ရေးသားသူ- ညိုမှိုင်းလူ
မညိုမေ တစ်ယောက် သူမရဲ့ သော့ခလောက် ချိုးဖဲ့ခံထားရတဲ့သေတ္တာလေးကို ကြည်ပီး မျက်ရည်တွေစီးကျနေပါတယ်။
သူမဘေးနာက သူငယ်ချင်းတွေက “ဖြစ်တာတစ်ခုဖြစ်သွားပြီ ငိုနေလို့ မထူးတော့ဘူး” လို့ နားချပေမယ့် မညိုမေ တစ်ယောက် တသိမ့်သိမ့်ငိုရင်း မျက်ရည်စက်တွေက ပါးပြင်ပေါ်မှာ မိုးရေစက်ကလေးတွေလို တစ်ပေါက်ချင်း ကြွေကျနေပါတော့တယ်။
ဘ၀နဲ့ ရင်းနှီးပြီး အနှစ်နှစ်အလလ ကြိုးပမ်းရှာဖွေ စုဆောင်းခဲ့တဲ့ မိသားစုတွေ ပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာတွေ။ ဒီရှိတာတွေ အကုန်လုံး အခိုးခံလိုက်ရတော့ တခဏအတွင်းမှာတော့ မညိုမေတစ်ယောက် သူငယ်ချင်းတွေ နားချပေမယ့် ဘယ်လိုမှ ဖြေမဆည်နိုင်အောင် ဖြစ်နေပါတယ်။
ဒီဇင်ဘာ ၂၁ ရက်နေ့က ရွှေတိဂုံဘုရားကို သွားပြီး အခန်းကို ပြန်လာတော့ သူမရဲ့ သေတ္တာထဲက သူမမိသားစုပိုင် ရွှေတွေနဲ့ အတူသူမရဲ့ လုပ်ငန်းထဲက အပ်ထည်တွေ အကုန်လုံး ခိုးယူခံထားရပါတယ်။ လမ်းထွက်ရင် ရွှေဝတ်မသွားနဲ့ဆိုလို အခန်းထဲက သေတ္တာထဲမှာသိမ်းထားခါမှ အခုလို အဖြစ်ဆိုးနဲ့ ကြုံရတာပါ။
မညိုမေက ရခိုင်ပြည်နယ် လေးမြို့မြစ်ကမ်းဘေးကျေးရွာတစ်ရွာကပါ။ လက်ရှိ ရွှေပြည်သာမှာ အပ်ချုပ်ရင်း ဘ၀ကို ရုန်းကန်နေသူ တစ်ဦးပါ။ ဆောက်လက်စ မပြီးပြတ်သေးတဲ့ တိုက်တစ်ခုရဲ့ ဒုတိယအထပ် အခန်းကျဉ်းကလေးတစ်ခုမှာ ရခိုင်က သူငယ်ချင်းမိန်းခလေးနှစ်ဦးအတူ ငှားရမ်းနေထိုင်နေကြတာပါ။
ရွှေတိဂုံဘုရားကို သွားရင်း ပြန်လာတဲ့အချိန်မှာ သူမပိုင် သံသေတ္တာလေးက သော့ခလောက် ချိုးဖျက်ခံထားရပြီး သေတ္တာထဲက သူမပိုင် ရွှေထည် လက်ဝတ် လက်စား ၅ ကျပ်ကို ခိုးယူခံလိုက်ရပါတယ်။
သူမရဲ့ သူငယ်ချင်းတွေက လက်ဝတ်လက်စားတွေ ထားတဲ့နေရာများ မှားနေသလား သေချာရှာကြည့်ဆိုပေမယ့် မညိုမေက ခေါင်းကို တွင်တွင်လေးခါရမ်းလိုက်ပါတယ်။
“ခိုးသွားတာသေချာပါတယ်သူငယ်ချင်း။ ဒီလက်ဝတ်ရတနာတွေသာမက အကျီတွေ၊ အထည်တွေပါ အကုန်ယူသွားတာ။ ဒီမှာ ကြည့်ပါလား။ သော့ခလောက်ကို ဖျက်ထားတာကို” မညိုမေက မျက်ရည်စတွေ ဘယ်စီးညာစီးနဲ့သူ ငယ်ချင်းမလှမေကို သော့ခလောက်ကို မေးငေါ့ပြရင်း ပြောလိုက်ပါတယ်။
အခန်းပြူတင်းပေါက်ကနေ ကျော်ဝင်ပြီး ခိုးသွားတာကို မလှမေ သိထားပေမယ့်လည်း စိတ်သက်သာရာ သက်သာလိုရငြား မညိုမေကို မလှမေက နှစ်သိမ့်စကားဆိုနေတာပါ။
“ဒါဆိုရင် ရဲစခန်းကို သွားတိုင်မလေ။ ဒီအမှုက ခိုးမှု၊ ဒီအမှုကို ရဲစခန်းသွားအမှုဖွင့်မှ ဖြစ်မယ်”လို့ မလှမေက မညိုမေကို အကြံပြုပါတယ်။
အမှန်တကယ်က ဒီလို ပြစ်မှုတွေကို ရဲစခန်းမှာ သွားပြီ အမှုဖွင့်ရမယ် ဆိုတာ မညိုမေ တစ်ယောက် သိရပါတယ်။ ခိုးသွားတဲ့ သူခိုးကိုလည်း တကယ့်ကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ပေးရမှာပါ။ ဒါပေမယ့်လည်း ဒီလို အချိန်ကာလမျိုးမှာ ရဲစခန်းကို သွားတိုင်ရင် ခိုးသွားတဲ့ ရွှေကို ပြန်မရတဲ့အပြင် အခြေအနေက ပိုဆိုးသွားနိုင်တာကို သိနေတာမို့ မလှမေ အကြံပြုတဲ့ အပေါ် မညိုမေက ခေါင်းခါငြင်းလိုက်ပါတယ်။
“ မဖြစ်ဘူးသူငယ်ချင်း။ အခုအချိန်မှာ ရဲစခန်းသွားတိုင်ရင် ပျောက်သွားတဲ့ ရွှေကို မရတဲ့အပြင် ၁၁ မျဉ်းစောင်းဆိုတာနဲ့ အဖမ်းခံရနိုင်တယ်။ စစ်မှုထမ်းဖို့ ခေါ်သွားနိုင်တယ်။ ဒီဥပဒေနဲ့ ဆွဲထားလိုက်ရင် ဘယ်လိုလုပ်မလဲ။ ငါတို့က ၁၁ မျဉ်းစောင်းကိုင်ထားသူတွေလေ။ တစ်ခုနဲ့ မဟုတ်ရင် တစ်ခုနဲ့ ပြဿနာလုပ်မှာ”လို့ မညိုမေက မလှမေကို ပြောလိုက်ပါတယ်။
မညိုမေက ခုမှ အသက် ၂၄ နှစ်ဆိုတော့ စစ်မှုထမ်းဥပဒေမှာပါတဲ့ အသက်အရွယ်နဲ့ အကျုံးဝင်တာမို့ သူမ ရဲစခန်းကို သွားအမှုဖွင့်မယ့် အကြံပြုတိုက်တွန်းတဲ့ မလှမေရဲ့ အကြံကို လက်ခံဘဲ ခေါင်းခါ ငြင်းလိုက်ပါတယ်။
“ နင်ပြောသလို အမှန်တကယ်တော့ ဒီပျောက်ဆုံးမှုက ရဲကို တိုင်ရမှာပါ။ ဒါပေမယ့် ရဲကို သွားတိုင်ရင် စစ်ဆေးမေးမြန်းတာတွေ လုပ်လာနိုင်သလို မသကာ စစ်မှုထမ်းဖို့ ဆွဲခေါ်ခံရနိုင်တယ်။ ရခိုင်ဆိုတာနဲ့ ဒီမှာ ပြစ်မှုမြောက်နေပြီ။ သူတို့ ငါတို့ကို တစ်ခု မဟုတ်ရင် တစ်ခုခုနဲ့ ငြိစွန်းတယ်ဆိုပြီး လုပ်လာနိုင်တယ်။ ရဲစခန်းသွားတိုင်ရင် ကိုယ်တို့အတွက်ဘာမှ ပိုထူးခြားမလာဘဲ ပိုနစ်နာစရာဖြစ်သွားနိုင်တယ်လို့ “ မညိုမေက မလှမေကို ပြန်ပြောလိုက်ပါတယ်။
တကယ်တော့ ခုလို လက်ဝတ်လက်စားတွေ အခိုးခံရတာကို လူသိရှင်ကြားပြောပြီး လိုက်လံ စုံစမ်းချင် ပေမယ့် စုံစမ်းရင် အိမ်ပိုင်ရှင်ထိရောက်သွားနိုင်ပြီး အဲဒီကတစ်ဆင့် ရပ်ကွက်လူကြီးတွေထိ ရောက်သွားနိုင်ပါတယ်။ ခုလို အခြေအနေတွေကြောင့် ဒီခိုးမှုကို တိုင်ကြားချင်ပေမယ့် ပြောခွင့်မသာဖြစ်နေရတဲ့ အပေါ်မှာလည်း မညိုမေတစ်ယောက် ရင်ထုမနာဖြစ်နေရပါတယ်။
"ကိုယ့်ဆီက ရွှေကို ခိုးသွားပေမယ့် မတိုင်ရဲတဲ့ဘ၀၊ ယုတ်စွအဆုံး အခန်းပိုင်ရှင်ကိုတောင် ဖွင့်မပြောရဲတဲ့ဘ၀" ပါလားဆိုပြီး မိမိရဲ့ ဘ၀ကို စဉ်းစားရင်း မျက်ရည်တွေ ပါးပြင်ပေါ်ကနေ ကြမ်းပြင်ပေါ်ကို တစ်စက်ချင်း ကျဆင်းနေပါတယ်။
ဒီရွှေခိုးမှုကို ရဲစခန်းအပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ အခန်းပိုင်ရှင်တွေကို တိုင်ကြားရမှာ ဖြစ်ပေမယ့် ကိုယ်က ရခိုင်မိန်းခလေးဖြစ်နေတာကြောင့် သွားမတိုင်ရဲဘဲ ဖြစ်နေပါတယ်။
ရခိုင်ဆိုတာနဲ့ အလိုလို မသင်္ကာတဲ့ မျက်လုံးနဲ့ ဒေါက်ထောက်ကြည့်နေချိန်မှာ ရဲစခန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားတိုင်ရင် ရွှေပြန်မရတဲ့ အပြင် စစ်မှုထမ်းဖို့ ဆွဲခေါ်ထားလိုက်ရင် ရွှေဆုံးတဲ့အပြင် လူပါ ဒုက္ခရောက်သွားနိုင်တာမို့ ကြိတ်မှိတ်ခံစားရုံက လွှဲပြီး ဘာမှ မတတ်နိုင်တော့အခြေအနေပါ။
ဒီရွှေတွေဆိုတာကလည်း အလုပ်အကိုင်မရှိသလို စစ်ပွဲတွေအခြေအနေတွေကြောင့် ရန်ကုန်သွားမယ့်နေ့မှာ သူမရဲ့ မိခင်က ရန်ကုန်ဆို ပိုလုံခြုံတယ်။ ဥပဒေစိုးမိုးမှု ရှိတယ်ဆိုပြီး သိမ်းဆည်းထားဖို့ အမေက သူမနဲ့ အတူ ထည့်ပေးလိုက်တာပါ။
အခုတော့ ရန်ကုန်က ငါတို့ရခိုင်အမျိုးသမီးတွေအတွက် ပိုပြီး မလုံခြုံဖြစ်နေရပါလားလို့ တွေးရင်း မညိုမေ စိတ်မကောင်းဖြစ်နေရတာပါ။ ရန်ကုန်ရောက်နေတဲ့ ရခိုင်မိန်းခလေးတွေက စက်ရုံအလုပ်ရုံမှာ လုပ်တာတောင် မလုံခြုံတဲ့ ဘ၀နဲ့ ရင်ဆိုင်နေကြတာပါ။ ဘယ်နေ့ ဧည့်စာရင်းစစ်ပြီး ဖမ်းခံရမလဲ။ ဖုန်းတွေကို ဖွင့်စစ်ရင်း အေအေပုံတွေတွေ့တယ်ဆိုပြီး ဆွဲခေါ်ခံရမလဲဆိုတာကို စိုးရိမ်နေရတာပါ။
မိသားစုနဲ့ ဝေးကွာပြီး ရန်ကုန် အလုပ်လာလုပ်ကြတဲ့ ရခိုင်မိန်းခလေးတိုင်း လက်ရှိအခြေအနေမှာ ဘာမှ အာမခံချက်မရှိသလို အချိန်မရွေးအဖမ်းခံနိုင်ရတဲ့ အနေအထားမို့ မညိုမေတစ်ယောက်လည်း ရန်ကုန်မှာ ဘ၀အခြေအနေ မလုံခြုံသလို ခံစားနေရချိန်မှာ သူမရဲ့ သေတ္တာ အဖောက်ခံခဲ့ရတာပါ။
ဟိုတစ်လောတုန်းကလည်း သူမရဲ့ အသိ ရမ်းဗြဲဘက် မိန်းခလေးနှစ်ဦးကို မြို့ထဲက ရွှေပြည်သာအပြန်မှာ ကားမှတ်တိုင်မှာ ရဲနှင့် ရပ်ကွက်လူကြီးတွေက စစ်ဆေးစရာ ရှိတယ်ဆိုပြီး မှော်ဘီက စစ်သားစုဆောင်းရေးကို ပို့လိုက်တယ်လို့ ဆိုပါတယ်။
မညိုမေတစ်ယောက်ကတော့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတဲ့ အချိန်မှာ ဒီပူပင်သောကက မမျှော်လင့်ဘဲ အလည်ရောက်လာတော့ ပျောက်သွားတဲ့ ရွှေထည်တွေနဲ့ အတူ အမေရဲ့ မျက်နှာလေးကို ပြေးမြင်တမ်းတဖြစ်နေမိပါတယ်။
မညိုမေတို့မှာက အဖေရယ်၊ အမေရယ်။ အစ်ကိုကြီးရယ်။ ညီမလေး ညိုညိုရယ်။ မိသားစု ၅ ဦးရှိတာပါ။ အစ်ကိုကြီးက မလေးရှားမှာ အလုပ်လုပ်ရင်းနဲ့ ခုအချိန်ထိ အိမ်ထောင်မပြုဘဲ မိသားစုကို ထောက်ပံ့နေတာပါ။
မညိုမေ လေးမြို့ချောင်းဒေသမှာက အများစု လယ်ယာနဲ့ ဥယာဉ်ခြံမြေတွေ စိုက်ပျိုးကြပါတယ်။ ဒါပေမယ့်လည်း ဥယျာဉ်ခြံက တစ်ဝမ်းတစ်ခါးအတွက်သာ အဆင်ပြေပြီး စီးပွားဖြစ်ဖို့၊ ချမ်းသာဖို့ မလွယ်တဲ့အခြေအနေပါ။ ထွက်လာတဲ့ သီးနှံတွေကို ရောင်းချဖို့ ရခိုင်မှာ စျေးကွက်မရှိတာကြောင့် ခြံဥယာဉ်လုပ်ငန်းက လက်ရှိ အနေအထားမှ အမြတ်အစွန်းနည်းပါးတာမို့ ရခိုင်မှာ စီးပွားဖြစ် အကြီးအကျယ် လုပ်ကိုင်နိုင်ဖို့ အခြေအနေ ရှိမနေသေးပါဘူး။
ဒီအတွက်ရခိုင်ဒေသအတွင်းက အမျိုးသားရော၊ အမျိုးသမီးတွေရော ရေကြည်ရာ မြက်နုရာဆိုသလို ရန်ကုန်အပါအဝင် အိမ်နီးချင်း ထိုင်း၊ မလေးရှားနဲ့ တရုတ်နယ်စပ်တွေကို တရားမဝင် ထွက်ခွာပြီး သွားရောက် အလုပ် လုပ်ကိုင် ကြရပါတယ်။ ရခိုင်မှာရှိတဲ့ မိသားစုတော်တော်များက နိုင်ငံခြားကို အလုပ်သွားလုပ်တဲ့သူတွေရဲ့ ပို့ပေးတဲ့ ငွေကြေးတွေနဲ့ အဆင်ပြေနေကြတာပါ။
ဒီကနေ လေးမြို့ချောင်းတစ်လျှောက်လုံးမှာရှိတဲ့ ထိုထိုထောင်ထောင်မြင်ရတဲ့ တိုက်အိမ်လေးတွေက ကိုယ့်ဒေသက စီးပွားရေးကြောင့် ရလာတဲ့ ငွေနဲ့ ဆောက်ထားကြတာ မဟုတ်ပါဘူး။ နိုင်ငံခြားကို အလုပ်သွားလုပ်တဲ့ သားသမီးတွေ၊ လင်ယောကျ်ားတွေ၊ ညီအစ်ကို မောင်နှမတွေရဲ့ ထောက်ပံ့စာတွေနဲ့ ဆောက်လုပ်ထားကြတာပါ။
မိသားစုတွေ အများစုက ရှောင်ရှောင်လည်နဲ့ နေထိုင်နိုင်တာဟာ မိမိဒေသရဲ့ စီးပွားရေးကြောင့် မဟုတ်ဘဲ မလေးရှား၊ ထိုင်းစတဲ့ နိုင်ငံတွေကို သွားလုပ်ကြတဲ့သူတွေက ထောက်ပံ့ပေးတဲ့ငွေတွေနဲ့ အဆင်ပြေနေကြတာပါ။ ရခိုင်ဒေသမှာက ဘာစီးပွားရေးမှ မရှိသလို အများစု မိသားစုတွေက လယ်ယာလုပ်ငန်းနဲ့ နပမ်းလုံးနေကြရတာပါ။
လယ်ယာလုပ်ငန်းက လက်ရှိ အခြေအနေမှာ သွင်းအားစုကများပြီး အမြတ်မရှိတာကြောင့် အများစုလယ်သမားတွေက ဝမ်းစာရရုံ စိုက်ပျိုးကြတာပါ။
ဒီကြားထဲမှာ မညိုမေရဲ့ အမေက အနှစ်နှစ်အလလ စုဆောင်းထားတဲ့ ငွေနဲ့ သားဆီကပို့တဲ့ ပိုက်ဆံနဲ့ ဒီရွှေတွေကို ဟိုခါနည်းနည်း ဒီခါနည်းနည်း အနှစ်နှစ် အလလ ဝယ်ယူ စုဆောင်းလိုက်ပါသေးတယ်။ အခုတော့ အမေ အနှစ်နှစ်အလလ ချွေတာစုဆောင်းထားတဲ့ ပစ္စည်းတွေ အခုတော့ မသမာသူ သူခိုးရဲ့ လက်ထဲ ပါသွားခဲ့ပါပြီ။
အမေမှာလိုက်တဲ့ စကားသံတွေနဲ့ အမေရဲ့ မျက်နှာကို ပြေးမြင်ယောင်မိရင်း မညိုမေ တစ်ယောက် ရင်နင့်ကြေကွဲနေတာပါ။
“သမီးဒီမှာက စစ်ဖြစ်နေတယ်။ တိုက်ပွဲကလည်းနေ့တိုင်းဘဲ။ စိတ်မချရဘူး။ သမီးသူငယ်ချင်း တွေက ခေါ်နေတော့ ရန်ကုန်သွားလိုက်ပါ။ တိုက်ပွဲတွေပြီးတဲ့ ခါ ပြန်လာပေါ့။ ဒီမှာ အမေဆီက စုဆောင်းထားတဲ့ ရွှေတွေကို ယူသွားပါ။ ဟိုမှာ သိမ်းထားပေါ့။ အမေပေးလိုက်တဲ့ ရွှေပုတီး၊ လက်ကောက် ခြောက်ကွင်း၊ လက်စွပ် ၂ ကွင်း၊ စုစုပေါင်း ၅ ကျပ်တဲ့။ ရခိုင်မှာ တိုက်ပွဲဖြစ်နေတော့ စိတ်မချရဘူးဆိုပြီး အိမ်မှာရှိနေတဲ့ ရွှေတွေကို ရန်ကုန် ယူသွားပါဆိုပြီး အမေက ရွှေတွေကို မညိုမေလက်ထဲကို ထိုးထည့်ပေး လိုက်တာပါ။
အမေရဲ့ စကားကို နားထောင်ပြီး ရွှေထည်တွေကို ကျစ်ကျစ်ပါအောင် ထုတ်ရင်း မညိုမတစ်ယောက် ရန်ကုန်မြို့ကို သူမတတ်ထားတဲ့ အပ်ချုပ်ပညာနဲ့ ဘ၀ကို ရုန်းကန် လှုပ်ရှားဖို့လာခဲ့ရတာပါ။
အခုတော့ အနှစ်နှစ်အလလ ချွေးနဲ့စာနဲ့ စုဆောင်းခဲ့တဲ့ မိသားစု တစ်ခုလုံးရဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ အကုန်လုံး ရေနဲ့မျောသလို မျောပါသွားခဲ့ပါပြီ။
ရန်ကုန်မှာ အလုပ် လာလုပ်ပေမယ့် တစ်ဝမ်းတစ်ခါးအတွက် စားရုံသောက်ရုံလောက် သာရတဲ့ ဝင်ငွေနဲ့လည်း ဒီလို ရွှေတွေပြန်ရအောင် စုဆောင်းဖို့ဆိုတာကလည်း မညိုမေအနေနဲ့ ဘယ်လိုမှ မျှော်လင့်လို့ မဖြစ်နိုင်တဲ့ အခြေအနေပါ။
ဒီသတင်းကို ကြားရင် အမေ ဘယ်လောက်ခံစားနေရမလဲ။ အမေ့ရဲ့ မျက်နှာကို ပြေးမြင်ယောင်မိရင်း မညိုမေတစ်ယောက်မျက်ရည်တွေ စီးကျနေပါတယ်။
စစ်ပွဲတွေရပ်ပြီး ရခိုင်ကို ပြန်သွားတဲ့တစ်နေ့ အမေတစ်သက်စုဆောင်းခဲ့တဲ့ လက်၀တ်လက်စားတွေပျောက်ဆုံးသွားတာကို "ဘယ်လို ပြောရပါ့မလဲ။ အမေကို ဘယ်လို ပြောရပါ့မလဲ..." လို့ တွေးရင် မညိုမေ တစ်ယောက် ခေါင်းအုံးလေးပေါ်မှာ မျက်နှာကို မှောက်ချရင်း မျက်ရည်စက်တွေ ပေါက်ပေါက်ကျနေပါတော့တယ်။
(ဖောက်ထွင်းခံခဲ့ရတဲ့ မညိုမေ (အမည်လွှဲ) တို့ရဲ့ အခန်းပုံ)