(ရခိုင်အတွက်လူသားချင်းစာနာထောက်ထားမှုစင်္ကြံ ဖော်ဆောင်ရေးအစီအစဉ်ဘယ်လိုဖြစ်သွားလဲ)
နိရဉ္စရာ၊ မေလ ၂၅ ရက်/၂၀၂၅
“ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အခြေအနေ”
ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေအပါအဝင် ပဋိပက္ခတွေနက်ရှိုင်းလာမှုတွေကြောင့် ကြားဖြတ်အစိုးရခေါင်းဆောင်မိုဟာမက် ယူနွတ်စ်ဟာစိတ်ပျက်လက်ပျက်ဖြစ်နေပြီး နုတ်ထွက်ဖို့အထိစဉ်းစားနေတယ်လို့သတင်းတွေ ထွက်ပေါ်လာပါတယ်။
ဒီသတင်းဟာ ဘင်္ဂလာနိုင်ငံတဝှမ်းရှိ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ဘင်္ဂလားဒေ့ရှ်ပြည်သူတွေအကြား ကြီးမားတဲ့ ရိုက်ခတ်မှုကြီးအဖြစ် ထွက်ပေါ်လာပြီး နောက်ထပ် ဖြစ်ပေါ်လာမယ့် နိုင်ငံရေး အခင်းအကျင်းအပေါ် ပြည်သူတွေကစိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် မိုဟာမက် ယူနွတ်စ်ဟာပြုပြင်ပြောင်းလဲမှုများအပေါ် နိုင်ငံရေးသဘောထားကွဲလွဲမှု၊နိုင်ငံတဝှမ်းကမကျေနပ်သူတွေရဲ့ ဆန္ဒပြလမ်းပိတ်ဆို့မှု၊ နယ်ပယ်အသီးသီးကခေါင်းဆောင်တွေ၊အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိမှုအပါအဝင် အစိုးရရင်ဆိုင်နေရတဲ့ အတားအဆီးအမျိုးမျိုးအတွက် ဝမ်းနည်းကြေကွဲမှုနှင့် စိတ်ပျက်နေတယ်လို့ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက ရေးသားဖော်ပြပါတယ်။
၂၀၂၅ ခုနှစ်ဩဂုတ် ၅ ရက်နေ့က ယခင်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီးနာ တိုင်းပြည်ကနေ ထွက်ပြေးသွားရကြီးနောက် တိုင်းပြည်ကို ဦးဆောင်နေတဲ့ ကြားဖြတ်အစိုးရခေါင်းဆောင်မိုဟာမက် ယူနွတ်စ်နုတ်ထွက်ဖို့အထိ စဉ်းစားလာရတဲ့ အနေအထားထိ ရောက်ရှိလာရတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ရှုပ်ထွေးနေမှုကို မီးမောင်းထိုးပြလိုက်တာဘဲဖြစ်ပါတယ်။
လက်ရှိသတင်းတွေအရ ဘင်္ဂလားဒေ့ရှ်ကလက်ရှိနိုင်ငံရေး ပါတီကြီးတွေ့ဖြစ်ကြတဲ့ BNP၊ National Citizen Party (NCP) နှင့် Jamaat-e-Islami အပါအဝင် နိုင်ငံရေးပါတီတွေဟာလွန်ခဲ့တဲ့ ကြာသပတေးနေ့ညမှာ အလွတ်သဘော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နောက်ထပ် နိုင်ငံရေး မရေရာမှုများမဖြစ်စေဖို့နဲ့ အကြံပေး အကြီးအကဲ မိုဟာမက် ယူနွတ်စ်မနုတ်ထွက်ဖို့တောင်းဆိုဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်က သတင်းစာကြီးတစ်စောင်ဖြစ်တဲ့ Prothom Alo သတင်းရေးသားဖော်ပြပါတယ်။
“ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ”
ဘင်္ဂလားဒေ့ရှ်စစ်တပ်အကြီးအကဲ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး Waker-Uz-Zaman က ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာကို နောက်ဆုံးထားပြီး ပြုလုပ်သင့်တယ်လို့ မေလ ၂၂ ရက်နေ့ သူရဲ့ စစ်ဦးစီးချုပ်ရုံး မိန့်ခွန်းမှာထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
“ဘင်္ဂလားဒေ့ရှ်ဟာနိုင်ငံရေးတည်ငြိမ်ဖို့လိုတယ်။ရွေးကောက်ခံမထားတဲ့ သူတွေဟာ ဆုံးဖြတ်ချက်ချသူတွေမဟုတ်ဘဲ ရွေးကောက်ခံအစိုးရကသာတိုင်းပြည်မှာ ဆုံးဖြတ်ချက်ချသူတွေ ဖြစ်နိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒါ့ပြင်သူက “စစ်တပ်က ရဲတွေ မဟုတ်ဘဲ တိုင်းပြည်ကို ကာကွယ်ဖို့ ရည်ရွယ်ပြီးဖွဲ့ထားတာ။ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားတွေ ပြန်သွားရမှာပေါ့။ အရပ်ဘက်တာဝန်တွေအတွက် စစ်တပ်ကို ကြာရှည်တပ်စွဲထားတာဟာတိုင်းပြည် ကာကွယ်ရေးလုပ်ငန်းတွေကို ထိခိုက်စေနိုင်တယ်လို့လည်းလက်ရှိ တိုင်းပြည်အနှံ့ စစ်တပ်ကိုတပ်ဖြန့်ချထားရမှုနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးWaker က သတိပေးပြောကြားခဲ့ပါတယ်။
လက်ရှိ ကြားဖြတ်အစိုးရဟာ ဘင်္ဂလားဒေ့ရှ် စစ်တပ်က ကျောထောက်နောက်ခံ ပြုထားတဲ့ အစိုးရဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်စစ်တပ်အကြီးအကဲ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြောစကားအပေါ်ပစ်ပယ်ဖို့ ခက်ခဲလိမ့်မယ်လို့လည်း နိုင်ငံရေး လေ့လာအကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။
ဒီကြားထဲမှာ ဘင်္ဂလားဒေ့ရှ်က အကြီးမားဆုံးနိုင်ငံရေးပါတီ တစ်ခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ ( BNP) ကလည်း လာမယ့်ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကို နောက်ဆုံးထားပြီး ပြုလုပ်ပေးဖို့ တောင်းဆိုနေပါတယ်။
BNP ပါတီရဲ့ အထွေထွေအတွင်းရေးမှူး Mirza Fakhrul Islam Alamgir က လွတ်လပ်ပြီးတရားမျှတတဲ့ ကြားဖြတ်အစိုးရကပြုလုပ်တဲ့ကြားနေရွေးကောက်ပွဲနဲ့အတူ တည်ငြိမ်မှုကို လိုလားတယ်လို့ပြောပါတယ်။
“အဲဒါအတွက် လမ်းပြမြေပုံကို တောင်းဆိုတာဟာ ရာဇ၀တ်မှုတစ်ခုလား။ လက်ရှိအခြေအနေအရတော့ အားလုံးကြားထဲမှာ ကောင်းမွန်တဲ့ ခံစားချက်တွေနဲ့တိုင်ပြည် ဖွံ့ဖြိုးရေးကိုလိုလားပါတယ်။ဒီလို ရွေးကောက်ပွဲပြုလုပ်ပေးဖို့ တောင်းဆိုတဲ့ အပေါ် အထူးသဖြင့် လက်ရှိကြားဖြတ် အစိုးရအနေနဲ့ စိတ်ရှည်သင့်တယ်”လို့ပြောဆိုပါတယ်။
ဒေါက်တာ ယူနွတ်စ် ဦးဆောင်တဲ့ လက်ရှိ ကြားဖြတ်အစိုးရကတော့ ပထမပိုင်းမှာ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ နောက်ဆုံးထားပြီး ပြုလုပ်ပေးမယ်လို့ ကျေညာခဲ့ပေမယ့် နောက်ပိုင်းမှာ ၂၀၂၆ နှစ်လယ်ပိုင်း ဇူလှိုင်လကို နောက်ဆုံးထားပြီး ပြုလုပ်ပေးမယ်ဆိုတဲ့ အသံတွေ ထွက်ပေါ် လာခဲ့ပြီးနောက် ရွေးကောက်ပွဲဟာ မရေမရာတဲ့ အနေအထားကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း BNP အပါအဝင် နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လမ်းပြမြေပုံတစ်ခု ကြားဖြတ် အစိုးရကို တောင်းဆိုလာခဲ့ကြပါတယ်။
လက်ရှိ ကြားဖြတ်အစိုးရလက်အောက်မှာ ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ အတူ ကုန်စျေးနှုန်းကြီးမြင့်မှု၊ ဒုစရိုက်လုပ်ငန်းတွေ ထူပြောလာမှု၊ အုပ်စုဖွဲ့အနိုင်ကျင့်သတ်ဖြတ်မှု၊ စက်ရုံ အလုပ်ရုံတွေ ရပ်နားလိုက်ရပြီး ရာပေါင်းများစွာသော ပြည်သူတွေ အလုပ်လက်မဲ့ ဖြစ်ခဲ့ရမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
“ဘင်္ဂလားဒေ့ရှ်ကတဆင့် ရခိုင်ပြည်သို့ လူသားချင်းစာနာထောက်ထားမှုစင်္ကြံ ဖော်ဆောင်ရေးအစီအစဉ်”
“ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးစင်္ကြံ တစ်ခုတည်ဆောက်ဖို့ကို မူအားဖြင့် သဘောတူပါတယ်” လို့ ဘင်္ဂလာဒေ့ရှ် အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး Md Touhid Hossain က၂၀၂၅ ခုနှစ် ဧပြီ ၂၆ ရက် တနင်္ဂနွေနေ့မှာ စတင်ပြောကြားခဲ့ပါတယ်။
"ကုလရဲ့ အဆိုပြုချက်အတိုင်း ဘင်္ဂလားဒေ့ရှ်က ရခိုင်ကို လူသားချင်းစာနာတဲ့ စင်္ကြံတစ်ခု ခွင့်ပြုဖို့ မူအားဖြင့် သဘောတူထားပါတယ်။ အဲဒါက လူသားချင်းစာနာတဲ့ လမ်းကြောင်းဖြစ်လိမ့်မယ်။ ဒါပေမယ့် အခြေအနေအချို့တော့ ရှိတယ်။ အသေးစိတ်တော့ မပြောပါဘူး။ အခြေအနေတွေ ပြည့်မီရင် အကူအညီပေးမှာ သေချာပါတယ်" လို့ သူက ပြောပါတယ်။
ဒီလို ဘင်္ဂလာဒေ့ရှ် အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး Md Touhid Hossain ကထုတ်ဖော် ပြောဆိုပြီးတဲ့ နောက်မှာ ရခိုင်သို့ ဖွင့်လှစ်မယ့် လူသားချင်းစာနာထောက်ထားမှုစင်္ကြံ ဖော်ဆောင်ရေးအစီအစဉ်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးပါတီတွေနဲ့ လူမှု အဖွဲ့အစည်းတွေအကြားမှာ ဆွေးနွေး ငြင်းခုံမှုတွေ၊ အမြင်မတူတာတွေ၊ သဘောထားကွဲလွဲမှုတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် လက်ရှိ ကြားဖြတ်အစိုးရကြားမှာတောင် အမြင် သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေးနဲ့ အကြံပေးအရာရှိချုပ် ခါလီလာရာမန် (Khalilur Rahman) က ကြားဖြတ်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ စင်္ကြန်ကို ဆွေးနွေးထားတာ မရှိဘူးလို့ New Age မှာ မေလ ၄ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (BNP) ကလည်းရခိုင်စင်္ကြံဖော်ဆောင်ရေးအစီအစဉ်ကိုဆန့်ကျင်ကန့်ကွက်ခဲ့ပြီးနိုင်ငံရေးပါတီတွေနဲ့ဒီကိစ္စကိုအသိပေးဆွေးနွေးဖို့တောင်းဆိုခဲ့ပါတယ်။
မေ၂၂ ရက်နေ့မှာတော့ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးWaker-Uz-Zaman က ဘင်္ဂလားဒေ့ရှ်က တစ်ဆင့် ရခိုင်ပြည်ကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးဖို့ စင်္ကြံ ဖော်ဆောင်ဖို့ကြိုးစားတာဟာဘင်္ဂလားဒေ့ရှ်ကို အန္တရာယ်ရှိတဲ့ proxy war (ကြားခံစစ်ပွဲ)အဖြစ်သို့ ကျရောက်သွားနိုင်တယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။
" ဒီစင်္ကြံကရှိတော့မှာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်ရဲ့ အချုပ်အခြာအာဏာကို ညှိနှိုင်းလို့ မရပါဘူး။ ဒီကိစ္စဟာ အန္တရာယ်ရှိပြီး ထိလွယ်ရှလွယ်အခြေအနေပါ” လို့ပြောဆိုပါတယ်။
ဒါ့ပြင် “ ဒီလို အရေးကြီးတဲ့ ကိစ္စမျိုးက ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံရေး အစိုးရတစ်ရပ်ကသာ ဒီလိုမျိုး ဆုံးဖြတ်ချက်တွေ ချနိုင်မှာပါ။ စင်္ကြံစီမံကိန်းက ဘင်္ဂလားဒေ့ရှ်ကို အန္တရာယ်ရှိတဲ့ proxy war အဖြစ်သို့ ကျရောက်သွားနိုင်ပါတယ်” ပြောဆိုပါတယ်။
၎င်းနောက်ပိုင်းဘင်္ဂလားဒေ့ရှ် အမျိုးသား လုံခြုံရေး အကြံပေး Khalilur Rahman က “ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဖြတ်ပြီး မြန်မာနိုင်ငံကို 'စင်္ကြံတစ်ခုပေးဆောင်ခြင်း' နဲ့ ပတ်သက်ပြီး ဘယ်သူနဲ့မှ ဆွေးနွေးတာ မရှိသေးပါဘူး။ ကျွန်တော်တို့လည်း ဆွေးနွေးမှာ မဟုတ်ပါဘူး” လို့Foreign Service Academy မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့တယ်လို့ Prothom Aloက မေလ ၂၁ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ကို လူသားချင်းစာနာတဲ့ စင်္ကြံတစ်ခု ဖွင့်လှစ်ပေးမယ့်အစီအစဉ်ဟာမရေမရာနဲ့ နောက်ဆုံးမှာ အဆုံသတ်သွားခဲ့ပြီဖြစ်ပါတယ်။