မင်းကောင်းချစ်
ဒီကနေ့ မြန်မာနိုင်ငံက ရမ်းကားကြမ်းကြုတ်တဲ့စစ်အာဏာရှင်စနစ်၊ မှားယွင်းတဲ့အုပ်ချုပ်ရေးစနစ်၊ တရားဥပဒေမစိုးမိုးတဲ့ တရားမဲ့အုပ်ချုပ်ပုံစနစ်ဆိုးရဲ့စစ်ဖိနပ်အောက်မှာစစ်အာဏာရှင်တွေ စစ်ထောက်ခံသူတွေအပါအဝင်၊ ပိုက်ဆံချမ်းသာကြွယ်ဝတဲ့ခရိုနီသူဌေးတွေ၊ စစ်ယန္တရားကြီးကို မောင်းနှင် ပေးနေကြတဲ့ Non CDM ဝန်ထမ်းတွေ၊ နိုင်ငံသူနိုင်ငံသားအားလုံးရဲ့အသက်ဘဝတွေဟာ ဘယ်သူအတွက်မှ မလုံခြုံတော့ပါဘူး။
သက်ရှိလူသားတိုင်းဟာ အချိန်အခါမရွေး၊ နေရာဒေသမရွေး အသက်ဆုံးရှုံး၊ ဘဝဆုံးရှုံးသွားနိုင်တဲ့ဖြစ်တန်ခြေတွေရှိနေပါပြီ။တချို့ကထင်ကြမယ်၊ ငါတို့မှာ အာဏာရှိတယ်၊ ပိုက်ဆံရှိတယ် ဒါကြောင့်အသက်လုံခြုံအောင်နေလို့ရတယ်၊ ဘဝလုံခြုံတယ်လို့ ထင်မှတ်နေတာဟာ အလွန်လွဲချော်မှုကြီး၊ အသိဉာဏ်မရှိတဲ့ ဆင်ခြင်တုံတရားမဲ့မှုကြီးဖြစ်ပါတယ်။
တကယ်တမ်းက လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေမှာ သမ္မတရူး မအလ အပါအဝင်စစ်ဗိုလ်ချုပ်တွေရဲ့ဘဝလုံခြုံမှုဟာ ကျပ်ပြေးနေပြည်တော်အပါအဝင်မြန်မာတနိုင်ငံလုံးဘယ်အရပ်မှမရှိနိုင်တော့ပါဘူး၊တနည်းအားဖြင့်ပြောရရင် တရားဥပဒေမစိုးမိုးတဲ့တိုင်းပြည် စစ်ဖိနပ်အောက်မှာစစ်ဖိနပ်စီးသူတွေအပါအဝင် လူတိုင်းအသက်ဘဝ မလုံခြုံတော့ပါဘူး။
ဒီအချက်ကိုသက်သေပြနေတဲ့အချက်ကတော့ဒီရက်ပိုင်းအတွင်း ၂၀၂၅ ခုနှစ် မေ ၂၂ ရက် နံနက် ၉ နာရီ ၂၀ မိနစ်အချိန်မှာ Golden Valley Warriors မြို့ပြပြောက်ကျားရဲဘော်တွေက ရန်ကုန်တိုင်း၊မရမ်းကုန်းမြိုနယ်မရမ်းကုန်းမြို့နယ် အေဝမ်းလမ်းပေါ် ၅ ရပ် ကွက်ရှိ နေအိမ်တွင် အငြိမ်းစား ဗိုလ်မှူးချုပ်ချိုထွန်းအောင်ကိုပစ်ခတ်ရှင်းလင်းခဲ့ကြပါတယ်။
တိုင်းပြည်တပြည်ကိုဦးဆောင်စီမံအုပ်ချုပ်တဲ့ စနစ်တခုဆိုတာ အဲဒီတိုင်းပြည်တွင်း နေထိုင်ကြတဲ့လူအားလုံးရဲ့ အသက်ဘဝတွေကို တန်ဖိုးထား ကာကွယ်စောင့်ရှောက်နိုင်အောင်၊နိုင်ငံသူ နိုင်ငံသားအားလုံး လူ့ဂုဏ်သိက္ခာနဲ့အညီ အသက်ရှင်သန်ခွင့်၊ကြီးပွားချမ်းသာခွင့်တွေရအောင် တရားမျှတစွာ ဖန်တီးအုပ်ချုပ်တဲ့စနစ်ဖြစ်ဖို့ အလွန်အရေးကြီးလှပါတယ်။
အဲဒီတော့နိုင်ငံတနိုင်ငံမှာရှိတဲ့ အုပ်ချုပ်ပုံစနစ်တရပ် ကောင်း မကောင်း၊လက်ခံထိုက်သလား လက်သင့်မခံထိုက်ဘူးလား ဆိုတာကိုအဲဒီနိုင်ငံသူနိုင်ငံသားတွေရဲ့ အသက်ဘဝ လုံခြုံမှုတွေကို တန်ဖိုးထားပြီးကာကွယ်စောင့်ရှောက်ထားသလား တန်ဖိုးမထားဘဲ မကာကွယ်၊ မစောင့်ရှောက်ဘူးလားဆိုတဲ့ အခြေခံအကျဆုံး ပေတံနဲ့ပဲ တိုင်းတာကြည့်နိုင်ပါတယ်။
အသက်ဘဝလုံခြုံမှုဆိုတာကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင် အသက်ခန္ဓာလုံခြုံမှု၊ စီးပွားရေးဘဝလုံခြုံမှု၊ ကျန်းမာရေးဘဝ လုံခြုံမှု၊ ပညာရေးဘဝ လုံခြုံမှု၊လူမှုပတ်ဝန်းကျင်ဘဝ လုံခြုံမှု၊ အနာဂတ်ဘဝ လုံခြုံမှု စတာတွေ ပါဝင်တာကိုတွေ့ရမှာ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းစဉ်ကနေ ဒီကနေ့ချိန်အထိစစ်အာဏာရှင်တွေ ဗိုလ်ကျအုပ်စီးတဲ့ ကာလအားလုံးမှာ တိုင်းရင်းသား ရဟန်းရှင်လူပြည်သူအားလုံးမှာ အပေါ်မှာ ရေးပြခဲ့တဲ့ လုံခြုံမှုအမျိုးအစားအားလုံးမရှိဘဲ အချိန်အခါမရွေး အာဏာရှိသူ၊ လက်နက်ရှိသူတွေရဲ့ အနိုင်ကျင့် သတ်ဖြတ်၊ဖျက်ဆီး ဗိုလ်ကျမှု ခံကြရတာမို့ အကြောက်တရားနဲ့ ရှင်သန်ခဲ့ကြရပါတယ်။
စစ်ဖိနပ်အောက်ကမြန်မာနိုင်ငံမှာ တရားဥပဒစိုးမိုးမှုမရှိဘဲ ဥပဒေအထက်မှာ၊ ပြည်သူလူထုရဲ့ဦးခေါင်းထက်မှာ စစ်အခွင့်ထူးခံတွေ ကြီးစိုးမင်းမူခဲ့ကြတာ လူတိုင်းအသိဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားတွေဟာ အသက်ခန္ဓာမလုံခြုံမှု၊ စီးပွားရေးဘဝမလုံခြုံမှု၊ ကျန်းမာရေးဘဝ မလုံခြုံမှု၊ လူမှုပတ်ဝန်းကျင်ဘဝမလုံခြုံမှုတွေကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ခဲ့ရပါတယ်။
ဥပမာပေးရရင် ပိုက်ဆံရှိတဲ့ ခရိုနီသူဌေးကြီးတွေတောင် နှလုံးရောဂါ ရုတ်တရက်ရခဲ့ရင် ညရေးညတာ သွားလာရေးမလုံခြုံတဲ့ခေတ်ပျက်ကြီးထဲမှာ ဆေးရုံအချိန်မှီမပို့နိုင်ရင် အချည်းအနှီးအသက်ဆုံးရှုံးကြရမှာဖြစ်ပါတယ်။
လက်နက်ကိုင်ထားပေမဲ့ အထက်အမိန့်ဆို အမှန်အမှားမခွဲခြားတတ်၊ စဉ်းစားဆင်ခြင်တုံတရားမရှိကြတဲ့စစ်ဗိုလ်စစ်သားတွေ ကြီးစိုးသောင်းကျန်းငွေရှာနေကြတဲ့ စစ်ဆေးရေးဂိတ်တွေမှာ လူတယောက်ရဲ့အသက်ဟာ လက်ဖဝါးနှစ်ကြားညှပ်အရိုက်ခံရတဲ့ခြင်တကောင်လို ဖြန်းခနဲ့အသက်ထွက်သွားနိုင်ပါတယ်။
ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကျရှုံးပျက်သုဉ်းချိန်နီးလာလေလေ နိုင်ငံသားတိုင်းအသက်ဘဝတွေသာမက စစ်အာဏာရှင်အသိုင်းအဝိုင်းတခုလုံးအပါအဝင်၊ စစ်ဖိနပ်စီးသူတွေ၊ စစ်ထောက်ခံသူတွေ၊ စစ်အာဏာရှင်စနစ်ကိုအလုပ်အကျွေးပြုနေသူတွေအားလုံးရဲ့အသက်ဘဝဟာလည်း လုံခြုံမှုမရှိတော့ဘဲ အချိန်မရွေး အသက်ဆုံးရှုံး၊ အရုပ်ဆိုးအကျဥ်းတန်စွာဘဝပျက်နိဌိတံသွားရမဲ့အခြေအနေတွေဆိုက်ရောက်လာရပါတော့တယ်။
လက်နက်နက်အားကိုနဲ့အာဏာလုယူခဲ့တဲ့ စစ်ဓါးပြခေါင်းဆောင်ကိုယ်တိုင်တောင် တော်လှန်ရေးအင်အားစုတွေရဲ့ အသေခံဒရုန်းတွေ၊ ရှော့တိုက်ဒုံးတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ကြုံရပြီး ကြမ္မာငင်ရနိုင်ခြေ၊ စစ်ရှုံးပြီး အဖမ်းအဆီးခံရနိုင် ခြေ၊ တိုင်းတပါးထွက်ပြေးခိုလှုံရလို့ အာဏာလက်လွှတ်ဘဝချက်ခြင်းပျက်နိုင်ခြေတွေများသထက်များလာနေပြီဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံရဲ့အုပ်ချုပ်ပုံစနစ်မှန်ကန်မှသာ၊ တရားဥပဒေစိုးမှုရှိမှသာ၊ ပြည်သူလူထုကကြည်ဖြူလက်ခံတဲ့စနစ်ဖြစ်မှသာ နိုင်ငံရေးတည်ငြိမ်မှုရှိမှာဖြစ်သလို အုပ်ချုပ်သူအစိုးရအပါအဝင် နိုင်ငံသူနိုင်ငံသားအားလုံးရဲ့အသက်ဘဝအားလုံးလည်း လုံခြုံအေးချမ်းတည်ငြိမ်နိုင်မှာဖြစ်ပါတယ်။
ဒီနေရာမှာပြည်သူလူထုရဲ့ အသက်ဘဝတွေကို တန်ဖိုးထား ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့စင်ကာပူနိုင်ငံ အုပ်ချုပ်ပုံစနစ်ကောင်းတရပ်ဟာ စင်ကာပူနိုင်ငံသားတွေသာမကရွှေ့ပြောင်းလုပ်သား နိုင်ငံခြားသားတွေရဲ့ အသက်ဘဝတွေကို ဘယ်လိုကာကွယ်စောင့်ရှောက် ပေးထားတယ် ဆိုတာကို မသိသေးတဲ့ စာဖတ်သူတို့သိရှိနိုင်အောင် ရေးပြချင်ပါတယ်။
စင်ကာပူမှာအလုပ်လုပ်ကြတဲ့သူတိုင်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းပြီး အသက်ဘဝလုံခြုံနိုင်သမျှ လုံခြုံအောင် မဖြစ်မနေ လိုက်နာရမယ့် ဥပဒေတွေ၊နည်းဥပဒေတွေကို ရေးဆွဲပြဋ္ဌာန်းပြီး လိုက်နာမှုမရှိရင် ထိရောက်စွာအဂတိမလိုက်စားဘဲ အရေးယူနိုင်မှုရှိအောင်လည်း စီမံထားပါတယ်။ ဥပမာပြရရင်အစိုးရဌာနတွေ အပါအဝင် ပုဂ္ဂလိကကုမ္ပဏီတွေ၊ ကော်ပိုရေးရှင်း အားလုံးဟာသူတို့ရဲ့အလုပ်အားလုံးအတွက် အန္တရာယ်စွန့်စားကိန်းကိုဆန်းစစ်တွက်ချက်စီမံမှု (Risk Management) မဖြစ်မနေ လုပ်ကြရပါတယ်။
ပထမအဆင့်အနေနဲ့အလုပ်သမားတွေ မလုပ်ကိုင်ခင်မှာ သူတို့လုပ်ကိုင်ရမယ့် လုပ်ငန်းစဉ်အဆင့်တိုင်းမှာ ကျရောက်နိုင်တဲ့ ဘေးအန္တရာယ်တွေအားလုံး (ဥပမာ-အမြင့်ကပြုတ်ကျမယ့်အန္တရာယ်) ကို ရှာဖွေမှတ်သားခြင်း (Hazards Identification) လုပ်ရပါတယ်။ ဒုတိယအဆင့်ကတော့ အဲ့ဒီအန္တရာယ်တွေနဲ့ကြုံလာရင် အလုပ်သမားတွေကို ဘယ်လောက်အထိ ထိခိုက်အနာတရ ဖြစ်စေနိုင်သလဲ၊အန္တရာယ်ကျရောက်နိုင်ခြေ ဘယ်လောက်ရှိသလဲ ဆိုတဲ့ စွန့်စားကိန်းကိုတွက်ချက်ရခြင်း (Risk Evaluation) လုပ်ရပါတယ်။
တတိယအဆင့်ကတော့အလုပ်သမားတွေ စွန့်စားမှုပြုရခြင်း နည်းနိုင်သမျှနည်းအောင်၊ အန္တရာယ်မကျရောက်အောင် ကာကွယ်ပေးနိုင်မယ့်နည်းလမ်း ၅ နည်းကိုအသုံးပြုထိန်းချုပ်စီမံရတာ၊ အန္တရာယ်ကျရောက်ခဲ့ရင်တောင် ပြင်းထန်တဲ့ဒဏ်ရာမရအောင် စတဲ့ စွန့်စားကိန်းကို ထိန်းချုပ်ခြင်း (Risk Control) ကိုလုပ်ကြရတာဖြစ်ပါတယ်။
ပြီးတော့မှအန္တရာယ်စွန့်စားကိန်း ဆန်းစစ်တွက်ချက်ကာကွယ်မယ့် အစီအမံတွေကိုအလုပ်သမားတွေထံ အသိပေးလိုက်နာစေခြင်းနဲ့ ထိခိုက်ဒဏ်ရာက သေဆုံးမှုမဖြစ်အောင်ကာကွယ်ပေးကြတာ ဖြစ်ပါတယ်။
စင်ကာပူအစိုးရက လုပ်ငန်းခွင်ဘေးကင်းရေးဆောင်ရွက်နေပါလျက် မတော်တဆ ထိခိုက်ဒဏ်ရာ ရတဲ့အခါ ဆုံးရှုံးထိခိုက်မှုမကြီးမားအောင် ထိန်းချုပ်ကာကွယ်နိုင်ဖို့ စင်ကာပူတကျွန်းလုံးမှာရှိတဲ့ဘယ်နေရာကခေါ်ခေါ် ထိခိုက်ဒဏ်ရာရတဲ့နေရာဆီ အရေးပေါ်သူနာပြုယာဉ်တွေ ၁၁မိနစ်အတွင်း ရောက်နိုင်အောင် စီမံပေးထားပါတယ်။
အဲ့ဒါအပြင်အရေးပေါ်သူနာပြုယာဉ် မရောက်ခင် ၁၁ မိနစ်အတွင်း သွေးထွက်လွန်လို့ဖြစ်စေ၊နှလုံးခုန်ရပ်သွားတာမျိုး၊ အသက်ရှူကြပ်၊ အသက်ရှူရပ်သွားတဲ့ထိခိုက်ဒဏ်ရာရသူ၊ နေထိုင်မကောင်းဖြစ်သူတွေရဲ့ အသက်ကိုဆွဲဆန့်ထားနိုင်အောင် ရှေးဦးသူနာပြု (First Aider) တွေလုပ်ငန်းခွင်တိုင်းမှာ အဆင်သင့်ရှိနေအောင် အလုပ်သမား ၂၅ ယောက်မှာရှေးဦးသူနာပြု ၁ ယောက်ရှိနေအောင် လေ့ကျင့်သင်တန်းပေး ခန့်ထားစေပါတယ်။
နောက်ဆုံးအလုပ်သမားတယောက်ဟာ အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာရလို့ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရင် ဒါမှမဟုတ် အသက်ဆုံးရှုံးခဲ့ရင်တောင် ထိုက်တန်တဲ့နစ်နာကြေးတွေ ရအောင်၊ ကျန်ရစ်သူမိသားစုတွေရဲ့ ဘဝပျက်မသွားအောင်စင်ကာပူအစိုးရက အလုပ်လုပ်သူတိုင်းအတွက် စီမံထားပါတယ်။
အလုပ်သမားတဦးဟာကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရင် အနည်းဆုံး $97,000 × (% permanent incapacity) ကနေ အများဆုံး $289,000 × (% permanent incapacity) ထိရနိုင်ပါတယ်။ အသက်ဆုံးရှုံးရင် အနည်းဆုံး စင်ကာပူ ဒေါ်လာ ၇၆,၀၀၀ ကနေအများဆုံး ၂၂၅,၀၀၀ ထိ ရနိုင်ပါတယ်။ လက်ရှိငွေလွှဲနှုန်း S$1 = မြန်မာကျပ်၃၃၅၀ ရှိတာမို့ တနည်းအားဖြင့်ပြောရရင် စင်ကာပူနိုင်ငံမှာ အလုပ်လုပ်တဲ့အခြေခံလုပ်သားတယောက်ရဲ့အသက်တန်ဖိုးဟာ မြန်မာငွေကျပ် သိန်း ၇၅၀၀ ကျော် တန်ဖိုးရှိတဲ့သဘောမို့ အသက်ဘဝ လုံခြုံမှု အတိုင်းအတာတခုထိ ရှိတဲ့သဘောပဲဖြစ်ပါတယ်။
ကဲအခု မြန်မာနိုင်ငံဘက် ပြန်ကြည့်ကြရအောင်။ အခုနောက်ဆုံး အာဏာလုဓားပြမင်းအောင်လှိုင် လက်ထက်မှာတော့ နိုင်ငံသားတိုင်းရဲ့ အသက်ဘဝ မလုံခြုံမှုဟာမြန်မာ့သမိုင်းမှာ အဆိုးဝါးဆုံး အခြေအနေကို ဆိုက်ရောက်ခဲ့ရတာ လူတိုင်းအသိဖြစ်ပါတယ်။ အခွင့်ထူးခံ စစ်အာဏာရှင်တွေ စီမံအုပ်ချုပ်တဲ့တိုင်းပြည်မှာအစိုးရဝန်ထမ်း (သို့) ကုမ္ပဏီဝန်ထမ်း အလုပ်သမားတယောက်ရဲ့ အသက်တန်ဖိုးဘယ်လောက်တန်ပါသလဲ။ အလုပ်လုပ်သူတယောက် လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရရင်ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရင် ဒါမှမဟုတ် အသက်ဆုံးရှုံးခဲ့ရင် နစ်နာကြေးဘယ်လောက်ရနိုင်ပါသလဲ။ ကုမ္ပဏီပိုင်ရှင်က သနားလို့ ကျန်ရစ်မိသားစုအတွက်သဒ္ဓါကြေး အနည်းအကျဉ်းနဲ့ ဘဝပျက်ကြရတာ များပါတယ်။ မြန်မာနိုင်ငံသားတွေအရေးပေါ် မကျန်းမာတဲ့အခါ၊ အက်ဆီးဒင့်တွေ ဖြစ်တဲ့အခါ၊ထိခိုက်ဒဏ်ရာရတဲ့အခါတွေမှာ Ambulance အရေးပေါ်သူနာပြုယာဉ်ကို ခေါ်ကြရတဲ့အခါဘယ်လောက်ကြာမှ ရောက်တတ်ပါသလဲ။ စင်ကာပူလောက် မမြန်တောင်အသက်မဆုံးရှုံးသင့်ဘဲ မဆုံးရှုံးရအောင် စစ်အာဏာရှင်တွေဟာ ပြည်သူလူထုအတွက်စီမံထားပါသလား။
နိုင်ငံသူနိုင်ငံသားတွေရဲ့အသက်ဘဝတွေ၊ ကျန်းမာရေးဘဝတွေကို လုံခြုံအောင် မစီမံရုံတင်သာမကပြည်သူလူထုအသက်ကို ဥပဒေမဲ့ သတ်ဖြတ်နေကြတာ မဟုတ်လား။ ပြည်သူလူထု အိုးအိမ်မြေယာတွေ ဥပဒေမဲ့ သိမ်းဆည်းချိပ်ပိတ်နေကြတာ မဟုတ်လား။ ပြည်သူလူထုရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ စီးပွားရေးလုပ်ငန်းတွေကို တရားမဲ့သိမ်းဆည်း ဖျက်ဆီးနေကြတာ မဟုတ်လား။
ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် လက်နက်အားကိုး စစ်ဓားပြ သူခိုးတွေ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို နှစ်ပေါင်း ၆၀ ကျော် လုယူခဲ့ခြင်းနဲ့အတူ ပြည်သူလူထုရဲ့အသက်ခန္ဓာလုံခြုံမှု၊ စီးပွားရေးဘဝလုံခြုံမှု၊ ကျန်းမာရေးဘဝလုံခြုံမှု၊ပညာရေးဘဝလုံခြုံမှု၊ လူမှုပတ်ဝန်းကျင်ဘဝလုံခြုံမှု၊ အနာဂတ်ဘဝလုံခြုံမှုစတဲ့ လုံခြုံမှုအားလုံးဟာ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒါကြောင့်ဒီကနေ့ မြန်မာပြည်သူ တိုင်းရင်းသား ရဟန်းရှင်လူ အသိန်းအသန်း အသက်တွေ ဘဝတွေပေးဆပ်ရင်းနှီးလို့ ဆင်နွှဲနေကြတဲ့ ၂၁ ရာစု မြန်မာ့နွေဦးတော်လှန်ရေးကြီးဟာနိုင်ငံသားတိုင်း အသက်ဘဝကို တန်ဖိုးထား စောင့်ရှောက်နိုင်မယ့်စနစ်သစ်ဆီကို တည်ထောင်မှာ ဖြစ်တာကြောင့် ပြည်သူပြည်သားအားလုံး မဖြစ်မနေနိုင်ရာဝန်ထမ်းပြီး အရဲရင့်ဆုံး တန်ဖိုးအရှိဆုံး သမိုင်းကမ္ပည်းထိုးရာမှာတညီတညွတ်တည်း ပါဝင်ပူပေါင်း ကူညီရမှာ ဖြစ်ပါတယ်။
အများပြည်သူလူထုတောင်းတနေတဲ့နိုင်ငံသားတိုင်း အသက်ဘဝကို တန်ဖိုးထား စောင့်ရှောက်မည့် စနစ်သစ်ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်နဲ့ အများပြည်သူအာဏာပိုင်စိုးမှုကိုကိုယ်စားပြုတဲ့ စစ်မှန်တဲ့ပြည်သူဒီမိုကရေစီအုပ်ချုပ်ပုံစနစ်ကိုတည်ဆောက်နိုင်မှသာတရားဥပဒေစိုးမိုးနိုင်မှမို့ စစ်ဖိနပ်မစီးသူတွေရော၊ စစ်ဖိနပ်စီးသူတွေအပါအဝင် တိုင်းရင်းသားရဟန်းရှင်လူ မိဘပြည်သူအားလုံးလူတိုင်းရဲ့အသက်ဘဝတွေ လုံခြုံအေးချမ်းစွာ ရှင်သန်နိုင်ကြမှာ မလွဲဧကန်ဖြစ်ပါကြောင်း။
မင်းကောင်းချစ်
မေလ ၃၁ ရက် ၂၀၂၅ ခုနှစ်