Preview

ဆောင်းပါး

နိရဉ္စရာ | မေ ၂၉/ ၂၀၂၅ | ကြည့်ရှုသူ :934
ဆောင်းပါး

မြန်မာအစ်ရှူးနဲ့ဆက်လက်"တိုင်ပတ်" နေမယ့်သင်္ကြန်အမြောက်အာဆီယံ

ဂျေတီရေးသားသည်။

နိရဉ္စရာ (ဆောင်းပါး)၊ မေ ၂၈/၂၀၂၅

မြန်မာ့ ပဋိပက္ခ အစ်ရှူး ထည့်သွင်းဆွေးနွေးခဲ့ကြသည့်အာဆီယံ ထိပ်သီးအစည်းအဝေးကြီးကတော့ပြီးဆုံးသွားခဲ့ပါပြီ။ (၄၆)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေး များကို မေလ (၂၆)ရက်မှ (၂၇)ရက်အထိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

အစည်းအဝေးမကျင်းပမီရက်ပိုင်းအလိုကပင်မလေး ဝန်ကြီးချုပ်အီဘရာဟင်က မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခ၊ တောင်တရုတ် ပင်လယ် ရေပိုင်နက် အငြင်းပွားမှုနှင့် အမေရိကန်၏ စည်းကြပ်ခွန်များ တိုးမြှင့်ခြင်း စသည့်ကိစ္စရပ်များကို အဓိကအာရုံစိုက်ပြီးဆွေးသွားမည်ဆိုပြီးကြိုတင်ထုတ်ပြောခဲ့သည်။

"မကျင်းမီက သိနှင့်သည်နှင့်မပါမဖြစ် မြန်မာ့အစ်ရှူး"

၂၀၂၁ ခုနှစ်ကမင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်က အာဏာသိမ်းပြီးချိန်ကစတင်ပြီးကတည်းက အာဆီယံအစည်းအဝေးများတွင်မြန်မာအစ်ရှူးသည် မပါမဖြစ် ကီးအစ်ရှူးတစ်ခုဖြစ်လာခဲ့သည်။

ယခုတွင်အကြိမ်တွင် လည်းအစည်းအဝေးမကျင်းပမီ အာဆီယံ အလှည့်ကျဥက္ကဋ္ဌကြီးမလေးရှားကတော့ မြန်မာ့အစ်ရှူးသည် အာဆီယံ၏အဓိကအာဂျန်ဒါတစ်ခုဖြစ်သည် ဆိုပြီး သင်္ကြန်အမြောက်လို အသံဟစ်ဟစ်ပြခဲ့သည်။

သို့သော်လည်းမလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကစစ်ကောင်စီ၏စစ်တပ်ကကျင်းပမည့် ရွေးကောက်ပွဲသည် အာဆီယံ၏ ဦးစားပေးအရေးကိစ္စ မဟုတ်ဘဲ ရွေးကောက်ပွဲကြောင့် ပဋိပက္ခ အခြေ အနေ ပိုဆိုးလာနိုင်ကြောင်းအစည်းအဝေးမတိုင်မီ ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့အတွက်ကြောင့်လည်း စစ်တပ်၏နိုင်ငံထွက်ပေါက်အဖြစ် လူ၀တ်လဲကြဦးမည့် ဟန်ပြရွေးကောက်ပွဲ ကိုအာဆီယံကဟန့်တားနိုင်လေ မလားဆိုပြီး တွေ့ဆကြည့်ကြကုန်ပြန်သည်။ တုပ်ကွေးကွေးသူများပင် အာဆီယံအစည်းအဝေးဆီ အာရုံရောက်သွားကြသည်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီးအာဆီယံရဲ့လုပ်ဆောင်မှုများသည် (၄)နှစ်ကျော်ကြာ (၅)နှစ်တာအတွင်း ချင်းနင်း၀င်ရောက် လာသော်လည်းရေမှာအရုပ်ရေးသလို အခုချိန်ထိ အရာမထင်သေးသည်ကိုသာတွေ့မြင်နေ ရသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌအဆက်ဆက်သာပြောင်းသွားသည်။ "အမယ်ဘုတ်ရဲ့သူ့ချည်ငင်" ဆိုသလို မြန်မာအစ်ရှူးနှင့်ပတ်သက်ပြီးအာဆီယံသည်လည်းခေတ်စကားဖြင့်ပြောရလျှင် "တိုင်ပတ်" နေခဲ့သည်။  "အာဆီယံသည်စစ်ကောင်စီအသက်ဆက်ရေးအောက်ဆီဂျင်ထောက်ကူပေးနေသည်" ဆိုပြီး အတိုက်အခံများ၏ ဝေဖန်ပြစ်တင်မှုကိုမရှူမလှခံနေရသည်။

ယခုတဖန်အာဆီယံသည်လည်း မည်ကဲ့သို့ ကစားကွက်အသစ်အဆန်းများ ထပ်စမ်းသပ်လာမည်ကိုလည်းစောင့်ကြည့်နေကြသည်။

ထို့ကြောင့်လည်းနိုင်ငံရေးလေ့လာသူတွေက အာဆီယံ ထိပ်သီးအစည်းအဝေးက " လိပ်ခဲတည်းလည်း" မြန်မာ့အစ်ရှုး ကို လူမြင်ကောင်းအောင်မိတ်ကပ် လိမ်းခြယ်ကြမည်သာဖြစ်ပြီး အရင်အရင်ကလို ထူးမခြားနား ကြေညာချက်များသာထွက်ရှိလာကြလိမ်မယ်လို့ လည်းကြိုတင်ဟော ကိန်းထုတ်ခဲ့ကြသည်။

"မင်းအောင်လှိုင်အတွက်ထိုင်ခုံမရှိ၊ ထိပ်သီးအစည်းအဝေးမြင်ကွင်း"

ထိပ်သီးအစည်းအဝေးတွင်ထုံးစံအတိုင်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုမဖိတ်ဘဲဆက်လက်ချန်လှပ်ထားခဲ့ပြီး ကျန်အာဆီယံအဖွဲ့၀င်(၉)နိုင်ငံကခေါင်းဆောင်များကသာတက်ရောက်ခဲ့ကြသည်။အာဆီယံ၏ဘုံ (၅) ချက်ကိုအဖက်မလုပ်ခဲ့သည့်မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံ၏ ထိပ်သီးအစည်း အဝေးများသို့ တက်ရောက်ခွင့်မပြုခဲ့ပေ။

နိုင်ငံရေးအရ ကိုယ်စားပြုသူများကို အာဆီယံထိပ်သီးအစည်းအဝေးများသို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက စပြီးတက်ရောက် ခွင့်မပြုဘဲအာဆီယံက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ယမန်နှစ်ကကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ သို့ (၃)နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် နိုင်ငံခြားရေး၀န်ကြီးဌာနမှအတွင်း၀န်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်ကို မင်းအောင်လှိုင်က စတင်စေလွှတ်တက်ရောက်စေခဲ့သည်။

ယခုနှစ်တွင်လည်းစစ်ကောင်စီ၏နိုင်ငံခြားရေး၀န်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်မိုးသာ တက်ရောက်ခဲ့သည်ကိုတွေ့ရသည်။

(၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေး၊ သီးသန့်အစည်းအဝေး၊ အာဆီယံ နိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံအဖွဲ့ဝင်များတွေ့ဆုံပွဲ၊ အာဆီယံနိုင်ငံ့ ခေါင်းဆောင်များနှင့် အာဆီယံလူငယ်ခေါင်းဆောင်များတွေ့ဆုံပွဲ၊ အာဆီယံနိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံစီးပွားရေးအကြံပေးကောင်စီဝင်များတွေ့ဆုံပွဲ၊ အာဆီယံ ၂၀၄၅ ကွာလာလမ်ပူ ကြေညာချက်ကို လက်မှတ်ရေးထိုးသည့်အခမ်းအနားတို့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်းကိုသာ စစ်ကောင်စီက အရှက်ပြေ သတင်းထုတ်ပြန်ခဲ့သည်ကိုသာတွေ့ရသည်။

"သူတို့ဘာတွေဆွေးနွေးခဲ့ကြလဲ"

“မြန်မာ့အကျပ်အတည်းကို တဖြည်းဖြည်းနဲ့ ဖြေရှင်းဖို့အတွက် ကျနော်တို့ရဲ့ အားထုတ်မှုတွေမှာ တိုးတက်မှုရှိခဲ့ပါတယ်။ဒီလုပ်ငန်းစဉ်တခုလုံးမှာ တိတ်တိတ်ဆိတ်ဆိတ် စေ့စပ်ညှိနှိုင်းမှုက အရေးကြီးတယ်ဆိုတာလည်း ဖော်ပြလိုပါတယ်။ ခြေလှမ်းတွေက သေးငယ်ချင် သေးငယ်မယ်၊ တံတားတွေက ကျိုးပျက်လွယ်ကောင်း ကျိုးပျက်လွယ်မယ်၊ ဒါပေမဲ့ ဆိုရိုးရှိသလိုပဲ၊ ငြိမ်းချမ်းရေးကိစ္စတွေမှာ ကျိုးပျက်လွယ်တဲ့တံတားတစင်းဟာ ပိုကျယ်လာတဲ့ အက်ကြောင်းကြီးထက်တော့ ပိုကောင်းပါတယ်” ဆိုပြီး မလေးရှားဝန်ကြီးချုပ် က အဖွင့်မိန့်ခွန်းမှာထုတ်ဖော်ပြောဆိုခဲ့သည်ဟုDVB မှာဖောပြထားသည်ကိုတွေ့ရသည်။

အကြမ်းဖက် စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ပဋိပက္ခဖြစ်ပွားနေသော မြန်မာ နိုင်ငံတွင် နှစ်ဖက် တွေ့ဆုံဆွေး နွေးရန် အရေးကြီးသော တိုးတက်မှုတချို့ရှိနေကြောင်း အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟမ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

နှစ်ဖက် စစ်မက်ဖြစ်ပွားနေသော မြန်မာနိုင်ငံတွင် နှစ်ဖက်တွေ့ဆုံရန် အရေးကြီးသော ခြေလှမ်းများဖြင့် တိုး တက်မှု တချို့ရှိနေကြောင်း၊ နှစ်ဖက် အပြိုအဆိုင် ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့အစည်းများကို စားပွဲ၀ိုင်းဆီသို့ ခေါ်ဆောင်လာရန် နည်းလမ်းများ မလေးရှားဝန်ကြီးချုပ် က ဦးဆောင်သော အာဆီယံက ကြိုးပမ်းရှာဖွေလျက်ရှိကြောင်း၊ လွန်ခဲ့သော ဧပြီလအတွင်း ကလည်း မင်းအောင်လှိုင်ကို ဘန်ကောက်တွင် မလေးရှားဝန်ကြီးချုပ်က ခေါ်ယူ တွေ့ဆုံခဲ့ပြီး အခြားတစ်ဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အစိုးရနှင့်လည်း တွေ့ဆုံမှုများ လုပ်ဆောင်ခဲ့ကြောင်း ၄င်းက ပြောဆိုခဲ့ သည်။

"စိုးရိမ်ပူပန်နေဆဲ ထူးမခြားနားအာဆီယံ ခေါင်းဆောင်များ၏သဘောထား"

အာဆီယံ ထိပ်သီးအစည်းအဝေးအပြီးမေလ(၂၇)ရက်တွင်မြန်မာ့အရေး နှင့်ပတ်သက်ပြီးအာဆီယံ ခေါင်းဆောင်များ၏ သဘောထားကြေညာချက်ထွက်ရှိလာခဲ့သည်ကိုတွေ့ရသည်။မြန်မာ့အရေး နှင့်ပတ်သက်ပြီးသီးသန့်ထုတ်ပြန်ခဲ့သည့် အချက်( ၉) ချက်ပါ၀င်သည့်အဆိုပါ ကြေညာချက်တွင် မြန်မာနိုင်ငံ၌ ပဋိပက္ခများ တိုးမြင့်လာခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာခြင်းတို့အပေါ် အာဆီယံခေါင်းဆောင်များက အလွန်အမင်းစိုးရိမ်ပူပန်ကြောင်းစသဖြင့်ဖော်ပြထားသည်။

မြန်မာ့အရေးကို ဖြေရှင်းရာတွင် ငြိမ်းချမ်းသော ရေရှည်တည်တံ့သော နည်းလမ်းကို ရှာဖွေရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်သည် မြန်မာ့အရေး ဖြေရှင်းရန် အဓိက သော့ချက်အဖြစ် ထပ်လောင်း အတည်ပြုပြီး ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာမူ၊ မြန်မာဟန်ဖြင့် မြန်မာနိုင်ငံက ကိုယ်တိုင် ဦးဆောင် အကောင်အထည်ဖော် သင့်ကြောင်း၊အများပြည်သူဆိုင်ရာနေရာများနှင့် အရပ်သားပြည်သူများကို အကြမ်းဖက်မှုများကို သက်ဆိုင်သူများအားလုံးက ရပ်တန့်ရန်၊ အရပ်သားပြည်သူများအားလုံး ဘေးကင်းလုံခြုံရေးအတွက် အာမခံအထူးဂရုပြုရန် အာဆီယံ တိုက်တွန်းသည်။

စစ်ကောင်စီက ကြေညာခဲ့ သော အပစ်အခတ်ရပ်စဲရေးနှင့် ဆန့်ကျင်ဘက် အုပ်စုများ၏ အပစ်အခတ်ရပ်စဲရေး ကြေညာမှုများကို ကြိုဆိုကြောင်း၊နောက်ထပ် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာပြီး လူသားချင်းစာနာမှုအကူအညီများကို လုံခြုံစွာပေးပို့နိုင်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊အာဆီယံဘုံသဘောတူညီချက် အကောင် အထည်ဖော်ရန်၊ လူသားချင်းစာနာမှုအကူအညီများကို ခွဲခြားမှုမရှိဘဲ၊ အချိန်မီ၊ ထိရောက်မှုရှိစွာ ပေးအပ်နိုင်ရေးအတွက် ပါဝင်သူအားလုံးကိုတိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံရှိ သက်ဆိုင်သူများအားလုံး ယုံကြည်မှု တည်ဆောက်ပြီးရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဖြေရှင်းမှုရရှိရေး၊ မြန်မာနိုင်ငံက ကိုယ်တိုင်ဦးဆောင်သော ပဋိပက္ခ ဖြေရှင်းကြရန် ဖော်ပြထားသည်ကိုတွေ့ရသည်။

"ဒီတစ်ခါလည်း ထူးမခြားနား"

အာဆီယံခေါင်းဆောင်များ၏ထုတ်ပြန်ချက်သည် ယခင်ကလိုပင်ထူးမခြားနားပေ။စစ်ကောင်စီ၏စစ်တပ်ကကျင်းပမည့် ရွေးကောက်ပွဲသည် အာဆီယံ၏ ဦးစားပေးအရေးကိစ္စ မဟုတ်ဘဲ ရွေးကောက်ပွဲကြောင့် ပဋိပက္ခ အခြေ အနေ ပိုဆိုးလာနိုင်ကြောင်း ၊ မြန်မာ့အရေးတွင် နှစ်ဖက် စေ့စပ်ညှိနှိုင်းမှုများစွာ လိုအပ်နေကြောင်း၊ မြန်မာ့အရေး ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်တစ်ဦးကို ၃ နှစ်သက်တမ်းအတွက် အမြဲတမ်း ခန့်အပ်ရန် အဆိုပြုချက်နှင့်ပတ်သက် စပ်လျဉ်း၍ အာဆီယံအဖွဲ့အတွင်း သဘောတူညီမှု ရရှိထားကြောင်း ၊မြန်မာနိုင်ငံသို့ ဇွန်လတွင် ၎င်းကိုယ်တိုင် သွားရောက်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကအစည်းအဝေးမတိုင်ခင် စကားဦးသမ်းခဲ့သည့် ရွေးကောက်ပွဲ အကြောင်းကို မူ ကြေညာချက်တွင် ရဲရဲတင်းတင်ထည့်သွင်းခဲ့ခြင်းမရှိသည်ကိုလည်း တွေ့ရသည်။

စစ်ကောင်စီကယခုနှစ်နှောင်းပိုင်းဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပရန် ရည်မှန်းထားပြီး စစ်တပ်၏ အာဏာဆက်လက် ထိန်းထားရေးတစ် ဖက်သတ် အတု အယောင် ရွေးကောက် ပွဲကျင်းပရန် ဆိုင်းပြင်နေချိန်ဖြစ်သည်။

အာဆီယံအနေဖြင့် စစ်ကောင်စီထံသို့ ရှင်းလင်းပြတ်သား တိကျသော သတင်း စကား ပေးပို့ထားပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင် အထည်ဖော်ပြီးမှသာလျှင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆွေးနွေးမှုများ လုပ် ဆောင်ရမည်ကို ပြောဆိုထားပြီးဖြစ်ကြောင်း၊ အားလုံးပါဝင်သော ညှိနှိုင်းမှု လုပ်ငန်းစဉ် အောင်မြင်ပြီးမှသာ မြန်မာနိုင်ငံသည် စစ်မှန်သော ဒီမိုကရေစီ အစိုးရတစ်ရပ် ဖွဲ့ စည်းနိုင်မည်ဖြစ်ကြောင်း အီဗရာဟင် က ဆိုသည်။

" မြန်မာ့အရေး ဖြေရှင်းရန် အဓိက သော့ချက်အဖြစ် ထပ်လောင်း အတည်ပြုခဲ့သည့် ဘုံသဘောတူညီချက် (၅)ရပ်"

မြန်မာစစ်တပ်ကအာဏာသိမ်းပြီး(၂)လအကြာ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်တက်ရောက်ခဲ့သည့်၂၀၂၁ ဧပြီ (၂၄)ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာကျင်းပခဲ့သည့်အာဆီယံအရေးပေါ်အစည်းအဝေးတွင်မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဘုံသဘောတူညီချက် (၅) ချက် ကိုအာဆီယံခေါင်းဆောင်တွေက သဘောတူခဲ့ကြခြင်းဖြစ်သည်။

အာဆီယံဘုံသဘောတူညီချက်(၅)ချက်တွင်၁။ အကြမ်းဖက်မှုများကို ချက်ချင်းရပ်ရန်၊၂။ သက်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေးရန်၊၃။ အာဆီယံအထူးသံတမန်က ကြားဝင်ညှိနှိုင်းဆောင်ရွက် ပေးရန်၄။ အာဆီယံကတဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန်၅။အာဆီယံအထူးသံတမန်က မြန်မာနိုင်ငံကို လာရောက်ပြီး သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံရန် တို့ဖြစ်သည်။

ယခု ထိပ်သီးအစည်းအဝေးတွင် လည်းအဆိုပါ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကိုမြန်မာ့အရေး ဖြေရှင်းရန် အဓိက သော့ချက်အဖြစ် ထပ်လောင်း အတည်ပြုခဲ့ကြသည်။

"အာဆီယံ အပေါ် NUG ရှုမြင်ချက်"

မြန်မာ့အရေးဖြေရှင်းရန် အာဆီယံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ကြိုဆိုသော်လည်း အတင်းအကျပ် ဖိအားပေး တွေ့ဆွေးနွေးရေးကို ပုံဖော်ခြင်းသည် ရေရှည်တွင် ပြဿနာပြေလည်ရေးကို အထောက်အကူ မပြုကြောင်း NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ဆိုသည်။

မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက်တွင် အကြမ်းဖက်မှုများ ရပ်ဆိုင်းရန် ဆိုသော အချက်-Cessation of Violenceက ပထမဆုံးအချက်အဖြစ် ပါဝင်ပြီးစစ်ကောင်စီက ယင်းအချက်ကို လုံး၀ မလိုက်နာကြောင်း၊ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကိုတောက်လျှောက် လုပ်နေသည့် စစ်ကောင်စီကို အာဆီယံအနေဖြင့် အရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် အထူးလိုအပ်လာပြီဖြစ်ကြောင်းသမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော်က ပြည်သူလူထုနှင့်နိုင်ငံကာသို့ သတင်းစကား ပြောကြားခြင်း Press Briefing အစီအစဥ်တွင်ပြောဆိုခဲ့သည်။

အာဆီယံအနေဖြင့် ဗဟိုချုပ်ကိုင်မှုနှင့် ခေါင်းဆောင်မှု အခန်းကဏ္ဍကို ခိုင်ခိုင်မာမာရယူပြီး တိုင်းပြည်၏ အရင်းမြစ် ပြဿနာများကို ဖြေရှင်းပေးနိုင်ရန် ဦးတည်သည့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်းမြန်မာ့အရေးသည် ယနေ့ အာဆီယံ၏ ဂုဏ်သိက္ခာ ပြန်လည်အားကောင်းစေရန် အလွန်အချိန်အခါ သင့်သည့် အခွင့်အရေးတစ်ရပ်ဟု အာဆီယံက မှတ်ယူနိုင်ကြောင်းဦးကျော်ဇော်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ပွဲစား၀င်လုပ်ပေးမှုဖြင့်စစ်ခေါင်းဆောင်မင်းအောင်လှိုင် သည်အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်တို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြသေး သည်။ထို့နောက်တွင် မလေးရှားဝန်ကြီးချုပ် သည် NUG မှ အကြီးအကဲများကိုလည်းအွန်လိုင်မှတဆင့်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

"မြန်မာ့အကျပ်အတည်းကို တဖြည်းဖြည်းနဲ့ ဖြေရှင်းဖို့အတွက် ကျနော်တို့ရဲ့ အားထုတ်မှုတွေမှာ တိုးတက်မှုရှိခဲ့ပါတယ်။ဒီလုပ်ငန်းစဉ်တခုလုံးမှာ တိတ်တိတ်ဆိတ်ဆိတ် စေ့စပ်ညှိနှိုင်းမှုက အရေးကြီးတယ်ဆိုတာလည်း ဖော်ပြလိုပါတယ် ”ဟုအီဘရာဟင်ကပြောဆိုခဲ့သည်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံက အတင်းအကျပ်ဖိအားပေးဆွေးနွေးပြီး အပစ်အခတ်ရပ်စဲအောင်လုပ်ဆောင်တာက ‌ရေရှည်မှာ ပြဿနာပြေလည်ရေးကို အထောက်အကူပြုမှာမဟုတ်ဘူး ဆိုပြီးဦးကျော်ဇော်ကအာဆီယံထိပ်သီးအစည်းအဝေးပွဲကနေ မြန်မာ့အရေး ဖြေရှင်းပေးမှုမှာ တိုးတက်မှုရှိတယ်လို့ အာဆီယံ ဥက္ကဋ္ဌ အီဘရာဟင် ပြောကြားပြီးနောက် အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းပင်ဖြစ်သည်။

 "အာဆီယံ အပေါ်လူ့အခွင့်အရေးအဖွဲ့များ၏ တွန်းအား"

ထို့အတူအာဆီယံအစည်းအဝေးကျင်းပချိန်တွင် လူ့အခွင့်အရေးအဖွဲ့ကြီးများကလည်းအာဆီယံ အပေါ်ပြင်းပြင်ထန်ထန်တိုက်တွန်းတောင်းဆိုမှုများကိုပြုလုပ်ခဲ့ကြသည်ကိုလည်းတွေ့ရသည်။

"ရက်စက်ကြမ်းကြုတ်မှုများတိုးမြှင့်လုပ်ဆောင်နေလျက်ရှိသည့်မြန်မာစစ်တပ်ကိုပြင်းထန်သည့်ဖိအားပေးမှုများလုပ်ဆောင်သွားရန်" Fortify Rights ကအာဆီယံကို တောင်းဆိုခဲ့သည်ကိုလည်းတွေ့ရသည်။

"အာဆီယံသည် စစ်အုပ်စုထံ လက်နက်နှင့် လေယာဉ်ဆီတင်ပို့မှုများအား ပိတ်ပင်ရေး၊ အခွန်ငွေစီးဆင်းမှုများအား ရပ်တန့်ရေး အရေးယူ ဆောင်ရွက်ရန်ပျက်ကွက်ခဲ့ကြောင်း၊မြန်မာစစ်အုပ်စုအတွက် ပံ့ပိုးကူညီမှုပုံစံအားလုံးကို ရပ်တန့်ပြီး လူ့အခွင့်အရေးအတွက် ပြတ်ပြတ်သားသား ရပ်တည်ရမည် ဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် အရေးယူဆောင်ရွက်မှု လုပ်ကိုလုပ်ရမည်ဖြစ်ကြောင်း၊ မြန်မာပြည်သူများ၏ အခွင့်အရေးများနှင့် ဒီမိုကရေစီလိုလား တောင့်တမှုအပေါ် လေးစားတန်ဖိုးထားရမည်ဖြစ်ပြီး မြန်မာစစ်အုပ်စုနှင့် ကြံရာပါမှုကို ရပ်တန့်ဖို့ အချိန်တန်ပါပြီ” ဟု Justice For Myanmar က တိုက်တွန်းတောင်းဆိုခဲ့သည်။

"အာဆီယံဘာလဲ၊ဘယ်လဲ "

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက်ထိုင်ခုံမရှိသေးသည့်(၄၆)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေး များက တော့ပြီးဆုံးသွားခဲ့ပါပြီ။

၂၀၂၁ ခုနှစ်ကမင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်က အာဏာသိမ်းပြီးချိန်ကစတင်ပြီးကတည်းကမြန်မာအစ်ရှူးသည် မပါမဖြစ် အာဆီယံ၏ ကီးအစ်ရှူးတစ်ခုဖြစ်လာခဲ့သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တွေသာအကြိမ်ကြိမ်သာပြောင်းလဲသွားသည်။မြန်မာနိုင်ငံ၏အခြေအနေ၊မင်းအောင်လှိုင် ကို ပြုပြင်ပြောင်းလဲဖို့နေနေသာသာ အခြေအနေတွေကတစ်နေ့တစ်ခြား အနုတ်လက္ခဏာသာပြပြလာသည်။

ဆင်ဖမ်းမည်၊ကျားဖမ်းမည်ဆိုသည့်ဥက္ကဋ္ဌသစ်ကြီး မလေးရှားကလည်း ဗျူဟာအခင်းအကျင်းသစ်တွေဖြင့် စမ်းသပ်ကြည့်သည်။ သင်္ကြန်အမြောက်လို အသံ ဟစ်ဟစ်ပြသည်။သို့သော်လည်းမြန်မာ့အရေးနဲ့ပတ်သက်ပြီးအာဆီယံရဲ့လုပ်ဆောင်မှုများသည် (၄)နှစ်ကျော်ကြာ(၅)နှစ်တာအတွင်းချင်းနင်း၀င်ရောက် လာသော်လည်းရေမှာအရုပ်ရေးသလိုအခုချိန်ထိအရာမထင်သေးသည်ကိုသာတွေ့မြင်နေ ရသည်။ "အမယ်ဘုတ်ရဲ့သူ့ချည်ငင်ဆိုသလို" မြန်မာအစ်ရှူးနှင့်ပတ်သက်ပြီးအာဆီယံသည်လည်း အဖြေထွက်ရှိလာမည်မဟုတ်ဘဲ ဆက်လက်"တိုင်ပတ်" နေမည်သာဖြစ်ပါကြောင်း ဟော ကိန်းထုတ်လိုက်ရကြောင်းပါ။

ဂျေတီ

#အာဆီယံ#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.