ရေးသားသူ-မင်းကောင်းချစ်
နိရဉ္စရာ(မှတ်တမ်း ဆောင်းပါး)၊ မေ ၁၅/၂၀၂၅
ဒီကနေ့မြန်မာပြည်သူလူထုရဲ့ဦးခေါင်းထက်က ဝေဟင်ပေါ်မှာ မကောင်းဆိုးဝါး စစ်မိစ္ဆာလေတပ်ဟာ ကမ္ဘာနဲ့ချီတဲ့စစ်ပွဲကြီးတွေမှာတောင်လက်နက်မဲ့အရပ်သားပြည်သူတွေ၊ လက်နက်ချစစ်သုံ့ပန်းတွေ၊ ခလေးသူငယ်နဲ့အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေကို တမင်ရည်ရွယ်ချက်ရှိရှိပစ်ခတ်သတ်ဖြတ်မှုမလုပ်ရဘူးဆိုတဲ့ လူသားမျိုးနွယ်စုတခုလုံးလိုက်နာကျင့်ကြံကြတဲ့ ကျင့်ဝတ်စည်းမျဉ်းအားလုံးကို အရှက်သိက္ခာမဲ့စွာ ချိုးဖေါက်ယုံတင်မက ဗြောင်လိမ်ညာဖုံးကွယ်လို့အကုသိုလ်အပြစ်ကြီးမားလှတဲ့ စစ်ရာဇဝတ်ကြီးတွေကို မျက်ကန်း တစ္ဆေမကြောက်ဆိုသလို စိမ်ပြေနပြေ ကျုးလွန်းနေကြဆဲဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေရဲ့မယိမ်းမယိုင်ကြံ့ခိုင်တဲ့စိတ်ဓါတ်နဲ့ခုခံတော်လှန်မှုနဲ့အတူအများပြည်သူရဲ့ငြင်းပယ်စွန့်ပစ်ခံရတာကြောင့် မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးများလွန်းလှတာမို့ အင်အားချနဲ့စိတ်ဓါတ်ပျက်ပြားလာတဲ့ စစ်အာဏာရှင်ခါးပိုက်ဆောင်ဓါးမြတပ်ဟာ သူရဲဘောကြောင်စွာနဲ့ပြည်တွင်းစစ်ပွဲတွေမှာ ဂျက်တိုက်လေယာဉ်တွေ၊ စစ်ဖက်သုံးရဟတ်ယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေပြုရာမှာ လက်နက်မဲ့အရပ်သားပြည်သူတွေကိုတမင်ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ရာဇဝတ်မှုတွေကို ကျုးလွန်ခဲ့ ကျုးလွန်ဆဲဖြစ်ပါတယ်။
ကျင့်ဝတ်သိက္ခာမဲ့စွာအရပ်သားပြည်သူလူထုအိမ်ရာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ဘုန်းကြီးကျောင်း၊ ဘုရားရှစ်ခိုးကျောင်းတွေကိုပါ လေကြောင်းကနေရက်ရက်စက်စက်ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်နေကြတာဖြစ်ပါတယ်။ ဒါဟာ ဘာနဲ့တူသလဲဆိုရင် မိဘရဲ့ဦးခေါင်းကို တင်းပုတ်နဲ့ထုထောင်းတဲ့အကုသိုလ်မျိုးကျုးလွန်တဲ့သားဆိုးသားယုတ်ပမာနဲ့အတူတူမို့ လူ့အသိုင်းအဝိုင်းကနေ အပြစ်ဒဏ်ခတ်ဖယ်ရှားရမဲ့ စစ်ရာဇတ်ကောင်တွေသာဖြစ်ပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ စစ်မိစ္ဆာအုပ်စု ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဧပြီအထိ တနိုင်ငံလုံးမှာကလေးသူငယ်များ၊အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူ ၁၂၉၅ ယောက် သေဆုံးခဲ့ပြီး ပြည်သူ၁၆၃၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့မှတ်တမ်းတွေကဖော်ပြပါတယ်။
အာဏာလုပြီး ၃ နှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု၂၄၇၁ ကြိမ်အထိ စစ်ကောင်စီက ပြုလုပ်ခဲ့တာကြောင့် နိုင်ငံတဝန်းမှာဘာသာရေးအဆောက်အအုံ ၁၈၇ ခု၊ စာသင်ကျောင်း ၁၁၄ ခုနဲ့ ဆေးရုံ ၃၉ ခုပျက်စီးဆုံးရှုးခဲ့ကြရပါတယ်။
အဲ့ဒီလို မိစ္ဆာလေတပ်ရဲ့အကျည်းတန်အရုပ်ဆိုးလွန်းလှပြီး နောင်အနာဂါတ်သမိုင်းကျောင်းသင်ခန်းစာတွေထဲမှာ ထည့်သွင်းသင်ကြားကြရမဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့လေကြောင်းတိုက်ခိုက်မှုတွေထဲက စာရေးသူသတိပြုမှတ်သားထားတာတွေ အောက်ပါအတိုင်း ရေးသားမှတ်တမ်းတင်လိုက်ပါတယ်။
(၁)ရခိုင်ပြည်ကျောက်တော်မြို့ ကို ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု
ကျောက်တော်မြို့ကို၂၀၂၅ခုနှစ် မေလ ၁၄ရက်နေ့ တစ်ကြိမ်နဲ့ မေ ၁၅ ရက်နေ့တစ်ကြိမ် (၂)ကြိမ်တိတိ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။ မေလ ၁၄ ရက်နေ့ ပထမတစ်ကြိမ်မှာတော့ အမျိုးသမီး ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကာ မေလ ၁၅ ရက်နေ့ ဒုတိယနေ့ တိုက်ခိုက်မှုမှာတော့ အရပ်သား ၅ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
(၂)ချင်းပြည်နယ် မင်းတပ်မြို့နယ် လေကြောင်းတိုက်ခိုက်မှု
ချင်းပြည်နယ်တောင်ပိုင်းရှိချင်းညီနောင်အဖွဲ့ (CB) ထိန်းချုပ်ထားတဲ့မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)၊ စွန်တောင်ရွာကို ၂၀၂၅ ခုနှစ် မေလ ၁၅ ရက်နံနက်ပိုင်းမှာစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၂ ဦး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရခဲ့ပါတယ်။
(၃)မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှု
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ကိုသားကျင်နဲ့ရဘို(တောင်)ရွာကို ၂၀၂၅ခုနှစ် မေလ ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်က Y-12 ထောက်ပို့လေယာဉ်နဲ့သားကျင်ကျေးရွာကို ဗုံး ၂၁ လုံး၊ ရဘို(တောင်)ကျေးရွာကို ဗုံး ၄ လုံးရွာလယ်ခေါင် အရပ်သားနေအိမ်တွေအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာသက်ကြီးပိုင်း ၃ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။
(၄) ရသေ့တောင်မြို့နယ် ထွန်းရဝေဟောင်းရွာလေကြောင်းတိုက်ခိုက်မှု
ရခိုင်ပြည်၊ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်း မေလ ၁၃ ရက်၊ မနက် ၁၀ နာရီလောက်မှာဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့တာကြောင့်ကနဦးအနေနဲ့ သေဆုံးသူ အရပ်သားရုပ်အလောင်း ၁၃ လောင်းအထိရထားပြီး ၂၀ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
(၅) ဝက်လက်မြို့နယ်စခန်းသာကျေးရွာနဲ့ရွှေဘိုမြို့နယ် ငါးပိအိုးရွာလေကြောင်းတိုက်ခိုက်မှု
၂၀၂၅ခုနှစ် မေလ ၁၃ ရက်နေ့ မွန်းလွဲ ၄ နာရီခန့်မှာ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်းရှိ စခန်းသာကျေးရွာနှင့် ရွှေဘိုမြို့နယ်အရှေ့တောင်ခြမ်းရှိ ငါးပိအိုးရွာကို တံတားဦးလေတပ်မှ တက်လာသည့် အကြမ်းဖက်စစ်တပ်၏ J-Frighter ၁ စီးက လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
(၆) ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာကျောင်း လေကြောင်းတိုက်ခိုက်မှု
ဒီပဲယင်းမြို့နယ်၊အိုးတိန်တွင်းရွာကျောင်းကို မေလ၁၂ ရက် ၂၀၂၅ ခုနှစ် မနက် ၉ နာရီခွဲမှာဗုံးတည့်တည့်ကြဲလို့ ကျောင်းသားကျောင်းသူ ၂၁ ဦးနဲ့ဆရာမ ၂ ဦး စုစုပေါင်း၂၃ ဦးသေဆုံးခဲ့ပြီး ၁၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။
(၇)ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာ လေကြောင်းတိုက်ခိုက်မှု
၂၀၂၅ခုနှစ် မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်မှာ စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာကို လေတပ်က တိုက်ခိုက်ရာ ၂ ဦး သေဆုံးသည်၊သုံးလအရွယ် မိန်းကလေးနှင့် ၁၀ နှစ်သား အပါအဝင် ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
(၈) ဝက်လက်မြို့နယ် ပြည်ရှိန်းအောင် ပန့်ဆိုင်၊ရွာတော်ကုန်း လေကြောင်းတိုက်ခိုက်မှု
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အတွင်း နေရာ ၅ ခုကို ၂၀၂၅ ခုနှစ် မေ ၁၀ ရက်နေ့မှ စတင်ပြီး ၂ရက်ဆက် ဗုံးကြဲခဲ့သောကြောင့် ဒေသခံအနည်းဆုံး ၁၂ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ မေ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိပြည်ရှိန်းအောင် ပန့်ဆိုင်၊ အနောက်ခြမ်းရှိ ရွာတော်ကုန်း၊ နောက်တစ်နေ့ကဆုန်လပြည့်နေ့မှာကို အနောက်ပိုင်းမှ ရွှေပန်းကုန်း၊ အရှေ့ပိုင်းမှသစ်ဆိမ့် ကြီး၊ အနောက်မြောက်ပိုင်းမှ မဲတောကုန်း စသည့်ကျေးရွာများတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
(၉) စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ၊ သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာလေကြောင်းတိုက်ခိုက်မှု
စဉ့်ကူးမြို့နယ်ကျည်တောက်ပေါက်ရွာ၊ သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာတို့ကို ၂၀၂၅ခုနှစ် မေ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မိစ္ဆာလေတပ်က ဗုံးကြဲခဲ့ရာ ကလေး ၂ဦးအပါအဝင် ဒေသခံ ၆ ဦးခန့် သေဆုံးခဲ့ရသလို အဲ့ဒီနေ့မှာဘဲ စဉ့်ကူးမြို့နှင့် ၉မိုင်ခန့်အကွာ ကျည်တောက်ပေါက်ကျေးရွာကို ဗုံးကြဲခဲ့ရာမှာ အသက် ၅နှစ်ဝန်းကျင် ကလေးတစ်ဦး၊ အသက် ၁၀ နှစ်ကျော် အရွယ် ကလေးတစ်ဦး၊ အသက် ၃၀ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးအပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးခဲ့ရပါတယ်။
(၁၀) ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာလေကြောင်းတိုက်ခိုက်မှု
ချောင်းဦးမြို့နယ်သုံးပန်လှကျေးရွာကို ၂၀၂၅ ခုနှစ် မေ ၁၀ ရက်နေ့ နံနက်ပိုင်းကအင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှင်ပြုအလှူမှမောင်ရင်လောင်း အပါအဝင် သုံးဦး သေဆုံးခဲ့ရပါတယ်။
(၁၁) သပိတ်ကျင်းမြို့နယ်ရှိ ရေထွက်ကျေးရွာ လေကြောင်းတိုက်ခိုက်မှု
၂၀၂၅ခုနှစ် မေ ၇ ရက်နေ့ မွန်းတည့် ၁၂နာရီကျော်ကလည်း သပိတ်ကျင်းမြို့နယ်ရှိရေထွက် ကျေးရွာကို လေကြောင်းမှ ဗုံးကြဲခံရပြီး ရေထွက်ရွာမှဒဏ်ရာရရှိသူများထဲမှ သက်လတ်ပိုင်းအရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
(၁၂) သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာလေကြောင်းတိုက်ခိုက်မှု
မန္တလေးဒေသ၊သပိတ်ကျင်းမြို့နယ်ထဲက လိပ်ကျကျေးရွာကိုလည်း အကြမ်းဖက်စစ်တပ်က ၂၀၂၅ ခုနှစ်ဧပြီ ၁၈ ရက်၊ မနက်ပိုင်းမှာ ပေါင် ၃၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူ ၁၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့ပါတယ်။
(၁၃) ပေါက်မြို့နယ် ဆုံကုန်းရွာ လေကြောင်းတိုက်ခိုက်မှု
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ နေ့မှာ ကျောက်ခွက်ရေနံမှော်နဲ့တဆက်တည်းမှာရှိတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဆုံကုန်းရွာမှာကျင်းပနေတဲ့မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့ဝင်တစ်ဦးရဲ့မင်္ဂလာဆောင်အခမ်းအနားကို စစ်ကောင်စီတပ်က မင်္ဂလာပွဲ ပြီးခါနီးအချိန် မနက်၁၀ နာရီမှာ လေကြောင်းနဲ့ ဗုံးနှစ်ကြိမ်ကြဲချခဲ့တာကြောင့် သေဆုံးသူဦးရေက ၁၄ဦးထိရှိရာမှာ အသက် ၁၇ လ အရွယ် ကလေးငယ်တစ်ဦးလည်းပါဝင်ပြီး အများစုက အသက် ၅၀ပတ်ဝန်းကျင်ရှိသူတွေပါ။ အရပ်သားထိခိုက်ဒဏ်ရာရသူအရေအတွက်လည်း ၂၃ ဦးအထိရှိပါတယ်။
(၁၄) သထုံခရိုင်နဲ့ ဖာပွန်ခရိုင်ကရင်နှစ်သစ်ကူးအခမ်းအနားကို လေကြောင်းတိုက်ခိုက်မှု
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်မှာကျရောက်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ သထုံခရိုင် တပ်မဟာ ၁ နဲ့ ဖာပွန်ခရိုင် တပ်မဟာ ၅တို့မှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးအခမ်းအနားတွေကို စစ်မိစ္ဆာလေတပ်ကလေကြောင်းနဲ့ ဗုံးကြဲခဲ့ပါတယ်။
(၁၅) ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့လေကြောင်းတိုက်ခိုက်မှု
၂၀၂၄ခုနှစ် နိုဝင်ဘာ ၁၂ရက် နေ့လယ် ၂နာရီခွဲခန့်တွင် ရှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်နေရာအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ လက်ဖက်ရည်ဆိုင်ထိုင်နေသူများ၊ ခရီးသည်ကားများဗုံးထိမှန်ခဲ့ပြီး သေဆုံးသူ ပြည်သူ ၂၀ခန့်ရှိခဲ့ပါတယ်။
(၁၆) မန္တလေးတိုင်း၊ မိုးကုတ်မြို့လေကြောင်းတိုက်ခိုက်မှု
၂၀၂၄ခုနှစ် နိုဝင်ဘာ ၁၁ ရက်မန္တလေးတိုင်း၊ မိုးကုတ်မြို့ကိုလည်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူ အမျိုးသား ၁၆ ဦးနှင့်အမျိုးသမီး လေးဦးစုစုပေါင်း ၂၀ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့ပါတယ်။
(၁၇) ရခိုင်ပြည်နယ် သံတွဲမြို့လေကြောင်းတိုက်ခိုက်မှု
၂၀၂၄ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့ နံနက် ၈ နာရီခန့်က စစ်ဓါးပြလေတပ်ကဂျက်လေယာဥ်နှစ်စီး သံတွဲမြို့ကို ဗုံးကြဲစဉ် မြို့နယ်ခန်းမနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတို့အတွင်း ဗုံးနှစ်လုံးစီကျရောက်ပေါက်ကွဲခဲ့တာမို့ ခန်းမတွင် ခိုလှုံနေတဲ့ စစ်ဘေးရှောင် ၁၄ ဦးသေဆုံးကာ ၂၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
(၁၈) ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့လေကြောင်းတိုက်ခိုက်မှု
ရခိုင်ပြည်နယ်မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တို့ကို စက်တင်ဘာ ၂၅ နှင့်၂၆ ရက်တွင်စစ်မိစ္ဆာလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ စစ်ဘေးရှောင်များ အပါအဝင်အရပ်သား ၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
(၁၉) စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မတောရွာလေကြောင်းတိုက်ခိုက်မှု
၂၀၂၄ခုနှစ်မှာဆိုရင်လည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မတောရွာမှာပြုလုပ်တဲ့ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) အဖွဲ့ဝင်ရဲ့မင်္ဂလာဆောင်ကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့ပါတယ်။ ဇွန် ၃ ရက်မင်္ဂလာဆောင်ကို ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ကြောင့် သေဆုံးသူ ၂၉ဦးအထိရှိခဲ့ပါတယ်။
(၂၀) ရေမျက်နဲ့ကန်စွန်းအင်းကျေးရွာလေကြောင်းတိုက်ခိုက်မှု
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရေမျက်ကျေးရွာကို မိစ္ဆာလေတပ်ကလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ရွာသား ၁၀ ဦးသေဆုံးခဲ့သလို ၂ ရက်အကြာ ဒီဇင်ဘာလ ၂၂ ရက်နေညနေပိုင်းမှာလည်းလေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ကန်စွန်းအင်းကျေးရွာသား (၁) ဦးသေဆုံးခဲ့ရပါတယ်။
(၂၁) ရင်ပေါင်တိုင်ရွာလေကြောင်းတိုက်ခိုက်မှု
၂၀၂၂ခုနှစ် ဩဂုတ်လ ၁၁ ရက် ဝါဆိုလပြည့်နေ့ စျေးနေ့ မှာ မိစ္ဆာလေတပ်ကစစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ရင်ပေါင်တိုင်ရွာကို Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးဖြင့်တစ်နာရီနီးပါးကြာ ပစ်ခတ်တိုက်ခိုက်ပြီး ရဟတ်ယာဉ် ၃ စီးဖြင့် လက်မရွှံကြေးစားလူမိုက်စစ်သားတွေ ချထားခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုအပြင်အင်အား ၁၃၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းပြီး ဒေသခံများကို သတ်ဖြတ်ခဲ့ရာ အသက်၁၀ နှစ်ခန့်ရှိ ကလေးတစ်ဦး သက်ကြီးရွယ်အိုများအပါအဝင် အနည်းဆုံး ပြည်သူ ၁၈ဦး သေဆုံးခဲ့ရတဲ့အပြင် ရင်ပေါင်တိုင်ရွာသား၂၀ ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ စစ်မိစ္ဆာဘီလူးတွေထွက်သွားတော့ပြည်သူအလောင်းတွေကို ဗောဓိညောင်ပင် အောက်မှာ စုပြုံမီးရှို့ထားတာတွေတွေ့ခဲ့တယ်’’ လို့ ရင်ပေါင်တိုင် ရွာသားတစ်ဦးက ပြန်ပြောပြခဲ့ပါတယ်။
(၂၂) ဘုရားလေးကုန်းကျေးရွာလေကြောင်းတိုက်ခိုက်မှု
၂၀၂၂ ခုနှစ် အောက်တိုဘာ ၈ ရက် နေ့လယ် ၁၂ နာရီကျော်မှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ဘုရားလေးကုန်းကျေးရွာကို မိစ္ဆာလေတပ် ဂျက်ဖိုက်တာ တိုက်လေယာဉ် ၂ စီး၊ Mi 35 ၂ စီး၊ Mi 17 ၄ စီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့ဝင် စုစုပေါင်း ၁၅ ဦးအထိသေဆုံးခဲ့ပြီး ကျေးရွာ ၁၁ ရွာကဒေသခံ ၁၂,၀၀၀ ကျော်ထွက်ပြေးခဲ့ကြရပါတယ်။
(၂၃) အနန့်ပါရွာလေကြောင်းတိုက်ခိုက်မှု
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက အနန့်ပါရွာကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်ညမှာ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှစ်ပတ်လည်နေ့ကျင်းပနေတဲ့ ဖျော်ဖြေပွဲကို ယုတ်မာရမ်းကားစွာ လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် အဲဒီဖျော်ဖြေပွဲမှာ ရှိနေတဲ့ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA) ဝန်ထမ်းတွေ၊ ကချင်အနုပညာရှင်၊ စီးပွားရေးသမားအချို့နဲ့ အရပ်သားတွေအပါအဝင်ပြည်သူ ၈၀ ကျော် သေဆုံးခဲ့ရသလို ၁၀၀ ကျော်ထိခိုက်ဒါဏ်ရာရခဲ့ပါတယ်။
(၂၄) လက်ယက်ကုန်းရွာလေကြောင်းတိုက်ခိုက်မှု
စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာကို စစ်တပ်က ၂၀၂၂ ခုနှစ် စက်တင်ဘာလ၁၆ ရက်နေ့ ကျောင်းဖွင့်ချိန်မှာ ဘုန်းတော်ကြီးစာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းကို Mi35 စစ်ရဟတ်ယာဥ် ၂ စီးနဲ့ပစ်ခတ်တိုက်ခဲ့တဲ့အပြင် မြေပြင်စစ်ကြောင်းကလည်း ရွာအတွင်း အညှာအတာကင်းမဲ့စွာဝင်တိုက်ခိုက်ခဲ့တာကြောင့်ကျောင်းတက်နေတဲ့ ကလေးငယ် ၇ ဦး အပါအဝင် လူပေါင်း ၁၂ ဦး သေဆုံးပြီး ၁၇ဦးဒါဏ်ရာရခဲ့ရပါတယ်။ မိစ္ဆာလေ ပစ်ခတ်ခံရချိန်မှာ ဆရာမတွေကကျောင်းသားလူမမယ်လေးတွေကို စာသင်ခုံတွေနဲ့အကာအကွယ်ပေးခဲ့ရတယ်လို့ အသက်ဘေးလွတ်မြောက်ခဲ့တဲ့ခလေးငယ်တစ်ဦးကပြောပြခဲ့ပါတယ်။
(၂၅) အလယ်ဆိပ်ကျေးရွာလေကြောင်းတိုက်ခိုက်မှု
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်မှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် မနက်ကကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့အာဏာလုအကြမ်းဖက်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ မိစ္ဆာလေတပ်ကလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့်အလယ်ဆိပ်ကျေးရွာက နေအိမ် ၂၆ လုံး၊ ဈေးဆိုင်ခန်း ၆ ခန်း၊ စာကြည့်တိုက် ၁လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
(၂၆) ခွာဖိုးရွာလေကြောင်းတိုက်ခိုက်မှု
၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်နေ့က မိစ္ဆာလေတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က ခွာဖိုးရွာမှာလည်းတိုင်းရင်းသားပြည်သူသေဆုံးရတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ဘုရားကျောင်းပျက်စီးတာနဲ့ဒုက္ခသည်အများအပြား နယ်စပ်တိမ်းရှောင်နေရတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၉ ဦး သေဆုံးပြီး၊ ဒဏ်ရာရသူ ၁၁ဦးရှိခဲ့ပါတယ်။ နေအိမ် ၁၈ လုံးလည်း ပျက်စီးသွားခဲ့ပြီး၊ခရစ်ယာန်ဘုရားကျောင်း ၂ ခုလည်း ပျက်စီးခဲ့တယ်လို့ မေရီလန်းချင်းတိုင်းရင်းသားများအဖွဲ့ CAM က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။
(၂၇) ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် လေကြောင်းတိုက်ခိုက်မှု
မိစ္ဆာလေတပ်ဟာ KIA ၊ PDF. တပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ရွှေကူမြို့နယ်က ကျေးရွာ ၂ ရွာကိုလည်း အခုလ ဧပြီ ၆ ရက်နေ့တုန်းကလေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။ လေကြောင်းကနေ အရပ်ဖက်နေရာ ၃ ခုကိုဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ မီးလောင်ခဲ့ပြီး၊ ဒေသခံတဦးလည်း သေဆုံးခဲ့ပါတယ်။
(၂၈) အုတ်ဖိုကျေးရွာလေကြောင်းတိုက်ခိုက်မှု
၂၀၂၃ ခုနှစ် ဧပြီ ၈ ရက် နံနက်ပိုင်းက အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် ခုခံတော်လှန်နေတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအားကောင်းရာ မန္တလေးမြို့ ကမ္ဘာ့ယဉ်ကျေးမှုနယ်မြေမင်းကွန်းပုထိုးတော်ကြီးနဲ့ ၁၀ မိုင်အကွာ ဧရာဝတီမြစ်ကမ်းပေါ်ရှိပြီး၊မင်းဝံတောင်ရိုးပေါ်မှာတည်ရှိတဲ့အုတ်ဖိုကျေးရွာကို မိစ္ဆာလေ တပ်က အင်အား ၁၀၀ ကျော်ပါတဲ့ ရဟတ်ယာဉ် ၃ စင်းနဲ့လေကြောင်းသုံးလို့ကျေးရွာဘုန်းကြီးကျောင်းကို စက်သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
(၂၉) ဝေဘူလမြို့နဲ့ ဗားရ်ရွာ လေကြောင်းတိုက်ခိုက်မှု
ချင်းပြည်နယ်၊ဖလမ်းမြို့၊ ဝေဘူလမြို့နဲ့ ဗားရ်ရွာတို့ကို စစ်ကောင်စီဘက်က ၂၀၂၃ ခုနှစ်ဧပြီလ ၁၀ ရက်နေ့တုန်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။ဝေဘူလမြို့ ဘောလုံးကွင်းနဲ့ စာသင်ကျောင်းနားကို ဂျက်လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၁၁ ဦး သေဆုံးပြီး၊ ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။
(၃၀) ချွန်ကျုံးရွာလေကြောင်းတိုက်ခိုက်မှု
ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့အကြမ်းဖက်စစ်အာဏာလုတပ်အကြားတိုက်ပွဲပြင်းထန်ခဲ့ပြီးတင့်ကား၂ စီးအဖျက်ဆီးခံရပြီး သူတို့ဖက်ကအကျအဆုံးများတာမို့ မိစ္ဆာလေတပ်က၂၀၂၃ ခုနှစ် ဧပြီ ၁၂ ရက်၊ ၁၃ရက်နဲ့ ၃၀ ရက်နေ့မှာ ချင်းပြည်နယ်၊ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပါတယ်။ဧပြီ ၁၂ ရက် ညနေပိုင်း ၂နာရီခွဲခန့်မှာ တိုက်လေယာဉ်နဲ့ ၈ကြိမ်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
(၃၁) ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှု
၂၀၂၃ ခုနှစ်ဧပြီလ ၁၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို လေကြောင်းကနေပြင်းအားကြီးတဲ့ဗုံကြဲတိုက်ခိုက်ခံရမှုအတွင်းလသားကလေးငယ်အပါအဝင် လူ ၁၈၁ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၉ဦးထက်မနည်းရှိခဲ့ကာ အဲ့ဒီလို လေကြောင်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက်စစ်မိစ္ဆာတပ်ဟာ ပြည်တွင်းပြည်ပက ရှုံ့ချနေတဲ့ကြားက ပဇီကြီးကျေးရွာတဝိုက်ကိုစစ်ကြောင်းထိုးခြင်းနဲ့ ထပ်မံပြီး လေကြောင်းက ပစ်ခတ်ခြင်းတွေကိုလည်းထပ်မံလုပ်ဆောင်ခဲ့ပါသေးတယ်။
(၃၂) လောင်းဘိုလေးရွာလေကြောင်းတိုက်ခိုက်မှု
၂၀၂၃ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှာ ထီးလင်းနယ်မြောက်ပိုင်း YRA (Yaw Revolution Army) အခြေစိုက်ရာဒေသ ပအဖရုံးနဲ့ ပုံညာတောင်တန်း စစ်ရှောင်စခန်းရုံးစိုက်ရာလောင်းဘိုလေးရွာက အဆောက်အအုံတခုကို လေကြောင်းတိုက်ခိုက်မှု (၂)ကြိမ်ပြုလုပ်ခဲ့တာကြောင့် ရုံးအဆောက်အအုံတခုလုံး ဗုံးထိမှန်ပြီးရုံးဝန်ထမ်း ၃ ဦး (အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး)အသက်ဆုံးရှုံးသွားတယ်လို့ သိရှိရပါတယ်။ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးကတော့ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
(၃၃) စောလုံရွာလေကြောင်းတိုက်ခိုက်မှု
၂၀၂၃ ခုနှစ် မေလ ၁၇ ရက် မနက် ၄ နာရီဝန်းကျင်ကယားပြည်နယ်၊ ဘောလခဲမြို့နယ် စောလုံရွာကို မိစ္ဆာတပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာမှာ အသက် ၁၇ နှစ်အရွယ်ရှိ ရွာခံအမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားလေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ လူနေအိမ်ခြောက်လုံး၊ ကျေးရွာဆေးပေးခန်းအဆောက်အအုံနှစ်ခုနဲ့ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း ပျက်စီးခဲ့ပါတယ်။ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာဖြစ်ပါတယ်။ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ထုတ်ပြန်အရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိကယားပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်မှာ မိစ္ဆာလေတပ်က လေကြောင်းတိုက်ခိုက်မှု၃၆၃ ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
(၃၄) ဒေါလျားခူနဲ့ဖဲလျားကျေးရွာလေကြောင်းတိုက်ခိုက်မှု
၂၀၂၃ခုနှစ် မေ ၁၈ ရက် မနက် ၃နာရီဝန်းကျင်လောက်မှာ စစ်မိစ္ဆာလေတပ်ကဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက ဒေါလျားခူကျေးရွာနဲ့ ဖဲလျားကျေးရွာစာသင်ကျောင်းတွေကို (၃)ကြိမ် လှည့်ပတ်ပြီး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
(၃၅) ပဒူရွာလေကြောင်းတိုက်ခိုက်မှု
၂၀၂၃ခုနှစ် မေ ၂၁ ရက် မနက် ၅ နာရီမှာ စစ်ကိုင်းဗန်းမောက် ပဒူရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ လောက်ပါ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ မိစ္ဆာလေတပ်က လေယာဉ်နဲ့ဗုံးကြဲခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီလို လူမဆန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအနက်မှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာစာသင်ကျောင်းအပေါ် ဗုံးကြဲသတ်ဖြတ်မှုဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ဓါးပြကောင်စီက သူတို့လက်ချက်မဟုတ်ဖူးလို့ အရှက်မဲ့စွာ တရားဝင် ငြင်းဆိုထားခဲ့ပါတယ်။
ကရင်ပြည်နယ်မြဝတီမြိုတောင်ပိုင်းမှာရှိတဲ့ ဥကရစ်ထ၊ မူတော်ခရိုင် KNU တပ်မဟာ (၅)ထိမ်းချုပ်နယ်မြေ၊ အိန္ဒိယ-မြန်မာနယ်စပ်ရှိ CNA ဌာနချုပ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ဟိုခဲကျေးရွာဘုန်းကြီးကျောင်း၊ သံဘိုကျေးရွာ၊ ရှမ်းကယားဘက်မှာလည်း ဖယ်ခုံနဲ့ပင်လောင်းအစပ်၊ ဒီးမော့ဆိုအပါအဝင် အခြားဒေသတွေမှာ ဖျက်အားပြင်းဗုံးတွေကြဲချပြီး မိစ္ဆာလေတပ်ဟာ စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြပါတယ်။
ဒီလို လူစိတ်ကင်းမဲ့စွာ အရပ်သားပြည်သူလူထုအပေါ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးစစ်မ်စ္ဆာဂိုဏ်းရဲ့ပြောခွင့်ရ မုသားဇော်မင်းထွန်းကအကြမ်းဖက်တွေနဲ့ဆက်နွယ်နေလို့ တိုက်ခိုက်ရတာဖြစ်ပြီး စစ်ပွဲရဲ့သဘောလို့အလ်ဂျဇီးရားသတင်းဌာနနဲ့ မတ် ၂၈ ရက်နေ့ ငလျင်မလှုပ်မီ မိနစ်ပိုင်းအလိုကပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အရှက်သိက္ခာမဲ့စွာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ကလေးတွေအများကြီးပါဝင်တယ်ဆိုတာက သူတို့က အကြမ်းဖက်အဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ အုပ်စုရဲ့အစိတ်ပိုင်းဖြစ်နေလို့ပါ။တိုက်ခိုက်မှုတွေဖြစ်ခဲ့တာ ဟုတ်တယ်။ တိုက်ခိုက်မှုတွေမှာ ဘေးထွက်ဆိုးကျိုးတွေက ရှောင်လွှဲလို့မရဘူး။ ဒါက စစ်ပွဲရဲ့ သဘောပါပဲ။ဘေးထွက်ဆိုးကျိုးတွေက ရှိမှာပါပဲ” ဟု စစ်မိစ္ဆာပြန်ကြားရေးဝန်ကြီးဇော်မင်းထွန်းက ဝန်ခံခဲ့ပါတယ်။
ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင်မိစ္ဆာလေတပ်ဟာ မြန်မာနိုင်ငံတဝှမ်းလုံးမှာ အရပ်ဖက်ပစ်မှတ်၊စစ်ရေးပစ်မှတ်မခွဲဘဲ ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊မန္တလေးတိုင်းအစရှိတဲ့ဒေသတွေကို လေကြောင်းနဲ့တိုက်ခိုက်ခဲ့ရာမှာအများဆုံးခံရတာက စစ်ကိုင်းတိုင်းနဲ့ရခိုင်ပြည်နယ်တို့ ဖြစ်ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ဓါးမြတပ်ဟာ လေတပ်ရှိတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသောအကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့ပြောထားပါတယ်။
ပြည်သူ့ဘဏ္ဍာငွေတွေသုံးစွဲပြီး ဝယ်ယူထားတဲ့ဂျက်တိုက်လေယာဉ်တွေ၊ လက်နက်ခဲယမ်းမီးကျောက်တွေကိုအသုံးပြုပြီး ပိုင်ရှင်ပြည်သူလူထုကို ရက်စက်ကြမ်းကျုတ်စွာဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်မိစ္ဆာလေတပ်နဲ့အမိန်ပေးစေခိုင်းသူ၊ လက်တွေပစ်ခတ်ဗုံးကြဲသတ်ဖြတ်သူ၊ နည်းပညာတွေနဲ့ထောက်ပံ့ကူညီသူတွေအားလုံးကို သူတို့ကျုးလွန်တဲ့စစ်ရာဇဝတ်မှုတွေအရ ခွင့်လွှတ်စရာအကြောင်းမရှိဘဲ အပြစ်ပေးအရေးယူဒ့ဏ်ခတ်ကြရမှာ မလွှဲမသွေဖြစ်ပါတယ်။
ဒါကြောင့် မဝေးလှတော့တဲ့အနာဂါတ်ကာလတခုမှာ နွေဦးတော်လှန်ရေးအတွင်းအသက်ပေးကျဆုံးခဲ့ရတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ၊ အာဇာနည်ပြည်သူအပေါင်းအတွက် ပဇီကြီး၊ အနန့်ပါ၊လက်ယက်ကုန်း၊ ရင်ပေါင်တိုင် အပါအဝင် နိုင်ငံအနှံအပြားပြည်သူ့ဗိမ္မာန်တွေတည်ဆောက်ဂုဏ်ပြုကြတဲ့အခါ အမိန့်ပေးစေခိုင်းခဲ့ကြတဲ့အာဏာရူးမင်းအောင်လှိုင်၊ စိုးဝင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်တို့နဲ့အတူ မိစ္ဆာလေတပ်တာဝန်ရှိတဲ့စစ်ရာဇဝတ်ကောင်တွေဟာ မိဘဦးခေါင်းတင်းပုတ်နဲ့ထောင်းနေတဲ့ အကုသိုလ်ပြိတ္တာလောင်းများဖြစ်ကြပါတယ်။ အဲ့ဒီ မကောင်းဆိုးဝါး စစ်မိစ္ဆာကောင်တွေအားလုံးကို ဖမ်းဆီးအရေးယူအပြစ်ပေးရုံတင်သာမက သူတို့ရဲ့ဒူးထောက် တောင်းပန်ခိုင်းထားတဲ့ရုပ်ထုတွေကို ပြည်သူ့ဗိမ္မာန်တွေရှေ့မှာ ထားရှိဒဏ်ခတ်ကြမှာဖြစ်ပါကြောင်း.....။
မင်းကောင်းချစ်