Preview

မြန်မာ့ဇာတ်ခုံပေါ်တက်ပြီး ဘီလူးဆိုင်းတီးလာသည့်ပေါက်ဖော်ကြီး

Web Master | အောက်တိုဘာ ၂၉/ ၂၀၂၄ | ကြည့်ရှုသူ :1205
ဆောင်းပါး
"မြန်မာ့ဇာတ်ခုံပေါ်တက်ပြီး ဘီလူးဆိုင်းတီးလာသည့်ပေါက်ဖော်ကြီး"

(ဂျေတီ-ရေးသည်)နိရဉ္စရာ (ဆောင်းပါး)၊ အောက်တိုဘာ ၂၉/၂၀၂၄

ပေါက်ဖော်ကြီးတရုတ်သည် မြန်မာ့အရေးနှင့်ပတ်သက်ပြီးကန့်လန့်ကန်နောက်ကွယ်ကနေ အချိန်ပြည့်ကစား နေသည်ကို အားလုံးကသိရှိထားကြပြီးဖြစ်သည်။

ယနေ့မျက်မှောက်ကာလဖြစ်သည့် စစ်ကောင်စီအကြပ်ရိုက်နေချိန် လိပ်ခဲတည်းလည်း မြန်မာ့အရေး အခြေအနေ ၊ညီနောင်အဖွဲ့၏အုပ်ချုပ်မှုလက်အောက်သို့ကျရောက်နေ သည့် ရှမ်းမြောက်အရေး၊စစ်ကောင်စီလက်ကိုင်တုတ်များ၏ တရုတ်မုန်းတီးရေးလှုပ်ရှားမှု၊ မန္တလေးရှိကောင်စစ်ဝန်ချုပ်ရုံးပေါက်ကွဲမှုအရေးတို့သည် ကန့်လန့်ကာနောက်ကွယ်မှာရှိနေသည့် ပေါက်ဖော်ကြီးအတွက် ဟန်ဆောင်ပြီး မနေသာတော့။ကန့်လန့်ကာနောက်ကွယ်တွင်ပုန်းလျှိုးကွယ်လျှိုး မနေသာတော့။ ကန့်လန့်ကာရှေ့ကို ကမူးရှူးထိုးထွက်ချလာသည်။ မြန်မာ့အရေး ဇာတ်ခုံပေါ်တက်ကာ ဘီလူးဆိုင်းဖြင့်ပွဲကြမ်းပြလာသည်ကိုတွေ့၇သည်။

တောင်းဆိုသံလား၊သတိပေးသံလား၊ ရာဇသံလား..

မကြာသေးမီရက်ပိုင်းကဖြစ်သည်။ မန္တလေးရှိတရုတ်ကောင်စစ်ဝန်ချုပ်ရုံးတိုက်ခိုက်ခံခဲ့ရသည်။ တိုက်ခိုက်ခံရမှုအပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနေပြာခွင့်ရပုဂ္ဂိုလ်ကသတင်းရှင်းပွဲတွင်ယခုလိုထုတ်ပြောခဲ့သည်။

" တိုက်ခိုက်မှုကိစ္စရပ်ကိုသေချာစုံစမ်းစစ်ဆေး၍ လုပ်ဆောင်သူကို အစွမ်းကုန်ကြိုးပမ်းဖမ်းဆီးကာ ပြင်းထန်စွာပြစ်ဒဏ်ပေးရန် အလားတူကိစ္စများထပ်မံမဖြစ်ပွားစေရန်မြန်မာဘက်ကိုသတိပေးခဲ့ကြောင်း" ၄င်းက နိုင်ငံတကာသတင်း မီဒီယာများကို ကမ္ဘာသိ ထုတ်ပြောခဲ့သည်။

သြဂုတ်လအတွင်းကဖြစ်သည်။ မင်းအောင်လှိုင်၏မီးစိမ်းပြမှုကြောင့်တပ်ထောက်ခံသူများကလမ်းပေါ်ထွက်ကာ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြောင်ပြောင်ထင်းထင်း ပြုလုပ်ခဲ့သည်။ မကြာမီဝမ်ယိအသံယခုလိုထွက်ရှိလာသည်။

"တရုတ်-မြန်မာဆက်ဆံရေးအား သွေးကွဲအောင် လုပ်ဆောင်နေမှု နှင့်တရုတ်နိုင်ငံအား အိုးမဲသုတ်အပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှု မှန်သမျှကိုဆန့်ကျင် ကြောင်း " ဝမ်ယိ က သတိပေးခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး(၁)နှစ်မပြည့်မီအတွင်း ပေါက်ဖော်ကြီး ကျောထောက်နောက်ခံပြုပေးထားသည့် ညီနောင်အဖွဲ့များက ရှမ်းမြောက်ဒေသရှိ မြို့တော်နှင့်မြို့များ၊တိုင်းစစ်ဌာချုပ်တွေကို သိမ်းပိုက်ခဲ့သည်။ လက်ဇောင်း ထက်နေသည့် ညီနောင်အဖွဲ့ ကိုလည်း လိမ်မာရိုကျိုးအောင်ဆုံးမသွန်သင်၇လိမ့်မည်ဟု ပေါက်ဖော်ကြီးက သတိပေး ခြိမ်းခြောက်ခဲ့သေးသည်။

ပေါက်ဖော်ကြီး၏လေသံကတိုက်တွန်း တောင်းဆိုသည်။သတိပေးပြောဆိုသည် ထက်ပိုပြင်းထန်လာသည်။ ဒီပလိုမေစီဘောင်ကို ကျော်လွန်လာသည်။

ရာဇသံ ပုံ ပေါက်လာသည်။ လူသန်း(၅၀) ကျော်နေထိုင်သည့်နိုင်ငံတစ်ခုအပေါ် မထီလေးစား ပြုမူလာသည်ကို တွေ့ရသည်။ မန္တလေးရှိတရုတ်ကောင်စစ်ဝန်ချုပ်ရုံးတိုက်ခိုက်ခံခဲ့ရမှုသည် ထိုင်ဝမ်ကို စစ်သွားကစားနေသည့် ပေါက်ဖော်ကြီးလည်း မန္တလေးဖြစ်စဥ်အပေါ်ရှော့ရသွားပုံရသည်။ ဥသျှောင်ပိုင်းအထိ ကို ဂရက်ရိုက်ခတ်သွားသည်။ အလားတူ ကိစ္စများ ထပ်မံ မဖြစ်ပွားစေရန် မြန်မာဘက်ကို သတိပေး စကားချက်ခြင်းတုန့်ပြန်ခဲ့သည်။အကျိုးစီးပွားသာပဓာန ထားသည့် ပေါက်ဖော်ကြီးသည် စစ်ကောင်စီ နှင့် ပေါ်ပေါ်ထင်ထင်ပေါင်းဖက်ပြလာခဲ့သည်ကိုတွေ့၇သည်။

ဆက်ဆံရေး အနိမ့်အမြင့် လှိုင်းလုံးများ..

မြန်မာနိုင်ငံသည် ၁၉၄၉ခု၌ ကွန်မြူနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုစတင်တည်ထောင်ချိန်တွင် ကွန်မြူနစ်နိုင်ငံမဟုတ်သည့် နိုင်ငံအနေဖြင့် ပထမဆုံးအသိအမှတ်ပြုခဲ့သည့် နိုင်ငံဖြစ်သည်။ ၁၉၅၀ ခု၊ ဇွန်လ (၈)ရက်တွင်မြန်မာနှင့်တရုတ်တို့ သံခင်းတမန်ခင်းထူထောင်သည်။ ၁၉၅၄ ခု၊ ဇွန်လ ၂၉ ရက်တွင်မိတ်ဆွေဖြစ်မှုနှင့် အပြန်အလှန် ကျူးကျော်တိုက်ခိုက်မှုမပြုရေးနိုင်ငံချင်းသဘောတူစာချုပ်နှင့် ပူးတွဲကြေညာချက်တစောင် ထုတ်သည်။ ယင်းတွင်ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးမူ ၅ ရပ်အပေါ်တွင် အခြေခံသည်။"ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး" ဟူသော စကားလုံး၏အစပင်ဖြစ်သည်။

ထို့ကြောင့်လည်းမြန်မာပြည်သူများအကြား တရုတ်ကို ပေါက်ဖော်ကြီးဟုလည်း သိထားကြသည်။ သို့ရာတွင်၁၉၆၇ ခုနှစ် တွင် တရုတ်-ဗမာအရေးအခင်းဖြစ်ပြီးသည့်နောက် နှစ်နိုင်ငံဆက်ဆံရေးနှာစေးသွားခဲ့သည်။ ၁၉၇၀ နောက်ပိုင်းမှ နယ်နိမိတ်သတ်မှတ်ရေးအစ်ရှူးတွင် မြန်မာကယူနန်ပြည်နယ် ဘက်သို့မြန်မာပိုင်မြေအချို့လက်ဆောင်ပေးလိုက်ခြင်းဖြင့် နှာစေးနေသည့် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ဦးမော့လာစေခဲ့သည်။ ၁၉၈၈ခုနှစ်စစ်တပ်က အာဏာသိမ်းပြီး နှောင်းပိုင်း ကာလတွင် နှစ်နိုင်ငံအကြား ရွှေလမ်းငွေလမ်း များပင်ဖောက်ခဲ့ကြသည်။ မြန်မာစစ်ခေါင်းဆောင်များသည် ပေါက်ဖော်ကြီးတရုတ်ကို ကျောက်ဖြူ၊မြစ်ဆုံနှင့် သဘာ၀ဓါတ်ငွေ့၊ တွင်းထွက်၊သယံဇာတစသည့်အကျိုးစီးပွားအများအပြားကိုတရုတ်ဆီထိုးအပ်ခဲ့ပြီး ၄င်းတို့၏အာဏာကိုအသက်ဆက်ခဲ့၇သည်။

ကန့်လန့်ကာနောက်ကွယ်က ပေါက်ဖော်ကြီး

ပထဝီနိုင်ငံရေးအရ(Proxy War) ကြားခံစစ်အတွက် နယ်စပ်တစ်လျှောက်၊ အထူးသဖြင့် ရှမ်းမြောက်တခွင်တွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ပေါက်ဖော်ကြီး က ကျောထောက် နောက်ခံပြုပေးခဲ့သည်။ ၂၀၂၃ခုနှစ်၊အောက်တို့ဘာ(၂၇)တွင်၁၀၂၇ စစ်ဆင်ရေး စတင်သည်။ ထိုစစ်ဆင်ရေး၏နောက်ကွယ်တွင် ပေါက်ဖော်ကြီးရှိနေခဲ့သလား။ အတက်၊အကျ၊မြင့်ချီ၊နိမ့်ချီ၊ မတည်ငြိမ်သည့် မြန်မာ့နိုင်ငံရေးဇတ်ခုံ၏ ကန့်လန့်ကာ နောက်ကွယ်တွင်ပေါက်ဖော်ကြီးရှိနေခဲ့သလား။ ဆိုသည့်မေးခွန်းများသည် မြန်မာပြည်သူ၊ပြည်သား သန်းပေါင်း(၅၀)ကျော်တို့ အကြားတွင် ထွက်ပေါ်လာခဲ့သည်။ဝါရှင်တန်အခြေစိုက်အကြံပေးအဖွဲ့တစ်ခုဖြစ်သည့်Stimson Center မှအရှေ့အာရှအစီအစဉ်၏တွဲဖက်ဒါရိုက်တာဖြစ်သူYun Sun ကယခုလိုမှတ်ချက်ပြုခဲ့သည်။

"တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်ရှိ နယ်မြေများကိုသိမ်းပိုက်ရန် တရုတ်က တိတ်တဆိတ် ခွင့်ပြုပေးခဲ့သည်ဟုမှတ်ချက်ပြုခဲ့သည်။ ဆိုရသော်ကျားဖြန့် အရေးခေါင်းစဉ်တပ်ပြီး ညီနောင်အဖွဲ့ကိုရှမ်းမြောက်နယ်မြေတွင်တိုက်ပွဲဖော်ဆောင်ရန် ပေါက်ဖော်ကြီးက မီးစိမ်းပြခဲ့ခြင်းလည်းဖြစ်သည်။

မင်းအောင်လှိုင်နှင့် ပေါက်ဖော်ကြီး တို့ ဆက်ဆံရေး ချိန်ခွင်လျှာ

၂၀၂၂ခုနှစ်၊ ဇူလိုင်(၄) ရက်တွင်(၇) ကြိမ်မြောက် မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးကို ပုဂံတွင်ကျင်းပခဲ့သည်။ ထိုအစည်းအဝေးကို ဝမ်ယိတက်ခဲ့သည်။ နေပြည်တော်ဆီအခစားဝင်လာလေမည်လားဟုမင်းအောင်လှိုင်က စောင့်မျှော်နေခဲ့သည်။ သို့ရာတွင် ဝမ်ယိကအစည်းအဝေးတက်ပြီးသည်နှင့် ပုဂံကနေ စိနပြည်သို့တန်းပြန်သွားခဲ့သည်။ ထိုအချင်းအရာကြောင့် မင်းအောင်လှိုင်က ဝမ်ယိအပေါ် အမျက်တော်ရှခဲ့ဖူးသည်။

တရုတ် ထိပ်တန်းပိုင်းအချို့နေပြည်တော်လာကြသည်။ သမ္မတဟောင်းဦးသိန်းစိန်၊စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်းတို့ တရုတ်ပြည် ခြေချခဲ့သည်။ သို့ရာတွင် မင်းအောင်လှိုင်အဖို့၃နှစ်ကျော်ကာလအတွင်း စိနမြေပေါ်သို့ခြေချခွင့်မရသေးပေ။ ထို့ကြောင့်လည်းအငုံ့စိတ်ဓါတ်ခံရှိသည့် မင်းအောင်လှိုင်၏ အတွင်းစိတ်တွင် ပေါက်ဖော်ကြီးကိုမုန်းတီးနေခဲ့သည်။ ညီနောင်သုံးဖော် က ၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ၁၀၂ရစစ်ဆင်ရေး စခဲ့သည်။ စစ်ရေး အဟုန်မြင့်လာမှုနှင့်အတူ စစ်တပ်သည်ဖရိုဖရဲ၊ကစဥ့်ကလျားဖြစ်ခဲ့ရသည်။ ရှမ်းမြောက်မြို့တော် လားရှိုးနှင့်တိုင်းစစ်ဌာချုပ် ရမခ တို့ကိုလက်လွှတ်လိုက်ရသည်အထိအရှက်တကွဲရှုံးနိမ့်ခဲ့ရသည်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင် က နိုင်ငံကြီးတစ်ခုက ကူညီပေးခဲ့သည့် အတွက်ထိုသို့ ကျရှုံးခဲ့ခြင်း ဖြစ်ကြောင်းပေါက်ဖော်ကြီးကိုသွယ်ဝိုက်ညွှန်းဆိုစွပ်စွဲပြစ်တင်ခဲ့သည်။

မင်းအောင်းလှိုင်အနေဖြင့် တရုတ်ခေါင်းဆောင်များ၏အဖက်လုပ်ခြင်းကို လည်းမခံရ။စစ်ပွဲများတွင်လည်းရှုံးပွဲများစွာ ကြုံနေရသည့် မင်းအောင်လှိုင်က ရှုံးမဲမဲကာ စစ်လော်ဘီများကို တရုတ်ဆန့်ကျင်ရေးအော်ခိုင်းရန်မီးစိမ်းပြခဲ့သည်။ ထို့အပြင် ကြံ့ခိုင်ရေးခေါင်းဆောင် မှတဆင့်ရုရှားကို စစ်ကူတောင်းခိုင်းသည်။မြန်မာပြည်တောင်ပိုင်းရှိ မဟာဗျူဟာ အလွန်ကျသည့် ပင်လယ်ရေလမ်းကြောင်းပေါ်ရှိထားဝယ်အထူးစီးပွားရေးဇုန်ကိုရုရှားဆီထိုးအပ်သည်။

မင်းအောင်လှိုင်ကသူ့ကို လူရာမသွင်းခဲ့သည့် တရုတ် ကိုတန်ပြန်တိုက်ကွက်ဖော်လိုက်သည့်အတွက်ပေါက်ဖော်ကြီး ပျာယာခတ်သွားသည်။ မြန်မာကို ၄င်း၏သြဇာအောင်တွင်သာထားရှိရန် အစီစဥ်တကျ ကြံစည်ထားသည့်တရုတ်ကြီးကလည်း ရုရှားဝင်လာမည်ကိုအလိုမကျ။ မြန်မာမှတဆင့် အိန္ဒိယ အိုးရှင်းဘက်ဆီခြေဦးပြင်နေသည့်ပေါက်ဖော်ကြီးကလည်း အကျိုးစီးပွားထိခိုက်လာမည့် အရေးအတွက် မင်းအောင်လှိုင်ကိုဝမ်ယိကပြန်ချော့၇တော့သည်။

ပေါက်ဖော်ကြီး၏ ပလေးကွက်များ

ထို့အတူညီနောင်အဖွဲ့ က ဖက်ဒရယ် ဒီမိုကရေစီအင်အားစု များ၊ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီကို ခေါင်းရွက်ထားသည့်အမေရိကန်နှင့်အနောက်နိုင်ငံများနှင့် ရင်ချင်းထိစပ်သွားမည်ကို စိုးရိမ်သည်။ လားရှိုးတွင်လေဆိပ်ရှိသည့်အတွက်လည်း ဝေဟင်လမ်းကြောင်း လုံခြုံရေးအတွက်လည်း စိုးထိတ်လာသည်။ ဒီမိုကရေစီနှင့်ဖက်ဒရယ်အသံကို တရုတ်နယ်စပ်အနားရောက်ရှိလာမှာကို ပေါက်ဖော်ကြီးက မနှစ်မြို့။ ထို့ကြောင့်လည်းမင်းအောင်လှိုင်က ညီနောင်အဖွဲ့သည် အမေရိကန်ထံမှ သန်း ၂၀၀ ၇နေသည်။ NUG ,PDF များနှင့်လက်တွဲနေသည်ဆိုသည့်အကြောင်းကို အသံလွှင့်ခဲ့သည်။ “၀“ခေါင်းဆောင်များနှင့်တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ ဆွေးနွေးခဲ့သည်ဆိုသည့် သတင်းတစ်ခုပေါက်ကြားလာခဲ့သည်။

တရုတ်သည်လားရှိုးမြို့အား MNDAA သိမ်းပိုက်ခြင်းအပေါ်အသိအမှတ်မပြုကြောင်း၊ MNDAA အနေဖြင့်အမေရိကန်နှင့် အနောက်အုပ်စုက ထောက်ပံ့ထားသော NUG၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)များနှင့်ပူးပေါင်းနေပြီး စစ်တပ် ပြုတ်ကျရေး ရှေ့တန်းတပ်ဦးဖြစ်နေကြောင်း တိန့်ရှီကျွင်းကပြောဆိုခဲ့သည်။ MNDAA အနေဖြင့်NUG နှင့်စစ်ရေး၊ နိုင်ငံရေးအ၇ပူးပေါင်း ခြင်း၊ စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလေး နှင့်တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံး၀ပြုလုပ်မည်မဟုတ်ဟု ဆိုMNDAAကလည်းကြေညာချက်ထုတ်ခဲ့ရသည်။MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊နိုင်ငံရေးအ၇ပူးပေါင်း ခြင်း၊ စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလေး နှင့်တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံး၀ပြုလုပ်မည်မဟုတ်ဟု MNDAAက စက်တင်ဘာလ(၄)ရက်စွဲဖြင့် ထုတ်ပြန်ချက် တစ်စောင် ကို ထုတ်ပြန်ခဲ့၇သည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် MNDAAကတရုတ်နိုင်ငံအနေဖြင့် လက်ရှိတစ်နေ့ထက်တစ်နေ့ပိုမိုဆိုးဝါးလာသောမြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးပါရန်အထူးမေတ္တာရပ်ခံအပ်ပါကြောင်းနှင့် မိမိတို့အနေဖြင့်လည်းချက်ချင်းအပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့်တက်တက်ကြွကြွ ပူးပေါင်းကာပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံးဆွေးနွေးသောလမ်းစဉ်ဖြင့်အဖြေရှာဖြေရှင်းသွားပါမည်ဖြစ်ကြောင်းပါရှိသည် ကိုတွေ့၇သည်။

ဝင်းဝင်းဂိမ်း (သို့မဟုတ်) ပုလင်းတူ ဗူးဆို့

ထို့ကြောင့် ယနေ့ဖြစ်ပွားနေသည့် အချင်းအရာများကိုသတ္တုချကြည့်ရမည်ဆိုလျင် စစ်ကောင်စီနှင့်ပေါက်ဖော်ကြီးတို့သည် အလုံးစုံပျက်သုံးမည့် ဇီးရိုးဂိမ်းကို မကစား။နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် ဝင်းဝင်း ဂိမ်းဆီ နှစ်ဦးသားလက်ဝါးရိုက်ကာ အကွက်ရွှေ့လိုက်ကြခြင်းဖြစ်သည်။ "ပုလင်းတူ လို့ ဗူးဆို့"ကြခြင်းသာဖြစ်သည်။ စစ်ကောင်စီကိုအပြုတ်တိုက်နေသည့်တိုင်းရင်းသားလက်နက်ကိုင်များနှင့်PDF များကလည်းတစ်နေ့တစ်ခြားလက်သံပြောင်လာသည်။ စစ်ကောင်စီကလည်း အကျအရှုံးများစွာဖြင့် တစ်နေ့တစ်ခြား ပရုပ်လုံးလိုလုံးပါးပါးလာ နေသည်။ ရှုံးချက်များစွာဖြင့် အထိနာနေသည့်စစ်ကောင်စီ သည်ပေါက်ဖော်ကြီးကမ်းပေးသည့် တုတ်ကောက်ကိုအားပြုပြီး လမ်းဆက်လျောက်ဖို့ပြင်လာသည်။ရွေးကောက်ပွဲကနေတဆင့်ထွက်ပေါက်ရှာဖို့ပြင်လာသည်။ထိုမှတဆင့်တရားဝင်အစိုးရအဖြစ်နိုင်ငံတကာကအသိအမှတ်ပြုခံ၇လိမ့်မည်ဟုစစ်ကောင်စီကစိတ်ကူးယဉ်အိပ်မက်၊ မက်နေသည်။

"လက်ဝါးဘယ်လိုရိုက်ကြမည်လဲ"

လာမည့်နိုဝင်ဘာလအတွင်းစစ်ကောင်စီခေါင်းဆောင်တရုတ်သွားမည်ဆိုသည့်သတင်းပေါ်လာသည်။ လာမည့်နိုဝင်ဘာလအတွင်းစစ်ကောင်စီခေါင်းဆောင်သည် ပေါက်ဖော်ကြီးတို့၏ စိနမြေသို့ အလည်သွားမည်ဖြစ်သည်။ အာဏာသိမ်းပြီး(၄)နှစ်နီးပါးသို့ချဉ်းနင်းဝင်ရောက်လာစဉ် အတွင်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ပထမဆုံးအနေဖြင့်တရုတ်သွားမည်ဆိုသည့် သတင်းထွက်ပေါ်လာခဲ့သည်။ထိုခရီးစဥ်တွင်စစ်ကောင်စီနှင့် ပေါက်ဖော်ကြီးတို့ မည်သည့်ကိစ္စများအပေါ်"လက်ဝါးဘယ်လိုရိုက်ကြမည်လဲ"ဆိုသည့်အပေါ်စောင့်ကြည့်ရပေမည်။ တရုတ်နိုင်ငံသည်NUG အစိုးရနှင့် တော်လှန်ရေးအဖွဲ့များကို ထောက်ခံခြင်းမှ ရှောင်ကြဉ်ခဲ့သော်လည်းမြန်မာစစ်တပ်ကိုမူ ထောက်ခံ မှုပြုနေလျက်ရှိသည်ဟုYun Sun က ဆိုသည်။ ၄င်း၏ နောက်ဆုံးမှတ်ချက်ပြု စကားကတော့ထိမိလှသည်။

" မြန်မာစစ်တပ်နဲ့မြန်မာနိုင်ငံကို တရုတ်က ဘယ်တော့မှ လက်လွှတ်ခံမှာ မဟုတ်ဘူး။"

#တရုတ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.