(ဂျေတီ ရေးသည်)
နိရဉ္စရာ (သုံးသပ်ချက်ဆောင်းပါး) ဒီဇင်ဘာ ၁၂/၂၀၂၄
"အာဆတ် ပြုတ်ကျသွားပါ ပြီ" "ဆီးရီးယားပြည်သူတွေအတွက် သမိုင်းတွင်မယ့် အခွင့်အလမ်းပါ" " အာဆတ်လိုမင်းအောင်လှိုင် လည်း ထွက်ပြေးရဖို့ ချိန်တန်ပြီ" "ဆီးရီးယားအပြီးနောက်ထပ်အောင်ပွဲကမြန်မာ ဖြစ်ပါတယ်"ဒီအသံတွေက တော့ဆီးရီးယားရဲ့အာဏာရှင် အာဆတ် ပြုတ်ကျအပြီး၊ မော်စကိုဆီ ထွက်ပြေးသွားပြီးနောက်ဂယက်ထလာတဲ့ အသံတွေပါ။
"အာဆတ် ပြုတ်ကျသွားပါပြီ၊ဆီးရီးယားဟာ အာဏာရှင်လက်အောက်ကနေလုံး၀ ကိုလွတ်မြောက်သွားပါပြီ"ဒီစကားသံကတော့ဆီးရီးယားပြည်သူတွေနဲ့ တစ်ကမ္ဘာလုံးထံပေးပို့လိုက်တဲ့ဆီးရီးယားတော်လှန်ရေးအဖွဲ့ခေါင်းဆောင်ရဲ့သတင်းစကားပါ။
"ဆီးရီးယားမှာ အာဆတ်အစိုးရ ပြုတ်ကျသွားတာဟာ ဆီးရီးယားပြည်သူများအတွက် သမိုင်းတွင်မယ့် အခွင့်အလမ်းဖြစ်ပါတယ် " ဆိုတဲ့စကားသံကတော့အာဏာရှင်အမုန်းဆုံးနိုင်ငံ၊ကမ္ဘာ့ စူပါပါဝါကြီးအမေရိကန်နိုင်ငံရဲ့ သမ္မတကြီးက ဆီးရီးယားနိုင်ငံသစ်ကပြည်သူတွေဆီကို နှုတ်ခွန်းဆက်ကြိုဆိုလိုက်တဲ့ စကားပါ ။
"ဆီးရီးယားမှာ အာဏာရှင်ခေါင်းဆောင်တစ်ယောက် အရှုံး ပေး ထွက်ပြေးရသလို၊ မင်းအောင်လှိုင် လည်း လက်မြှောက် အရှုံးပေးပြီးထွက်ပြေးသွားရအောင် အလုပ်နဲ့သက်သေပြဖို့ချိန် တန်ပြီ" NUG ယာယီသမ္မတ ရဲ့စကားသံတွေဘဲဖြစ်ပါတယ်။
ဆီးရီးယားနဲ့အာဏာရှင်အာဆတ်ကျဆုံးခန်း
ဆီးရီးယားဟာ၁၉၄၁ ခုနှစ် စက်တင်ဘာလ ၁ ရက်မှာ ပြင်သစ်ထံကနေ လွတ်လပ်ရေးရခဲ့ပါတယ်။ဒါပေမယ့်၁၉၄၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကျမှသာ ပြင်သစ်အစိုးရက ဆီးရီးယားအစိုးရထံ အာဏာလွဲပြောင်းပေးခဲ့ပါတယ်။ ၁၉၄၆ ခုနှစ် ဧပြီလမှာ နိုင်ငံခြားစစ်တပ်များအားလုံး ဆုတ်ခွာပေးခဲ့ပြီးမှသာ လုံးဝလွတ်လပ်တဲ့နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့တာပါ။
အဲဒီနောက် အာဆတ်မိသားစုဟာ ဆီးရီးယားနိုင်ငံကို နှစ်ပေါင်း (၅၀) ကျော်ကြာ ဖိနှိပ် အုပ်ချုပ်လာခဲ့ပါတယ်။
အာဆတ်ရဲ့ဖခင် ဖြစ်သူ ဟာဖက်ဇ် ဟာ ၂၀၀၀ ပြည့်နှစ်မှာ ကွယ်လွန်သွားခဲ့လို့ အာဆတ်ဟာ သမ္မတဖြစ်လာခဲ့ပါတယ်။၂၀၁၁ မှာ အာဆတ်အစိုးရတပ်ဖွဲ့များက ပစ်ခတ်မှုများကြောင့် ဆီးရီးယားနိုင်ငံတစ်ဝှမ်းအစိုးရဆန့်ကျင်ရေး စိတ်ဓာတ်များ ပျံ့နှံ့သွားခဲ့ရပါတယ်။ သူပုန် လို့ဆိုထားတဲ့ (တော်လှန်ရေး) တပ်ဖွဲ့များနဲ့ အာဆတ် စစ်တပ်များအကြား ပဋိပက္ခတွေ စတင် ဖြစ်ပွားခဲ့တာပါ။
ဒါကြောင့် ဆီးရီးယားဟာ (၁၃)နှစ်ကျော်ကြာ ပြည်တွင်းစစ်ရဲ့ဒဏ် ကို အလူးအလဲခံခဲ့ရပါတယ်။သန်းပေါင်းများစွာဒုက္ခသည်တွေလည်းအိမ်နီးချင်းနိုင်ငံတွေဆီထွက်ပြေးသွားခဲ့ရပါတယ်။ဆီးရီးယားရဲ့ မြောက်ဘက်မှာတူရကီ၊ အရှေ့ဘက်မှာ အီရတ် ၊ တောင်ဘက်မှာဂျော်ဒန်၊ အနောက်ဘက်မှာ မြေထဲပင်လယ်နဲ့ လက်ဘနွန်နိုင်ငံတို့ရှိကြပါတယ်။ပြည်တွင်းစစ်ကြီးကြောင့် လူ (၅)သိန်းလောက် သေဆုံးခဲ့ပြီး လူ(၁၂)သန်းလောက် နေအိမ်စွန့်ခွာပြီးထွက်ပြေးခဲ့ကြရပါတယ်လို့ဘီဘီစီရဲ့ဖော်ပြချက်အရသိရပါတယ်။
ဆီးရီးယားတော်လှန်ရေးသမားတွေဟာ ဒီဇင်ဘာ (၈)ရက်မှာဆီးရီးယားမြို့တော်ဒမတ်စကပ်စ်ကိုလျှပ်စီးအဟုန်နဲ့၀င်ရောက်လာပြီးနာရီပိုင်းအတွင်းမှာဘဲ သိမ်းပိုက်လိုက်လို့ ဆီးရီးယားနိုင်ငံကို ရာစု နှစ်ဝက်ကျော်ကြာ မင်းမူခဲ့တဲ့အာဏာရှင်အာဆတ်နဲ့သူ့ရဲ့အစိုးရကတော့ ပြုတ်ကျလို့သွားခဲ့ရပါတယ်။
၂၀၁၁ ခုနှစ်မှာအာရပ်နွေဦးဆိုတဲ့ ဆန္ဒပြမှုတွေက နေ မှစတင်ခဲ့တဲ့ အာဏာရှင်တော်လှန်းရေးဟာ (၁၃နှစ်)အကြာမှာတော့ နိဂုံးသတ်သွားခဲ့ရပါတယ်။
ဆီးရီးယားတော်လှန်ရေးသမားတွေရဲ့ ကြီးမားတဲ့ လှိုင်းဂရက်ကြောင့် အာဏာရှင် အာဆတ်လည်း ၊ ယူကရိန်းနဲ့ စစ်ခင်းနေရတဲ့မဟာမိတ်ကြီး ရုရှားတို့ရှိရာ မော်စကိုဆီ လွင့်စင်လို့သွားရပါတော့တယ်။
" အခုဆိုရင် ဆီးရီးယားဟာ အာဏာရှင်လက်အောက် ကနေ လွတ်မြောက်လို့သွားပြီဖြစ်ပါတယ်။ အာဏာရှင်အာဆတ်နဲ့ အစိုးရကို ကျွန်တော်တို့ ဖြုတ်ချခဲ့ပါပြီ"လို့ဆီးရီးယား တော်လှန်ရေးခေါင်းဆောင်ကရုပ်မြင်သံကြားမှတဆင့် မိန့်ခွန်း ပြောကြားခဲ့ရာမှာအထက်ပါအတိုင်း ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
ဆီးရီးယားကြောင့်သွေးပျက် နေရတဲ့မင်းအောင်လှိုင်
ဆီးရီးယားရဲ့ ထင်မှတ်မထားရလောက်တဲ့၊အသက်ရှူမှားလောက်ရတဲ့ သမိုင်း၀င်ဖြစ်ရပ်ကြီးဟာ ဆီးရီးယားရဲ့ ကယ်တင်ရှင်ကြီး ရုရှားအပါအ၀င် တစ်ကမ္ဘာလုံးကအံ့သြမှင်သက်သွားခဲ့ရပါတယ်။ဒါ့အပြင် အာဏာရှင်အာဆတ်ကျဆုံးခန်းဟာလက်နက်အားကိုးပြီးပြည်သူကိုခြိမ်းခြောက် ၊ဗိုလ်ကျ ပြ နေတဲ့ကမ္ဘာပေါ်ကလက်တစ်ဆုပ်စာလောက်သာရှိတဲ့ အာဏာရှင် နိုင်ငံတွေထံကိုလည်း သတိပေးခေါင်းလောင်းထိုး သံအဖြစ်အချက်ပေးတပ်လှန့်လိုက်တာလည်းဖြစ်ပါတယ်။
အထူးသဖြင့်၊ ပူပူနွေးနွေး မောင်တော၊အမ်း၊ မံစီ၊ ဗန်းမော် စတဲ့ နယ်မြေ အပါအဝင် မြို့နယ်ပေါင်း (၈၀)ကျော် အသိမ်းခံထားရ ၊ မြန်မာ့နယ်မြေ ဧရိယာ မြောက်များစွာကိုလက်လွတ်ဆုံးရှုံးခံနေရ၊ ICC ရဲ့ ဖမ်း၀ရမ်းထုတ်မယ့်သတင်း နဲ့ ထမင်းလုံး တစ္ဆေ ခြောက်ခံနေရ၊ လက်အောက် ငယ်သားတွေ၊တပ်ထောက်ခံသူတွေရဲ့ဒေါင်းတူအပ် ပြန်ပက်မှုတွေခံနေရ၊ နိုင်ငံရေး၊စီးပွားရေးကလည်း မနိုင်မနင်း ကသောင်းကနင်း နဲ့ ၊ အတွင်းဗဟိုအထိလှိုက်စားခြင်းခံနေတဲ့ အင်စတီကျူးရှင်း ၊စတဲ့အရေးများစွာနဲ့ ဗျာများနေရတဲ့ အာဏာရှင် မင်းတြားကြီး မင်းအောင်လှိုင်အဖို့ ကတော့ဆီးရီးယားဖြစ်ရပ်ဟာ သူ့အတွက် နောက်ထပ် သွေးပျက်တုန်လှုပ်ဖွယ်ရာဖြစ်ရပ်တစ်ခုဘဲဖြစ်ပါတယ်။
ဆီးရီးယား ဂယက်ဟာ အခြားနိုင်ငံများကိုတိုက်ရိုက် သို့မဟုတ်သွယ်ဝိုက်ပြီး၊ ရိုက်ခတ်နိုင်မှုမရှိဘူးလို့ဆိုလို့ရပေမယ့် ဆီးရီးယားဖြစ်စဥ်နဲ့ ရာနှုန်းပြည့်နီးပါးထပ်တူကျနေတဲ့ စစ်အာဏာရှင်မင်းအောင်လှိုင် ဆီအကြီးအကျယ် ရိုက်ခတ်လာမှာဖြစ်ပါတယ်။
ဒါကြောင့်လည်းဆီးရီးယားနိုင်ငံမှ အာဏာရှင် သမ္မတ ဘာရှားအာဆတ်ပြုတ်ကျပြီး နိုင်ငံမှ ထွက်ပြေးသွားရသလို မင်းအောင်လှိုင်နဲ့ အပေါင်းပါ တွေဟာ အရှုံးပေးပြီးထွက်ပြေးသွားရအောင်ကျွန်တော်တို့အလုပ်နဲ့သက်သေပြကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ယာယီသမ္မတဖြစ်သူ ဒူဝါလရှီးလ က ဒီဇင်ဘာ(၁၀)ရက်ကပြုလုပ်ခဲ့တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်း ပြောဆိုလိုက်တာတွေ့ရပါတယ်။
ရှော့ခ်ရသွားတဲ့ ရုရှား
ဆီးရီးယားဖြစ်ရပ်ဟာရုရှားကိုယ်တိုင်အကြီးအကျယ် အံ့အားသင့်ခဲ့ရကြောင်းကရင်မလင်ကထုတ်ပြောခဲ့ရတဲ့အထိဖြစ်ခဲ့ရပါတယ်။ရုရှားဆိုတာကဆီးရီးယားကိုမြန်မာထက်အဆပေါင်းများစွာ စစ်လက်နက်အပါအ၀င် များစွာသောအကူအညီတွေထောက်ပံ့ပေးထားတဲ့နိုင်ငံပါ။ရုရှားဟာ ဆီးရီးယားကို စစ်အေးကာလ အစောပိုင်းကတည်းကထောက်ပံ့ကူညီပေးလာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအထိ ဆီးရီးယားမှာ ရုရှား တပ်ဖွဲ့ဝင်အင်အား ၇၅၀၀ လောက် ရှိပါတယ်။ အများစုက တာတွတ်စ်လို စစ်အခြေစိုက် စခန်းတွေမှာ အခြေချ နေကြတာပါလို့ ဘီဘီစီကရေးသားဖော်ပြချက်တွေအရသိရပါတယ်။
သမ္မတအာဆတ်ကို ကျားကန်ပေးထားဖို့ ၂၀၁၅ မှာ ထောင်ချီတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေကို ဆီးရီးယားဆီ စေ လွှတ်ထားခဲ့ပါတယ်။နိုဝင်ဘာ(၃၀)ရက်ကတည်းကဆီးရီးယားနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့အလက်ပိုမြို့ကိုတော်လှန်ရေးအဖွဲ့တွေက၀င် ရောက်သိမ်းပိုက်ခဲ့တုန်းကလည်း ရုရှားဟာအလက်ပိုမြို့မကျရေးအတွက် အာဆတ်ဘက်က နေ လေကြောင်းပစ်ကူတွေပေးခဲ့ပါသေးတယ်။
ရက်ပိုင်းအတွင်းမှာပဲ ရုရှားရဲ့ ဆီးရီးယားက အစီအစဥ်တွေ မယုံနိုင်စရာကောင်းလွန်းတဲ့ ပုံစံနဲ့ ပျက်စီးသွားခဲ့ရတာ ဖြစ်ပြီး ရုရှားတို့ဟာ ဒါကို တားဆီးဖို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။အခုလို အာဆတ်အစိုးရ ပြုတ်ကျသွားတာဟာ ရုရှားရဲ့ ဂုဏ်သိက္ခာကို ထိုးနှက်ခံရမှု တစ်ခု ဖြစ်ပါတယ်လို့ ဘီဘီစီကဆိုပါတယ်။
ဆီးရီးယား သမ္မတ အာဆတ်ကို ဆယ်စုနှစ် တစ်စုလောက် အာဏာတည်မြဲအောင် အသက်ဆက်ပေးနေခဲ့တာဟာ ရုရှားရဲ့ စစ်ရေးအကူအညီတွေဘဲ ဖြစ်ပါတယ်။ဒါပေမဲ့ ပြီးခဲ့ ရက်ပိုင်းအတွင်းမှာတော့ ဘယ်လိုမှ မျှော်မှန်းမထားတဲ့ ဖြစ်ရပ်ကြီး ဖြစ်ခဲ့ချိန်မှာ ရုရှားလည်း အာဆတ် အာဏာဆက်လက်တည်မြဲရေးအတွက်ဘယ်လိုမှကျားကန်မပေးနိုင်ခဲ့တော့ပါဘူး။မော်စကိုဆီ ထွက် ပြေး လာခဲ့တဲ့အာဆတ် ကိုဘဲ လက်သင့်ခံထားလိုက်ရပါတော့တယ်။
မြန်မာထက်အဆပေါင်းများစွာ စစ်လက်နက်အပါအ၀င် များစွာသောအကူအညီတွေ ရုရှားဆီက နေ ရရှိထားတဲ့ ဆီးရီးယားဟာ အရေးကြုံတဲ့အခါ မှာရုရှားဆီက ကြီးမားတဲ့ အကူအညီမျိုးမရခဲ့ပါဘူး။ယူကရိန်းဖက် စစ်မြှားဦးလှည့်နေရတဲ့ စစ်ပန်းနေတဲ့ ရုရှားကတော့ "တောင်မင်းလည်းမြောက်မင်းမကယ်နိုင်" သလိုဖြစ်ခဲ့ရပါတယ်။
အာဆတ်မှသည်မင်းအောင်လှိုင်ဆီသို့
အာဆတ်ရဲ့ ဖြစ်ရပ်ကလည်း ရုရှားရဲ့ခြေသလုံးကိုပြေးဖက်နေတဲ့မင်းအောင်လှိုင်အတွက် ခိုကိုးရာမဲ့ရတော့မယ့်ကိန်းဆိုက်လို့နေရပြီဖြစ်ပါတယ်။အချင်းချင်း အပြန်အလှန် အကျိုးပြုမှု ဆိုတဲ့ သီအိုရီကလည်း လက်တွေ့မှာ အရာမထင်ကြောင်း အာဆတ်နဲ့ ရုရှားထံမှ မင်းအောင်လှိုင်သင်ယူရမယ့်သင်ခန်းစာအသစ်တစ်ခုဖြစ်လာခဲ့ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ရုရှားသမ္မတ ပူတင်၊ ဆီးရီးယားနန်းကျဘုရင် အာဆတ်တို့ဟာ နိုင်ငံတကာရာဇ၀တ်ရုံး(ICC)ရဲ့ ၀ရမ်းပြေးတွေလည်းဖြစ်ကြပါတယ်။ မင်းအောင်လှိုင်ကိုလည်း၀ရမ်းပြေးစာရင်းသွင်းဖို့ ICC ကကြိုးစားနေချိန်ဖြစ်ပါတယ်။
"မသူတော်ချင်း၊သတင်းလွေ့လွေ့ပေါင်းဖက်တွေ့” ဆိုသလို ICC ၀ရမ်းပြေး အာဆတ် အပြီးမှာမင်းအောင်လှိုင်အလှည့် ထပ်မံ ရောက်ရှိလာလေမလားဆိုတာကိုလည်းစောင့်ကြည့်ရမှာဖြစ်ပါတယ် ။စတန်းဒတ်အာမီလို့ကြွေးကြော်ခဲ့တဲ့မင်းအောင်လှိုင်ရဲ့စစ်တပ်ဟာ အခုချိန်မှာ ဖရိုဖရဲ၊ အလဲလဲအပြိုပြိုနဲ့ အစွယ်ကျိုးတဲ့ စစ်တပ် ဖြစ်လို့နေ ပါပြီ။ "
စစ်တပ်ဟာအမတန်မှတောင့်တင်းခိုင်မာတဲ့ အင်စတီကျူးရှင်းတစ်ခုဖြစ်တယ်။စစ်တပ်ကိုအလွယ်တကူနဲ့တွန်းဖြိုလို့မရနိုင်ဘူး" လက်နက်ကိုင်လမ်းစဥ်ကိုဝေဖန်ပြစ်တင်ခဲ့ဖူးတဲ့နာမည်ကြီးနိုင်ငံရေးသမား တစ်ဦးရဲ့ ဟောကိန်းကလည်း ခုချိန်မှာတက်တက်စင်အောင်မှားယွင်းလို့နေပါပြီ။
"အောင်မြင်တဲ့ Revolution တွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်DIP လို့ဆိုတဲ့ အချက် (၃)ခုကိုသွားတွေ့ရတယ်။ (D)ဆိုတာက Defection ဘက်ပြောင်းခိုလှုံခြင်း၊ (I) ဆိုတာက International Pressure နိုင်ငံတကာဖိအား ၊ (P)ဆိုတာက People Support ပြည်သူလူထုရဲ့ထောက်ခံမှုတွေဘဲဖြစ်တယ်။
မင်းအောင်လှိုင်ဟာပြည်သူတွေကိုအနိုင်ကျင့်ထားလို့ ပြည်သူရဲ့ support ကိုမရဘူး။တော်လှန်ရေးအောင်မြင်ချင်ရင်၊Tipping Point က နေ End Point ကိုအမြန်ရောက်ချင်တယ်ဆိုရင် အဲဒီ ၃ ချက်ကိုမဟာဗျူဟာကျကျအင်အားထပ်ဖြည့်လိုက်မယ်ဆိုရင်End State ကိုသွားတာမြန်ပါ လိမ့်မယ်" ဆိုပြီး ပါမောက္ခဒေါက်တာမီမီဝင်းဘတ်က Myanmar Now နဲ့အင်တာဗျူးတစ်ခုမှာ အကြံပြုပြောဆိုထားတာတွေ့ရပါတယ်။
အာဆတ်ကိုအစပိုင်းမှာပြည်သူတွေကလက်ခံတဲ့အကြောင်း၊နောက်ပိုင်းမှာ ပြည်သူကိုခြိမ်းခြောက်အနိုင်ကျင့်မှုတွေကြောင့်အာဆတ်အပေါ်တွန်းလှန်လာခဲ့ကြတာဖြစ်ကြောင်းအာဆတ်ဟာ မင်းအောက်လှိုင်ထက် smart ပိုကျပြီး educated လည်းဖြစ်တဲ့အတွက် ၁၃ နှစ်ကြာခဲ့ကြောင်း၊ မင်းအောင်လှိုင်ဟာ ၃ နှစ်ကျော်အကြာမှာတင် သူ့ရဲ့စစ်တပ်ဟာ မဖရိုဖရဲဖြစ်လာကြောင်း၊ နိုင်ငံရေး၊စီးပွားရေးတွေမှာနားမလည်သလိုစစ်ရေးလည်းနားလည်သူမဟုတ်ကြောင်းပါမောက္ခဒေါက်တာမီမီဝင်းဘတ်က အာဆတ်နဲ့ မင်းအောင်လှိုင် တို့အကြားခြားနားမှုကိုထောက်ပြသွားတာလည်းတွေ့ရပါတယ်။
ပြည်သူများအတွက် သမိုင်းတွင်မယ့် အခွင့်အလမ်း
"အာဆတ်အစိုးရကို ဖြုတ်ချခဲ့မှုဟာ ဆယ်စုနှစ်နဲ့ချီ ဖိနှိပ်ခံခဲ့ရအပြီးမှာ လုပ်သင့်လုပ်ထိုက်တဲ့ တရားမျှတမှု အခြေခံကျတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါ တယ်၊ဆီးရီးယားမှာ အာဆတ်အစိုးရ ပြုတ်ကျသွားတာဟာ ဆီးရီးယားပြည်သူများအတွက် သမိုင်းတွင်မယ့် အခွင့်အလမ်းဖြစ်ပါတယ် " လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဆိုခဲ့ပါတယ်။
ဆီးရီးယားဒုက္ခသည်တွေကိုလက်ခံထားရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့တူရကီရဲ့နိုင်ငံခြားရေးဝန်ကြီး ဟက်ကမ် ဖီဒန် က "အခုချိန်ဟာ ဆီးရီးယားပြည်သူတွေအနေနဲ့ ကိုယ့်တိုင်းပြည်ရဲ့ အနာဂါတ်ကို ကိုယ်ကိုယ်တိုင် ပုံဖော် တည်ဆောက်ရမယ့် အချိန် ဖြစ်ပါ တယ်"လို့ ဆိုသွားပါတယ်။
ဆီးရီးယားအပြီးမြန်မာအလှည့်လား
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့တူရကီ နိုင်ငံခြားရေးဝန်ကြီး တွေရဲ့မှတ်ချက်စကားဟာပြည်သူတွေသာအခရာပါ။ပြည်သူတွေသာ ကိုယ့်တိုင်းပြည်ရဲ့ အနာဂါတ်ကို ကိုယ်ကိုယ်တိုင် ပုံဖော်ရမယ်လို့ဆိုထားပါတယ်။ပြည်သူများအတွက် သမိုင်းတွင်မယ့် အခွင့်အလမ်းဖြစ်ပါတယ်။ ထိုအချက်ကို ထောက်ရှုရမယ်ဆိုရင် မြန်မာနိုင်ငံမှာအာဏာရှင်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြုတ်ကျသွားမှသာပြည်သူတွေသာ ကိုယ့်တိုင်းပြည်ရဲ့ အနာဂါတ်ကို ကိုယ်ကိုယ်တိုင် ပုံဖော်ခွင့်ရကြမှာဖြစ်ပါတယ်။ပြည်သူများအတွက် သမိုင်းတွင်မယ့် အခွင့်အလမ်းကိုဖန်တီးခွင့်ရလာမှာဖြစ်ပါတယ်။ဆီးရီးယား ဖြစ်ရပ်ဟာ "ညောင်ဦးကမ်းပါးပြို"တာစမ္ပာနဂိုရ်က နွားမပေါင်ကျိုး"တာနဲ့ မဆိုင်ဘူးလို့ သုံးသပ်မယ် ဆိုရင်တော့ အမှားကြီးမှားပါလိမ့်မယ်။
ဆီးရီးယားကမ်း ပါးပြိုလို့ ပြည်သူ့လက်ထဲကအာဏာကိုလုယူခဲ့တာ (၄)နှစ် ပြည့်တော့မယ့်အာဏာရှင်မင်းအောင်လှိုင်နဲ့စစ်အစိုးရအတွက်တော့နွားမပေါင်ကျိုးရတော့ မယ့်ကိန်းဆိုက်နေပြီလို့ဆိုရမှာဖြစ်ပါတယ်။
ရုရှားရဲ့ခြေသလုံးကိုပြေးဖက်နေတဲ့မင်းအောင်လှိုင်အတွက်ကတော့ အာဆတ်လို ခိုကိုးရာမဲ့ထွက်ပြေး ရတော့မယ့်ကိန်းဆိုက်လို့နေပါပြီ။ NUG ၊ PDF ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ပြည်သူတွေအားလုံးကညီညီညွတ်ညွတ်နဲ့အတူတကွလက်တွဲလုပ်ဆောင်ဖို့သာလိုပါတော့တယ်။
နောက်ထပ်အောင်ပွဲက မြန်မာလား
ဆီးရီးယားအပြီးမှာနောက်ထပ်အောင်ပွဲခံမယ်နိုင်ငံက မြန်မာနိုင်ငံပဲ ဆိုပြီးဆီးရီးယားပြည်သူတွေက အားပေးစကားပြောဆိုနေကြတဲ့အသံတွေကိုတော့ခုချိန်ထိ ကြားနေရပါတယ်။ပါမောက္ခဒေါက်တာမီမီဝင်းဘတ်ရဲ့မှတ်ချက်စကားကတော့ထိမိလွန်းလှပါတယ်။ "ဆီးရီးယားဟာ မြန်မာနိုင်ငံရဲ့ရှေ့ပြေးတစ်ခုလိုဖြစ်နေတယ်။နောက်ထပ်အောင်ပွဲက မြန်မာနိုင်ငံပဲဖြစ်ပါတယ်။"
(ပြီး)