Preview

လူမျိုးဘာသာမတူညီပေမယ့်တစ်လှေတည်းစီး တစ်ခရီးတည်းအတူသွားသူများ၏ အနာဂတ်ဆက်ဆံရေး

သဉ္ဇာနွယ် | ဒီဇင်ဘာ ၃၀/ ၂၀၂၄ | ကြည့်ရှုသူ :1422
ဆောင်းပါး

သဥ္ဇာနွယ်(ဆောင်းပါး)
နိရဉ္စရာ၊ ဒီဇင်ဘာ ၃၀/၂၀၂၄

တစ်ကျော့ပြန် တိုက်ပွဲကာလတစ်နှစ်ကျော်အတွင်းတွင် ရခိုင်ပြည်ထဲက လွတ်မြောက်နယ်မြေများတွင်တစ်ချိန်က ရန်သူပမာဖြစ်နေကြသည့်​ အာရက္ခပြည်ရှိ ၎င်းလူမျိုးနှစ်ခုဆက်ဆံရေးမှာ တိုးတက် ကောင်းမွန်လာပြီး အတူယှဉ်တွဲနေထိုင်မှု၏ အကျိုးဖြစ်ထွန်းမှုအပေါ်နှစ်ဘက်လူမှုအသိုင်းအဝိုင်းက သဘောပေါက်လာကြပြီဖြစ်သည်။

စစ်အာဏာရှင်တို့ အာရက္ခပြည်ကို မင်းမူအုပ်စိုးစဉ်က အုပ်ချုပ်ရေး လွယ်ကူစေရန် ဤလူမျိုးနှစ်ခုအား ရန်တိုက်သွေးခွဲအုပ်ချုပ်ခဲ့သည်။

ထိုဂယက်၏ အရှိန်သည် အာရက္ခတပ်တော် ရခိုင်ပြည်နယ်မြေအများစုကို သိမ်းပိုက်ပြီးချိန်ထိ လူမျိုးစုနှစ်ခုအကြား ရိုက်ခတ်နေခဲ့ပြီး အာဃတရား၊ မယုံကြည်ခြင်းများဖြင့် တစိမ်းပမာ ရှိနေခဲ့ကြသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက ဤလူမျိုး နှစ်ခုအား အချင်းချင်းကြားအား သွေးခွဲရန်တိုက်ကာ အုပ်ချုပ်လာခဲ့သည်မှာ ၇၈ နှစ်တိုင်ခဲ့ပြီဖြစ်သည်။

ဖိနှိပ်ဆက်ဆံခံရမှုများထဲကတစ်ခုကိုပြောပြလျှင် စစ်ကောင်စီသည် ရခိုင်လယ်သမားများထံမှ ထွက်ရှိသည့်စပါးများကိုတောင်းခံခြင်း၊ မွတ်ဆလင်များဆိုလျှင် စစ်ကောင်စီမှ ပိုမိုဖိနှိပ်ဆက်ဆံမှုများရှိခဲ့သည်ဟု စစ်တွေမြို့နယ်မှလယ်သမားမျိုးရိုးရှိသူ  ရခိုင်ဒေသခံ ကိုမောင်အေးလွင်က    ပြောသည်။

“  နေဝင်းလက်ထက်တုန်းက ပိုခံရတယ်။ရခိုင်တွေက လယ်လုပ်တယ်။မွတ်ဆလင်တွေကိုပိုဖိနှိပ်တယ်။  မြန်မာအစိုးရက လယ်သမားဆိုရင်လယ်သမားအလျှောက် လယ်ဧကအတိုင်းစပါးကိုတင်းနဲ့ပေးရတယ်။ စပါးထွက်ထွက် မထွက်ထွက်ပေးရတယ်။သူတို့တောင်းလွန်းလို့ လယ်သမားတွေက မခံနိုင်တော့ဘူး။ လယ်သမားအားကျဆင်းသွားတာနဲ့ ရခိုင်ပြည်မှာ လယ်သမားစီးပွားဖြစ်တာ သိပ်မရှိတော့ဘူး  “ ဟု ပြောသည်။

တစ်ဦးအိမ်ကို တစ်ဦး သွားလည်၍မရ စကားမပြော ဖြစ်ခဲ့ကြသည့်  ရန်သူအဖြစ် သတ်မှတ်ခံထားရသည့် မွတ်ဆလင်နှင့်ရခိုင်လူမျိုးတို့သည် အတူယှဉ်တွဲနေလာခဲ့ကြသည်မှာ အချိန်ကာလအတိုင်းအတာတခုသို့ ရောက်ရှိနေကြပြီဖြစ်သည်။

ရခိုင်ပြည်နယ်အထဲတွင်စစ်ကောင်စီ၏ ဖိနှိပ်ဆက်ဆံမှုကို ရခိုင်ဒေသခံများအပါအဝင်ရခိုင်ပြည်အတွင်းနေထိုင်ကြသည့် ရခိုင်မျိုးနွယ်စု၊ မွတ်ဆလင်များခံစားလာရသည်မှာ ယနေ့အထိပင်မြင်ဝါးထင်ရှာတွေ့နေကြရသည်။

စစ်ကောင်စီသည်ယခင်က ရခိုင်နှင့်မွတ်ဆလင်များအ‌ပေါ် လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း၊လုပ်ငန်းများလုပ်ကိုင်သည့် အနေအထားပေါ်မှုတည်၍ မတရားအခွန်တောင်းခံခြင်းစသည့် လူ့အခွင့်အရေးအရ ကျူးလွန်မှုများရှိခဲ့ကြောင်းဒေသခံများ၏ ပြောပြချက်အရသိရသည်။

ရခိုင်ပြည်နယ်သည် ရေမြေတောတောင်ထူထပ်ပြီး သဘာဝဓါတ်ငွေ့ပေါကြွယ်ဝပါသော်လည်း  ပြည်မမြန်မာပြည်၏ စီးပွားရေး လျစ်လျူရှုခြင်းခံထားရသည့်အပြင် ခေတ်အဆက်ဆက်အုပ်ချုပ်သူအစိုးရတို့၏ နိုင်ငံရေးအရ နှစ်ပေါင်းများစွာဖိနှိပ်ခံနေရမှုကြောင့် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးအဆင့်၌ ဖျားနာကျနေသည့်ပြည်နယ်တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ခဲ့ပြီး  ရခိုင်အပါအဝင် အခြားတိုင်းရင်းသားလူမျိုးများသည် မဟာဗမာဝါဒီနိုင်ငံရေးခေါင်းဆောင်များနှင့်စစ်ရေးခေါင်းဆောင်များ၏ အောက်တွင် အဖုံးကွယ်ခံကိုလိုနီဘဝနဲ့အသက်ဆက်ခဲ့ရသည်မှာ ယနေ့ ၂၀၂၄ ခုနှစ်ဆိုလျှင်  နှစ်ပေါင်း ၇၆ နှစ်ရှိခဲ့ပြီဖြစ်သည်။

ရခိုင်ပြည်တွင်းက ဒေသခံများမှာလည်း စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများစသည့်ထိုးနှက်ချက် အမျိုးမျိုးကို ခါးသီးစွာ တွေ့ကြုံခံစားရသည်။

ယခင်ဗိုလ်ချုပ်နေဝင်းလက်ထက်မှာရော၊ဗိုလ်ချုပ်သန်းရွှေလက်ထက်မှာရောအုပ်ချုပ်ရေး လွယ်ကူရန်နှင့် ရခိုင်ပြည်သူများကို ရာသက်ပန်ဖိနှိပ်အုပ်ချုပ်နိုင်ရန်အတွက် ( Divide and Rule)  ပေါ်လစီကို ကျင့်သုံးကာ လူမျိုးနှစ်မျိုးအကြား အထင်အမြင်များ လွှဲမှားစေရန် သပ်လျှိုဖြိုခွဲမှုများကို ပြုလုပ်ကာ အုပ်ချုပ်ခဲ့သည်။    

၂၀၁၂ ခုနှစ် ရခိုင်နှင့်မွတ်ဆလင် ပဋိပက္ခမဖြစ်စဥ်ကာလမတိုင်မီက ရခိုင်ဒေသမှပြည်သူများအကြား အချင်းချင်းချစ်ကြည်မှုရှိခဲ့ကာတစ်သားတည်းနေထိုင်ခဲ့ကြသော်လည်းစစ်ကောင်စီ၏ဝါဒမှိုင်းကြောင့် လူမျိုးရေးဘာသာရေး ပဋိပက္ခများက တစ်ဆင့် အဓိဂရုဏ်းများ ဖြစ်ပွားခဲ့ကြရသည်။

၄င်းပဋိပက္ခဖြစ်စဥ်ကာလအတွင်းတွင်လည်း စစ်ကောင်စီသည် ဘာသာရေးအရသွေးထိုးလှုံ့ဆော်ခြင်း၊လူမျိုးရေးအရ သွေးခွဲခြင်းများကြောင့် ရခိုင်နှင့်မွတ်ဆလင်အများအပြားသေဆုံးကာအသက်အိုးအိမ် စည်းစိမ်များလည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြရသည်။

လက်ရှိစစ်ရေးကာလအခြေအနေတွင်လည်း   စစ်ကောင်စီ၏ တမင်ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်မှုကြောင့် စစ်တွေ၊ဘူးသီးတောင်၊မောင်တောဒေသခံမွတ်ဆလင်များမှာ စစ်ကောင်စီမှ “ AAကိုအလိုမရှိ” စသည်ဖြင့် ဆန္ဒပြမှုများ၊ ရခိုင်နေအိမ်များကိုဖြိုဖျက်ခိုင်းခြင်း စသည့် လုပ်ရပ်များကို ခိုင်းစေမှုများရှိခဲ့သဖြင့် ရခိုင်နှင့် မွတ်ဆလင်အကြား စိတ်ဝမ်းကွဲမှုများဖြစ်ပေါ်ခဲ့သည်။

‌ဝါဒဖြန့်ဝေမှု၊ စစ်ကောင်စီလော်ဘီ ချန်နယ်များတွင် လူမျိုးရေးအကြားပဋိပက္ခဖြစ်စေသည့်အရေးအသားများဖြန့်ဝေမှုသည်လည်း ရခိုင်တိုက်ပွဲကာလစတင်ခဲ့သည့် ၂၀၂၃နိုဝင်ဘာမှစ၍ ယခုတစ်နှစ်ကျော်လာသည့်အထိ အတောမသတ်ဘဲ  ဝါဒဖြန့်ချီမှုများဆက်လက် လုပ်ဆောင်လျက်ရှိနေသည်။

စစ်ကောင်စီမှ  လူမျိုးစု ကြီးနှစ်ခုကြားမှာ ပဋိပက္ခဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်ပြီးအမြတ်ထုတ်လေ့ရှိသဖြင့် ရခိုင်ဒေသခံများနှင့် မွတ်ဆလင်များအကြားတွင်သဟဇာတမျှတအောင်နေထိုင်ဖို့က အရေးကြီးသည်ဟု ရခိုင်နှင့်ရိုဟင်ဂျာဘာသာစကားနှစ်မျိုးဖြင့် အသံထုတ်လွှင့်တင်ဆက်နေသည့် Vioce Of Harmony  က အယ်ဒီတာတစ်ဦးက ပြောသည်။

“  အခုလို စစ်ရှုံးနေတဲ့အချိန်ဆို ပိုပြီးသတိထားဖို့ လိုပါတယ်။ဒီလူမျိုးစုနှစ်ခုက ကာလကြာရှည် အတူယှဉ်တွဲပြီး နေထိုင်ခဲ့ကြသလိုဆက်လက်ပြီးလည်း ပဋိပက္ခမဖြစ်ပွားဘဲ ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့ကအာရက္ခပြည်ထူထောင်ရေးမှာ အရေးကြီးတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ဖိနှိပ်မှုအောက်မှ လွတ်‌မြောက်ရန် အခု လက်ရှိ AAကတော်လှန် ရေးလုပ်လာသည့်အခါ မွတ်ဆလင်တွေကလည်း အတူပူးပေါင်းပါဝင်တော်လှန်နေကြ‌ကြောင်း ဒေသအတွင်းက ULA အုပ်ချုပ်‌ ရေးပိုင်းဆိုင်ရာတွင် တာဝန်ထမ်းဆောင်နေသည့် မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။

" မွတ်ဆလင် ရောရခိုင်ရော စစ်ကောင်စီလက်အောက်မှာ အဲ့ဒီဖိနှိပ်မှုဒဏ်တွေကိုမခံချင်လို့  AAဟာ ရခိုင်ပြည်ထဲက ရခိုင်လူသားငါတို့လည်းရခိုင်ပြည်ထဲကလူသား AAရဲ့ဝါဒကိုကြိုက်တယ်။လမ်းစဉ်ကိုကြိုက်တယ်။  ဒါကြောင့်တော်လှန်းရေးမှာ မွတ်ဆလင်တွေပူးပေါင်းလာတယ်" ဟုပြောသည်။

ULAအုပ်ချုပ်ရေး၏အဓိက အာရုံစိုက်သောအချက်မှာ မွတ်ဆလင်များ၊ ရခိုင်ဗုဒ္ဓဘာသာများနှင့် အခြားလူမှုအသိုက်အဝန်းများအကြား “လူမှုညီညွတ်မှု ပျိုးထောင်ရေး” ကိုအားကစားပွဲများနှင့် ပွဲတော်များမှတဆင့် လူမှုအသိုက်အဝန်းများထိတွေ့ဆက်ဆံရေးဖြစ်သည်ဟု  ကျောက်တော်၏ နိုင်ငံရေးမှူး ဦးကျော်ဇောခိုင်က The Diplomat သို့ ဇွန်လ ၁၉ ရက်နေ့တွင် ပြောသည်။

 ULA/AA အနေဖြင့်၎င်း  တို့ ထိန်းချုပ်ထားသည့် လွတ်မြောက်နေ‌မြေများ၊ အပြည့်အဝမထိန်းချုပ်သေးသည့်  မြို့ပေါ် နေရာများတွင်  မွတ်ဆလင် ကွန်မြူနတီနှင့်တခြား လူမျိုးဘာသာပေါင်းစုံ ကြားထဲတွင်  သဟဇာတဖြစ်ရေးကို  အဓိကထားကြိုးပမ်းဆောင်ရွက်နေကြောင်း အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခကပြည်တွင်းမီဒီယာတစ်ချို့ကိုဖြေဆိုခဲ့သည်။

အာရက္ခတပ်တော်၏တော်လှန်ရေးတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်နေသည့် ဒေသခံမွတ်ဆလင်များမှာလည်းတော်လှန်နေသည့်အထဲတွင်  သူ့အဆင့်နဲ့သူနေရာရလာကြသည်ကိုစစ်ကောင်စီသိရှိပြီးနောက်ပိုင်း မွတ်ဆလင်လူငယ်များကိုစည်းရုံး၊အဓမ္မဖမ်းဆီးကာ ခရိုနီနှင့်ပူးပေါင်းကာ စစ်သားအဖြစ်သွင်းသည့်ဖြစ်စဉ်များရှိခဲ့သည်ဟု မြေပြင်ဒေသခံများကပြောသည်။

" စစ်တပ်ကသူဌေးတွေနဲ့ပေါင်းပြီး မွတ်ဆလင်လူငယ်တွေကို မင်းတို့ရခိုင်ကိုတိုက်ရမယ်။မင်းတို့ AAကိုတိုက်နိုင်ရင် ငါ့တို့က မင်းတို့လိုချင်တာပေးမယ်ဆိုပြီးစည်းရုံးသိမ်းသွင်းခဲ့တာတွေလုပ်တယ်။ နောက်ပြီးတော့ အတင်းအဓမ္မဖမ်းတယ်" ဟု စစ်ကောင်စီထံအတင်းအဓမ္မဖမ်းဆီးခံရပြီး လွတ်မြောက်လာသူ ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်တစ်ဦးက ပြောသည်။

RSO၊ARA  ၊ARSAအကြမ်းဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီးလည်းသွေးခွဲမှု၊စစ်ကောင်စီ ယန္တရားအောက်တွင် အုပ်ချုပ်နေသည့် အာဏာရှိပုဂ္ဂိုလ်များလည်းနည်းမျိုးစုံဖြင့်သွေးခွဲသော်လည်းမွတ်ဆလင်အများစုမှာစစ်ကောင်စီ၏သွေးခွဲမှုကို နားလည်သဘောပေါက်၍ အာရက္ခတပ်တော် (AA)နှင့် သာပူးပေါင်းဆောင်ရွက်လာသည်ကို မြင်တွေ့ရသည်ဟု မောင်တောဒေသခံများကပြောသည်။

" မတုံ့ပြန်လို့ရခိုင်တွေနဲ့ပူးပေါင်းလာတယ်။ အခုက စစ်ဘေးရှောင်စခန်းတွေမှာ မွတ်ဆလင်နဲ့ရခိုင်အတူတူ။ ပြဿနာလည်း မရှိဘူး " ဟု  ULAအုပ်ချုပ်မှုအောက်တွင်ရှိသည့်မောင်တောဒေသခံ မွတ်ဆလင်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည်ရခိုင်က တည်ငြိမ်အေးချမ်းစွာနေလိုသည် မွတ်ဆလင်များကို  အတင်းအကျပ်စစ်သားစုဆောင်းပြီး ULA/AA  ကို တိုက်ခိုက်ရန်စေခိုင်းခြင်း၊တိုက်ပွဲများတွင်စစ်သင်တန်းဆင်း မွတ်ဆလင်စစ်သားများကို  အသုံးပြုပြီး  ရည်ရွယ်ချက်ရှိရှိလူမှုအသိုက်အဝန်းများကြား ပဋိပက္ခကို ပိုမိုဆိုးရွားစေရန်ပြုလုပ်ထားကြောင်း သိရသည်။

လက်ရှိမြေပြင်တွင် မွတ်ဆလင်များသည် မည်သူက ရန်သူ၊မည်သူက ကိုယ့်လူဆိုသည့် ရန်သူ၊လူကောင်းခွဲခြားတတ်နေပြီဖြစ်သည်ဟု  စစ်ဘေးရှောင်မွတ်ဆလင်တစ်ဦးက ဆိုသည်။

" ဖိနှိပ်ခံနယ်မြေတိုင်းက လွတ်မြောက်လာတဲ့ နေမြေတိုင်းမှာ မွတ်ဆလင်နဲ့ရခိုင် သတ်လို့သေတာ မရှိကြတော့ဘူး "ဟု ပြောသည်။

လူမှုကွန်ရက်စာမျက်နှာများတွင်  သတင်းမှားဖြန့်ချီတာ၊ ဝါဒဖြန့်ခြင်းစသည့် စစ်ကောင်စီနှင့်စစ်ကောင်စီမဟုတ်သည့်သူများ၏ သတင်းလွှင့်မှုကို သူ့အနေဖြင့်မကြာခဏတွေ့နေရသဖြင့်အာရက္ခတပ်တော်နှင့် ရခိုင်လူမျိုးအ‌ပေါ် အစောပိုင်းကသံသယဝင်စိတ်ဖြစ်မိ‌သော်လည်း  လက်ရှိ‌ မြေပြင်တွင် သူတို့ကိုအမှန်တကယ်နှိပ်စက်ပြီးလက်နက် ကိုင်ဖို့ အတင်းအဓမ္မခေါ်နေသူမှာ ARSA၊ ARA၊RSO တွေ လက်နက်ကိုင်အဖွဲ့ဖြစ်ကြောင်း သိရသည်။

" စစ်တပ်ကလက်နက်တပ်ပေးထားတဲ့ ARSA၊ ARA၊RSO တွေက ကျနော်တို့ကို AA ကို တိုက်ခိုင်းဖို့လိုက်ဖမ်းနေလို့  ထွက်ပြေးရတယ်။ ထွက်ပြေးရင်း ကျနော်တို့ကို AAတွေကတွေ့လို့ နေအိမ်ကိုပြန်လွတ်ပေးတယ်။အခုကြောက်နေရတာက AAကိုမဟုတ်ဘူး" ဟု ၎င်း ထွက်ပြေးလွတ်မြောက်လာသူ မွတ်ဆလင်ကဆိုသည်။

ပြီးခဲ့သည့်နိုဝင်ဘာ ၂၇ ရက်‌ နေ့က ရခိုင်ပြည်နယ်ထဲ မှ မွတ်ဆလင်များအပေါ်ကျူးလွန်ခဲ့သည့်  ရာဇဝတ်မှုများအတွက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ဖို့ လျှောက်လွှာတင်သည့် ကြေညာချက်ကိုနိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)၏ တရားလွှတ်တော်ရှေ့နေ Karin A.A. Khan KC က ICC ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရုပ်သံဖိုင်ဖြင့် ပြောဆိုခဲ့သည်။

စစ်ကောင်စီလက်ထက်က မွတ်ဆလင်များသည် လွတ်လပ်စွာကိုးကွယ်ခွင့်၊‌ဗလီ၊ကျောင်းဆောင်များဆောက်ခွင့် ကန့်သတ်ခံထားခဲ့ရကာ ဘာသာရေးအရလည်း  ဖိနှိပ်ခံခဲ့ရလေသည်။

မွတ်ဆလင်များ၏ ဘုရားကျောင်း၊ဗလီတည်ဆောက်ထားသည့်နေရာများကို စစ်ကောင်စီမှ ဒေသခံရခိုင်လူမျိုးများနှင့်ဝါဒဖြန့်ခြိမ်းခြောက်ကာ ဗလီတွင်ဝတ်ပြုခြင်းများကိုတားမြစ်ခဲ့ပြီး ပိတ်ထားခဲ့ရကြောင်း စစ်တွေမြို့နယ်မှ မွတ်ဆလင်အသိုင်းအဝိုင်းက ဆိုသည်။

" ဗလီနေရာတွေကိုသူတို့နေရာယူတာမျိုးရှိသလို ဖြိုဖျက်ပြီး မြေကွက်ရောင်းစားတာလည်းရှိတယ်။ ပဋိပက္ခဖြစ်အောင်သူတို့ဖန်တီးပြီး ကျနော်တို့ဘာသာရေးအရ ပိတ်ပင်ခံခဲ့ရတယ်" ဟုစစ်‌တွေဘု‌‌ မေကျေးရွာမှ မွတ်ဆလင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်ပွားခဲ့သည့်အချိန်မှစပြီး လူမျိုးစုအသိုင်းအဝန်းနှစ်ခုအကြား အဆင်မပြေမှုတွေရှိနေခြင်းကြောင့်နောက်ထပ်ပြဿနာတွေ ဖြစ်ပွားလာနိုင်သည်ဟုဆိုကာသမ္မတဦးသိန်းစိန်အစိုးရလက်ထက်က မွတ်ဆလင်ကျောင်းသူ /ကျောင်းသားများနှင့်အစ္စလာမ်ဘာသာကိုးကွယ်သည့်  ကမန်မျိုးနွယ်စုများကို တက္ကသိုလ်တက်ခွင့်ပိတ်ပင်ထားခဲ့ကြောင်းသိရသည်။

လက်ရှိရခိုင်‌ဒေသ၏ အုပ်ချုပ်မှုအောက်တွင် ရောက်ရှိနေသည့် မွတ်ဆလင်များမှာ လွတ်လပ်စွာကိုးကွယ်ခွင့်များရလာကြောင်း ရခိုင်ဒေသခံများလက်တွေ့မြင်နေရကြောင်း ဒေသခံများက ဆိုသည်။

ULA /AAသည် ရခိုင်လူမှုအသိုက်အဝန်းများ သာမက မွတ်ဆလင်နှင့် ရခိုင်မှအခြားလူနည်းစု လူမှုအသိုက်အဝန်းများလည်း ပါဝင်သော ဒေသအုပ်ချုပ်ရေးမှူးများခန့်ထားသည်။

လွတ်မြောက် နယ်မြေတချို့တွင်လည်း မွတ်ဆလင် ကျောင်းဆရာ၊ဆေးဝန်ထမ်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊စစ်သားပိုင်ဆိုင်ရာ များရှိနေပြီးကို AA ကထုတ်ပြန်ထားသည့် သတင်း၊ဓာတ်ပုံများအရမြင်တွေ့နိုင်သည်။

လက်ရှိတွင်အာရက္ခတပ်တော်က ထိန်းချုပ်ထားသည့် လွတ်မြောက်နယ်မြေများတွင် ရခိုင်နှင့်မွတ်ဆလင်တို့အကြား၊ မွတ်ဆလင်နှင့် ရခိုင်မျိုးနွယ်စုများအကြားတွင်ပဋိပက္ခအသွင်ဆောင်သည့် လက္ခာရပ်များ အများကြီး လျော့သွားသည့်အပြင်နှစ်ဖက်အသိုင်းအဝန်းအကြား အပြန်အလှန် ချစ်ခင်ရင်းနှီးစွာကူးလူးသွားလာမှုများ ရှိနေကြောင်း မြေပြင်၌ လူမှုပရဟိတလုပ်ဆောင်နေသည့်စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

“လက်ရှိ မြေပြင်အခင်းအကျင်အရဆိုရင်ရခိုင်နဲ့ မွတ်ဆလင်တွေ အကြား၊ မွတ်ဆလင်နဲ့ ရခိုင်မျိုးနွယ်စုတွေအကြားအများကြီး တိုးတက်မှုရှိတယ်။ ကူးလူးဆက်ဆံမှုတွေ ရှိတယ်။အပြန်အလှန်အားဖြင့်ဆိုရင် ဈေးရောင်းဈေးဝယ် သွားလာတာတွေ ရှိတယ်။နောက်ပြီးတော့ ပဋိပက္ခ အသွင်ဆောင်တဲ့ လက္ခဏာတွေ အများကြီးလျော့ကျသွားပါတယ်” ဟု ပြောသည်။

လူမျိုးနှစ်ခုအသိုင်းအဝန်းကအပြန်အလှန်တစ်ဖက်နှင့် တစ်ဖက်ကြားမှာ သံသယများ ပျောက်ပြီး သိမှုဖြစ်မည်။သိမှုကမှအဆင့် နားလည်မှု အဆင့်ကို ရောက်ပြီး နားလည်မှုအဆင့်ကိုတက်လာပြီးမှာ စစ်ကောင်စီ၏ သွေးထိုးလှုံ့ဆော်မှုသည်ဝါဒမှိုင်းတိုက်ခြင်းသာဖြစ်ပြီး ဘာသာရေးနှင့် လူမျိုးရေးနဲ့ မသက်ဆိုင်သည်ကွဲပြားစွာ နားလည်ရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

မွတ်ဆလင်အများစုသည်  ရခိုင်ပြည်တောင်ပိုင်းဖြစ့်သည့်အမ်း၊ဂွ၊ တောင်ကုတ်နှင့်မာန်အောင်မြို့နယ်မှအပ  ရခိုင်ပြည်မြောက်ပိုင်းတွင် ရခိုင်လူမျိုးများနှင့်ယှဥ်တွဲကာ အေးချမ်းစွာနေထိုင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

“ တန်းတူအခွင့်အရေးရတယ်။ အာရက္ခတပ်တော်ရဲ့ လွတ်မြောက်နယ်မြေထဲမှာလည်းကျနော်တို့မွတ်ဆလင်တွေက  အာရက္ခတပ်တော်နဲ့အတူ ရခိုင်လူမျိုး၊ ရခိုင်မြေကိုတသားတည်း ကာကွယ်နေပါတယ်”ဟု ULA/AA၏ အုပ်ချုပ်မှုအောက်တွင်နေထိုင်နေကြသည့် မွတ်ဆလင်အမျိုးသားတစ်ဦးကပြောသည်။

ယင်းအပြင်ULA သည် မွတ်ဆလင်များအတွက် ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် ပလက်ဝတွင်ခရီးသွားလာမှု ကန့်သတ်ချက်များကို ရုတ်သိမ်းသည်ဟု မွတ်ဆလင်လူမှုအသိုက်အဝန်းအဖွဲ့ဝင်အချို့က The Diplomat သို့ ပြီးခဲ့သည့်ဇွန်လအတွင်းကပြောခဲ့သည်။

ထိုသို့ကန့်သတ်ချက်များ ရုတ်သိမ်းလိုက်သောကြောင့် မွတ်ဆလင်များသည် ULA ကထူထောင်ထားသည့် ဆေးကုသရေးဌာနအချို့တွင် ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင်ဝန်ဆောင်မှုများ အလွယ်တကူ ရရှိကြောင်းသိရသည်။

လက်ရှိအာရက္ခတပ်‌တော် ထိန်းချုပ်ထားသည့်နယ်မြေတွင်  " တိုက်သူကတိုက်၊စိုက်သူကစိုက်"စသဖြင့်  ဘာသာ၊လူမျိူးမတူသည့် မွတ်ဆလင်နှင့်ရခိုင်တို့သည် လွတ်လပ်စွာကိုးကွယ်ခွင့်နှင့်ယုံကြည်ခွင့် ခေါင်းစဉ်အောက်တွင်   ၂၀၁၂ခုနှစ်ပဋိပက္ခမတိုင်ခင်က အချိန်များကဲ့သို့ ချစ်ခင်ရင်းနှီးမှုအငွေ့အသက်ရောင်နီများထွက်ပေါ်လာသည့်ကို တစတစမြင်တွေ့နေရပြီဖြစ်သည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.