူး။ ဆေးတွေလည်း မစုံလင်ဘူး။ဒါပေမယ့် အသက်အန္တရာယ်က လွတ်မြောက်သွားတာ အဆိုးထဲက အကောင်းလို့ ဆိုရမှာပါ"ဟု ပြောသည်။
သူမ၏မကျန်းမာသည့်ခန္ဓာကိုယ်တွင် အရေးပေါ်သွေးများသွင်းရန်လိုအပ်သည်ဟုဆရာဝန်များကပြောသည်။ သို့သော် ထိုဆေးရုံတွင် ဆေးဝါးကိရိယာနှင့်လိုအပ်သည့်သွေးအမျိုးအစားတို့မရှိ၍ သူမ သွေးမသွင်းဘဲ နေလာရသည်မှာငါးလခန့်ပင်ရှိပြီဖြစ်သည်။
အမျိုးသမီးများတွင်သားလျှော(သန္ဓေပျက်)ခြင်းဖြစ်ပေါ်ပါကနောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးများစွာကို ခံစားကြရသည်။
သားလျှော(သန္ဓေပျက်)ပြီးပါက သန္ဓေသားအစိတ်အပိုင်းများ၏တစ်သျှူးအပိုင်းအစများသည် သားအိမ်အတွင်းတွင် ကျန်နေတတ်သည်။ နားလည်တတ်ကျွမ်းသည့်ဆရာဝန်များဖြင့်မကုသပါက ပိုးဝင်ခြင်းနှင့်သွေးအားနည်းခြင်းနောက်ဆက်တွဲများကို ကြုံရနိုင်သည်ဟုကျန်းမာရေးဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။
အဖျားကြီးခြင်း၊ဗိုက်အလွန်အောင့်ခြင်း၊ မိန်းမကိုယ်မှ သွေးဆင်းများခြင်းနှင့် အနံ့မကောင်းသည့်အရည်များဆင်းခြင်းစသည့်လက္ခဏာများလည်း ဖြစ်တတ်ကြောင်း သိရသည်။
လက်ရှိတွင်ဒေါ်ဖြူလှမှာ လုံလောက်သည့်ကျန်းမာရေးစောင့်ရှောက်မှုများကိုမခံယူရ၍သွေးအားနည်းခြင်း၊ မကြာခဏဖျားနာခြင်း၊ခြေလက်များဖောရောင်ခြင်း၊ခေါင်းမူးခြင်းနှင့် အသက်ရှူမ၀ခြင်းများကို ခံစားနေရသည်။
ဆေးဝါးများနှင့်ဆေးကုသစရိတ်တို့ အဆမတန်ကြီးခြင်းတို့ကြောင့်ငွေကြေးအခက်အခဲလည်းရှိနေသည်။ယင်းကြောင့် ဆေးခန်းကိုပုံမှန်မသွားနိုင်ဘဲ ဝေဒနာကို ဆေးမြီးတိုများဖြင့်သာ ကုသနေရသည်ဟု သူမက ပြောပြသည်။
"ဆေးခန်းတစ်ခါပြရင် ခုနစ်သောင်း။ ဒီအတိုင်းဆေးပေးလိုက်တယ်။လမ်းစရိတ်ကလည်း ကြီးတယ်။ သက်သာလားဆိုတော့ ဆေးဝါးကမစုံတော့မသက်သာဘူး"ဟု ပြောသည်။
ဒေါ်ဖြူလှ၏မိသားစုမှာယခင်က ပုဏ္ဏားကျွန်းဈေးတွင်မုန့်ပဲသရေစာရောင်းချခဲ့ကြသည်ဟု ဆိုသည်။ စစ်ဘေးရှောင်လာစဥ်တွင်အဝတ်အစားအနည်းငယ်နှင့် ဆန်အနည်းငယ်သာ ယူလာခဲ့ရသည်ဟု သူမက ပြောသည်။ လက်ရှိတွင် သူမတို့စစ်ဘေးရှောင်လာသည်မှာ ရှစ်လခန့်ရှိပြီဖြစ်သည်။
သူမ၏ပါရမီဖြည့်ဖက် ခင်ပွန်းကမူ ဆေးဝါးများရှားပါးနေသည့်ကြားမှ ဇနီးသည်အသက်ရှင်နေသည်ကိုပင် ဝမ်းသာမိကြောင်း ပြောသည်။
တစ်ဘက်တွင်လည်းစစ်ကောင်စီက အပြစ်မဲ့ရခိုင်ပြည်သူများအပေါ် လမ်းပန်းဆက်သွယ်ရေးကို ပိတ်ပင်ပြီးဖိနှိပ်ထားမှုမှာ တရားလွန်သည်ဟု ပြောပြသည်။
"ဇနီးအသက်ရှင်လာတာ ဝမ်းသာပါတယ်။ ဒီစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်လာပြီဆိုရင် သူတို့ရဲ့နည်းဗျူဟာက ပြည်သူလုထုကိုပစ်မှတ်ထားတယ်။လမ်းတွေပိတ်တယ်။ ဖမ်းတယ်။ ဆေးတွေကိုလုံး၀ တင်ခွင့်မပေးဘူး။ဖျားနာလို့ အိတ်မှာဆောင်ထားတဲ့ ဖျားနာပျောက်ဆေး တွေ့ရင်တောင်ယူခွင့်မပေးဘူး" ဟုပြောသည်။
ရခိုင်တွင်နွေရာသီက စစ်ဘေးရှောင်များနေထိုင်သည့်နေရာများတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါများအဖြစ်များခဲ့ကြသည်။ ပြီးခဲ့သည့်မိုးတွင်းကလည်း ရေကြီးရေလျှံ ဖြစ်ပြီးနောက် ဝမ်းရောဂါများနှင့်အတူယားနာများ၊ ငှက်ဖျား၊ တုတ်ကွေးများ ဖြစ်ပွားလျက်ရှိသည်။ ထိုရောဂါများကိုကုသရန် ဆေးဝါးမလုံလောက်ခြင်းကြောင့် အသက်သေဆုံးရသူများလည်းရှိခဲ့သည်ဟု ဒေသခံများကပြောသည်။
အမျိုးသမီးများတွင်ဆိုလျှင်လည်း ဓမ္မတာကြောင့် သောက်ရမည့်အကိုက်အခဲဆေးများလည်း ရှားပါးပြတ်လပ်လျက်ရှိသည်။ ထို့အတူအိမ်ထောင်ရှင်အမျိုးသမီးများသောက်ရသည့် သန္ဓေတားဆေးတို့လည်းအရေးတကြီး လိုအပ်လျက်ရှိသည်။ စစ်ဘေးကာလတွင် အလုပ်အကိုင်မရှိ၊ဝင်ငွေမရှိဘဲ စားဝတ်နေရေးကျပ်တည်းနေကြချိန် မလိုအပ်ဘဲ ကိုယ်ဝန်ရသွားပါက တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို ဖြစ်ရချေဦးမည်။
ပုဏ္ဏားကျွန်းမှမြောက်ဦးသို့စစ်ဘေးရှောင်လာသည့် ဒေါ်ဖြူလှဆိုလျှင်လည်းအသက်ကြီးမှ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားခြင်းဖြစ်သည်။ အဓိက သန္ဓေတားဆေး အခက်အခဲကြောင့် ဖြစ်သည်ဟုပြောသည်။ ယင်းအပြင် ကိုယ်ဝန်ရှိနေသည်ကို စစ်ဆေးမည့်ကိရိယာများလည်း မရှိ၍ကိုယ်ဝန်ရနေသည်ကိုပင် ကိုယ်တိုင်မသိခဲ့ဟု ပြောသည်။
"မထင်မှတ်ဘဲရလာတာကို မသိလို့၊ ပေါ့ပေါ့ဆဆနေမိလို့၊ အလုပ်တွေကိုပင်ပင်ပန်းပန်း လုပ်မိလို့အခုလို သန္ဓေသားလေးပျက်စီးသွားရတာ"ဟု စိတ်မကောင်းစွာဖြင့်ပြောပြသည်။
လက်ရှိရခိုင်တစ်ပြည်လုံးတွင် စစ်ကောင်စီ၏လမ်းပိတ်ထားမှုကြောင့် ဆေးဝါးများ ပြတ်လပ်လျက်ရှိသည်။နည်းလမ်းအမျိုးမျိုးဖြင့် ဒေသတွင်း ရှာဖွေရောင်းချရသည့် ဆေးဝါးများကိုလည်း လူကုံထံနှင့် လူလတ်တန်းစားအသိုင်းအဝိုင်းလောက်သာ အများအားဖြင့် ဝယ်ယူသုံးစွဲနိုင်ကြသည်။
လက်လုပ်လက်စားများအတွက်မူ နေမကောင်းသော်လည်း ဆေးဆိုင်အနားမှတောင်ဖြတ်သန်းမသွားရဲကြတော့ဟု ဒေသခံများကဆိုသည်။ငွေမရှိပါက နေမကောင်းဖြစ်ရန် မကောင်းသည့်ကာလဟုလည်း ပြောဆိုကြသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးတရုပ်ရွာတွင် စစ်ဘေးရှောင်နေသူ မမိဖြူက ယခုကြုံနေရသည့်ကျန်းမာရေးစောင့်ရှောက်မှုအခက်အခဲအကျပ်အတည်းများကို မိမိတစ်ဦးတည်း ကြုံနေရခြင်းမဟုတ်ဘဲအားလုံးကြုံနေရခြင်းဖြစ်သည်ဟုသာ နှလုံးသွင်းနေမိတော့သည်ဟု ပြောသည်။
"ကိုယ့်ထက် ကျန်းမာရေးဆိုးဝါးတဲ့လူတွေလည်းဒီလိုဖြတ်သန်းနေရတာပဲဆိုပြီး အားတင်း ထားတယ်။ ဒီစစ်ပွဲကြီး ဒီရခိုင်ပြည်ကြီးရောင်နီပြန်သမ်းလာမှာကိုပဲ မျှော်လင့်ချက်နဲ့အသက်ရှင်နေပါတယ်"ဟု ဆိုသည်။
ရခိုင်တွင်လက်ရှိ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေမှာ အချို့မြို့များတွင် ဆေးခန်းရှိသော်လည်းဆေးနှင့် ဆရာဝန်မရှိ။ ဆေးရုံဆေးခန်းရှိသော်လည်းစစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရစရာမရှိအောင် ပြိုပျက်သွားပြီ။ဗုံးကြဲမခံရသည့် ဆေးရုံ ဆေးခန်းအချို့ရှိသော်လည်းနားလည်တတ်ကျွမ်းသည့်ဆရာဝန်များက ပြည်မဘက်သို့ထွက်ခွာ စစ်ဘေးရှောင်နေကြ၍ သာမန်ဆေးဝန်ထမ်းများဖြင့်သာ ဆေးကုသမှုအပိုင်းကို ရုန်းကန်နေကြရသည်။
ယင်းကြောင့်လက်ရှိတွင် မိမိကိုယ်ကိုယ်ကို အနာတရာ အထိအခိုက်မဖြစ်ရအောင်သာကြိုးစားနေထိုင်နေကြရသည်ဟု ဒေသခံများက ဆိုကြသည်။
အလားတူကိုယ့်ကျန်းမာရေးကို သာမန်အချိန်ထက် လက်ရှိဆေးဝါးရှားပါးနေသည့်အချိန်တွင်ပိုမိုဂရုစိုက်သင့်သည်ဟုလည်း ရခိုင်အမျိုးသမီးအဖွဲ့အစည်းတစ်ခုမှ တာဝန်ခံအမျိုးသမီး တစ်ဦးကအကြံပြု ပြောသည်။
"ကျမပြောချင်တာက လက်ရှိ အခုမိုးရာသီရေတွေကြီးရင်လည်းရေတွေကိုကျိုချက်သောက်။ နွေးနွေးထွေးထွေးနေကြ။ အဓိက ကိုယ့်ခန္ဓာကိုယ်ကို ဘာရောဂါမှဝင်မလာအောင် အထူး ဂရုစိုက်သင့်ပါတယ်"ဟု ပြောသည်။
လက်ရှိတွင်ရခိုင်၌ မကျန်းမမာဖြစ်လျှင် ဆေးဝါးရှားပါး၍ ရန်ကုန်သို့သွားရောက် ကုသမည်ဆိုပါကလည်း လွယ်သည်တော့မဟုတ်။ ကုန်းအထပ်ထပ်၊ရေအတန်တန်ကို ဖြတ်ကျော်သွားနေရသည်။စစ်ကောင်စီ၏အတားအဆီးအထပ်ထပ်ကိုလည်းဖြတ်ရသည်။ ဂိတ်ကြေးများကိုလည်း သိန်းနှင့်ချီပေးနေရသည်ဟုသွားလာဖူးသူများက ဆိုသည်။
ယင်းသို့သွားလာမည်ဆိုပါက အချိန်ကုန်သည်။ ငွေကုန်သည်။လူပင်ပန်းသည်။ ခရီးကလည်း ကြမ်းသည်။အခြေအနေဆိုးသည့်လူနာဖြစ်ပါကမတော်လျှင် လမ်းခရီးအတွင်း အသက်ဆုံးရှုံး သွားနိုင်သည်။ယင်းကြောင့် သိပ်တော့ အရဲမစွန့်ရဲကြ။ခံစားနေရသည့်ဝေဒနာကိုရှိသည့်ဆေးမြီးတိုများဖြင့်သာမသေရုံတမယ် ကုသနေကြရသည်။
"အာရောဂျံ ပရမံ လာဘံ"။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်သည်။မကျန်းမာလျှင် စိတ်သွားတိုင်း ကိုယ်မပါသလိုဘာမျှလည်း လုပ်၍မရ။ ယင်းကြောင့် ဒေသခံပြည်သူများမှာ စစ်ပွဲကာလအတွင်း ထမင်းမငတ်ရေးနှင့်အတူဆေးဝါးအကူအညီနှင့် ကျန်းမာရေး စောင့်ရှောက်မှုများရရှိရေးကိုလည်းအားကိုးတကြီး မျှော်လင့်နေကြသည်။
ပုဏ္ဏားကျွန်းမြို့မှစစ်ဘေးရှောင် ဒေါ်ဖြူလှကမူ အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိဘဲအသက်ရှင်ရပ်တည်ရေးအတွက်သာ လုံးပန်းနေရ၍ သားလျှောပြီးနောက်သူမခံစားနေရသည့်ဝေဒနာများကို အရေးမစိုက်နိုင်ဖြစ်နေရသည်ဟုပြောသည်။
"ကျမတို့မိသားစုက လက်လုပ်လက်စားဆိုတော့ ပါလာသမျှငွေကြေးတွေလည်း ကုန်ပြီ။ ဝေဒနာကိုတောင့်ခံရုံကလွဲပြီးမတတ်နိုင်ဘူး"ဟုလည်း ညည်းဆိုလိုက်သည်။